Breaking News

ကျော်ထင် ● မြစ်ဆုံက ပြန်ခဲ့တယ်

ကျော်ထင် ● မြစ်ဆုံက ပြန်ခဲ့တယ်
(မိုးမခ) မေ ၅၊ ၂၀၁၉

(၁)
မေခ၊ မလိခဆုံရာကို ကြည့်ဖို့ မြစ်ကြီးနားခရီးစဉ်ကို လိုက်ဖြစ်ခဲ့ပါတယ်။ မြစ်ဆုံဆီကနေ ဘာတွေများ ရလာလေမလဲ။ ဦး နှောက်နဲ့ နှလုံးသား တခုခုကိုပဲ မြင်ရလေမလား။ ဦးနှောက်ကို ဖြတ်သန်းရင်း ပေါ်လာမယ့် အမှတ်သညာတွေကပဲ ရေးစရာ တွေ ဖြစ်လာလေမလား။ နှလုံးသားကနေ ယိုစီးကျလာမယ့် ငြိမ့်ငြိမ့်လေးတွေကိုပဲ နုကြည့်ရလေမလား၊ ဘယ်လို အတွေး အမြင်တွေများ ရလာလိမ့်မလဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သွားဖြစ်ခဲ့ပါတယ်။

ည ၉ နာရီ ၃၃ မိနစ်မှာ ပျဉ်းမနားကနေ စထွက်ကြတယ်။ ည ၁၀ နာရီ ခွဲတော့ နေပြည်တော်ကထွက်တဲ့ အမြန်လမ်းမကြီးပေါ် တက်မိတယ်။ မန္တလေးရောက်တော့ ၂ နာရီ ၁၅။ ကျောက်စိမ်းဘုရားရဲ့မီးရောင်ကိုလှမ်းမြင်တော့ အမှောင်ထုက ပြိုလို့ ကောင်းတုန်း။ ကျီးတွေအိပ်ကောင်းနေတုန်း။ သပိတ်ကျဉ်းမြို့နယ်ထဲကိုဝင်တော့မှ မနက်က ၆ နာရီ ရှိသေးတာ။

(၂)
နေရောင်နုနုအောက်မှာ ဇရပ်ကွင်းကို မြင်ရတယ်။ အဲ့ဒီ့ကနောက်မှာတော့ အချိန်ယန္တယားရဲ့ အပြင်ဘက်ဆီ လွင့်စင်သွား တယ် ပြောရမလား။ အချိန်တွေကို အမှတ်မထားဖြစ်တော့ဘူး။ အတွေးတွေကိုပဲ စိတ်မှာသီထားဖြစ်တော့တယ်။ အချိန် တွေနဲ့ မဆက်မိချင်တော့တာ။ အချိန်နာရီတွေနဲ့ ဘယ်လိုမှမပတ်သက်တော့ပဲ အတွေးတွေနဲ့သာ ငေးနေဖြစ်ပါတယ်။ တ ကောင်းကိုဖြတ်တော့ လွင်ပြင်အကျယ်ကြီးနဲ့ စိုက်ခင်းပျိုးခင်းတွေကိုပဲ သတိထားမိတယ်။ မြန်မာအစ တကောင်းကဆိုတဲ့ တကောင်းက ဒီတကောင်းလားတဲ့။ ကားပေါ်မှာ မေးသံတခွန်း ပျံ့လွင့်တက်လာလို့ ဟုတ်ပါတယ်။ ဒါ အဲ့ဒီ့တကောင်းပါလို့ ဖြေလိုက်ရတယ်။ သပိတ်ကျဉ်းရဲ့အလွန်၊ ဧရာဝတီရဲ့အရှေ့ဘက်ကမ်း။ တမျိုးသားလုံးကို စုစည်းလိုက်တဲ့ ဒို့ဗမာသီချင်းထဲက တကောင်းအဘိရာဇာ၊ ဒို့ဗမာ သာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာဆိုတဲ့အရပ်ပါ။

