Breaking News

လင်းသက်ငြိမ် ● မြစ်ကမ်းမြို့

လင်းသက်ငြိမ် ● မြစ်ကမ်းမြို့
(မိုးမခ) မေ ၆၊ ၂၀၁၉

နွေဦးက မြို့ကလေးကို သိသိသာသာ သက်ရောက်နေလို့ ထင်ရဲ့။ အပူရှိန်ကြောင့် နေ့ကောညပါ လောင်အိုက်နေတယ်။ ရောက်တဲ့နေ့ကတည်း ကျွန်တော့်မှာ ချွေးသံတရွှဲရွှဲပါပဲ။ ဒါပေမယ့် နေရာသစ်၊ မြင်ကွင်းသစ်အပြင် ချစ်ရတဲ့ သူမပါရှိနေတဲ့ မြို့ကလေးက ကျွန်တော့်ကို စိတ်မပျက်စေတဲ့ အပြင်ပျော်တောင် ပျော်ရွှင်စေပါတယ်။ မြစ်နဲ့ဝေးတဲ့ မြို့ကလူဆိုတော့ လှေ လည်းမစီးဖူးဘူးလို့ ကျွန်တော်ပြောတော့ သူမက မြို့ရဲ့တဘက်က မြစ်ခြားနေတဲ့ ရပ်ကွက်ကလေးကို စက်လှေနဲ့လိုက် ပို့ပါတယ်။ ဝါကျင့်ကျင့်မြစ်ရေတွေက နေရောင်ခြည်မှာ တလက်လက်။ မြစ်ထဲမှာ စက်တပ်လှေတွေကော၊ စက်မတပ်တဲ့ လှေတွေကော၊ သင်္ဘောကြီးတွေ၊ သင်္ဘောလေးတွေ ဟိုဒီကူးသန်းနေကြတယ်။ ရေပြင်မှာဖြစ်ဖြစ် ကုန်းပေါ်မှာပဲဖြစ်ဖြစ် လူ ဟာ နိစ္စဓူဝ အလုပ်ရှုပ်နေလေ့ရှိတဲ့ သတ္တဝါတွေပဲ။ စက်လှေပေါ်ကိုတက်လိုက်တော့ ရေပြင်ကပြန်လာတဲ့ နေရောင်ခြည်က မျက်လုံးကို ပြာဝေစေတယ်။ ထီးတချောင်းအောက်မှာ ကျွန်တော်နဲ့ သူမ။ ဆန်စက်တွေဆီက မီးခိုးတွေ လွင့်နေတယ်။ စက် လှေထွက်တော့ ရေမကူးတတ်တဲ့ ကျွန်တော်ကလှေဘောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိတော့ သူမက ကျွန်တော့် ကို ကြည့်ရင်းပြုံးတယ်။ ကျွန်တော်လည်း အရှက်ပြေ ပြန်ပြုံးပြမိတယ်။

စက်လှေကညတဖက်ကမ်း လှေဆိပ်ရှိရာကိုတည့်တည့်မသွားပဲ ခပ်လှမ်းလှမ်းကနေ ပန်းတက်ပြီး စက်သတ်လိုက်တဲ့အခါ လှေဆိပ်ကို တည့်တည့်ဆိုက်ကပ်တယ်။ ဒီမြင်ကွင်းကို ကျွန်တော်ငေးကြည့်နေမိတယ်။ ကျွမ်းကျင်ရာ လိမ္မာရာဆိုတာတွေ ကော၊ လှေအဆင်း မြင်းအတက်ဆိုတာတွေပါ စကားပုံတွေကို ကျွန်တော် ဆင်ခြင်နေမိရဲ့။ စက်လှေဟာ ဒီမှာဘက်ကမ်းက လူတွေကို ဟိုမှာဘက်ကမ်းဆီ တင်ဆောင် ပြန်ထွက်သွားတယ်။ လှေဆိပ်အုတ်လှေကားထစ်အတိုင်းတက်ပြီး ရပ်ကွက် ကလေးရဲ့လမ်းထဲ ထီးကလေးဆောင်းပြီး လမ်းဆုံးအထိ လျှောက်သွားပြီး လှေဆိပ်ကိုပြန်ဆင်းလာခဲ့တော့ ကျွန်တော်တို့ စီးခဲ့တဲ့ စက်လှေပြန်ရောက်နေပြီ။ ရေခဲချောင်းရောင်းတဲ့အမျိုးသမီးတယောက်က ရေခဲပုံးကြီးနဲ့ စက်ဘီးကို ထိုးတင်နေတာ တွေ့တော့ အဲ့ဒီအတိုင်းလိုက်မှာလားလို့ တွေးမိတယ်။ စက်လှေပြန်ထွက်လာတော့ ရေခဲပုံးတင်ထားတဲ့စက်ဘီးနဲ့ အမျိုး သမီးက လှေဦးထိပ်မှာ မတ်တပ်ရပ်လျှက်သား လိုက်ပါလာတယ်။ စက်လှေဟာ တလူးလူး တလှုပ်လှုပ်။ ရေခဲပုံးတင်ထားတဲ့ စက်ဘီးနဲ့အမျိုး သမီးကလည်း တလူးလူး တလှုပ်လှုပ် သူ့ကိုကြည့်ရင်း ကျွန်တော်ကြက်သီးထနေမိတယ်။

နေ့လည်ခင်းနေက ဦးခေါင်းတည့်တည့်မှာ ဝင့်ကြွားမောက်မာလျှက်။ စက်လှေဆိပ်ကအပြန် အအေးဆိုင်ကလေးတဆိုင်ကို သူမခေါ်သွားတယ်။ ဆိုင်အပြင်အဆင်က ရိုးရိုးကုပ်ကုပ်နဲ့ မသားမနား။ သိပ်ကောင်းမယ်လို့ ကျွန်တော်မထင်ဘူး။ သီးစုံ တခွက်မှာပြီး သောက်ကြည့်တော့ အရသာကမဆိုး။ ဘတ်စကက်ဘောကွင်းထဲ စားပွဲတလုံးနဲ့ ကျွန်တော်တို့နှစ်ယောက်။ ဘေးပတ်ပတ်လည်မှာ သစ်ပင်တွေခြုံနွယ်တွေ။ ဒီနေရာကိုတော့ နေရောင်ခြည် လက်ရှောင်ရတယ်။ လေတိုက်တိုင်း သစ် ရွက် တွေမြည်လို့။ ဥသြတွန်သံကို ကျွန်တော်တို့ ပီပီသသကြားရတယ်။ မနက်ဖြန်ဆို ခွဲကြရတော့မယ်ဆိုတဲ့ အသိနဲ့ ရင် ဘတ်ထဲ စစ်ခနဲဖြစ်သွားလို့ သူမလက်ကလေးကို အသာဆုပ်ကိုင်လိုက်မိရဲ့။ သူမရဲ့မျက်ဝန်းမှာလည်း ဝေရီနေတဲ့ အဆွေး ရိပ်တွေ ယှက်သန်းလို့ နေလေရဲ့။ စကားတခွန်းမှမပြောပဲ ငြိမ်သက်နေသူ နှစ်ယောက်နဲ့ စားပွဲလေးတလုံး၊ နေ့လည်ခင်း တခုဟာ အလွမ်းပြဇာတ်ရဲ့ဇာတ်ဝင်ခန်းတခုလို။ လေတိုက်လို့ အသံပေးထွက်ပြေးသွားကြတဲ့ ကုက္ကိုရွက်ခြောက်တွေက နောက်ခံတေးကို တီးခတ်နေကြတာပဲလား။

