Breaking News

ခင်မို့မို့လွင် ● ကျောက်စည်ပိုင်းထဲ ရေနှစ်ခံကလေးငယ်၏ ကယ်တင်ရှင်

ခင်မို့မို့လွင် ● ကျောက်စည်ပိုင်းထဲ ရေနှစ်ခံကလေးငယ်၏ ကယ်တင်ရှင်
Myanmar NOW (မိုးမခ) မေ ၃၊ ၂၀၁၉

ကိုယ်ကအမှုဖွင့်တိုင်တန်းရမည့်သူက ကိုယ့်အိမ်ရှင်ဖြစ်နေသည်။ ထို့ပြင် ကလေးငယ်တစ်ဦးကို ၎င်း၏ ဆွေမျိုးအရင်းများက ဆုံးမသည်ဟုဆိုကာ ညှဉ်းပန်းနှိပ်စက်ခြင်းအပေါ် အမှုဖွင့်ခွင့်ရှိမရှိကိုလည်း မသိသဖြင့် မနိုင်နိုင်မော်တစ်ယောက် ကလေးငယ်ကို ကယ်တင်ရေးမှာ စွန့်စားခန်းတစ်ခု ဖြစ်လာခဲ့သည်။

မြေးအရင်းနှင့် တူအရင်း အသီးသီးတော်စပ်သည့် အသက်တစ်နှစ်ကိုးလသားအရွယ် ကလေးငယ်ကို ညှဉ်း ပန်းနှိပ်စက်မှုဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်နေ အမျိုးသမီးနှစ်ဦး အမှုတွင် မနိုင်နိုင်မော်၏ ရုပ်သံမှတ်တမ်းတင်ချက်နှင့် ကိုယ်တိုင် ဖွင့်ဟတိုင်တန်းချက်တို့က အဓိက ဖြစ်သည်။

မြောက်ဥက္ကလာမြို့နယ် (ခ) ရပ်ကွက်၊ တုသိတာလမ်း၊ ကန်ဘောင်ဘေး ကျူးကျော် နေရာတွင် နေထိုင်သည့်  အသက် ၅၀ အရွယ် ဒေါ်မြင့်ချိုနှင့် ၂၃ နှစ်အရွယ် မအေးမြတ်လွင်တို့ သားအမိ  ကလေးငယ်ကိုရေစည်ထဲ နှစ်နေသည့် မှတ်တမ်း ရုပ်သံဖိုင် လူမှုကွန်ရက် facebook တွင် ပျံ့နှံ့ကာ လူအများဒေါသထွက်ခဲ့ကြသည်။

၎င်းတို့နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၇ (လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်း) ဖြင့် မြောက်ဥက္ကလာမြို့နယ် ရဲစခန်းက ဧပြီ ၂၇ တွင် တရားစွဲတင်လိုက်ရာ အာမခံ မရဘဲ အချုပ်ဖြင့် အင်းစိန်ထောင်မှ တရားရင်ဆိုင်ရတော့မည်ဖြစ်သည်။

ကလေးငယ် နှိပ်စက်ခံနေရစဉ် ဒေါ်နိုင်နိုင်‌မော်ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းမှ ပုံရိပ်တခု

အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ကျခံရနိုင်သည်။ ပုဒ်မ ၃၀၇ သည် ထောင်ဒဏ် ဆယ်နှစ်အပြင် ငွေဒဏ်လည်း ကျခံနိုင်ပြီး၊ နာကျင်စေပါက အမြင့်ဆုံး တစ်သက်တစ်ကျွန်းဒဏ်ထိ ကျနိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

● ကလေးတစ်ယောက်ကို ကူညီရန် ဆုံးဖြတ်ခြင်း
အမှုဖွင့်သူ မနိုင်နိုင်မော်သည် ဒေါ်မြင့်ချိုနှင့် မအေးမြတ်လွင်တို့၏အိမ်နောက်ဖေးတွင် အဖီဆွဲကာ တစ်လ ကျပ် ၅၀,၀၀၀ ဖြင့် လင်မယားနှစ်ယောက် အိမ်ငှားနေထိုင်သူ တစ်ဦး ဖြစ်သည်။ မိမိအိမ်ရှင်ဖြစ်သည့် ဒေါ်မြင့်ချိုနှင့် မအေးမြတ်လွင်တို့ သားအမိကို တိုင်တန်းရန် အသက် ၄၁ နှစ်အရွယ် မနိုင်နိုင်မော် သည် သူ့ကိုယ်သူ မေးခွန်းများစွာ မေးခဲ့ရသည်ဟု ဆိုသည်။