ဒါဟာ ရေကြည်ရာမျက်နုရာ၊ လွတ်ရာ၊ လပ်ရာရှာရင်း ခိုဝင်လာတဲ့သကျတွေရဲ့ တတိယနိုင်ငံတော်တခုပါ။ သူတို့ရဲ့ ပထမ အမိနိုင်ငံက အဖ သြက္ကာကရာဇ်အုပ်ချုပ်တဲ့ ဗာရာဏသီပြည်။ နယ်နှင်ခြင်းရဲ့ နောက်မှာ ပေါ်ထွန်းလာတဲ့ ကပိလဝတ်ပြည်က သကျတွေရဲ့ ဒုတိယနိုင်ငံတော်။ စစ်ရှုံးသူ အဘိရာဇာက ဗိုလ်ခြေတသင်းနဲ့ အရှေ့ဘက်ဆီစုန်ဆင်းရင်း ရေကြည်မြက်နု ရာတွေ့လို့ တိုင်းပြည်အဖြစ်တည်ထောင်ခဲ့တဲ့ ဒီတကောင်းကတော့ တတိယနိုင်ငံတော်တခုလို့ ဆိုရမှာပေါ့။

တကောင်းဟာ စည်ပင်ခဲ့ရဲ့လား။ တကောင်းဟာ သာယာခဲ့ရဲ့လား။ တကောင်းဟာ ဝပြောခဲ့ရဲ့လား။ သွားလမ်းသာလို့၊ လာ လမ်းများကော ဖြောင့်ဖြူးခဲ့ကြပါရဲ့လား။ သာကီဝင်မင်းမျိုးတွေဆိုတဲ့ တကောင်းရာဇာတွေကကော မင်းကျင့်တရားနဲ့အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ကြပါရဲ့လား။ ဒီလိုတွေးမိပြီဆိုတော့ တကောင်းရာဇာဝင်ကို နတ်ချင်းတပုဒ်နဲ့ ကွက်ခနဲ ပြေးမြင် မိပြန်ပါတယ်။ တကောင်းရဲ့ သံခေတ်ကို ထူထောင်ပေးခဲ့တဲ့ ပန်းပဲမောင်တင့်တယ်။ တကောင်းဘုရင်ရဲ့ ဖိုကျဉ်ထိုးသတ်ဖြတ် အပြီးမှာတော့ သူဟာ မဟာဂီရိ။ အခုခေတ်မှာတော့ အိမ်တွင်းနတ်တဲ့လေ။ သူ့ရဲ့နတ်ချင်းဟာ အာရုံမှာ ဝင်စားလာတယ်။

"မင်းစည်းစိမ်ကို၊ ဆွတ်နှိမ်ချိုးမည်၊ လုနိုးမှတ်လို့၊ မှူးမတ်တို့အား၊ ဖမ်းလေသတ်လေ၊ မိန့်တော်ရွှေနှင့်၊ စေခန့်ထား သော်၊ ရှောင်ရှားငါ့မှာ၊ လွတ်ရာရုန်းလို့၊ ပုန်းနေရာတွင်၊ မာယာငယ်ပြုပြင်၊ နှမရင်းချာ၊ လှမြတ်စွာကို၊ တောင်ညာတင်လို့၊ သွေးငယ် ငယ်မှလှည့်ဖြား၊ မြို့ကွပ်ခန့်မည်၊ ရွှေခွန်းရည်ကို၊ ယုံကြည်မှားအောင်၊ ချောစားပြီးလျှင်၊ ငါကိုလျှင်တည့်၊ အရှင်လတ်လတ်၊ စကားညွန်းရှည်၊ ပင်စည်စည်မှာ၊ ချည်ကာထားလည်း၊ ရွှေဓားခံသည်၊ ရွှေလှံပြီးလို့၊ ဓားနဲ့သတ်သည်။"

