မီးရထားနှင့်ခရီးသွားရအောင်နှင့် မောင်မိုးသူ
ဧပြီလ ၁၀၊ ၂၀၁၉ က တွေ့ရတဲ့ မောင်မိုးသူ (မိုးမခဓာတ်ပုံ) |
မီးရထားနှင့်ခရီးသွားရအောင်နှင့် မောင်မိုးသူ
(ကုမုဒြာဂျာနယ်အွန်လိုင်း) မိုးမခ၊ မေ ၄၊ ၂၀၁၉မောင်မိုးသူဟာ မီးရထားနဲ့ ခရီးသွားဖို့ အလွန်ပဲ ဝါသနာထုံလှသူ ဖြစ်ပါတယ်။ အဲ လေ ၈၈ အရေးတော်ပုံမတိုင်မီကဆိုရင် ရန်ကုန်နဲ့မန္တလေးအမြဲပဲ မီးရထားနဲ့ ခရီးသွားလ့ရှိပါတယ်။ စာပေအသိုင်းအဝိုင်း ထဲ ဝင်ခါစခေတ်တုန်းကဆိုရင် မီးရထားပဲ အမြဲစီးရတာ။ ယနေ့ခေတ်လို အဝေးပြေး ကားကြီးတွေလည်း သိပ်မရှိသေးဘူး။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလည်း မဖောက်ရသေးဘူးခင်ဗျ။ သည်တော့ ခရီးသွားရော မီးရထားစီးပါ ဖြစ်နေရတာပေါ့။ မိသားစုနဲ့လည်း မီးရထားစီးဖူးရဲ့၊ မိတ်ဆွေအပေါင်းအသင်းစာရေးဆရာတွေနဲ့လည်း မီးရထားစီးဖူးရဲ့။ ဆရာကြီးရွှေဥဒေါင်းနဲ့ တောင် အတူစီးလိုက်မိသေးတယ်။
မန္တလေးက ရန်ကုန်ကို အမြန်ရထားနဲ့ စီးမယ်ဆိုရင် ညနေ ၃းဝဝ နာရီရထားနဲ့ဆို ရန်ကုန်ကို မနက်အစောကြီးရောက် တာလည်း ရှိ၊ ညရထားစီးမယ်ဆိုရင် ရန် ကုန်ကို နေ့လယ်နေ့ခင်း သို့မဟုတ် ညနေ ပိုင်း နောက်ကျတာလည်းရှိ။
တစ်ချိန်သောအခါက မန္တလေးက ရန်ကုန်ကို စာတစ်အုပ်ဖတ်ပြီး လိုက်လာ ခဲ့ရင် ရန်ကုန်ဘူတာကြီးကနေ ဗိုလ်ချုပ် လမ်း ၃၁ လမ်းထိပ်က တာဝါဘားကို ဝင်ရလေ့ရှိပါတယ်။ အဲသည် တာဝါဘားဆိုတာ ကျောက်ဖြူစားပွဲဝိုင်းတွေနဲ့ အလွန်သန့်တယ်။ တာဝါဘားမှာ ပုံမှန်အားဖြင့် ဆရာ မိုးဝေ၊ ကိုနတ်နွယ်နဲ့ ကိုအောင်ကျော်တို့ ပုံမှန်ထိုင်လေ့ရှိပါတယ်။ မောင်မိုးသူ ဘူတာရုံကအဆင်းတာဝါဘားရောက်ချိန်ဆို သူတို့ကလည်း ရောက်နှင့်ပြီ။
မောင်မိုးသူက လမ်းမှာ ဖတ်လာတဲ့ စွန့်စားခန်းစုံထောက်ဝတ္ထုကို ဆရာမိုးဝေ ကို ပြောပြပါတယ်။ စာအုပ်လည်း ပေးပါ တယ်။ ဆရာမိုးဝေရဲ့ အလွတ်စုံထောက် တင်မောင်ဆွေအတွက် ကုန်ကြမ်းတွေ ရတာပေါ့ခင်ဗျာ။ ဆရာမိုးဝေက စာရေး တာလည်း သိပ်မြန်တာ။ ဇာတ်ကျောရိုး ဇာတ်လမ်းကြောင်းတစ်ခုရတယ်ဆိုရင် တင်မောင်ဆွေ တစ်ဖောင်နှစ်ဖောင်စာတော့ ပြီးတော့တာကိုး။ တစ်ဖောင်စာ လောက်ရရင်လည်း ကိုအောင်ကျော်ကို စာအုပ်တိုက်ရှိရာလွှတ်ပြီး စာမူပို့ခိုင်းတယ်။ ကိုအောင်ကျော် ပြန်လာရင် စာမူခက ပါလာတယ်။ အဲသည် စာမူခနဲ့ ဆရာမိုးဝေက အရက် ဝိုင်းအတွက် ရှင်းတာလေ။ မောင်မိုးသူကတော့ ကပ်တီးမူးလဲဆိုကြပါစို့။ သူတို့နဲ့ စကား ပြောရင်း အရက်သောက်ဖြစ်တာပေါ့။
အဲသည် စာရေးဆရာခေတ်မှာ ရန်ကုန်ကနေ မန္တလေးကို ညနေရထား၊ ညရထား စီးဖြစ်တဲ့အခါတွေဆိုရင် များသောအားဖြင့် အိပ်ခန်း လေးယောက်ခန်းကို အပေါင်းအ သင်းတွေနဲ့ ယူလေ့ယူထရှိပါတယ်။ အဲ သည်လို ညနေရထား၊ ညရထားစီးဖြစ်တဲ့ အခါတွေမှာ ဘုံသဘောတူညီမှုတစ်ခုယူထားရပါတယ်။ အဲဒါကတော့ ငမိုးရိပ်ချောင်း မကျော်မချင်း ပုလင်းမဖောက်ကြေး၊ အ ရက် မသောက်ကြေးပေါ့။ အဲသည်လို စောင့်ဆိုင်းရတာကိုပဲ အတော်ပျော်စရာ ကောင်းပါတယ်။ ငမိုးရိပ်ချောင်းတံတား ကျော်လိုက်တာနဲ့တစ်ပြိုင်တည်း အပေါင်း အသင်းတွေက တပျော်တပါးကြီး ပုလင်း ဖောက်ကြပါတယ်။
အဲသည်လို အဲသည်လို မီးရထားနဲ့ ခရီးသွားဖို့ အမြဲကြုံကြိုက် ပျော်မွေ့လေ့ ရှိတဲ့ မောင်မိုးသူဟာ ယခုတော့ဖြင့် မီးရ ထားနဲ့ ခရီးသွားနိုုင်ခြင်း သိပ်မလွယ်တော့ပါ။ သည်ဘက်နှစ်ပိုင်းတွေမှာ ရန်ကုန်နဲ့ မန္တလေး၊ မန္တလေးနဲ့ရန်ကုန် ခရီးသွားစရာရှိရင် လေယာဉ်နဲ့ပဲ သွားဖြစ်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ မီးရထားပေါ်မှာ အကြာကြီး ထိုင်စီးနင်းဖို့ မလွယ်ကူတော့လို့ပါပဲ။ ထိုနည်းတူ ယနေ့ခေတ်ပေါ် အဝေးပြေးကားကောင်းကြီးတွေလည်း မစီးဖြစ်၊ မစီး နိုင်ပါ။ အကြောင်းကတော့ အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ မောင်မိုးသူဟာ တုတ်ကောက်တစ်ချောင်းရယ်၊ တွဲမယ့်သားငယ်မပါရင် ဘယ်မှ သွားလို့ မဖြစ်နိုင်ပါ။
ပြီးခဲ့တဲ့တစ်ခေါက် မန္တလေးက VEC ကျောင်း ဆုနှင်းသဘင်ပွဲတက်ဖို့ ဆရာမကြီးဝင်းဝင်းမေက ဖိတ်ကြားတဲ့အခါမှာ လေယာဉ်နဲ့ပဲသွားဖို့ ဆုံးဖြတ်ရပါတယ်။ လေယာဉ်နဲ့သွားတဲ့နေရာမှာလည်း လေယာဉ်ကွင်းနှစ်နေရာစလုံးက အဝေးကြီးမို့ လို ့ လမ်းမလျှောက်နိုင်လို့ ဝှီးချဲဆားဗစ်ယူ ရပါတယ်။ ဒါကလည်း လေယာဉ်ပေါ်အတက်အဆင်းလောက်ပဲ မောင်မိုးသူတက်နိုင် ဆင်းနိုင်လို့ ဖြစ်ပါတယ်။ အဲသည်လို အဲသည်လို အခြေအနေရှိနေသည့်တိုင်အောင် မီးရထားနဲ့ ခရီးသွားဖို့က စိတ်က မကုန်နိုင်သေးဘူးခင်ဗျ။
