Breaking News

မောင်ရစ် - ဆရာမကြီး ဒေါ်ခင်ဆွေဦးသို့ နှုတ်ဆက်ခြင်း

2015 nov 15, moemaka gathering, Zaw Zaw Aung, Maung Moe Thu, Khin Swe Oo, Maung Swan Yi, U Win Pe (Photo - Yan Naung (Botahatung)


မောင်ရစ် - ဆရာမကြီး ဒေါ်ခင်ဆွေဦးသို့ နှုတ်ဆက်ခြင်း

(မိုးမခ) မေ ၅၊ ၂၀၁၉

ဒေါ်ခင်ဆွေဦး (စာရေးဆရာမကြီး)
အသက် (၈၇)နှစ်
ရန်ကုန်မြို့နေ စာရေးဆရာကြီးမဟာဆွေ (ဦးဘဆွေ) နှင့် (ဒေါ်ကြည်ကြည်) တို့၏သမီး ၊ (ဦးထင်အောင်)- ဒေါ်ခင်ဆွေအေးတို့၏ အစ်မ ၊ မြောက်ဒဂုံ ၊ ၃၄ရပ်ကွက် ၊သရဖီ ၅လမ်း ၊ အိမ်အမှတ် ၅၅၇ နေ ဦးမောင်မောင်စော - ဒေါ်ပုလဲ တို့၏မိခင်၊ စောချိုဦး၊ လပြည့်အေးချမ်း ၊ စိန်ယင်းမာ တို့၏အဖွားဖြစ်သူ ဒေါ်ခင်ဆွေဦး ( စာရေးဆရာမကြီး) သည် ယနေ့ ၂၇ - ၃ - ၂၀၁၉. ည ၁၀နာရီ ၁၅မိနစ် အချိန်တွင် ဘဝတပါးသို့ကူးပြောင်းသွားပါသဖြင့် ၂၉ - ၃ - ၂၀၁၉ ညနေ ၆နာရီတွင် ရေဝေးသုသာန် ခန်းမ ၁ ၌ မီးသဂြိင်္ုဟ်မည်ဖြစ်ကြောင်း ရပ်ဝေးရပ်နီးရှိ ဆွေမျိုးမိတ်ဆွေများအားအသိပေးအကြောင်းကြားပါသည်။

၂၀၁၉ မတ်လတတိယပတ်မှာ ရန်ကုန်ကို ရောက်တော့ အမှတ်တရတွေချည်းပါပဲ။ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး အသက် ၈၇နှစ် ကွယ်လွန်တယ်။ ဆည်းဆာရိပ်ကို ဆရာမကြီးမဆုံးခင် စနေ့နေ့တရက်က ခနရောက်ခဲ့သေးတယ်။ ဆည်းဆာရိပ်ဆိုတာက ဒဂုံတောင်က ရိပ်သာပါ။ ဆရာမကြီးကို ဘာလို့ တွဲသတိရမိတာလဲဆိုတော့ ဆရာမဒေါ်သန်းမြင့်အောင်ရဲ့ အနုပညာဆည်းဆာရိပ်ရဲ့ နာယကအဖြစ် ဒေါ်ခင်ဆွေဦးကို နေရာပေးထားကြတာလေ။ ဆရာမကြီးမွေးနေ့ကို အနုပညာဆည်းဆာရိပ် (ပုလဲမြို့သစ်)မှာ လုပ်ခဲ့ကြတဲ့ သတင်းတွေ တင်ခဲ့ဖူးတာလည်း အမှတ်ရမိနေတာကိုး။ ပြီးတော့ ၂၀၁၅ နိုဝင်ဘာတုန်းက မောင်စွမ်းရည် ရန်ကုန်ရောက်တုန်း မိုးမခစကားဝိုင်းလုပ်ခဲ့စဉ် ဆရာတွေနဲ့အတူ ဆရာမကြီး ဒေါ်ခင်ဆွေဦးလည်း တက်ရောက် ချီးမြှင့်ပေးခဲ့တယ်။ အဲသည်တုန်းက ဆရာဇော်ဇော်အောင်၊  မရှိတော့။ အခု ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ အခု မရှိတော့။ မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ စာပေလူကြီးသူမတွေကိုုတွေ့ရမယ်၊ နှုတ်ဆက်ရမယ်လို့ ... တွေးနေမိသေးတာ။ အခုတော့ အန်တီ ဒေါ်ခင်ဆွေဦး ကွယ်လွန်ခဲ့ပါပြီ။ ကျနော့်မှာ သူရဲ့နာရေးခရီးကို လိုက်ပါပို့ဆောင် နှုတ်ဆက်ပေးဖို့သာ ရှိပါတော့တယ်။