ထိုကလေးသည် ဒေါ်မြင့်ချို၏ သားမှမွေးသော မြေးဖြစ်ပြီး လင်မယားချင်း ကွဲသဖြင့် ဒေါ်မြင့်ချိုက မြေးကို စောင့်ရှောက်ထားခြင်း ဖြစ်ကြောင်း၊ ကလေး၏ဖခင်မှာ ဒေါ်မြင့်ချိုတို့ အိမ်တွင် နေထိုင်ခြင်း မရှိကြောင်း ဆိုသည်။

ကလေးငယ် နှိပ်စက်ခံရကြောင်း အစပြု တိုင်ကြားသူ ဒေါ်‌နိုင်နိုင်မော်နှင့် ခင်ပွန်း (ဓာတ်ပုံ - ခင်မို့မို့လွင်/Myanmar Now)

အဆိုပါရပ်ကွက်တွင် ဒေါ်မြင့်ချိုတို့သားအမိက ထိုကလေးငယ်ကို နှိပ်စက်ပုံများကို မျက်မြင်တွေ့ရှိ သူမှာ မနိုင်နိုင်မော် တစ်ဦးတည်း မဟုတ်ပါ။ (ခ) ရပ်ကွက် ၊ ကန်ဘောင်ဘေး ကျူးကျော်ရပ်ကွက်နေ အမည်မဖော်လိုသူ အိမ်နီးချင်း တစ်ဦးပင်လျှင် ဒေါ်မြင့်ချိုတို့ မိသားစုထံ ကလေးရောက်ရှိလာပုံနှင့် နှိပ်စက်ပုံများကို သိရှိမြင်တွေ့သော်လည်း ဒေါ်မြင့်ချိုအိမ်သည် ရေနှင့် မီးပေးသည့် အိမ်ဖြစ်၍ တရားရုံးသို့ သက်သေ မလိုက်ရဲကြောင်း ကာယကံရှင်က Myanmar Now ကို ပြောသည်။

ထိုအခြေအနေတွင် မနိုင်နိုင်မော်က ငါးလအတွင်း အိမ်ရှင် ဒေါ်မြင့်ချိုနှင့် မအေးမြတ်လွင်တို့သားအမိက အသက်နှစ်နှစ်နီးပါးအရွယ် မောင်ချစ်မင်းသူ (ခ)တောသား အမည်ရှိ ကလေးကို ကိုင်ပေါက်ပုံ၊ ရိုက်နှက်ပုံ၊ ကလေးက ရေနွေးပူလောင်သည့် လက်မှ အနာများကို ခွာ၍ဆိုကာ အဘွားဖြစ်သည့် ဒေါ်မြင့်ချိုက လက်ပြန်ကြိုးတုပ်ချည်ထားပုံစသော ဆုံးမပုံမျိုးကို သုံးရက်ခြား တစ်ခါလောက် တွေ့မြင်နေရကြောင်း ဆိုသည်။

ဘွားအေဖြစ်သူက အများဆုံး ရေနှစ်၊ ရိုက်နှက်ကာ ဆုံးမလေ့ ရှိကြောင်း မနိုင်နိုင်မော်က ပြောသည်။

“ကလေးကို ရေမတိုက်ဘူး။ ထမင်းဝအောင် မကျွေးဘူး။ (ကလေးက) အိမ်သာထဲကရေ သွားသောက်တယ်။ သွားသောက်ရင် ရိုက်ပြန်တယ်။ ရေထဲ နှစ်တယ်။ အဲဒီကလေးကို ရေမီအောင် ထားပေးပါဆိုတော့ ‘ရေသန့် ဘူးတွေထဲ ထည့်ထားတယ်တဲ့။ ဖွင့်မသောက်တာ’ တဲ့” ဟု ၎င်းက ပြောသည်။

ကလေးလေးကို ထိုသို့ မဆုံးမရန် မနိုင်က တောင်းပန်သည့် အခါတိုင်းတွင် “ကလေးက အကြောမာတာ၊ ရောင်းစားချင်တာ” ဟု အိမ်ရှင် ဒေါ်မြင့်ချိုက ပြန်ပြောသဖြင့် မနိုင်နိုင်မော်တွင် အမှုဖွင့်ဖို့သာ ရှိပြီး သို့မဟုတ်ပါက အိမ်ပြောင်းရန်သာ ရှိတော့သည်။