ခရီးသွားဖို့ စိတ်မကုန်သေး တဲ့ မောင်မိုးသူအတွက် အခုတစ်လော မီး ရထားသတင်းတွေ သုံးလေးခု ဆက်တိုက် ဖတ်ရှုနေရပါတယ်။ မြို့ပတ်ရထားလမ်းတွေ ပြုပြင်လုပ်ဆောင်နေတဲ့ သတင်းတို့၊ ရန် ကုန်-မန္တလေးမီးရထားလမ်းပိုင်းမှာ လည်း အပိုင်းလိုက် လမ်းတွေလည်းပြင်၊ တွဲတွေ ၊ စက်ခေါင်း အသစ်တွေလည်း တပ် ဆင်တဲ့ သတင်းတွေ ဖတ်နေရလို့ပါပဲ။ သည်ထက် ထူးခြားတဲ့ သတင်းကတော့ မနေ့ တစ်နေ့ကပဲ တရုတ်ကုမ္ဗဏီကြီး တစ်ခုက ကောင်းကင်ရထား(sky train) ကို သုံးနှစ်အတွင်း တည်ဆောက်မယ်ဆို တဲ့ သတင်းလည်း ဖတ်ရပါတယ်။
လွယ်အိတ်တစ်လုံးနဲ့ ရွာစဉ်လည် ဆောင်းပါးရှင် မောင်မိုးသူဟာ နိုင်ငံရပ် ခြား တရုတ်နိုင်ငံဘက်ဆိုရင် မူဆယ်အထိ ကားနဲ့သွား၊ ပြီးမှ တရုတ်နိုင်ငံဘက် ရွှေလီ ကို နယ်စပ်ဖြတ်ကူးခွင့်ယူပြီး သွားဖူးခဲ့တာ ရှိပါတယ်။ ထိုနည်းတူပဲ ထိုင်းနိုင်ငံ နယ်စပ်တွင်လည်း မြိတ်၊ ကော့သောင်းအထိ လေယာဉ်နဲ့ သွားရပါတယ်။ မြိတ်ဆိုတာ မြန်မာ ပြည်နဲ့ တောင်ဘက်စွန်း ထိပ်ဖျားလေးက မြို့ဖြစ်ပါတယ်။
အဲသည်တုန်းက မောင်မိုးသူရဲ့ ခရီးသွားဖော်ကတော့ VEC ဆရာမကြီး ဒေါ်ဝင်းဝင်းမေရဲ့ ဖခင် ဦးလေးအုန်းနဲ့အတူ ဓနမဂ္ဂဇင်းက ပင်တိုင်စာရေးဆရာ ကျော်ရင်မြင့်နဲ့အတူ သွားရတာပါ။ မူဆယ်-ရွှေ လီသွားတုန်းကလည်း သည်သုံးယောက် ပဲ အတူသွားရတယ်။ မြိတ်ဆိုလည်း သည်သုံးယောက် အတူလာဖြစ်ကြတာ ဖြစ်ပါတယ်။ ဓနမဂ္ဂဇင်း ပင်တိုင်စာရေး ဆရာဖြစ်တဲ့ကျော်ရင် မြင့်ဟာ မူဆယ်-ရွှေလီ ခရီးသွားရင်း တရုတ်-မြန်မာ နယ် စပ်ကုန်သွယ်ရေးအကြောင်း ရေးသားရ သလို မြိတ်ရောက်တော့လည်း မြန်မာနဲ့ ထိုင်း နယ်စပ်ကုန်သွယ်ရေးအကြောင်း ရေးဖြစ်ရတာ ဖြစ်ပါတယ်။ မြိတ်ရောက် တော့ နယ်စပ် တာဝန်ရှိသူများကလည်း လိုအပ်သည့် အကူအညီများ အားလုံးပေး ကြပါတယ်။