ပန်းချီမမွှေးရဲ့ ဖေ့စ်ဘွတ်မှာ ဆရာမကြီးရဲ့ နာရေးကို သွားဖို့ နာရေးပို့ဆုံရပ် လပြည့်ဝန်းလဘက်ရည်ဆိုင်မှာ ဘတ်စ်ကားတွေ ခေါ်ထားမယ်လို့ ပြောပါတယ်။ ဒီတခေါက်ကတော့ ရေဝေးသင်းချိုင်းကို သွားရမှာ။ ကျနော့်မှာ အယ်ဒီတာစာပွဲနဲ့ဝေးရာ ရန်ကုန်လမ်းမတွေပေါ်ရောက်နေတော့ ဆရာမကြီး ဒေါ်ခင်ဆွေဦးအတွက် အမှတ်တရစာတွေ မိုးမခမှာ တင်ဖြစ်ဖို့ ခဲယဉ်းမယ်လို့သာ တွေးမိနေပါတော့တယ်။

ဘာဖြစ်လို့ ဒေါ်ခင်ဆွေဦး ၈၇ နှစ် ကွယ်လွန်ုခြင်းဟာ မြန်မာစာပေလောကအတွက် ဆုံးရှုံးမှုကြီးလို့ ပြောရတာလဲ။ မြန်မာပြည်ကိုလိုနီခေတ်မှာ လူငယ်တွေကို လွတ်လပ်ရေးစိတ်တွေ သွင်းပေးခဲ့သူ မဟာဆွေဆိုတဲ့ ဂန္ထဝင်စာရေးဆရာကြီးရဲ့ သမီး။ မိဘခြေရာနင်းပြီး ဗမာပြည်ရဲ့ လွတ်လပ်ရေးခေတ်ဦးပိုင်းကတည်းစာရေးလာခဲ့တဲ့ အမျိုးသမီးစာရေးဆရာမကြီး။ မြန်မာဂန္ထဝင် ၀တ္ထုစာအုပ်တခုဖြစ်တဲ့ ဒို့တိုင်းဌာနီ စာအုပ်ရေးသားခဲ့။ ဒါက သူ့ရဲ့မှတ်တိုင်အစ။ နောက် ၂၀၀၃ မှာ စစ်ကိုင်းသမီးရဲ့ ဒိုင်ယာရီစာအုပ်။ ကိုလိုနီခေတ်နှောင်းပိုင်းကတည်းက ဖြတ်သန်းခဲ့သူ အမျိူးသမီးစာရေးဆရာတဦးရဲ့ အတွေးအမြင်များ။ ၀တ္ထုတိုရှည် လုံးချင်းများစွာရေးသားနေရင်းကနေ ၁၉၈၀မှာ စပယ်ဖြူအမျိုးသမီးမဂ္ဂဇင်းကို ဦးဆောင်ထုတ်ဝေသူ၊ အယ်ဒီတာ။ သူ့ရှေ့က မြန်မာအမျိုးသမီး စာရေးဆရာများ၊ အယ်ဒီတာများလိုပဲ ဒေါ်ခင်ဆွေဦးက နောက်မျိုးဆက် အမျိုးသမီးစာရေးဆရာများ အယ်ဒီတာများရှေ့ကနေ လမ်းဆက်ပြနိုင်ခဲ့သူလို့ ဆိုရမှာ ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ် ဇန်နဝါရီနှစ်ဆန်းခန့် အမျိုးသမီးမဂ္ဂဇင်း ၃ စောင် ပေါ်လာခဲ့တာ မှတ်မိပါတယ်။ ဒေါ်ခင်ဆွေဦးရဲ့ စပယ်ဖြူ၊ ဆရာမ မလေးလုံရဲ့ လုံမလေး၊ ဆရာမကြီး ဒေါ်ကလျာ၏ ကလျာမဂ္ဂဇင်းတို့ဖြစ်ပါတယ်။  ဆရာမကြီး ဒေါ်မြတ်လေး ရဲ့ မြတ်လေးမဂ္ဂဇင်းလည်း ရှိပါတယ်။ မြန်မာအမျိူးသမီး စာပေအနုပညာရှင်တွေအတွက် အားထားစရာ စုဝေးစရာ စာပေအရိပ်အာဝါသတွေလို့ ဆိုရမယ် ထင်ပါတယ်။ သူတို့မဂ္ဂဇင်းတွေအကြောင်းပြုပြီး အမျိုးသမီးစာရေးဆရာတွေ ကျနော့် ဘိုးဘွားများအိမ်ကို ဝင်ထွက် သွားလာကြတာကို မှတ်မိပါတယ်။ ဖြစ်ချင်တော့ ကျနော့်အဖွား ဒေါ်ခင်မျိူးချစ်ဆိုတာကလည်း သူတို့ရှေ့က စာရေးဆရာမကြီးတဦးကိုး လေ။