မနိုင်နိုင်မော်လိုပင် မျက်မြင်သက်သေများ ဖြစ်ကြသည့် ကိုခင်ဇော်မိုး နှင့် မအေးမာတို့လင်မယားက အစပိုင်းတွင် မနိုင်နိုင်မော်အား တားမြစ်ခဲ့ကြသော်ပြီး နောက်ဆုံးတွင် ၎င်းတို့လည်း ကလေးအသက်ကို ကယ်ရန် ရွေးချယ်ခဲ့ကြသည်။

၎င်းတို့က တရားရုံးတွင် သက်သေအဖြစ် ထွက်ဆိုပေးမည်ဟု ပြောသည်။ ထိုဇနီးမောင်နှံသည်လည်း ဒေါ်မြင့်ချိုတို့ အိမ်နောက်ဖေးရှိ အိမ်တွင် ငှားရမ်းနေထိုင်သူများ ဖြစ်ပြီး ကလေးမှာ ပိန်လှီလွန်းသဖြင့် အိမ်ရှင်များ မသိအောင် ၎င်းတို့က ထမင်းခိုးကျွေးရလေ့ရှိကြောင်း ဆိုသည်။

ဦးခင်ဇော်မိုးသည် နေစရာပျောက်မည် စိုးသဖြင့် ကလေးကိစ္စ အိမ်ရှင်သားအမိကို တိုင်ချက်မဖွင့်ဖို့ မနိုင်နိုင်မော်အား တားမြစ်ခဲ့သေးသည်ဟု ဆိုသည်။

“(မနိုင်နိုင်မော်က) ‘မတိုင်လို့ မရဘူး တိုင်မှ ဖြစ်မယ်တဲ့ ကလေးအသက်က ဆုံးရှုံးသွားလိမ့်မယ်။ သေမှ တိုင်မယ်ဆို အလကား ဖြစ်တော့မှာ’ လို့ ပြောတယ်” ဟု ဦးခင်ဇော်မိုးက ပြောသည်။ ၎င်းသည်
ဒေါ်မြင့်ချိုတို့ မိသားစုထံမှ လွန်ခဲ့သော သုံးလမှစကာ အိမ်ငှားနေထိုင်လာသူဖြစ်သည်။

အစပြု တိုင်ကြားသူ ဒေါ်နိုင်နိုင်မော်နှင့် ကျူးကျော်ရပ်ကွက်မှ အိမ်နီးချင်းများ (ဓာတ်ပုံ - ခင်မို့မို့လွင်/Myanmar Now)

● မှတ်တမ်းယူဖော်ထုတ်
တိုင်ရန် ဆုံးဖြတ်သည့်အခါ မနိုင်နိုင်မော်က ၎င်းနှင့် အရင်းနှီးဆုံးဖြစ်သည့် တစ်ရပ်ကွက်တည်းနေ ကုလားပု ဆိုသူကို “ကလေးတစ်ယောက် အသက်ကို မကယ်ချင်ဘူးလား” ဟု အစချီ၍ ဖွင့်ပြောကာ အကူအညီ တောင်းခဲ့သည်။

ကုလားပု ဆိုသူက ၎င်းတို့ ရပ်ကွက်နေ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့မှ ဦးကိုကိုလွင်ကို ထပ်မံ ပြောပြသည်။ ဦးကိုကိုလွင်မှ တစ်ဆင့် တခြားသော မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ မနိုင်နိုင်မော် အမှုဖွင့်ရန် လိုအပ်သည့် အချက်များကို အကြံဉာဏ်ပေးကြကြောင်း မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် ကိုကုလားပုက ဆိုသည်။

ကလေးကို နှိပ်စက်နေကြချိန်တွင် ဓာတ်ပုံနှင့် ဗီဒီယို ခိုးရိုက်ထားရန်  ၎င်းတို့က အကြံပေးကြပြီး မနိုင်က ဖုန်းဖြင့် ဗီဒီယို မရိုက်တတ်ဟုဆို၍ အိမ်အပေါက်မှ ဗီဒီယိုခိုးရိုက်နည်းကိုပင် သင်ပေးကြရကြောင်း ကိုကုလားပုက ပြန်လည် ပြောပြသည်။

