Breaking News

အေးငြိမ်း ● ကျွနု်ပ်နှင့် လေယာဉ်ပျံဖြင့်ခရီးသွားခြင်းအကြောင်း

အေးငြိမ်း ● ကျွနု်ပ်နှင့် လေယာဉ်ပျံဖြင့်ခရီးသွားခြင်းအကြောင်း
(မိုးမခ) မေ ၅၊ ၂၀၁၉

(မာလင် (Merlin) ဇာတ်လမ်းတွဲကိုကြည့်နေလို့ ဘာစာမှမရေးဖြစ်တာဖြစ်ပါသည်။ စုစုပေါင်း 5 Season ။ Season တခုကို 13 episode, Episode တခုကို ၄၅ မိနစ်ခန့်ကြာ၏။ အာသာဘုရင်ကြီးအကြောင်းကို စိတ်ဝင်စားဖွယ် ဇာတ်လမ်းဖွဲ့ထားတာ ဖြစ်၏။ မှော်ကားဖြစ်သည်။ အခု S5, E10 ရောက်သွားပြီဆိုတော့ ခဏနားပြီး ရေးချင်နေသည့်အကြောင်းကလေးကို မိတ် ဆွေများသို့ ဝေငှလိုက်ပါကြောင်း။)
 
(၁) ၉၆၉၃ ခေတ်
ဖေ့စ်ဘုတ်ကြွလာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲကြပါစေ။

လူတို့သည် အကြောင်းအမျိုးမျိုးဖြင့် တနေရာမှ တနေရာသို့ ခရီးကထင်းသွားကြရ၏။ ထိုသို့သွားလာကြရာတွင် ရှေးယခင်က ၉၆၉၃ သုံးပြီး ခြေလျင်ခရီး သွားကြ၏။ အလောင်းဘုရားတို့ အယုဒ္ဓယကို သွားတိုက်တယ်ဆိုတော့ ကျွနု်ပ်မှာ အံ့သြတမော ဖြစ်ရသည်။ မိတ်ဆွေတို့ မြေပုံထဲမှာ ရွှေဘိုကနေ ထိုင်းကို နည်းနည်းလောက် ထောက်ကြည့် လိုက်စမ်းပါ။ နည်းနည်းနောနော ခရီးမဟုတ်။ ကျွနု်ပ် Google Earth မှာထောက်ကြည့်တာ ကီလိုမီတာ ၁၃၀၀ ကျော်သည်။

မဟာဗန္ဓုလတို့ ပန်းဝါကို ခြေလျင်ခရီးနဲ့ အပြင်းချီတက်သွားတိုက်တာ၊ မွန်ဂိုတွေ ပုဂံကိုလာတိုက်တာ။ ထိုစစ်တပ်များတွင် ဆင်တပ်၊ မြင်းတပ်တို့မှာ ခြေလျင်တပ်ထက်စာလျှင် အရေအတွက် အတော်နည်းပါလိမ့်မည်။ အနှီခြေလျင်စစ်သားများ၏ လမ်းလျှောက်နိုင်စွမ်းကား အံ့မခန်းဘွယ်ရာ ဖြစ်၏။ နောက်ပြီး သည်လောက်ခရီးအဝေးကြီးကို လမ်းလျှောက်လာပြီး ရောက် ပြန်တော့ နားမနေရ။ ခုတ်ရ၊ ထစ်ရ၊ သတ်ရ၊ ဖြတ်ကြရပြန်သည်။ အာဂလူများပေတည်း။

ကျွနု်ပ်တို့ ငယ်စဉ်ကလည်း ခြေလျင်ခရီးကို တော်တော်များများ အားကိုးခဲ့ရ၏။ ကျွနု်ပ်တို့ရွာမှာက မူလတန်းကျောင်းပဲရှိတော့ အလယ်တန်းကို ကွင်းကောက်မှာ သွားတက်ရ၏။ ကိုအေးသောင်း၊ ကိုကိုတင်ထူး၊ မမ၊ ကျွနု်ပ်၊ မြင့်၊ ယဉ်နုတို့ဖြစ်၏။ ထိုစဉ်က ကွင်းကောက်ကျောင်းမှာ တွဲဘက်အလယ်တန်းကျောင်းပဲ ရှိသေးသည်။ ၈ တန်း စာမေးပွဲကို အင်္ဂပူ သွားဖြေရ၏။