မှတ်မိတာတခုကတော့ ခင်ဆွေဦး၊ မလေးလုံ၊ ကလျာတို့လို စာရေးဆရာတွေက မဂ္ဂဇင်းထုတ်ဝေသူ၊ အယ်ဒီတာတွေ လုပ်လာကြတော့ ကျနော့်အဖွားက သိပ်မကြည်လင်ပါ။ သူက စာရေးဆရာတွေကို စာပဲ ရေးစေချင်တယ်၊ တီထွင်ဖန်တီးရေးသား ဈန်ဝင်စား ဖြန့်ကျက်နေတာကိုသာ လုပ်စေချင်တယ်။ အယ်ဒီတာစာပွဲဆိုတာ စာရေးဆရာ၏ သင်းချိူင်းပဲလို့ ပြောပါတယ်။ သတင်းအယ်ဒီတာရဲ့စာပွဲဟာလည်း သတင်းထောက်ရဲ့ သင်းချိုင်းပဲလို့ အဆိုရှိပါတယ်တဲ့။ အယ်ဒီတာအလုပ်ပြောင်းလုပ်တာနဲ့ စာရေးတဲ့အလုပ် သူတို့ မလုပ်နိုင်တော့ဘူးတဲ့။ စာရေးဆရာ စာမရေးနိုင်တော့တာ နှမြောစရာ အလွန်ကောင်းတယ်လို့ သဘောထားလို့ပါ။ သူတို့ကို အဖွားက စာဆက်ရေးစေချင်တယ်၊ အယ်ဒီတာအလုပ်နဲ့ မြုပ်မသွားစေချင်တာ။ အဲသည်တုန်းကတော့ ကျနော် ဘယ်သဘောပေါက်ခဲ့မှာလဲ။ အခုတော့ မေမေကြီး ဒေါ်ခင်မျိူးချစ်စေတနာကို ရိပ်မိလာခဲ့ပါတယ်။ အယ်ဒီတာတွေဆိုတာ စာရေးနိုင်ဖို့ မနည်းပြန်ကြိုးစားရတာ ကိုယ်တွေ့ ကိုယ်တွေ့ဖြစ်နေပါပြီ။ ခုဒီစာတောင် တလကျော်မှ ရေးနိုင်တယ်လေ။

ဒါပေမယ့် ဒေါ်ခင်ဆွေဦးထုတ်ဝေခဲ့တဲ့ စီစဉ်ခဲ့တဲ့ စပယ်ဖြူမဂ္ဂဇင်းကနေ စာပေလက်ရာပေါင်းများစွာ၊ စာပေသမားမျိုးဆက်သစ်ပေါင်းများစွာ မွေးထုတ်နိုင်ခဲ့တာ၊ ထုတ်ဖော်ပေးနိုင်ခဲ့တာကတော့ အဖိုးမဖြတ်နိုင်တဲ့ အမြတ်တရားတွေ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေးတဲ့ စာပေလက်ရာတွေအပြင် တပါးသူများရဲ့ စာပေလက်ရာတွေကို အသိအမှတ်ပြုုစင်တင်ပေးသူ စာရေးဆရာ အယ်ဒီတာ အမျိုးသမီးကြီးတဦးအဖြစ် ကျန်ရစ်ပါတယ်။ အခုတော့ ကျနော်တို့ သူ့ကို နှုတ်ဆက်ခရီး ပို့ဆောင်ပေးရပြီ ဖြစ်ပါတယ်။

ဗိုလ်ချူပ်လမ်းမပေါ်က လပြည့်ဝန်းလဘက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းပေါ်မှာ ရပ်ပြီး နာရေးကားကို မျှော်နေမိပါတယ်။ ကိုသီဟလတ်နဲ့ ပန်းချီမမွှေးတို့က ကားတစီးခေါ်ထားတယ်။ ကဗျာဆရာတွေက ဆရာမကြီးအတွက် လွမ်းသူ့ပန်းခွေပန်းခြင်းကို စီစဉ်ထားကြတယ်။ ကိုမိုဃ်းဇော်တို့ သွားကြမယ်။ ကိုခိုင်မျိူး မလိုက်ဖြစ်။ နောက်ထပ် စာပေသမားတွေ ရောက်လာတော့ ကားတစီး ထပ်ခေါ်ရပြန်ပါတယ်။ မိတ်ဆွေစာရေးဆရာတွေကို စုစုဝေးဝေးတွေ့ရတာ ဝမ်းသာကြည်နူးစရာပါ။ ကျနော် ရန်ကုန်ရောက်တုန်း တွေ့ချင်တဲ့ စာပေမိတ်ဆွေတွေကို အခုလို တွေ့ရဖို့ လွယ်တာမှ မဟုတ်တာကိုး။ သားကြီးမောင်ဇေယျနဲ့ ကိုထွန်းဝင်းငြိမ်းတို့က ရှေ့ကကားနဲ့ သွားနှင့်ပါတယ်။ ကျနော်ကတော့ ကာတွန်းဝင်းအောင်နဲ့ ရန်နောင်(ဗိုလ်တထောင်)နဲ့ နောက်ကားနဲ့ နာရေးခရီးကို လိုက်ပို့ခဲ့ကြတယ်။