ဧပြီ ၂၀ ရက်တွင် ကလေးငယ်ကို အဘွားနှင့် အဒေါ်တို့အပြင် အဋ္ဌမတန်း တက်နေသည့် ကလေး၏ ဦးလေးတော်စပ်သူတို့က အိမ်နောက်ဖေးရှိ ကျောက်စည်ပိုင်းတွင် ရေနှစ်လိုက်၊ ပြန်ဖော်လိုက်၊ ရေနှစ်လိုက် လုပ်ကာ "ဆုံးမ" နေကြချိန်တွင် ၎င်းတို့၏ အိမ်ငှား မနိုင်နိုင်မော်က မြို့နယ် NLD အဖွဲ့နှင့် ချိတ်ဆက်၍ အမှုဖွင့်ရန် ဗီဒီယိုမှတ်တမ်းတင်ကာ အထောက်အထား စုဆောင်းနေသည်ကို မသိလိုက်ချေ။

“နို့မို့ဆို မတိုင်ရဲဘူး။  အဲဒီည (ဧပြီ  ၂၀ ရက်) က အဲဒီကလေး သေသွားပြီတောင် မှတ်တာ။ ညနေ လေးနာရီခွဲလောက် တစ်ခါ နှစ်တယ်။ ညကျတော့ ဆယ်နာရီခွဲမှာ တစ်ခါထပ်နှစ်တယ်။ ကလေးက အသံလည်း မကြားရတော့ဘူး။ သေသွားပြီလား မသိဘူး။ လုပ်ကြဦး၊ အသံလည်း မကြားတော့ဘူးပေါ့။ အဲဒါနဲ့ ညကြီးပဲ ရဲစခန်းမှာ အမှုဖွင့်လိုက်တာ” ဟု မနိုင်နိုင်မော်က ဆိုသည်။

ထို့ပြင် မနိုင်နိုင်မော်ထံတွင် ၎င်းအိမ်ပြောင်းလာခါစ လွန်ခဲ့သည့် ငါးလခန့်က ကလေးကိုယ်ပေါ်ရှိ ဒဏ်ရာများကို ရိုက်ကူးထားသည့် ဓာတ်ပုံများလည်း ရှိသဖြင့် သက်သေအဖြင့် တင်သွင်းခဲ့သည်။ ၎င်းတို့ အိမ်သို့ ကလေး ခဏ လာအပ်သည့် အချိန်တွင် ကိုယ်ပေါ်မှ အရှိုးရာများကို တွေ့၍ ရိုက်ကူးထားမိခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အိမ်ငှားနေ၍ အိမ်ရှင်ကို ကြောက်ရသည်ဆိုသော်လည်း ကလေးတစ်ယောက် အသက်ကို မကယ်တင်ပါက တစ်သက်လုံး နောင်တရနေမည်ကို ပိုကြောက်၍ တိုင်ကြားရသည်ဟု မနိုင်နိုင်မော်က ဖွင့်ဟသည်။

● ရိုက်နှက်ညှဉ်းပန်းမှု

၂၀၁၆ ခုနှစ်မှ စ၍ ဆယ်ကျော်သက်အရွယ် ကလေးငယ်နှင့် အိမ်အကူမိန်းကလေးများကို အလုပ်ရှင်များ၊ ဆွေမျိုးအရင်းများက လိမ္မာရန် ဆုံးမသည်ဆိုကာ ရိုက်နှက်ညှဉ်းပန်းမှုများကို  ရဲစခန်းတွင် အမှုဖွင့်မှု ခပ်စိပ်စိပ် ဖြစ်ပွားလာခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လတွင် ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒေါင်းရေကျော်- မြင်းကကုန်းကျေးရွာ၌လည်း  ၁၂ နှစ်အရွယ် မိန်းကလေးကို အဘွား၊ အစ်ကို တော်စပ်သူများက ရိုက်နှက်ခြင်း၊ အိမ်အလုပ် အလွန်အကျွံခိုင်းစေခြင်းတို့ကြောင့် ရပ်ရွာရှိ ပုဂ္ဂိုလ်များက ကူညီ၍ အမှုဖွင့်နိုင်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည်ကို Myanmar Now က သတင်းဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် ပြည်မြို့၌ စက်ဘီးခိုး၍ ဆုံးမသည်ဆိုကာ အဒေါ်နှင့် အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူများက ကိုးနှစ်အရွယ် ကလေးတစ်ဦးကို နေပူပူအချိန် ဓာတ်တိုင်တွင် ကြိုးတုပ်ထားခြင်းကို အိမ်နီးချင်းများ၊ မြို့ခံ ပရဟိတသမား၊ ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့က တားမြစ်သတိပေးရခြင်းလည်း ဖြစ်ပွားခဲ့ပြီး အဆိုပါ သတင်းကို  မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