ထိုကာလ (၁၉၇၀ ပတ်ဝန်းကျင်) က ကျွနု်ပ်တို့ဘက် (ကွင်းကောက်၊ လေးမျက်နှာ) ၌ ကားတို့၊ ရထားတို့ဆိုတာ အရုပ်ပဲ မြင်ဖူးတာ ဖြစ်၏။ အဲလေ မြန်မာတနိုင်ငံလုံးမှ ကျေးရွာအတော်များများမှာလည်း သည်အတိုင်းချည်း ဖြစ်ပါသည်။ အဖိုး အတန်ဆုံး ခေတ်ပေါ်ယာဉ်ရထားမှာ ဆိုက်ကားဖြစ်၏။ စက်ဘီးတောင် လက်ချိုးရေလို့ရသည့် အခြေအနေမှာပဲ ရှိသေး သည်။ လေးမျက်နှာမှာဆို ဆိုက္ကားတောင် လက်ဆယ်ချောင်းပြည့်အောင်မရှိ။ အဲလေ ဆိုက္ကားသွားစရာ လမ်းလည်းမရှိဆိုလျှင် မိတ်ဆွေတို့ အတော်အံ့သြကြပေလိမ့်မည်။

ထိုစဉ်က လေးမျက်နှာမှာ ရေကာတာကြီးကို မေးတင်ကာ အိမ်များကို တာရိုးတလျှောက် ဆောက်ထားကြတာဖြစ်၏။ မြို့ဆို ပေသိ အကွက်အကွင်းကျကျ မဟုတ်။ အဓိကလမ်းမကြီးမှာ ထို ရေကာတာကြီးပင် ဖြစ်၏။ လမ်းမကြီးသာ ဆိုရမည်။ အ ကျယ်မှာ ၅ မီတာတောင် မပြည့်ပါ။ ဆိုတော့ ဘယ့်နှာလုပ် ကားသွားပါမတုံး။ ဆိုက္ကားတောင် မရှိ။ စက်ဘီးတောင် အနည်း အကျဉ်းပဲရှိသည်။ ယခုတော့ ကမ်းပြိုသဖြင့် မြို့ပျက်သွားပြီး တဘက်ကမ်းတွင် မြို့သစ်တည်ထားပါသည်။ မြို့သစ်က ငဝန် မြစ် တဖက်ကမ်းရောက်သွားသဖြင့် ရန်ကုန်မှ ကားဖြင့် တိုက်ရိုက်သွားနိုင်ပြီ ဖြစ်၏။ သို့သော် ကျောထောက်နောက်ခံဒေသနှင့် တသီးတခြားဖြစ်သွား၏။ ဟိုတလောက မြစ်ကူးတံတားဆောက်မည်ဆိုလား ကြားလိုက်၏။ ဆောက်ဖြစ်မဆောက်ဖြစ် မသိပါ။ ဆောက်ဖြစ်လျှင်တော့ကျေးရွာများနှင့် လေးမျက်နှာ သွားလာရေး လွယ်ကူသွားပေမည်။