မောင်မိုးသူ၊ ဦးလေးအုန်းနဲ့ ကျော်ရင် မြင့်တို့ဟာ ထိုင်းဘက်ကမ်းအထိသွားပြီး ကုန်သွယ်မှု ခရီးများအကြောင်းကို ကျော် ရင်မြင့်က ရေးရပါတယ်။ မြိတ်ရောက် တုန်း ရောက်ခိုက် နယ်စပ်တာဝန်ရှိသူများ က မြိတ်နဲ့ ကပ်လျက်မှာရှိတဲ့ အင်ဒါမင် လောင်းကစားကျွန်းကို လိုက်လံပို့ဆောင် ကြပါတယ်။ အဲသည်လို ပို့ဆောင်ရာမှာ အဲသည်ကျွန်းက ကူးတို့သင်္ဘောနဲ့ သွားရတာပါ။ ကျွန်းရောက်တော့မှ သူတို့စီစဉ် ပေးတဲ့ ကားနဲ့ ကျွန်းပေါ်ရှိ ဟိုတယ်ခန်းဆီ သွားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲသည် ကျွန်းပေါ်မှာရှိတဲ့ လောင်းကစား ဟိုတယ် မှာ မောင်မိုးသူတို့က အောက်ထပ် စား သောက်ခန်းအထိသာ ဝင်ရောက်စားသောက်ခွင့်ရှိတာ ဖြစ်ပါတယ်။ အပေါ်ထပ် က လောင်းကစားဝိုင်းကို နိုင်ငံခြားသား များသာ ဝင်ရောက်ကစားခွင့်ရှိကြတယ် လို့ ဆိုတယ်။
ဘာပဲပြောပြော သည်ကျွန် ရောက်တုန်း စားသောက်ခန်းမှာ စားသောက်ရင်း ဂျော်နီဝေါကား ဝီစကီတစ်လုံးမှာသောက် တော့ အဲသည် ဂျော်နီဝေါကားရဲ့ အမှတ်တံဆိပ်က အဲသည်ဟိုတယ်ရဲ့ အမှတ်တံဆိပ်နဲ့ ထုတ်ထားတာ ဖြစ်နေတော့ မောင် မိုးသူလည်း အမှတ်တရ တစ်လုံးဝယ်လာ ဖြစ်ခဲ့သေးတယ်။
မောင်မိုးသူဟာ ဓနမဂ္ဂဇင်းအယ်ဒီတာ ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး ခရီးလမ်းကြောင်းတွေကို ရေးသားသူက ကျော်ရင် မြင့်ဖြစ်တာကိုး။ ပြီးတော့ ကျော်ရင်မြင့်နဲ့ မောင်မိုးသူတို့ဟာ ရခိုင်က စစ်တွေ အထိလည်း လေယာဉ်ပျံနဲ့သွားကြပါတယ်။ စစ်တွေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ခံများ လည်း တွေ့ရ၊ နယ်စပ်ကုန်သွယ်ရေးအ ကြောင်းလည်း မေးရမြန်းရဖြစ်ခဲ့ပေမဲ့ တစ် ဖက်နိုင်ငံအထိတော့ မရောက်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း စစ်တွေရောက်ခိုက် ကြုံ တောင့်ကြုံခဲ မြောက်ဦးက သမိုင်းဝင် ဘုရား များကို သွား ရာက်ဖူးမြော်ရင်း ရှေး ဟောင်း အဆောက်အအုံများ၊ နံရံပန်းပု များကို လေ့လာခွင့်ရခဲ့ဖူးပါတယ်။
