Breaking News

မာန်သီဟထွန်း – ဆေပီယန်စ် (၂၁) – သေခြင်းနဲ့ အလွန်


မာန်သီဟထွန်း – ဆေပီယန်စ် (၂၁) – သေခြင်းနဲ့ အလွန်

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) မေ ၄ ၊ ၂၀၁၉ စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

Sapiens -၂၁

၁၉၅၅ခုနှစ် ရုရှားနိုင်ငံ ဆန်ဂီယာဒေသမှာ ရှေးဟောင်းသုတေသနပညာရှင်တွေက သက်တမ်းနှစ်ပေါင်း ၃၀,၀၀၀ ရှိတဲ့ အမွှေးရှည်ဆင်တွေကို အမဲလိုက်ခဲ့တဲ့လူတွေရဲ့ သချႋင်းဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ မြေပုံတစ်ခုမှာဆို အသက်၅၅နှစ်အရွယ် ယောက်ျားတစ်ယောက်ရဲ့ အရိုးစုကို ပုတီးအလုံးပေါင်း ၃၀၀၀ လောက်ရှိတဲ့ အမွှေးရှည်ဆင်စွယ်ပုတီးတွေနဲ့ ဖုံးလွှမ်းထားတာကိုတွေ့ရပါတယ်။ အဲဒီလူရဲ့ ဦးခေါင်းမှာလည်း မြေခွေးသွားတွေနဲ့ အလှဆင်ထားတဲ့ ဦးထုပ်တစ်လုံးရှိပြီး လက်ကောက်ဝတ်မှာလည်း ဆင်စွယ်လက်ကောက်၂၅ခု ဝတ်ထားတယ်။ အဲဒီဒေသက တခြားအုတ်ဂူတွေမှာတော့ ပစ္စည်းအနည်းပဲရှိတယ်။ ဆန်ဂီယာက အမွှေးရှည်ဆင်အမဲလိုက်သူတွေဟာ အထက်အောက်သဘောရှိတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုအဖြစ် နေထိုင်ခဲ့ကြမယ်လို့ ပညာရှင်တွေက ထုတ်ယူဆင်ခြင်ကြတယ်။ အဲဒီ သေသွားတဲ့လူဟာ အုပ်စုရဲ့ခေါင်းဆောင် သို့မဟုတ် အုပ်စုအများစုပေါင်းထားတဲ့ မျိုးနွယ်စုတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ အဖွဲ့ဝင်အရေတွက်ဒါဇင်တစ်ချို့ပဲရှိတဲ့ အုပ်စုတစ်ခုက အခုလိုများပြားတဲ့ မြုပ်နှံစရာပစ္စည်းတွေကို သူတို့ဘာသာထုတ်လုပ်နိုင်ခဲ့တာ မဖြစ်နိုင်ဖို့များပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ နောက်ထပ်ပိုစိတ်ဝင်စားစရာကောင်းတဲ့ သင်းချိုင်းဂူတစ်ခုကို ရှာတွေ့ခဲ့ကြပါသေးတယ်။ အဲဒီဂူမှာ အရိုးစုနှစ်ခုရှိပြီး သူတို့ကိုဦးခေါင်းချင်းဆိုင် မြုပ်နှံထားတယ်။ ခေါင်းတစ်ခုသည် ၁၂၊ ၁၃နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးရဲ့ခေါင်းဖြစ်ပြီး အခြားတစ်ခုက ၉၊ ၁၀နှစ်အရွယ်မိန်းကလေးရဲ့ခေါင်းဖြစ်ပါတယ်။ ယောင်္ကျားလေးရဲ့ကိုယ်ကို ဆင်စွယ်ပုတီး ၅၀၀၀ ကျော်ဖြင့်ဖုံးလွှမ်းထားတယ်။ သူဟာ မြေခွေးသွားလုပ်ဦးထုပ်ကို ဆောင်းထားပြီး မြေခွေးသွားပေါင်း၂၅၀နဲ့ ပြုလုပ်ထားတဲ့ ခါးပတ်ကိုလည်း ဝတ်ထားခဲ့တယ်။ (မြေခွေးသွား အရေအတွက် အဲဒီလောက်ကို ရဖို့ အနည်းဆုံးမြေခွေးအကောင် ၆၀ ၏သွားကို နှုတ်ယူရမှာ ဖြစ်ပါတယ်။) မိန်းကလေးကိုတော့ ဆင်စွယ်ပုတီး ၅၂၅၀ နဲ့ အလှဆင်ထားတယ်။ ကလေးငယ်နှစ်ယောက်လုံးကို အမျိုးမျိုးသော ဆင်စွယ်ပစ္စည်းတွေ၊ အရိုးရုပ်တုတွေနဲ့ ဝန်းရံထားတယ်။ အဲဒီ ဆင်စွယ်ပုတီးတစ်ခု ပြုလုပ်ဖို့အတွက် အင်မတန်ကျွမ်းကျင်ရှိတဲ့လက်မှုပညာသည်တစ်ယောက်ဟာ အချိန် ၄၅မိနစ်လောက် လိုအပ်ပါတယ်။ တခြားနည်းနဲ့ပြောရရင် တခြားပစ္စည်းတွေမပါဘဲ ကလေးနှစ်ယောက်ကိုလွှမ်းခြုံထားတဲ့ ဆင်စွယ်ပုတီး ၁၀,၀၀၀ ကိုပြုလုပ်ဖို့ နာရီပေါင်း ၇၅၀၀ တိတိ မနားမနေအလုပ်လုပ်နေရမှာဖြစ်ပြီး အတွေ့အကြံုရှိတဲ့ လက်မှုပညာသည်တစ်ဦးအတွက် ၃နှစ်ကျော် အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