ကျနော်တို့ မြန်မာပြည်က စာပေသမားတွေရဲ့ နောက်ဆုံးခရီးဆိုတာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး တယောက်တလက် ဝိုင်းကြ ဝန်းကြရတဲ့ လမ်းပဲလို့ တွေးနေမိပါတယ်။ စာပေသမားဆိုတာက သူ့ရေးခဲ့ မြုပ်နှံခဲ့တဲ့ စာပေနဲ့ လက်ရာတွေကလွဲလို့ ဘာကျန်ရစ်မှာမို့လဲပေါ့။ ဒါနဲ့ ကာတွန်းဝင်းအောင်ကို ရယ်စရာအဖြစ်နဲ့တောင် မေးခဲ့ပါသေးတယ်။ ခင်ဗျားအလှည့်ကျရင် ကားဘယ်နှစီးလဲ၊ ဘယ်သင်းချိုင်းလဲ၊ ဘယ်လိုစီစဉ်ချင်လဲ မှာခဲ့ ပြောခဲ့နော်လို့။ ခင်ဗျားကိုယ်ရေးအကျဉ်းကိုလည်း တခါတည်း ရေးထားခဲ့ပါလို့။ တော်ကြာ တွေ့တဲ့သူက တွေ့ကရာရေးလိုက်လို့ လွဲကုန်တာတွေ ဖြစ်ကုန်မှာ စိုးလို့ပါလို့ သူ့ကို ဟာသပြောနေမိပါသေးတယ်။

အဲသည်နာရေးခရီးမှာ ဆရာမကြီးဒေါ်ခင်ဆွေဦးရဲ့ တဦးတည်းသောသမီးကြီး အမ ဒေါ်ပုလဲ မလာနိုင်ပါ။ ဒေါ်ခင်ဆွေဦးရဲ့ စပယ်ဖြူခရီးမှာ အမြဲတမ်း အတူတွဲတွေ့နေကြ သမီးဖြစ်သူ ဒေါ်ပုလဲက နေမကောင်းလို့ ဆေးရုံမှာတဲ့။ ဆရာမကြီးရဲဲ့  နောက်ဆုံးခရီးမှာ စာပေမျိူးနွယ်တွေကပဲ စုဝေးပြီး ပို့ခဲ့ကြရတယ်။ နောက်တလအကြာ၊ ဧပြီ ၂၇ မှာ အမပုလဲ ဆုံးသွားခဲ့ပါတယ်။ အခုစာရေးနေချိန်မှာ ကျနော်က အမဒေါ်ပုလဲဆုံးပါးခဲ့တဲ့ ဝမ်းနည်းမှတ်တမ်းကို ရေးနေရသလို ခံစားနေရပါတယ်။

ကျနော်မှတ်မိသလောက် ဆရာမကြီးဒေါ်ခင်ဆွေဦးနဲ့ သမီးမပုလဲတို့က တတွဲတွဲ သွားလာနေကြတာ မြင်ယောင်မိတယ်။ သူတို့သားအမိတို့က စပယ်ဖြူမဂ္ဂဇင်းကို လေထဲမိုးထဲ ရုန်းရင်းကန်ရင်း ထူထောင်ခဲ့ကြတာပါ။ အဲသည်တုန်းကတော့ သူတို့ကို ကိုယ်ချင်းမစာတတ်ခဲ့ပါ။ အခုကျတော့ ကိုယ်တိုင်လဲ အယ်ဒီတာတပိုင်း ပုံနှိပ်မဂ္ဂဇင်းလေးတစောင်ကိုလည်း အားမနဲတင်းပြီး တွန်းတွန်းတိုက်တိုက် ထွက်အောင် လုပ်နေရချိန်မှာ သူတို့ရဲ့ လှိုင်းလုံးတွေကြားက ခံစားချက်တွေကို မြင်ယောင်နေမိပါတယ်။ ပင့်သက်မောတွေ ရှုနေမိတာ။ အခုတော့ ကျနော်တို့ သူတို့ ၂ ဦးကို နှုတ်ဆက်လိုက်ကြရပါပြီ။