သည်တော့ ဘယ်လိုသွားကြသတုံး။ ၉၆၉၃ ပေါ့ခင်ဗျာ။ ၉၆၉၃ ဆိုတာတောင် လျှောက်စရာ လမ်းကောင်းကောင်းရှိတာမဟုတ်။ ကန်သင်းကြို၊ ကန်သင်းကြား၊ တောလမ်းခရီးစသည်တို့မှ သွားကြရသည်။ ပီဘိ ဘုရားစူးရပါစေ့ သွားလို့ဖြစ်ရုံ ခြေသွားလမ်း ကလေး ဖြစ်လေသည်။ အနို့ သည်လောက်ကြမ်းတဲ့ခရီးကို ဘယ်သူက စွပ်ကယ် စွပ်ကယ် သွားနေပါမတုံး။ ကိစ္စရှိမှ သွားကြတာ ဖြစ်၏။ ကျွနု်ပ်တို့ရွာ၌ ရွာနီးချုပ်စပ်လောက်ကလွဲလို့ ဘယ်မြို့ပြင်ကနားမှ မရောက်ဖူးဘဲ သေသွားကြသူတွေ အတော်များလေသည်။ တခြားသူ မကြည့်ပါနှင့်။ ကျွနု်ပ်ဘကြီးများမှာ ဘယ်မြို့ရောက်ဖူးပါသတုံး။

ယခုတော့ ကားလမ်း ကွန်ယက်များမှာ တနိုင်ငံလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ထားပြီး ဖြစ်ပါသည်။

နားမလည်နိုင်စရာတွေ ပေါများလှသည့် ရွှေပြည်ကြီးတွင် ကျွန်ုပ်နားမလည်နိုင်သည့်အချက်တခု ရှိသေး၏။

အခြားမဟုတ်။ လူတွေ သဟာလောက် အသည်းအသန် စီးချင်နေပါလျက်၊ စီးလည်းစီးနေပါလျက် ရထားလမ်းများကိုသော် လည်းကောင်း၊ ရထားများကိုသော်လည်းကောင်း အဘယ်ကြောင့် သည့်ထက် ပိုမိုတိုးတက်ကောင်းမွန်အောင် မလုပ်ကြ သနည်းဆိုတာ ဖြစ်ပါသည်။ ယခင်ကရှိပြီးသား ပျက်လုပျက်ခင် ရထားလမ်းအဟောင်းများပေါ်တွင် စစ်ပြီးစကာလက ရထားအစုတ်များ ဖြင့် ယခုတိုင် မဖြစ်ညစ်ကျယ်၊ ကချောက်ကချက် ပြေးဆွဲလျက်ရှိ၏။

သည်လောက် အလွန်ဝင်ငွေကောင်းလှသည့် လုပ်ငန်းကို အရှုံးပေါ်အောင် ပြေးဆွဲကြသူများ၏ လုပ်ရည်ကိုင်ရည်ကိုတော့ဖြင့် ကျွနု်ပ်မှာ ချီးကျူးလို့ မဆုံးနိုင်အောင် ဖြစ်မိ၏။

(၂) ကျွနု်ပ်၏ ပထမဆုံး လေယာဉ်ခရီး
ကျွနု်ပ်က တောသားစစ်စစ်ဖြစ်လေတော့ ငယ်စဉ်ကလေးဘဝက လေယာဉ်ဆိုတာ ဟိုးကောင်းကင်ပေါ်မှာ တခါတရံ ဖြတ် သွားတတ်သည့် မီးခြစ်ဆံခေါင်းလောက်သာရှိသည့် လေယာဉ်ကို မှုန်ပြပြသာ မြင်ဖူးတာဖြစ်၏။ လေယာဉ်တစီးတလေ ခပ်နိမ့်နိမ့်မှ ပျံသန်းသွားသည့်အခါ ကျွနု်ပ်တို့ ခလေးတသိုက်မှာ လေဗျံကြီး၊ လေဗျံကြီး၊ အကြီးကြီးပဲဟု လေယာဉ်ပံျသွား သည့်နောက်သို့ ပျော်ရွှင်စွာ ခုန်ပေါက်ပြေးလွှားလိုက်သွားတတ်ကြလေသည်။