မနက်ဖြန်ဆို ဒီမြို့ကလေးရဲ့ဝေးရာဆီခေါ်ဆောင်သွားမယ့် ကားတစီးပေါ်မှာ ကျွန်တော်ရောက်ရှိနေလိမ့်မယ်။ ကားပေါ်ထိုင် ရင်း ပူနွေးလတ်ဆတ်နေတဲ့ မနေ့တနေ့က ပုံရိပ်တွေကို တကွက်ချင်းပြန်ရစ်ပြီး လွမ်းဆွတ်ခြင်းရဲ့ကိုက်ခဲမှုမှာ ကျွန်တော် မှိန်းမူးနေလိမ့်မယ်။ မနက်ဖြန်ကိုတွေးရင်း ဆိုင်ကယ်မောင်းနေတဲ့ ပစ္စုပ္ပန်ကာလကနေ ထွက်ကျသွားတဲ့ ကိုယ့်စိတ်ကိုယ် သတိထားမိတော့ ဆိုင်ကယ်မောင်းနေရင်း သူမရဲ့လက်ကလေးကို ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်မိတယ်။ ပြန်လည်ဖျစ်ညစ် လာတဲ့ သူမရဲ့လက်ဖဝါးကလေးက တဆင့်သူမရဲ့ ဝမ်းနည်းမှုကို ခံစားရတယ်။ ဒါဟာ အဆုံးသတ်မဟုတ်ဘူး။ ဒါဟာ ကိုယ် တို့ရဲ့အစပါ။ ချစ်ခြင်းမေတ္တာဆီကိုရောက်လာပြီး ချစ်ခြင်းမေတ္တာနဲ့ ပေါင်းကူးဆက်သွယ်ခြင်းပါ။ အချိန်ကာလတခုမှာ ကျွန် တော်ဟာ ဒီမြို့ကလေးကိုပြန်လာမယ်။ သာယာတဲ့ ရိပ်မြုံကလေးတခုကို တည်ဆောက်မယ်။ ခိုင်မြဲတဲ့သစ္စာနဲ့အချိန်တွေကို ဖြတ်သန်းမယ်။ လောကဓံ လှိုင်းတွေမှာကျွန်တော်တို့နှစ်ယောက် လူးရ၊ လှုပ်ရဦးမှာပါပဲ။ စက်လှေပေါ်က အမျိုးသမီး သူ့ ရေခဲပုံးနဲ့စက်ဘီးကို ကျင်လည်သေသပ်စွာ ထိန်းသိမ်းနိုင်သလို ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာကိုထိန်းသိမ်းသွားကြမယ် လေ။ လှေဆိပ်ကို တည့်တည့်ထိုးမကပ်ပဲ ပန်းပြီးဆိုက်ကပ်လိုက်တဲ့ စက်လှေသမားလို ကျွန်တော်တို့ရဲ့ချစ်မေတ္တာကို တိကျ သေချာစွာ ကမ်းကပ်ရပေလိမ့်မယ်။

အတွေးတွေက တည်းခိုခန်းထဲရောက်တဲ့အထိမဆုံးပဲ တမျှော်တခေါ် သွယ်တန်းလို့။ သူမကတော့ အိမ်ကို ခဏပြန်သွား တယ်။ ညနေပိုင်းမှာ ကျွန်တော့်ကို တခေါက်လာခေါ်ပြီး ထမင်းအတူစားကြမယ်။ ပြီးရင် ကန်ဘောင်ကိုလိုက်ပို့မယ်လို့ ပြော သွားတယ်။ နေမင်းလုံးကြီးကိုယ်တိုင် အခန်းထဲပြုတ်ကျနေသလား ထင်ရလောက်အောင် အပူရှိန်က ပြင်းပြင်းထန်ထန် က ခုန်လို့။ မနက်ကထားခဲ့တဲ့ ရေသန့်ဗူးထဲက ရေတွေလည်း ပူနွေးလို့နေလေရဲ့။ ပန်ကာကိုဖွင့်လိုက်တော့ လေပူတွေ ဒေါသ တကြီးပြေးထွက်လာတယ်။ အင်္ကျီကိုချွတ်ပြီး ကုတင်ပေါ်လဲလျောင်းရင်း အဆက်မပြတ်ထွက်နေတဲ့ ည ချွေးတွေကို စိတ် ပျက်နေတုန်းမှာပဲ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ ရင်းနှီးဖူးတဲ့ ကဗျာရေးသူ ဦးပဉ္စင်းတပါး ဖြစ်နေတယ်။ ဆုံကြဖို့ပြောတာနဲ့ တည်းနေတဲ့ တည်းခိုခန်းနာမည်ပြောလိုက်တယ်။ နာရီဝက်လောက်မှာပဲ ရောက်လာတာနဲ့ တည်းခိုခန်းနားက လက်ဖက်ရည် ဆိုင်ကလေးမှာထိုင်ဖြစ်ကြတယ်။ စကားတွေပြောဖြစ်ကြတယ်။ ကဗျာအကြောင်းမပြောရဘူးထင်ခဲ့တဲ့မြို့မှာ ကဗျာရေးသူ တယောက်နဲ့ ဆုံတွေ့ရတာပဲပေါ့။