ဒါဟာ အိမ်တွင်းနတ်ချင်းပဲလေ။ နတ်ချင်းကို ညည်းရင်း၊ ပတ်ဝန်းကျင်ကိုငေးရင်း မျက်လုံးတွေက ရိုးအီတဲ့ဝေဒနာကို ခံစား လာရတယ်။ ဒီတော့လည်း မှေးရင်းနဲ့ မှိန်းလိုက်လာလိုက်တယ်။ စိတ်ဟာ သိနဲ့ မသိကြားမှာ၊ လွန်းထိုးနေပြီလား။ ကြံတွေ ပဲတဲ့။ ငယ်ချစ်တယောက်ရဲ့ နာမည်ကို ကြားလိုက်ရရော။ မှေးမှိန်းနေတဲ့ သွေးလေတွေက ဆန်တက်လာတယ်။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ကြံကားကြီးတွေ တစီတတန်းကြီး။ သကြားစက်ရုံတွေက ဘယ်နဲ့ညာတွေမှာ မီးခိုးတန်းလန်း။ အဲ့ဒီ့ကမှ
ဂွတ် (ဒ်) ဘရားသား ကုမ္မဏီလီမိတက်ဆိုတဲ့ စက်ရုံဝန်းကြီးကို ကားပေါ်ကနေ လှမ်းငေးကြည့်လိုက်တယ်။

ကြံတွေ ထွက်တဲ့နေရာကလာတဲ့သူ၊ သကြားစက် စက်ရုံလုပ်သားဖြစ်ခဲ့တဲ့သူ၊ အဲ့ဒီ့အတွက်တော့ ဒီမြင်ကွင်းဟာ လွမ်းစရာ့ တခုလေ။ ပစ္စက္ခမျက်ဝန်းမှာ အတိတ်ရဲ့ပုံရိပ်တွေက တဖျပ်ဖျပ်ပါ။ ကိုယ့်ဆီမှာ အတွေ့ရနည်းသွားတဲ့ တမျှော်တခေါ် ကြံခင်း ကြီးတွေကို ဒီနေရာမှာ လှမ်းတွေ့နေရတယ်။ ကိုယ့်ဆီမှာ အထွက်တိတ်သလောက်ဖြစ်သွားတဲ့ မီးခိုးတွေဆိုတာကလည်း စက်ရုံရဲ့ မီးခိုးခေါင်းတိုင်ထက်မှာ တအူအူ တလူလူရယ်။

ကြံကားကြီးတွေနဲ့ ဝေါခနဲ၊ ဝေါခနဲရှောင်တိုင်း ကားပေါ်က ကြံရိုးတွေကို မြင်တိုင်းမြင်တိုင်းငေးကြည့်ရင်းနဲ့ ပြုံးမိတယ်။

ငယ်ချစ်တွေလေ။ သွေးသားထဲမှာ သူတို့ရဲ့ ဂလူးကို့စ်တွေ ကိန်းအောင်းနေဆဲ။ ကြံကားတွေပေါ်က ကြံရိုးတွေကို ဆွဲစုပ်ရင်း ပျော်ခဲ့ရတဲ့ ဘဝတွေအတွက်လည်း ကျေးဇူးတင်မိနေဆဲ။ ကြံခင်းတွေနဲ့ စက်ရုံတွေကို လွမ်းလွမ်းဆွေးဆွေးငေးရင်း၊ တွေးရင်းမှာကိုပဲဘေးဘီမြင်ကွင်းတွေက တဖျပ်ဖျပ်ကျန်ရစ်ခဲ့ပြီ။ ရှေ့မှာ ကြိုနေတာက ဧရာဝတီဖြတ် ထီးချိုင့်တံတား။