ကျွနု်ပ် အသက် ၆ နှစ်လောက်က ရွာသို့ စစ်သုံးရဟတ်ယာဉ်တစီး ဆင်းသက်၏။ ထိုစဉ်က ကျွန်ုပ်တို့ဘက်မှာ ဗကပ (ဗမာ ပြည်ကွန်မြူနစ်ပါတီ) တွေကို အပြုတ်တိုက်နေချိန်ဖြစ်သဖြင့် ရွာသို့ စစ်တပ်များမကြာခဏ ဝင်ရောက်တပ်စွဲသည့် ကာလ ဖြစ်၏။ တယောက်က ကျွနု်ပ်ကို ထိုရဟတ်ယာဉ်ပေါ် တင်ပေးဖူးသည်ဟု ပြောသံသဲ့သဲ့ကြားဖူး၏။ ထို့ကြောင့် ကျွနု်ပ်မှာ လေသွားယာဉ် တစီးပေါ်သို့ ငယ်စဉ်ကတည်းက ခြေချဖူးသဖြင့် ခေသူမဟုတ်ဟု လက်မထောင်မည်ဆို ထောင်နိုင်လေသည်။

(ဤတွင် စကားစပ်မိလို့ပြောရလျှင် ထိုစဉ်က စစ်တပ်၊ စစ်သားများမှာ တကယ့်ကို ပြည်သူတို့နှင့် တသားထဲဖြစ်၏။ ကျွနု်ပ် တို့နှင့် စစ်သားတို့မှာလည်း တဦးနှင့်တဦး အပြန်အလှန် အလွန်ချစ်ခင်ကြလေသည်။ အချစ်လွန်သဖြင့် ကျွနု်ပ်တို့ရွာမှ အပျို တော်တော် များများမှာ စစ်သားများနှင့် ငြားကြလေသတည်း။

စစ်သားများကြောင့်ပင် ကျွနု်ပ်တို့မှာ (တောသားဆိုပေမင့်) ငယ်စဉ်ကတည်းက လဘက်ရည်ကောင်းကောင်း သောက်ဖူး သည်။ သံဗူးဘီစကစ်များ စားဖူးသည်။ ငါးသလောက်၊ အမဲသားစည်သွတ်ဘူးများ စားဖူးသည်။ ကျွနု်ပ်အဖို့ကား ထိုအစားအ သောက်များထက် သူတို့ယူလာသည့်စာအုပ်များကို ဖတ်ရတာကို ပိုမိုနှစ်ခြိုက်လေသည်။ ပြည်သူ့တပ်မတော်စာစဉ်၊ ငွေတာ ရီ၊ မြဝတီ မဂ္ဂဇင်းများ၊ ဝတ္ထုစာအုပ်များ ဖြစ်၏။ ဤကား စကားချပ်)

၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ ကျေးဇူးကြောင့် အစိုးရဝန်ထမ်းဘဝဖြင့် ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရ၏။ ထိုခရီးကား ကျွန်ုပ်ဘဝတွင် ပထမဦးဆုံး လေယာဉ်စစီးဖူးသည့် ခရီးစဉ်ဖြစ်၏။ အစိုးရက စီစဉ်ပေးသည့်ခရီးစဉ်ဖြစ်၍ အရာ ရာ အဆင်ပြေချောမွေ့နေသည်က တကြောင်း၊ ခရီးစဉ်မှာလည်း သိပ်မကြာတာ တကြောင်း၊ ပထမဦးဆုံးသော နိုင်ငံခြားခရီး ဖြစ်ခြင်းက တကြောင်းတို့ကြောင့် အပျော်လွန်ကာ လေယာဉ်ကိုတောင် ဘယ်လိုစီးမိလိုက်မှန်း မသိလိုက်။ ဒွန်မောင်းလေ ဆိပ်၏ ကြီးကျယ် ခမ်းနားပုံကို မှတ်မိနေပါသည်။ ရှင်ပြုတုံးက ရွှေထီးဆောင်းဖူးတာကို တမ်းတနေသည့် ကျွနု်ပ်တို့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးနှင့် ကွာချင်တိုင်း ကွာလေသည်။