ကာတွန်းဝင်းအောင်က ဆရာမကြီးဒေါ်ခင်ဆွေဦး အမှတ်ရမိတာတွေ ကားပေါ်မှာ ပြောလာပါတယ်။ ကာတွန်းဆရာတွေဆိုတော့ ရယ်စရာတွေဖြစ်နေပါတယ်။ ဆရာမကြီးက အရမ်းရိုးတယ်လို့ သူက ပြောပါတယ်။ သူတို့ မြိတ်၊ ထားဝယ်ဘက် လေယျာဉ်နဲ့ စာပေဟောပြောပွဲခရီးထွက်ကြတော့ ကိုဝင်းအောင်က ရှေ့ထွက်ဟောရပါတယ်။ သူက အခြားစာရေးဆရာတယောက်ဟာ လေယျာဉ်ပေါ်မှာ ဝန်ဆောင်မှုပေးတဲ့ အစားအသောက်တွေကို ပိုက်ဆံတောင်းမှာစိုးလို့ မစားဘဲငြင်းတယ်ဆိုပြီး ဟာသပြောပါတယ်။ ကိုဝင်းအောင်အလှည့်ပြီးတော့ ဆရာမကြီးအလှည့် စာပေဟောပြောတဲ့အခါ ကိုဝင်းအောင်ပြောသလို စာရေးဆရာတွေဟာ မ အ ကြောင်း၊ သူလည်းပဲ လေယျာဉ်ပျံ အကြိမ်ကြိမ် စီးဖူးပါ​ကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြနေတော့တာပဲလို့ ကိုဝင်းအောင်က ပြန်ပြောင်း ပြောပါတယ်။ ကျနော် ပြန်စဉ်းစားလိုက်ရင် ဒေါ်ခင်ဆွေဦးကို ပြုံးနေတာပဲ မြင်ပါတယ်။ ကျနော်ကတော့ ကိုဝင်းအောင်ကို ရယ်စရာ တကယ့်အဖြစ်အပျက်ကို ပြန်ပြောမိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ပထမဦးဆုံး ဘန်ကောက်လေယျာဉ်စီးတဲ့အခါ လေယျာဉ်မယ်ကို ကားစပယ်ယာတွေကို ပြောသလို ကျနော့် ဘန်ကောက်မှတ်တိုင်ပါတယ်၊ ရောက်ရင် သတိပေးပါလို့ ဆိုခဲ့တဲ့အကြောင်း။

လူတွေရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ချိန်မှာ တွေးဖြစ်တာက ကိုယ်က ဘာကို အလုပ်ချင်ဆုံးလဲ ဆိုတဲ့မေးခွန်းပါ။ ကိုဝင်းအောင်က ကာတွန်းဆွဲ၊ စာလည်းရေး၊ စာအုပ်လည်း ထုတ်၊ စာပေဟောပြောပွဲလည်း လိုက်ပါတယ်။ အလုပ်တွေ များနေလိုက်တာ လို့။ သူ့ကိုလည်း မေးမိပါသေးတယ်။ အသက်တွေလည်း ကြီးလှပြီ၊ ကိုယ်အလုပ်ချင်ဆုံးအလုပ် လုပ်နေပြီလား ... လို့။ သူကတော့ အေးကွာ ကိုယ်ကတော့ ကာတွန်းပဲ ဆွဲချင်တယ်လို့ ဖြေပါတယ်။ မဆွဲဖြစ်တာတောင် ကြာပြီတဲ့။ ဟုတ်တယ်လေ။ ကျနော်တို့ မိုးမခအတွက်တောင် တလတပုဒ်လေး ကာတွန်းမဆွဲတာ သူ့တသက်တောင် ရှိပြီလားမသိဘူးလို့ ကျနော်ကတော့ ငေါ့လိုက်ပါတယ်။

ရေဝေးသုသာန်က အသုဘခန်းမမှာ စာပေမိတ်ဆွေတွေ စည်စည်ကားကားရောက်ရှိနေတာကို မြင်ရပါတယ်။ ကျနော်ကတော့ ပြန်မယ့်နာရေးကားနေရာကို သေသေချာချာ မှတ်ရပါတယ်။ ပန်းချီမမွှေးကိုလည်း မေးရပါတယ်။ ကျနော်သည်ကားနဲ့ မြို့ထဲ ပြန်လိုက်မှာနော်လို့။ ဘန်ကောက်လေယျာဉ်စီးတုန်းကလိုပေါ့လေ။ မြို့ထဲမှတ်တိုင်ပါတယ်၊ ကျနော့်ကို ခေါ်သွားပါပေါ့။ ရန်နောင်(ဗိုလ်တထောင်) ကတော့ သူတို့သတင်းဌာနက ဆရာမကြီး ဂူသွင်းတဲ့အထိ မှတ်တမ်းသတင်းရိုက်ရမှာမို့ စောစောပြန်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။  ကျနော်ကတော့ ဆရာမကြီးရဲ့ ရုပ်အ​လောင်းပြင်ဆင်ထားတဲ့နေရာနဲ့ ပန်းခွေများ ပန်းခြင်းများကို သွားကြည့်တယ်။ ဆရာမကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို နှုတ်ဆက်ကန်တော့ပါတယ်။ ကျနော့်မှာ ကန်တော့စရာ ပန်းခြင်း ပန်းခွေတွေ မပါပါ။ ကျနော် ဂတိပြုနိုင်တာကတော့ အယ်ဒီတာစာပွဲပြန်ရောက်ရင် ဆရာမကြီးအမှတ်တရ ချစ်သူတွေ ပို့ကြတဲ့စာတွေ ကိုယ်တိုင်ရေးတဲ့ နှုတ်ဆက်စာတွေ မိုးမခမှာတင်ပြီး စာပေကြယ်ပွင့်ကြီးကို စာပေနဲ့ပဲ ဂါရ၀ပြု နှုတ်ဆက်ပါ့မယ်ဆိုတာပါ။ (ကိုအောင်​ဝေး၊ ဒေါ်လှကျော်ဇော၊ မောင်အောင်မွန်တို့ရဲ့ အမှတ်တရစာလေးတွေ တင်နိုင်ခဲ့ပါတယ်)