ညနေစောင်းတော့ သူမရောက်လာပြီး ထမင်းဆိုင်မှာထမင်းစားတယ်။ မြို့ကလေးကိုရောက်နေတဲ့အတောအတွင်း စားမ ကောင်းဆုံး ထမင်းဝိုင်းပါပဲ။ ခွဲရမယ့်အကြောင်းက ကိုယ်စီရင်ထဲ ပြည့်ကျပ်နေလို့ထင်ပါရဲ့။ ထမင်းဆိုင်ကလေးကနေ ထွက်လာခဲ့တော့ ညနေဟာ ဖျော့ဖျော့ပဲ လင်းနေတော့တယ်။ မကြာခင်ဆို မှောင်တော့မယ်။ ကန်ဘောင်မှာလမ်းလျှောက်သူတွေနဲ့စည်ကားလို့။ အရွယ်စုံ လူစုံပါပဲ။ ရေကန်နံဘေးက ဘုန်းကြီးကျောင်းမှာစိုက်ထူထားတဲ့ သာသနာ့အလံတွေက ကန်ရေပြင်ထဲ အရိပ်ထင် တလှုပ်လှုပ်လွင့်နေကြတယ်။ ရေကန်ထဲမှာ ရေကြက်ကလေး သုံးလေးကောင် ကူးခတ်လို့။ ညနေ ခင်းရဲ့လေပြေညင်းတွေက သူမရဲ့ဆံနွယ်တွေကို ယိမ်းကစေတယ်။ လေထဲ သူ့ဆံနွယ်တွေဆီက ခေါင်းလျှော်ရည်နံ့လေး တွေ ပျံ့လွင့်သွား။ တယောက်လက်တယောက်တွဲရင်း လမ်းလျှောက်နေရာကနေ ခုံတန်းလျားလေးပေါ် အတူထိုင်ဖြစ်ကြ တယ်။ ကန်ဘောင်ရှေ့က ကားလမ်းမပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ ပြေးလွှားနေကြရဲ့။ ကန်ရေပြင်ထဲမှာ ပတ်ပတ်လည် က အရာဝတ္ထုတွေရဲ့ အရိပ်တွေထင်နေတယ်။ စေတီတော်၊ အိမ်တွေ၊ သစ်ပင်တွေ၊ အလံတွေ ရေပြင်ထက်မှာ ငြိမ်သွားလိုက်၊ လှုပ်ရှားသွားလိုက်။ ကျွန်တော့်ပုခုံးပေါ်ခေါင်းမှီရင်း သူမငြိမ်နေတယ်။ မနက် ကားလက်မှတ်ဖြတ်လာခဲ့ပြီလို့ပြောရင်း သူမရဲ့ အသံ တုန်ယင်လာတယ်။ ပါးပြင်ပေါ်ကသနပ်ခါးပေါ် စီးကျလာတဲ့မျက်ရည်တွေကို သုတ်ပေးရင်း အနာဂါတ်ကို ကဗျာတပုဒ် လို ကျွန်တော်ရွတ်ပြမိတယ်။