အဲသည်လို အဲသည်လို ဓနမဂ္ဂဇင်းရဲ့ အယ်ဒီတာ မောင်မိုးသူဟာ စာရေးဆရာ ကျော်ရင်မြင့်နဲ့အတူ တရုတ်-မြန်မာ ကုန် သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်- ရွှေလီကို သွားခဲ့သလို ထိုင်း-မြန်မာ ကုန် သွယ်ရေးလမ်းကြောင်းအတွက် မြိတ်- ကော့သောင်း ခရီးကိုလည်း သွားခဲ့ဖြစ် ကြောင်းပါ။ ဒါပေမဲ့ စစ်တွေကို ရောက်ခဲ့ ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မသွား ဖြစ်ခဲ့။ မြောက်ဦးက သမိုင်းဝင်ဘုရားပုထိုး များကို ဖူးမြော်ခဲ့ရပါတယ်။ အိန္ဒိယနယ်စပ် ဖြစ်တဲ့ ကလေးမြို့အထိကို ရောက်ခဲ့ပေမဲ့ ဟိုဘက်အထိတော့ မရောက်ဖြစ်ခဲ့ပါဘူး။ ထိုနည်းတူ အိန္ဒိယနယ်စပ်ကို သွားဖို့ ကြံ စည်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။
သည်လို သည်လို ဓနမဂ္ဂဇင်းရဲ့ အယ် ဒီတာအဖြစ်နဲ့ တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်အထိ ရောက်ဖူးပြီး တရုတ်နိုင်ငံထဲဆို ရွှေလီအထိသာ ရောက် ဖူးတဲ့နည်းတူ ထိုင်းဘက်ကမ်းဆိုလည်း မဲဆောက်အထိသာ ရောက်ဖူးခဲ့တာ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံထဲအထိလည်း မရောက် ဖူးခဲ့၊ ထိုင်းနိုင်ငံထဲအထိလည်း မရောက်ဖူး ခဲ့ပါ။
အဲသည်လို အဲသည်လို လွယ်အိတ် တစ်လုံးနဲ့ ရွာစဉ်လည် ဆောင်းပါးရှင် မောင်မိုးသူဟာ မြန်မာပြည်တစ်နံတစ်လျားခရီး တွေ ကို သွားရာမှာ အများအားဖြင့် မီး ရထားနဲ့ ခရီးသွားသူဖြစ်လေတော့ မီး ရထားနဲ့ ခရီးသွားဖို့ စိတ်အားထက်သန် သူ တစ်ဦး ဖြစ်ပါတယ်။ ယခုတော့ဖြင့် မီးရထား နဲ့ ခရီးသွားဖို့ မစွမ်းဆောင်နိုင် သည့်တိုင် မီးရထားခရီးစဉ် အသေးစိတ် ဖြစ်ပေါ်တိုင်း ၊ သတင်းရတိုင်း စိတ်ဝင်စား မှုကတော့ ရှိတုန်းပဲခင်ဗျ။
တစ်လောက မန္တလေး-မူဆယ်ရထား လမ်းဖောက်မယ်ဆိုတော့လည်း စိတ်ဝင် စားမိ၊ ရန်ကုန်-မန္တလေးအမြန်ရထားလမ်း ပိုင်းတွေကို အသစ်ဖောက်လုပ်မယ်ဆို တော့လည်း စိတ်ဝင်စားမိ၊ မြို့ပတ်ရထား တွေကို အဆင့်မြှင့်မယ်ဆိုတော့ စိတ်ဝင် စားမိဖြစ်နေတဲ့ ကြားထဲမှာ တစ်ခါမှ မကြုံ ဖူး မစီးဖူးတဲ့ ကောင်းကင်ရထား (sky train) ကို သုံးနှစ်အတွင်း တရုတ်ကုမ္ဗဏီတစ် ခုက ဖောက်လုပ်မယ်ဆိုတော့ စိတ်ဝင်စား မိပြန်တယ်ခင်ဗျ။ နောက်သုံးနှစ်အကြာ ကောင်းကင်ရထားဖောက်လုပ်ပြီးစီးချိန် မှာ sky train ကို စီးရနိုင်ပါဦးမလား မပြောတတ်တော့ပါဘူး။