နောက်ဆုံးခရီးကို လာရောက်ပို့ဆောင်ကြတဲ့ စာရေးဆရာတွေ အနုပညာရှင်တွေကို ကြည့်ရတာ အေးချမ်းပါတယ်။ သည်ခရီးကို တယောက်တလှည့် မပျက်မကွက် ပို့ပေးနေကြဆိုတော့ သက်တောင့်သက်သာရှိပုံပါပဲ။ သွားနှင့်တဲ့သူက သွားနှင့်လို့ ကျန်ရစ်တဲ့သူက ကျန်ရစ်ကြတာ၊ ပြီးတော့ ကိုယ့်အလှည့် သွားစရာရှိတော့လည်း ထသွားလိုက်ရုံသာ ဆိုတဲ့ သဘောမျိုး ခံစားမိပါတယ်။ ကျန်ရစ်သူချင်း တွေ့ဆုံကြတော့လည်း နှုတ်ဆက်စကားပြောကြ၊ အမှတ်တရလေးတွေ မျှဝေကြနဲ့ပါ။ သွေးအေးအေးနဲ့ အသုဘပို့ရတာ အားကျစရာ မဟုတ်ဘူးလားဗျာ။ ကိုယ်တွေ့ချင်တဲ့ စာပေမိတ်ဆွေတွေကိုလည်း လိုက်လံနှုတ်ဆက်ရတာကလည်း အေးအေးသက်သာ ရှိပါတယ်။ ဒီခရီးမှာ ဒီဂိတ်က အဆုံးဆိုတော့ ကျန်ရစ်သူတွေကသာ ဒီတခါ လှည့်ပြန်ခွင့်ရှိကြတာကိုးလေ။

အဲသည်တုန်းက စိတ်ထဲဖြစ်မိတာတခုကတော့ မြန်မာစာပေရဲ့ ကြယ်ပွင့်ကြီးတွေ ကြွေတဲ့အခါ နိုင်ငံတော်ကဖြစ်စေ၊ စာပေအစည်းအရုံးကြီးတွေကဖြစ်စေ အမှတ်တရ ဈာပနအစီအစဉ်တခုအနေနဲ့ နှုတ်ဆက်ပေးစေချင်တာပါ။ စာပေသမားတွေဆိုတာက ဘာမှ စုစုဆောင်းဆောင်း ခမ်းခမ်းနားနားရှိကြတာမဟုတ်ပါ။ တာဝန်ရှိတယ်လို့ ထင်သူက တာဝန်ယူပြီး အမှတ်တရလုပ်စေချင်တာ။ မိသားစုတွေသဘောကတော့ တခုပေါ့လေ။ အပြန်လမ်းမှာ ကဗျာဆရာ ကိုမိုဃ်းဇော်နဲ့ အတူထိုင်ပြီး အဲသည်ခံစားချက်ကို ပြောမိပါတယ်။ ဟုတ်တယ် ... အရင်စစ်အစိုးရခေတ်တွေမှာတုန်းက လူထုဘက်က ရပ်တည်တဲ့ စာပေသမား၊ အနုပညာသမား၊ နိုင်ငံရေးသမားတွေရဲ့ သာရေးနာရေးတွေဆိုတာ ကျနော်တို့အင်အားစုတွေရဲ့ ဆန္ဒထုတ်ဖော်ပွဲ၊ အင်အားပြပွဲ၊ ချစ်ခင်စည်းရုံးညီညွတ်သွေးစည်းမှုကို ပြတဲ့ လက္ခဏာတွေ နဲ့ ပြည့်၀နေတာချည်းပဲ။ ကျနော်တို့ မိုးမခမှာလည်း ကိုထွန်းဝင်းငြိမ်းပို့ပေးတဲ့ ဓာတ်ပုံသတင်းတွေနဲ့ ဝေဝေဆာဆာတင်ခဲ့ကြတာ။ အခုတော့ အဲသည်လို ခံစားချက်တွေ အေးစက်ကုန်တယ် ထင်မိပါတယ်။ ဖေ့စ်ဘွတ်ပို့စ်လေးတွေတော့ တက်မှာပေါ့လေ။ သည်တော့ သက်ဆိုင်ရာကနေပြီး သည်လို ကြယ်ပွင့်ကြီးတွေ ဆုံးရှုံးသွားတာကို လူတွေ တန်ဖိုးထားမိ မင်သက်သတိပြုမိအောင် သူတို့ အားထုတ်လုပ်ပေးတာမျိုး မလုပ်သင့်ဘူးလားပေါ့လေ။ တွေးမိကြတာ ပြောပါတယ်။ အင်းလေ ... ဦးဝင်းတင်ပြခန်းလေးတောင် မဖြစ်နိုင်ခဲ့လို့ ဦးဝင်းတင်အိမ်ကလေးပဲ စိုက်ထူနိုင်သေးတာဆိုတော့ ...