လေယာဉ်စီးရသည့်အရသာကို အပြည့်အဝခံစားရတာ ၁၉၉၈ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ဖြစ်၏။ စင်ကာပူကို အလုပ်လုပ်ဖို့ ထွက်ခွာလာတာ ဖြစ်သည်။ စီးရသည့်လေယာဉ်ခရီးစဉ်မှာ MAI ဖြစ်၏။

MAI (Myanmar Airways International) ကလည်း စကတည်းက ယဉ်သကို။

စင်ကာပူလာမည်ဟု အိမ်ကထွက်လာတာ ၁၉၉၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ဖြစ်၏။ နံနံခြားသွားမယ်ဆိုတော့ အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်း တလှေကြီး လိုက်ပို့၏။ ထို့နောက် အပြန်အလှန်နှုတ်ဆက်ကြ၊ ဝမ်းတွေဘာတွေနည်း၊ လက်တွေဘာတွေ အသားကုန် လှုပ်ယမ်းပြပြီး လေယာဉ်ပေါ် တက်ထိုင်ကြ၏။

လေယာဉ်က တော်တော်နှင့်မထွက်။ မနက် ၈ နာရီထွက်မည့်လေယာဉ်ကလည်း ပူလိုက်တာ။ လေယာဉ်ပေါ်မှာ ယပ်ခပ်နေရ လေသည်။ အတော်ကြီးကြာမှ လေယာဉ်မယ်က ကြေငြာ၏။

ခရီးသည်များဆင်၊ ပတ်စ်ပို့၊ ပိုက်ဆံအိတ်စတဲ့ အဖိုးတန်ပစ္စည်းတွေထားခဲ့ပြီး လေယာဉ်ပေါ်က ဆင်းပေးကြပါ - ဟူ၏။

ကျွနု်ပ်လည်း ငှယ်၊ ဘယ့်နှာကြောင့် ငါတို့ပိုက်ဆံအိတ်ထားခဲ့ခိုင်းရပါလိမ့်ဟု အူကြောင်ကြောင်ဖြင့် လေယာဉ်ပေါ်က ဆင်းခဲ့ ၏။ လေဆိပ်စားသောက်ဆိုင်တွင် ၂ နာရီကျော်ကြာအောင် စောင့်နေရလေသည်။ မုန့်နှင့်ကော်ဖီများတော့ တိုက်ကျွေးပါ ၏။

နောက်ထပ် တနာရီလောက်ကြာတော့ တခါ ကြေငြာပြန်၏။

ခရီးသည်များဆင် - လေယာဉ်စက်ချို့ယွင်းတဲ့အတွက် ဒီကနေ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ မနက်ဖြန် ဘာညာ သာရကာ။
ဟိုက်ရော။

တခါဖြင့် ဗမာပြည်ကြီးက ခွဲခွာရတော့မယ်ဟု ခုနက ဝမ်းနည်းထားတာလေးတွေတောင် ဘယ်ရောက်သွားမှန်းမသိ။ မမတို့ မှာ လေယာဉ်ထွက်မည့်အချိန်ကိုစောင့်နေကြတာဆိုတော့ အခုထိ လေဆိပ်ထဲမှာရှိသေးသည်။ ဆိုတော့ ရှက်ရှက်နှင့် အိမ် တခေါက် ပြန်ခဲ့ရလေ၏။

သို့ဖြင့် နောက်တနေ့မှ တကယ်ထွက်ဖြစ်တော့၏။ တကယ်ထွက်ဖြစ်ပြီဆိုတော့ မနေ့ကလောက် ဖီလင်မရှိတော့။ ထိုသည့် နေ့ရက်ကစ၍ ကျွနု်ပ် MAI ကို မစီးတာ အနည်းဆုံး ၆ နှစ်ခန့် ကြာလေသည်။ ပိုက်ဆံပိုကုန်တာ အကြောင်းမဟုတ်။ မတော် တခုခုဖြစ်သွားမှ ဒွတ်ခ ဟု Silk Air, Singapore Airline စသည့် လေကြောင်းလိုင်းများကိုသာ စွဲစွဲမြဲမြဲ စီးလေသည်။ သို့ သော် ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင်တော့ တခါတရံ စီးဖြစ်ပါသည်။ နောက်တော့ ဂျက်စတားကို စီးသည်။ ဟော၊ MNA (Myanmar National Airline) ပေါ်လာတော့ MNA ကို စီးဖြစ်၏။ သူက ထိုင်ခုံနေရာ ပိုကျယ်သည်။ အစားအသောက် ကျွေးသည်။ ဘီယာသောက်လို့ရသည်။