ထိုင်ခုံကနေ အသာကြွကြည့်လိုက်တော့ တံတားအရှည်ကြီးတခု။ ၂၃၅၆ မီတာတဲ့။ တံတားပေါ် မော့တက်လို့ သံဘောင်တွေ ကြား တရိပ်ရိပ်ဖြတ်ရင်းတဘက်ခြမ်းမှာ ကျန်ရစ်တော့မယ့် ကမ်းနဖူးပေါ်ကစေတီလေးကို လှမ်းဖူးလိုက်သေးတယ်။

တဘက်ကမ်းခြေအစပ်မှာတော့ မြက်ခင်းပြင်ကျယ်ကြီးက စိမ်းလို့။

(၃)
အင်းတော်မြို့ကိုဖြတ်တော့ မြို့ကို သေးသလိုခံစားမိပေမယ့်  မြို့အဝင်အထွက် လမ်းဘေးကနေ လှမ်းမြင်နေရတဲ့ အင်းကြီး ကတော့ အကြီးကြီးရယ်။

ငါးကြီးချဉ် သိပ်ကောင်းတဲ့မြို့တဲ့။ အပြန်မှ ဝယ်သွားမယ်လို့စိတ်ကူးတွေနဲ့ ခရီးဆက်ကြတယ်။ ကချင်ပြည်နယ်။ မိုးညှင်းမြို့ နယ်ထဲ ရောက်တော့ နန်းမားကြိုးဝိုင်းတဲ့။ ကျွန်းပင်ပေါက်တွေ စိုက်ထားတာကို လမ်းဘေးဝဲယာ တဘက်တချက်တွေမှာ အများကြီးတွေ့နေရတယ်။

ခြေသလုံးလောက်၊ ပေါင်လောက် ကျွန်းပင်တွေက လမ်းဘေးမှာ မိုးတို့မတ်တတ်နဲ့ ဝေ့ရမ်းနှုတ်ဆက်လို့။ အဲ့ဒီ့ကျွန်းပင် ပျိုတွေကြားထဲမှာ ကျွန်းပင်အိုပြတ်ကြီးတွေကို ကြိုကြား ကြိုကြား တွေ့လိုက်ရတာရှိတယ်။

ပင်ပျိုနဲ့ ပင်အိုတွေရဲ့ ကွာဟမှု။ တမျိုးဆက်နဲ့ တမျိုးဆက်ရဲ့ အမွေ။ထိန်းသိမ်းကာကွယ်မှု။ အနီရောင် ဆိုင်းဘုတ်တွေပေါ်မှာ တောမီး မရှို့ရ။ တွေ့ရှိက သစ်တောဥပဒေအရ အရေးယူမည်ဆိုတာတွေ တွေ့တယ်။

ပြီးတော့ ကြိုးဝိုင်းအတွင်း ...
- ကျောက်သဲ မထုတ်ရ။
- သစ်ပင် မခုတ်ရ။
- ကျူးကျော်ဝင်ရောက်ခြင်း မပြုရ--မပြုရ။--မပြုရ။--စတာတွေ။

ဒါတွေဟာ ထိရောက်မယ့်ဥပဒေတွေလား။ အပြသက်သက်ဆိုင်းဘုတ်တွေလား။ ဟိုပင်ရောက်တော့ ညနေစောင်းနေပြီ။ သွားလာနေတဲ့လူတွေ၊ မုန့်သည် ဈေးတန်းတွေနဲ့ စည်ကားနေတဲ့လမ်းတခုကို ဖြတ်တော့လူတွေ၊ ဈေးသည်တွေကို ငေးမိ ပေါ့။ နှစ်ခြင်းဘုရားကျောင်း ဖွင့်ပွဲတခုတဲ့။

ဒါဟာ ပုဒ်မ ၃၄။  မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လက်စွာ ယူဆနိုင်သော အခွင့် အရေး၊ လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည် ဆိုတာလား။ အစိမ်းရောင် စာအုပ်ရဲ့ပြဋ္ဌာန်းချက်တွေကို ယုံကြည်တာ၊ မယုံကြည်တာထက် ဒါဟာ ခုချိန်ထိ အရှိတရားအဖြစ်နဲ့ တည်နေသေးတာပဲလေ။