အန်တီဒေါ်ခင်ဆွေဦး ကွယ်လွန်တော့ အသက် ၈၇နှစ်ပါ။ ကျနော်တို့မှာ ဂါရ၀ပြုရတဲ့ သက်ကြီးတန်းစာရေးဆရာတွေ နည်းပါးလာပြီ။ ၈၇ နှစ်ဆိုတာ နည်းတဲ့ အသက်လား။ ကျနော့်အဖွား ဒေါ်ခင်မျိူးချစ် ဆုံးတော့ ၈၄ နှစ် (၁၉၁၅-၁၉၉၉)။ အဲသည်တုန်းကတောင် အဖွားအသက်တွေ ကြီးလှချည့် ထင်ခဲ့တာ။ ၇၀ ကျော်ဆိုရင်ကို ကြီးလှပြီပေ့ါ။ ဂုဏ်သိက္ခာ ဝါ ဖြတ်သန်းမှု အလေးဂရုပြုရတဲ့ အရွယ်တွေ။ လူထုဒေါ်အမာကွယ်လွန်တော့ အသက် ၉၃ နှစ်  ဒေါ်ခင်ဆွေဦးနောက်က ခေတ်ပြိုင်စာရေးဆရာမကြီးတွေထဲက ကိုယ်နဲ့ ရင်းနှီးတဲ့ ဒေါ်ရွှေကူမေနှင်း (၈၀ နီး)၊ ဒေါ်စမ်းစမ်းနွဲ့ (သာယာ၀တီ) (၇၅နှစ်) တို့ကိုလည်း ခုထိကို သွက်သွက်လက်လက် ဖြတ်ဖြတ်လတ်လတ်သွားနေတာ နာရေးမှာ တွေ့ရပါတယ်။ သူတို့ကိုယ်သူတို့ လူကြီးတွေလို ထင်ထားပုံ မရပါ။ ဟိုးတုန်းကလို စိတ်နောက်ကိုယ်ပါ သွားလာနေလိုက်ကြတာ။

နာရေးကအပြန်လမ်းမှာ စီးခဲ့တဲ့ နာရေးဘတ်စကားနဲ့ပဲ။ လမ်းမှာ သင့်တော်ရာ မှတ်တိုင်တွေကနေ အိမ်ပြန်ဖို့ စာရေးဆရာတွေက ဆင်းနေခဲ့ကြတယ်။ အန်တီမေနှင်းက ရန်ကင်းမြန်မာပလာဇာရှေ့မှာ ဆင်းတယ်။ အဲသည်ကနေ ကမာရွတ်ကို ပြန်မယ် ထင်တယ်။ ကျနော်လည်း သူနဲ့ တွေ့ပြီး အေးအေးဆေးဆေး စကားပြောဦးမှလို့ တွေးမိတယ်။ အိမ်ချင်းနီးရက်နဲ့ ရန်ကုန်လာတိုင်း မတွေ့ဖြစ်ကြဖူးလေ။ ကဗျာဆရာ မိုဃ်းဇော်နဲ့တောင်် အပြန်လမ်းမှာမှ ဘေးချင်းထိုင်ပြီး စကားပြောဖြစ်ကြတာ၊ ဆိပ်ကမ်းသာမှာကျတော့ ကိုယ့်အာရုံ သူ့အာရုံတွေနဲ့ ပြောစရာစကား မရှိကြပြန်ပါ။ သားကြီးမောင်ဇေယျနဲ့ ကိုထွန်းဝင်းငြိမ်းကိုလည်း မြို့ထဲအဆင်းမှာ ခနလောက်ဖြစ်ဖြစ် စကားစမြီပြောဖို့ အတင်းဆွဲထားရပြန်ပါတယ်။ လူတွေက ကိုယ့်အလုပ် ကိုယ့်ဇောတွေနဲ့ သွားနေကြတာဆိုတော့ ဘယ်လိုအချိန်မျိူး အခြေအနေမျိူးကျမှ စကားအေးအေးဆေးဆေး ပြောကြမှာလဲ။ ဂိတ်ဆုံးမှတ်တိုင်မှာဆို နှုတ်ဆက်ရုံပဲ နှုတ်ဆက်ကြရတော့တာလေ။