(၃) ကျွနု်ပ်နှင့် လေယာဉ်ခရီး
ကျွနု်ပ်မှာ လေယာဉ်ကိုသော်လည်းကောင်း၊ ရဟတ်ယာဉ်ကိုသော်လည်းကောင်း (အထူးသဖြင့် လေယာဉ်ပျံကို) အလွန် သဘောကျ၊ နှစ်ခြိုက်သူများထဲမှ တယောက်ဖြစ်၏။ ယခုခေတ်ပေါ် လေယာဉ်ပျံကြီးများ၏ တည်ဆောက်ထားပုံမှာ အလွန် ကြည့်လို့လှလေသည်။ ထိုလေယာဉ်ကြီးများ လေထဲသို့ ပျံတက်၊ ပျံဆင်းလုပ်တာကို ကျွနု်ပ်မှာ ဘယ်အခါမှ ကြည့်လို့မဝ။ မရိုးနိုင်။ လေယာဉ်ကြီးများ ကောင်းကင်ပေါ်ထိုးတက်သွားပုံမှာ အလွန်လှလေသည်။

ထို့အတူ ခရီးထွက်ရသည့်နေရာများထဲက ကျွနု်ပ်အနှစ်သက်ဆုံးနေရာကို ပြပါဆိုလျှင် မန္တလေး အဝေးပြေးဂိတ် (ဟိုက်၊ မွှားကုန်ပြီ၊ ဘွာ ဘွာ) လေဆိပ်ကို ပြရမည် ဖြစ်၏။ လေဆိပ်ပေမင့် ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံ ခြုံရှင်းထားရ သော ထားဝယ်လေဆိပ်ကို ဆိုလိုတာမဟုတ်ကြောင်း ဒုံးမဝေးသည့် ကျွနု်ပ်မိတ်ဆွေများ သိပါသည်။

စင်ကာပူလေဆိပ်၏ ခမ်းနားကြီးကျယ်ပုံကို ကျွနု်ပ် အလွန်နှစ်သက်လေသည်။ လေယာဉ်နှင့် ခရီးသွားကြတာဆိုတော့ ခရီးသည်များမှာလည်း စုတ်ချာချာများမဟုတ်။ တချို့တလေကလွဲလို့ အားလုံး သပ်သပ်ယပ်ယပ် သားသားနားနားများ ဖြစ်၏။ လေဆိပ်ကို လာရတာကိုက စိတ်လှုပ်ရှားဘွယ် ခံစားမှုတမျိုးဖြစ်သည်။ ခရီးသွားဘို့ လေဆိပ်ထဲမှာ သွားလာလှုပ် ရှားရတာ၊ ဟိုဟိုသည်သည် ငေးရတာ၊ အားလုံးကို ကျွန်တော် နှစ်သက်သဘောကျ၏။ ဟိုမှသည်မှ သွားလာနေသည့် လေယာဉ်မယ် ကလေးများမှာလည်း အဝတ်အစားနှင့် ဆံပင်ဒီဇိုင်းကအစ အလွန်ကြည့်လို့ ကောင်းလေသည်။ (ရုပ်ချောချော လေယာဉ်မယ် ကလေးများ ခန့်ထားမပေးသည့်အတွက်မူ ဂျက်စတားလေကြောင်းလိုင်းကို ငါနှင့် ကလော်တုတ်ချင်မိ၏။)