(၄)
မိုးကောင်းကို ဖြတ်တော့ အမှောင်က တခွင်လုံးကို ဖုံးထားပြီးနေပြီ။ မြစ်ကြီးနားဆီ ရောက်ဖို့ ဘယ်လောက်လိုသေးလဲ။ ဘာ ရယ်မဟုတ်ဘဲ တွေးကြည့်နေမိလိုက်တယ်။ ဟိုပင်မှာ လင်းတုန်းက ဖတ်ခဲ့တဲ့ဆိုင်းဘုတ်မှာ ဟိုပင် - မိုးကောင်း 65.3 KM၊ ဟိုပင် - မြစ်ကြီးနား 131.31KM တဲ့။

ဒါဆို တဝက်ကျိုးပြီပေါ့။အတူပါလာတဲ့ ဆရာဦးဘုန်းကျော်ရဲ့ တည်းဖို့ခိုဖို့ ချိတ်ဆက်ပြောနေသံကို အတိုင်းသားကြားရတယ်။ Hotel Apple တဲ့။ အဲ့ဒီမှာ တည်းမယ်တဲ့။ မြစ်ကြီးနားရောက်တော့ ည ၁၀ နာရီခွဲ။ မြစ်ကြီးနားဟာ တိတ်လို့၊ဆိတ်လို့။ ဆိုင် တွေလည်း တံခါးတွေပိတ်လို့။ တဖွဲ့လုံး ညစာ မစားလာခဲ့ကြသေးပေမယ့် လမ်းပျဉ်းမနားသားလေး မောင်နှင်းတို့ဇနီးမောင်နှံရဲ့ ကြိုတင်စီမံပေးမှုနဲ့ ကောင်းမွန်တဲ့ဆိုင်မှာ ကောင်းမွန်စွာ စားသုံးနိုင်ခဲ့တယ်။

Hotel ဆီ ရောက်တော့ ၁၂ ထိုးတော့မယ်။

ရတဲ့အခန်းတွေကို ပါလာတဲ့သူတွေဝေလိုက်တော့ ငါးယောက် တခန်းရတယ်။ ကျောင်းအုပ်ကြီးရယ်၊ ငယ်ဆရာ ဦးမြင့်ဆွေ ရယ်က တယောက် တကုတင်။ အတွင်းဘက်ကျကျ။ ဦးဘုန်းကျော်၊ ဦးကျော်ထင်အောင် သင်္ချာဆရာနှစ်ဦးက နှစ်ယောက် တကုတင်။ အလယ်မှာ။ စာရေးတတ်တာသိလို့ တယောက်တည်း တွေးချင်ရာတွေး၊ ငေးချင်ရာငေး၊ ရေးချင်ရာရေးဆိုပြီးပဲ ညွှန်ရော့လေသလား။ အစွန်းဆုံးမှာ တကုတင်။ တကုတင်မှာ တယောက်တည်း။

ဘယ်ဘက်ခြမ်းက လိုက်ကာကိုလှပ်ကြည့်လိုက်တော့ လမ်းမခမျာ ငြိမ်သက်လို့။ တနေကုန် လှုပ်ရှားထားသမျှဟာ ညကျမှ
မလှုပ်နိုင်တော့သလို။ဆန့်ဆန့်ကြီး။