ဆန်ဂီယာကလေးငယ်တွေအနေနဲ့ ဒီလောက်ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ခေါင်းဆောင်ဖြစ်နေတာ သို့မဟုတ် အမွှေးရှည်ဆင်အမဲလိုက်သူဖြစ်နေမယ်ဆိုတာ တော်တော်မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဘာကြောင့်များ သူတို့ကို အခုလိုအလျှံပယ် တခမ်းတနားမြုပ်နှံကြသလဲဆိုတာကို ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်မှုတွေကသာ ရှင်းပြနိုင်မှာပါ။ သီအိုရီတစ်ခုအရတော့ ခုလိုဖြစ်တာဟာ သူတို့ရဲ့ မိဘတွေကြောင့်လို့ ဆိုပါတယ်။ ဖြစ်နိုင်တာက မိသားစုတန်းခိုးသြဇာကိုယုံကြည်တဲ့ ဒါမှမဟုတ် တဆင့်အမွေဆက်ခံမှုကို တင်းကျပ်စွာယုံကြည်တဲ့ ယဉ်ကျေးမှုရှိတဲ့နေရာမှာ သူတို့ရဲ့မိဘတွေ ခေါင်းဆောင်တွေ ဖြစ်တာကြောင့် ဖြစ်မှာပါ။ ဒုတိယသီအိုရီကတော့ ဒီကလေးငယ်တွေ မွေးဖွားလာကတည်းက ရှေးယခင်ကသေလွန်ပြီးသား ဝိညာဉ်တွေပြန်ဝင်စားတာလို့ သတ်မှတ်ခံရလို့ပါ လိုံ့ ဆိုပါတယ်။ တတိယသီအိုရီက အဆိုပြုထားတာက အဲဒီကလေးငယ်တွေကို မြုပ်နှံတဲ့ပုံစံဟာ သူတို့အသက်ရှင်စဉ်က အဆင့်အတန်းထက် သူတို့ဘာကြောင့်သေဆုံးရသလဲ ဆိုတာကို ဖော်ကြူးနေတာလို့ ဆိုပါတယ်။ သူတို့ရဲ့ခေါင်းဆောင်ကို ပွဲကျင်းပပြီးမြုပ်နှံတဲ့အခါမှာ အဲဒီကလေးငယ်တွေကို ဓလေ့ထုံးတမ်းအဖြစ် ယဇ်ပူဇော်ခဲ့ပြီး ထည်ဝါတဲ့အခမ်းအနားတွေနဲ့ ဂူသွင်းမြုပ်နှံတာ ဖြစ်ပါတယ်။