အနမ်းတွေကိုပျိုးတဲ့ ညချမ်းချိန်ဟာ ဆုလာဘ်တခုလို ရောက်လာတယ်။ ကန်ရေပြင်ထဲက စေတီတော်ဟာ ရောင်စုံမီးတွေနဲ့ လင်းလက်သွား။ လရောင်ဟာ တဖြည်းဖြည်း ရင့်မှည့်လာသလိုလို။ လရောင်လို ကျွန်တော်တို့နှစ်ယောက်ရဲ့ခံစားချက်တွေကလည်း ဝင်းမှည့်လို့။ ကန်ဘောင်မှာ လူစဲသွားပြီ။ နာရီလက်တံတွေက မရပ်မနား ခရီးဆက်နေတယ်။ ကျွန်တော်တို့ ခွဲခွာ ကြရဦးမယ်။ ကန်ရေပြင်ဟာ ငြိမ်သက်လို့။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်လို့။ ကျွန်တော်တို့ရင်ထဲတော့ ဆူညံနေတဲ့မုန်တိုင်းကိုယ်စီနဲ့ပေါ့။ ခွဲခွာချိန်နောက်ခံဆက်တင်က ပီပြင်သက်ဝင်လွန်းနေတယ်။ ခဏကလေးနဲ့ ကုန်ဆုံးသွားခဲ့တဲ့ တွေ့ဆုံချိန် ကလေးတွေနဲ့ အကြာကြီးဖြတ်ကျော်ရဦးမယ့် တကိုယ်တော်နေ့ရက်တွေကို နေပျော်အောင် ကျွန်တော်တို့စီရင်ရပါလိမ့်ဦး မယ်။ အလာခရီးတုန်းက တက်ကြွတဲ့ခြေလှမ်းတွေဟာ အခုတော့ နေရာကနေ မရွေ့ချင်တော့လောက်အောင်ကို လေးလံ လို့။ ပန်းတပင်ပျိုးရသလို၊ စာတအုပ်ဖတ်ရသလို၊ တံခါးတချပ်ဖွင့်ရသလို စောင့်မျှော်ရခြင်းက ချစ်မေတ္တာရဲ့အဓိပ္ပါယ်ကို ပိုမိုလေးနက်အောင် ဖြည့်စွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ အချစ်နဲ့တွေ့ရင် လူဟာ အကောင်းမြင်ဝါဒ သမားလည်း ဖြစ်သွားနိုင်တာပဲ မဟုတ်လား။

မနက် ခရီးပြန်ထွက်ရမှာမို့ အိပ်စက်ဖို့ကြိုးစားပေမယ့် ဘယ်လိုမှ အိပ်စက်လို့မရနိုင်။ တည်းခိုခန်းနဲ့လမ်းပဲခြားတဲ့ ဘုရားဝင်း ထဲက ဆပ်ကပ်ပွဲအသံတွေရယ်၊ ညရောက်တဲ့အထိ မလျှော့သေးတဲ့အပူရှိန်ရယ်၊ သူမနဲ့ဝေးရာအရပ်ဆီ သွားရမယ့် မနက် ခင်းခရီးအကြောင်းရယ်။ အတွေးတွေက အိပ်စက်ခြင်းကို တခွက်ပြီးတခွက် မော့သောက်နေကြရဲ့။ သုံးရက်တာ ကာလ ကလေးထဲက သူမနဲ့ သွားခဲ့ဖူးတဲ့နေရာတွေ။ သူမရဲ့ပုံသဏ္ဌာန်လေးတွေ။ သူမရဲ့ဆံနွယ်များဆီက မွှေးရနံ့လေးတွေ။ မြစ်ပြင် ထက် ပေါလောမျှောနေတဲ့ဗေဒါပင်လို ညဟာ လူးရင်းလွန့်ရင်း ရောင်နီစို့ခဲ့တယ်။ မှေးခနဲ အိပ်ပျော်ရာကနေ ဖျပ်ခနဲနိုးထ လာတော့ မနက်ခြောက်နာရီထိုးခါနီးနေပြီ။ ကမန်းကတန်းထပြီး၊ ရေချိုးခန်းထဲပြေး၊ ရေကိုခပ်မြန်မြန်ချိုးပြီး ပစ္စည်းတွေကို အမြန်သိမ်းဆည်း။ ဒလသွားမယ့်ကားက ခုနှစ်နာရီကျော်လောက်ထွက်မယ်လို့ ညကတည်းက သူမပြောထားခဲ့ပြီးသား။ တည်းခိုခန်းက ဧည့်ခန်းထဲ ခဏထိုင်စောင့်ပြီး သူမဆီ ဖုန်းခေါ်ဖို့တွေးနေချိန်မှာပဲ သူမရောက်လာတယ်။ ကောင်းကောင်း အိပ်ပျော်ပုံမရတဲ့ မျက်နှာလေးက နွမ်းဖပ်ဖျော့တော့လို့။