လမ်းကို ခဏ ထိုင်ကြည့်နေရင်းနဲ့ ရေချိုးရင် ကောင်းမလား၊ မချိုးဘဲ အိပ်လိုက်ရမလား စဉ်းစားနေဖြစ်သေးတယ်။ တနေကုန် ကားကြီးပေါ်မှာ ပါလာတဲ့ခန္ဓာကိုယ်ကြီးကို လန်းသွားအောင် ချိုးရမှာပါပဲ။ ရေချိုးပြီးတာနဲ့ တချိုးတည်း အိပ်မယ်။ မနက်စော စော မြစ်ဆုံဆီသွားရဦးမယ်။ ခင်ဗျားဆီကိုရောက်ဖို့ မိုင်အရှည်ကြီးလာခဲ့ရတယ် မြစ်ဆုံ။

(၅)
မနက်မှာ နိုးတော့ ဧပြီ ၅ ရက်၊ ၆ နာရီ။ နားထဲမှာ ထူးခြားနေတဲ့အသံတမျိုးကို ကြားနေမိတယ်။ အဲကွန်းရဲ့အသံလား။ မိုးသံ လား။ ပိုသေချာသွားအောင် လိုက်ကာကို ဆွဲဖွင့်ချလိုက်တယ်။

အပြင်မှာ မိုးတွေရွာနေတယ်။ ဟာ ... သွားပြီဆိုတဲ့စိတ်နဲ့ ကုတင်ပေါ်မှာ ပြန်ထိုင်နေရင်း မိုးစက်တွေကို ရပ်နိုး ရပ်နိုး မျှော် နေမိလိုက်တယ်။ နိုးပြီလားဗျ။ ရေချိုးတော့လေဆိုတဲ့ အသံပေါ်လာမှ ခုတင်ပေါ်က ထလိုက်ပြီး ရေချိုခန်းဝင်ဖြစ်တယ်။ မနက်အလင်းမှာ ပြုမြဲဝေရာဝစ္စတွေက အများသားရယ်။ အဲ့ဒါတွေပြီးတော့ ၆ နာရီ ၄၅။ ၇ နာရီ အထိုးမှာ လေးလွှာမှာကျွေးတဲ့ Hotel နံနက်စာကို စားသောက်နေကြပြီ။

မိုးက တိတ်နေပြီ။ ကောင်းကင်ကို မော်ကြည့်တော့ တခြမ်းက မီးခိုးရောင်ဖျော့ဖျော့၊ တခြမ်းက မီးခိုးရောင်ရင့်ရင့်။ မြစ်ဆုံက ဘယ်ဘက်ခြမ်းမှာလဲ။

မီးခိုးရောင် ဖျော့ဖျော့အောက်မှာဆိုရင်တော့ မိုးလွတ်တန်ကောင်းပါရဲ့။ ဒါပေမယ့် ခရီးဆက်ကြည့်တော့ မြစ်ဆုံဟာ မီးခိုး ရောင် ရင့်ရင့်အောက်မှာ။ မြစ်ဆုံကို မမြင်ရခင် ရင်နင့်သွားတာက မြစ်ဆုံ ရေအားလျပ်စစ် စီမံကိန်းတဲ့။ သွေးသားတွေကို ထုတ်ယူသွားသလိုပါပဲလား။ အောင်မြင်မှု မရှိသလောက်ဖြစ်နေတဲ့ ရေကာတာစီမံကိန်းတွေကို မသိကြတာလား။ ဖတ်ဖူးတဲ့ အီကွေဒေါက ကိုကာကို ဒိုစင်ကရဲယားရေကာတာကြီးရဲ့ အဖြစ်က ခေါင်းထဲရောက်လာတယ်။

လာအိုက နမ်သူတူးရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ထားတဲ့ စာအုပ်အမည်က Dead in the water ။