ဘယ်အဆိုပြုချက်က မှန်သည်ဖြစ်စေ၊ ဆန်ဂီယာကလေးငယ်တွေဟာ နှစ်ပေါင်း ၃၀,၀၀၀ ကျော် သက်တမ်းရှိတဲ့ အကောင်းဆုံးသက်သေအထောက်အထားတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဆေပီယန်စ်တွေဟာ ကျွန်တော်တို့ဒီအဲင်အေတွေရဲ့ အကန့်သတ်ဘောင်နှင့် တခြား လူသား၊ တိရိစ္ဆာန်မျိုးစိတ်တွေရဲ့ အပြုအမူပုံစံတွေကို အများကြီးကျော်လွန်တဲ့ လူမှုနိုင်ငံရေးစည်းမျဉ်းကျင့်ဝတ်တွေကို တီထွင်နိုင်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးလော စစ်ပွဲလော
နောက်ဆုံးအနေနဲ့ ရှာဖွေစားသောက်သူတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ စစ်ပွဲများ၏အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ခက်ခဲထိရှလွယ်တဲ့ မေးခွန်းတွေ ရှိပါတယ်။ တစ်ချို့သောပညာရှင်တွေက ရှေးခေတ်အမဲလိုက်ရှာဖွေစားသောက်သူတွေရဲ့ လူ့အသိုင်းအဝိုင်းဟာ ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံလိုဖြစ်ပြီး စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေဟာ စိုက်ပျိုးရေးပြောင်းလဲမှုကြီးနောက်ပိုင်းသာ စတင်ခဲ့တာ ထင်ကြတယ်။ ဘာကြောင့်လည်းဆိုတော့ လူတွေဟာ အဲဒီအချိန်ကသာစပြီး ကိုယ်ပိုင်ဥစ္စာတွေ စုဆောင်းလာခဲ့ကြတာဖြစ်တယ်လို့ ထောက်ပြကြတယ်။ တခြားပညာရှင်တွေကတော့ ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ကမ္ဘာဟာ အလွန်တရာမှပဲ ရက်စက်ကြမ်းတမ်းခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဘက်လုံးရဲ့အမြင်ဟာ လေထဲဆောက်တဲ့တိုက်တွေသာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ချိတ်ဆက် အခြေခံထားတယ်လို့ ဆိုတာကလည်း မစို့မပို့ ရှေးဟောင်းသုတေသနအကြွင်းအကျန်တွေ နှင့် ဒီနေ့ခေတ်ရှာဖွေစားသောက်သူတွေကို မနုဿဗေဒပညာရှင်တွေက စောင့်ကြည့်လေ့လာထားတယ်ဆိုတဲ့ ပါးလွှာတဲ့ကြိုးလေးနဲ့ ချိတ်ဆက်ထားတယ် ဆိုရုံလေးပါ။

ရှေးဟောင်းသုတေသန အထောက်အထားတွေဟာ စိတ်ဝင်စားစရာတကယ်ကောင်းပေမယ့် အလွန်လည်းရှုပ်ထွေးပါတယ်။ ဒီနေ့ခေတ် ရှာဖွေစားသောက်သူတွေဟာ အဓိကအားဖြင့် ရှင်သန်ရန်ခက်ခဲပြီး သီးသန့်ဖြစ်တဲ့နေရာတွေဖြစ်တဲ့ အာတိတ်ဒေသ၊ ကလဟာရီသဲကန္တာရ စတဲ့နေရာတွေမှာသာ နေထိုင်ကြပါတော့တယ်။ အဲဒီလိုနေရာတွေမှာ လူဦးရေထူထပ်မှုအလွန်နည်းပါးပြီး တခြားလူသားတွေနဲ့ခိုက်ရန်ပွားနိုင်ချေကလည်း အကန့်အသတ်ရှိပါတယ်။ 

ဒါ့အပြင် မကြာသေးမီကမျိုးဆက်တွေမှာဆိုရင် ရှာဖွေစားသောက်သူတွေဟာ ဒီခေတ်နိုင်ငံအာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုကို ပိုပြီးခံရလာတယ်။ အဲဒါကလည်း ကြီးမားလူဦးရေပဋိပက္ခဖြစ်ဖို့ကို ကာကွယ်ပြီးသားဖြစ်သွားတယ်။ လူဦးရေအတန်သင့်ကြီးမားပြီးထူထပ်မှုလည်းရှိတဲ့ လွတ်လပ်တဲ့ ရှာဖွေစားသောက်သူတွေကို ဥရောပ ပညာရှင်တွေအနေနဲ့ စောင့်ကြည့်လေ့လာဖို့ အခွင့်အရေး ၂ ကြိမ်ပဲ ရခဲ့ပါတယ်။ 

တစ်ကြိမ်က ၁၉ ရာစု မြောက်အမေရိက အနောက်မြောက်ပိုင်းမှာဖြစ်ပြီး၊ နောက်တစ်ခုက သြစတေးလျမြောက်ပိုင်း ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းတို့မှာဖြစ်တယ်။ မြောက်အမေရိကဒေသက အမရင်ဒီးယန်းလူမျိုး နှင့် သြစတေးလျက အဘရီဂျီနယ်လူမျိုး နှစ်မျိုးလုံးရဲ့ ယဉ်ကျေးမှုမှာ လက်နက်ကိုင်ပဋိပက္ခတွေ မကြာခဏဖြစ်ပွားခဲ့တယ်။ ဒါပေမယ့်လည်း အရင်ကတည်းက အခုလိုအစဉ်တစိုက်ဖြစ်ပျက်နေခဲ့တာ ဟုတ်မဟုတ်ကို လည်းကောင်း ဒါမှမဟုတ်ရင် ဒါဟာ ဥရောပနယ်ချဲ့မှုရဲ့ အကျိုးဆက်ရလဒ်ဖြစ်တယ်လို့ လည်းကောင်း အငြင်းအခုံလုပ်နိုင်ပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း
ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။

http://pierluigimontalbano.blogspot.com/…/archeologia-sungh…
http://keywordsuggest.org/gallery/677973.html
https://www.ancient-origins.net/…/sunghir-burial-site-were-…