၂၀၁၇ ခုနစ်တွင်လည်း ဓနုဖြူမြို့နယ်၌ ၁၀ နှစ် အရွယ် သမီးဖြစ်သူကို အဖေအရင်းက လိမ္မာစေရန်ဆိုကာ ရိုက်နှက်ဆုံးမပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့်စကားများ ပြောဆိုခြင်းကြောင့် ဓနုဖြူရဲစခန်းတွင် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ပိတ်လှောင်ထားမှု ၃၄၂၊ ခြိမ်းခြောက်မှု ၅၀၆ တို့ဖြင့် အမှုဖွင့်ခံရကြောင်း 7Day နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ထင်ရှားသော ဖြစ်ရပ်အနေဖြင့် အိမ်အကူ မိန်းကလေးနှစ်ဦးကို လိမ္မာစေရန် ဆုံးမသည်ဆိုကာ လက်ချောင်းများ ကျိုးအောင် ရိုက်နှက်ခဲ့သည့် ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုများဆိုလျှင် လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှု ပုဒ်မများဖြင့် မိသားစုဝင် လေးဦး ထောင်ဒဏ် နှစ်ရှည်များ ကျခံခဲ့ရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဆွေမျိုးအရင်းတော်စပ်ခြင်း၊ လင်မယားတော်စပ်ခြင်းပင် ဖြစ်ပါစေ လူတစ်ဦးကို ညှဉ်းပန်းနှိပ်စက်ရာ ရောက်သည်အထိ ဆုံးမခွင့် မရှိကြောင်း ရှင်းပြသည်။ ကလေးငယ် တစ်ဦးကို ညှဉ်းပန်းရာ ရောက်သည်အထိ ဆုံးမလျှင် အရေးယူနိုင်သည့်  ဥပဒေ ရှိသော်လည်း လူမှုဓလေ့အရ ရိုက်နှက် ဆုံးမနေခြင်းမျိုး ရှိနေသေးကြောင်း ဆိုသည်။

လွန်ခဲ့သည့် ငါးလခန့်က ဒေါ်နိုင်နိုင်မော် ဓာတ်ပုံရိုက်ကူးခဲ့သည့် ဓာတ်ပုံတွင် တွေ့ရသော တစ်နှစ်ကျော်အရွယ် ချစ်မင်းသူ၏ ကိုယ်ပေါ်မှ ဒဏ်ရာများ

ရန်ကုန် မြောက်ဥက္ကလာပ ကျူးကျော်ရပ်ကွက်တစ်ခုတွင် နေထိုင်သူတချို့ သတင်းပေး တိုင်ကြားရာမှ ပေါ်ပေါက်လာသည့် ယခု အမှုတွင် ကယ်ဆယ်နိုင်ခဲ့သည့်တစ်နှစ်နှင့် ကိုးလအရွယ် မောင်ချစ်မင်းသူကို ရွှေဂုံတိုင်မြို့နယ် ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်ထားသည်။

မောင်ချစ်မင်းသူကို  ဆေးရုံတင်ကုသရမည့် အခြေအနေ မရှိသော်လည်း အာဟာရ ဖြည့်ဆည်းရေးနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ကုသပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဒေါက်တာ ကေသီကျော်က ဆိုသည်။

မောင်ချစ်မင်းသူ၏ မိဘများက စောင့်ရှောက်လိုကြောင်း ဆက်သွယ်လာပါက ကလေးအတွက် လုံခြုံမှု ရှိမရှိ မိဘများ၏ အခြေအနေကို စိစစ်မည်ဖြစ်ကြောင်း ဆိုသည်။  ကလေးအတွက် လုံခြုံမှု မရှိပါက လူမှုဝန်ထမ်းဦးစီးဌာနကပင် ဆက်လက် စောင့်ရှောက်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မောင်ချစ်မင်းသူ၏ အဘွား ဒေါ်မြင့်ချိုနှင့် အဒေါ် မအေးမြတ်လွင်တို့ကို မြောက်ဥက္ကလာမြို့နယ်တရားရုံးတွင် မေလ ၁၀ ရက်၌ ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။