သားကြီးမောင်ဇေယျကတော့ သတင်းအလုပ်တွေနဲ့ အလုပ်များနေတယ်။ ထွန်းဝင်းငြိမ်းကတော့ လှုပ်ရှားမှုတွေနဲ့ အလုပ်များနေသူပါ။ သူတို့မျက်မှောက်အတွေ့အကြုံ အတွေးအမြင်တွေကို မျှဝေကြပါတယ်။ စိတ်ကျနေတယ်ဗျာလို့ သားကြီးမောင်ဇေယျက ညီးငြူပါတယ်။ ကိုယ်လုပ်ချင်တာတွေ လုပ်နေရတိုင်းလည်း လူတွေက တခါတလေ ပျော်ချင်မှ ပျော်မှာကိုး။ ကျနော်ကတော့ သူတို့နဲ့ တခါတလေလေးမှ တွေ့ရသူဆိုတော့ ပျော်ပါတယ်။ ဆရာမကြီး ဒေါ်ခင်ဆွေဦး အသုဘမှာ သက်ကြီးစာပေသမားတွေ မတွေ့ရနိုင်တော့ဘူးလို့ ပြောမိတော့ သားကြီးမောင်ဇေယျက သူ့ဖခင် လင်းယုန်မောင်မောင်ကွယ်လွန်တဲ့အခါ လူကြီးတဦးဖြစ်တဲ့ တော်ဘုရားလေးက ရှေ့ဆုံးတန်းမှာ ကျောက်ချပြီး လာထိုင်တယ်၊ ဧည့်သည်တွေကို ဧည့်ခံပေးတယ်။ ကိုဇေယျကြီးက တော်ဘုရားလေးကို ပင်ပန်းနေမယ်၊ ပြန်နားချင် နားပါဆိုတော့ ရပါတယ်တဲ့၊ ကျန်ရစ်တဲ့လူကြီးတွေရဲ့ တာဝန်က အခုလိုအချိန်တွေမှာ လာပြီး ရပ်ပေးရမယ်တဲ့။ အဲသလို ခံယူထားပါသတဲ့။ ဟုတ်တယ် ... သခင်အုန်းမြင့် ဆိုရင်လည်း စာပေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက နာရေးတွေကို အရောက်လာပြီး မိသားစုနဲ့အတူ အားပေး ဧည့်ခံရပ်တည်ပေးနေကြ တာဝန်ကို ကျေပွန်ခဲ့သူတွေ ဖြစ်ပါတယ်။ ဘဘဦးဝင်းတင်ဆိုရင်လည်း မိတ်ဆွေနာရေးတွေကို အရောက်သွားတာ၊ အားပေးရပ်တည်မှုပေးတာတွေကို ကျနော်တို့ ပြန်မြင်ယောင်မိပါတယ်။ တခုရှိတာက တချို့လူကြီးတွေက ကျန်းမာရေးယိုင်ကြတော့ အမြဲတန်း သည်လိုနာရေးတွေ လာနိုင်ကြမယ် မထင်ပါ။ တော်ဘုရားလေးတို့၊ သခင်အုန်းမြင့်တို့၊ ဘဘဦးဝင်းတင်တို့ဆိုတာက နောက်ဆုံးချိန်အထိ ထောင်နေ မတ်နေ၊ လူတွေကြားထဲ သွားနေ လှုပ်ရှားနေတာနဲ့ ပေးဆပ်ကြသူတွေကိုး။

ဟုတ်ပါတယ်။ ဘ၀မှာ ကိုယ့်အဓိပ္ပါယ်ကို ရှာဖွေတွေ့ရှိပြီး အဲသည်အတိုင်း တည်ဆောက် ရပ်တည် ကုန်ဆုံးသွားရတာ တန်ပါတယ်။ နောက်ဆုံးအချိန်ရောက်တော့လည်း အဲသည်အာရုံထဲမှာပဲ ဝင်စားပြီးတော့ ချူပ်သွားရုံသာ။ သံသရာကြီး ရှိတယ်ဆိုရင်လည်း ဘာကိုမှ စွဲလန်းဝမ်းနည်းစရာမလိုဘဲ ကိုယ့်ပါရမီကိုယ်ဖြည့် ကိုယ်ပေးဆပ်စရာ ပေးဆပ်ပြီး ခရီးဆက်သွားရမယ်ဆိုရင် ဝန်ပေါ့တာပေါ့။ သံသရာမရှိဘူးဆိုရင် ကိုယ့်ဘ၀မှာ သူများအဓိပ္ပါယ်အောက် ဆင်းရဲဒုက္ခခံမသွားရတာ ဟန်ကျတာပါပဲ။ ဘဘဦးဝင်းတင်ရဲ့ နောက်ဆုံးနေ့ရက်တွေလိုပေါ့လေ ... လူအများတွေအတွက် ဖြည့်စွမ်းပေးရင်း သူကြိုက်တဲ့ ဘောလုံးပွဲတွေလည်း အကြည့်မပျက်ခဲ့ဘူး၊ ပြီးတော့ မတရားမှုတွေကိုလည်း အဟမ်း အဟမ်း ထွီ လို့ ပျက်ရယ်ပြုသွားနိုင်သေးတယ်လေ။

ဆရာမကြီးဒေါ်ခင်ဆွေဦး စာပေအနုပညာတွေ သက်တော် ရာကျော် ရှည်ပါစေ။