တကယ်တော့ ဒီရေကာတာတွေ၊ လျှပ်စစ်စွမ်းအင်စီမံကိန်းတွေဆိုတာ ၁၉၅၀ လောက်က လုပ်ပုံကိုင်ပုံတွေထဲ ပိတ်မိနေကြတာတဲ့။သဘာဝရင်းမြစ်တွေကို ငွေကြေးဖြစ်အောင် ပြောင်းလဲတဲ့ ဂျီဒီပီ အခြေပြုကမ္ဘာ့စီးပွားရေးကြီးရဲ့ တွန်းအားအောက်မှာ ဆည်တွေ၊ရေကာတာတွေကို လုပ်နေကြတာပါတဲ့။ ဒါဆို အဲ့ဒါတွေဟာ ၂၀ ရာစုလယ်လောက်က အတွေးအခေါ်တွေပေါ့။ အတွေးမဆုံးခင်မြစ်ဆုံကို လှမ်းတွေ့လိုက်ရတော့ မိုးက ပိုလို့တောင်ရွာနေရဲ့။

မိုးစက်တွေ ကြားကပဲ ဝေးကွာတော့မယ့်ချစ်သူ့မျက်နှာကို ငေးကြည့်သလိုမျိုး မြစ်ဆုံကို တဝကြီး ငေးကြည့်ပစ်လိုက် တယ်။ မြစ်ဆုံကို အပြုခံ ကံနေရာ ရွှေ့ပစ်တော့မယ်။ ဒါဆိုမြစ်ဆုံဟာ အပြုခံဖြစ်ရပြီပေါ့။

ခုတော့ မြစ်ဆုံဟာ သဘာဝတရားရဲ့ ကတ္တားနေရာမှာ ရှိနေသေးတယ်။ သူ ကတ္တားဘဝမှာ မြစ်ဆုံရဲ့ပတ်ဝန်းကျင်ဟာ လှ လို့။ ဧရာဝတီရဲ့စီးစင်းပုံဟာ သဘာဝကို ကျလို့။ မြစ်ဆုံသာ အပြုခံနေရာ ကျရောက်သွားရင်။ ပေးရတဲ့ စရိတ်စကနဲ့ ထိုက် တန်တဲ့ အကျိုးအမြတ်ကို မရဘူးလို့ ရေကာတာစီမံကိန်းတွေကို နှစ်ပေါင်း ၆၀ လောက် လုပ်လာခဲ့တဲ့သူက ဆိုပါတယ်။ ရေကာတာတွေ၊ဆည်တွေဟာ သဘာဝပတ်ဝန်းကျင်ကို အရမ်းရှုပ်ထွေးစေတယ်။ အပျက်အစီးများစေတာချည်းပါပဲတဲ့။ Mr.Scudder ရဲ့မှတ်ချက်ကို ပြန်စဉ်းစားကြည့်နေတုန်းမှာ အပေါ်ကမ်းပါးက ဈေးဆိုင်တန်းလေးတွေနား ရောက်လာတယ်။ ကားကို အရပ်၊ မိုးက ပိုအသည်း။ ကွက်တိပဲလို့ ဆိုရမလား။ တကတည်းမှာ ဝတ်လာတဲ့ဘောင်းဘီတိုကြောင့် ခြေသလုံး တွေက ပိုအေးနေတယ်။ အင်္ကျီ လက်တိုကလည်း မြစ်ဆုံအအေးဒဏ်ကို အန်တု မခံနိုင်ပါဘူး။ လေတဟူးဟူး၊ မိုးတ အေး အေး၊ ဆောင်းဓာတ်လေး ကဲနေတဲ့ကြားကပဲ ကမ်းပါးအထက်က စားသောက်ဆိုင်တန်းရဲ့ လက်ရမ်းကိုကိုင်ပြီး ငုံ့ကြည့်ပစ် လိုက်တယ်။ ကမ်းအခြေမှာ နောက်ထပ် စားသောက်ဆိုင်တန်းတွေ။