ကားဂိတ်ရောက်တော့ ကားကရောက်မလာသေး။ လက်ဖက်ရည်ဆိုင်တခုမှာထိုင်ရင်း ကျွန်တော်တို့နှစ်ယောက် တိတ်ဆိတ် စွာ လောင်မြိုက်ကြ။ အလာခရီးရဲ့ရင်ခုန်သံတွေဟာ အခုကျ သံလမ်းပေါ် ရထားဘီးလှိမ့်နေသလို နာနာကျင်ကျင် မြည်တမ်း လို့။ အခိုက်အတံ့ ခွဲရမှန်းသိပေမယ့်လည်း ရင်ခွင်ကွင်းပြင်မှာ လေတွေတဟူးတဟူး တိုက်ခတ်နေကြတယ်၊ပန်းတွေ ပွင့်ဖို့ မေ့နေတယ်။ ငိုမိမှာစိုးလို့ထင်ရဲ့ သူမမျက်ဝန်းအစုံက ကျွန်တော့် မျက်နှာကို စေ့စေ့မကြည့်ပဲ ဖယ်လွဲထားလေရဲ့။ သတိရ ခြင်းတွေနဲ့ ကျွန်တော်တို့ဥယျာဉ်ကို ဆက်ပျိုးဖို့။ ရင်ခုန်သံတွေ အေးခဲမသွားဖို့။ တမြို့စီနေထိုင်ရင်း အိပ်မက်တခုကို ယုံကြည် ရဲရင့် ဆက်လက်ထုဆစ်ဖို့။ အသံတိတ်ဘာသာဗေတွေကို ကျွန်တော်တို့ နှလုံးသားကနေ နားလည်ကြပါတယ်။ ကားအဖြူ လေးပေါ်တက်လိုက်ပြီး သူမကိုကြည့်လိုက်တော့ ခိုတွဲနေတဲ့ပုလဲလုံးတွေ။ အရည်ရွှမ်းတဲ့ မြစ်ကမ်းမြို့ကလေးထဲ အလွမ်း တွေနဲ့ သူမ လက်ပြကျန်နေရစ်ခဲ့ပေါ့။ ပြေးနေတဲ့ကားပေါ်မှာ လွမ်းဆိပ်တက်နေတဲ့ လူတယောက်လိုက်ပါလာမှန်း ဘယ်သူ သတိထားမိမှာလဲ။ မြစ်တဖက်ကမ်းရောက်ရင် မြစ်နဲ့ဝေးတဲ့အရပ်ဆီထွက်ခွာဖို့ လမ်းတွေက အသင့်ကြိုနေလိမ့်မယ်။ အမြန် လမ်းဟာ အပြန်အတွက်ချည်းပဲ မဖြစ်နိုင်ပါဘူး။ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ့် မြို့ကလေးရေ။ အချိန်ကာလဟာ၊ ခရီးမိုင်တွေ ဟာလူနှစ်ယောက်ရဲ့ ချစ်မေတ္တာအတွက် အကောင်းဆုံးသီးပွင့်ဖို့သေချာတဲ့ ဥယျာဉ်တခုဆိုတာ မင်းတွေ့ရှိရပါလိမ့်မယ်။

အခုတော့ လွမ်းဆွတ်နေတဲ့လူတယောက်ကို လက်ပြနှုတ်ဆက်ပြီး။ လွမ်းဆွတ်နေတဲ့ မင်းရဲ့မြို့သူမလေးကို တယုတယ ပိုက်ထွေးရင်း ချန်နေရစ်ခဲ့ပေဦးတော့ မြစ်ကမ်းမြို့ကလေးရေ။

လင်းသက်ငြိမ်