ဟိုမှာဘက်မှာက ကျောက်စရစ်လှလှတန်းကြီးတွေ။

ဟိုမှာဘက်မှာက မေခ၊မလိခရဲ့ရေတွေ။

ကမ်းခြေစားသောက်ဆိုင်တန်းက သံယောဇဉ်မြစ်ဆုံမှာ ဆုံမယ်တဲ့။ ဆိုင်ရွေးပေးတဲ့ မောင်နှင်း။ ရွေးတတ်လိုက်တာလို့ မချီး ကျူးဘဲနေကြည့်တယ်။ မရပါဘူး။ သံယောဇဉ်တခုကြောင့် လာကြတဲ့သူတွေကို သံယောဇဉ်မြစ်ဆုံဆိုင်မှာ ရွေးထိုင်စေတာ ဟာ ရည်ရွယ်ချက်လား။ တိုက်ဆိုင်တာလား။

ဘယ်လိုပဲ ဖြစ်ဖြစ်အစားအသောက်တွေ ကောင်းခြင်း၊ မကောင်ခြင်းထက် ခေါင်းစဉ်နဲ့ အကြောင်းအရာဟာ အကြောင်းနဲ့ အကျိုး ညီညွတ်နေလေတော့ မောင်နှင်းရေ မင်းတော်တယ်လို့။ သံယောဇဉ် မြစ်ဆုံမှာ အားလုံးဟာငချိပ်ရောင် စပီခေါင်ရည် ပျစ်ပျစ်ကို ငုံရင်း၊ ငါးကင် တဖဲ့ကိုဝါးရင်း ငေးနေလိုက်ကြတာ။

မျက်လုံးချင်းတွေကတော့ မြစ်ဆုံမှာ ဆုံသည်ပေါ့။ မြစ်ဆုံရဲ့အကြောင်းအရပ်သားတွေရဲ့တစေ့တစောင်းမှာကြားရတာ နားဝ မှာ မချမ်းသာစရာချည်းပါလား။

ရလဒ်တွေက အရှုံးတွေ၊ အဆုံးတွေချည်းရယ်။

(၆)
မိုးလေးစဲတော့ ထိုင်ရာကနေ အားလုံး ထကြရပြီ။ ရှေ့မှာ ဇလုံတောင်ဆီ ခရီးဆက်ဖို့က ရှိနေသေးတယ် မဟုတ်လား။ ဒီ တော့ မြစ်ဆုံကို နှုတ်ဆက်လိုက်ရပြီပေါ့။

မြစ်ဆုံရေ ...  ရှိနေပေးတဲ့အတွက် ဝမ်းသာရတယ်။ နောက်တကြိမ် လာလည်ဖို့အတွက်ကော ရှိနေပေးဦးမလား။ တသီးပုဂ္ဂ လအကျိုးအတွက် မဟုတ်ဘဲ တိုင်းပြည်အတွက် ရှိနေပေးဦးမှာလား။

ဒီမေးခွန်းတွေကို စဉ်းစားပြီးကာမှ အတွေ့အကြုံတခုကြောင့် ထိတ်လန့်သွားမိပြန်တယ်။ ၂၀၁၇ တုန်းကရောက်ခဲ့တဲ့ မြောက် ဦးဟာ ၂၀၁၉ မှာ၊ အဲ့ဒီလို မဟုတ်တော့ဘူး။ ရှစ်သောင်းဘုရားနဲ့ ထုက္ကန့်သိမ်တွေမှာ ၂၀၁၇ ရောက်တုန်းက အခြေအနေမျိုး မဟုတ်တော့ဘူး။

ဒီလိုတွေးမိကာမှ မြစ်ဆုံကို သနားသွားတယ်။ ကားပေါ်တက်လိုက်တဲ့ခြေလှမ်းတွေက လေးလံလို့။ နောက်နှစ်တွေမှာ မြစ် ဆုံကို မြစ်ဆုံအတိုင်း မြင်ချင်သေးတယ်လေ။ သဘာဝတွေကို လူသားတွေရဲ့ရှင်သန်မှုနားကနေ ခွဲထုတ်မပစ်ကြသေးရင်ပေါ့။

ကျော်ထင်