လေယာဉ်ပိုင်းလော့များမှာလည်း အလွန်စမတ်ကျလှ၏။ သူတို့ကို သဘောကျသဖြင့် ကျွန်တော်က သားကို လေယာဉ်မှူး ဖြစ်စေချင်၏။ သားက သဘောမကျ။ သူက ပန်းချီပဲ အချိန်ပြည့် ဆွဲချင်နေတာဖြစ်၏။

လေယာဉ်စီးရသည့်အချိန်များအတွင်း ကျွနု်ပ် သဘောအကျဆုံးအချိန်ကို ပြပါဆိုလျှင် လေယာဉ်တက်ချိန်ကို ပြရမည် ဖြစ် ၏။ သားကလည်း take off အချိန်ကို စိတ်အလှုပ်ရှားဆုံး ဟု သဘောတူလေသည်။ လေယာဉ်ဆင်းတော့မည်ဆိုတော့လည်း ရောက်တော့မည်ဟူသော အသိဖြင့် ရင်ခုန်လှုပ်ရှားရတာ ဖြစ်၏။

လေယာဉ်ဝမ်းဘိုက်အောက်မှ အဆုပ်လိုက်အဆုပ်လိုက် ရှိနေသည့် တိမ်စိုင်များကို ကြည့်ရတာကိုလည်း ကျွနု်ပ် အလွန် သဘောကျလှ၏။ အချို့ တိမ်များမှာ အဆုပ်လိုက်မဟုတ်ဘဲ အစင်းလိုက်၊ အမြှောင်းလိုက် သို့မဟုတ် ဟိုတကွက် သည် တကွက် ဖြစ်နေလေသည်။ သို့သော် မြေပြင်က မြင်ရသလို တိမ်များမှာ ရောင်စုံမဟုတ်ဘဲ အားလုံး အဖြူများချည်းဖြစ်၏။ အင်း၊ ရှင်မဟာရဋ္ဌသာရသာဆို ကဗျာလှလှလေးတပုဒ်ထွက်မှာပဲ ဟု ကျွနု်ပ် တခါတခါ တမ်းတမိတတ်သည်။

ထို့အတူ လေယာဉ်ပေါ်တွင် ကဗျာဖတ်ရတာလည်း အရသာတမျိုးဖြစ်၏။ ညဘက် အိပ်ရေးပျက်ထားသည့် အခါများမှလွဲ၍ လေယာဉ်ပေါ်တွင် ကျွနု်ပ်အိပ်လိုက်တာ အတော်ရှားပါသည်။ တိမ်တွေကို ငေးမောကြည့်မည်။ စာဖတ်မည်။ လက်ပ်တော့ ထုတ်၍ စာရေးမည်။

လမ်းသွားရင်း စာဖတ်ဖို့ဆိုကာ ကျွနု်ပ် Samsung Tablet တလုံးဝယ်ကာ စာအုပ်များ ထည့်ထားဖူးသည်။ သို့သော် နောက် တော့ ဖုန်းထဲတွင်လည်း စာအုပ်များထည့်ကာ ဖတ်နိုင်သောကြောင့် အတန်ငယ် လေးလှသော Samsung Tablet ကို မသုံး ဖြစ်တော့ပါ။ ပုံဆွဲသည့်အခါများလောက်တွင်သာ သုံးပါသည်။

စာအုပ်ဆိုလျှင်တော့ ခပ်ပါးပါးစာအုပ် တအုပ်လောက် ထည့်လာတတ်သည်။ ဥပမာ - နတ်သျှင်နောင် ရတုပေါင်းချုပ်

လေယာဉ်ဖြင့်ခရီးသွားသည့်အခါ ကျွနု်ပ်က check-in စောစောလုပ်တတ်သည်။ check-in စောစောလုပ်ခြင်း၏ အကျိုး ကျေးဇူးမှာ ထိုင်ခုံနေရာ ရွေးလို့ရခြင်း ဖြစ်၏။ လေယာဉ်စီးသည့်အခါ ကျွနု်ပ်က ပြူတင်းပေါက်ထိုင်ခုံကို သဘောကျသည်။ လေယာဉ်ပြူတင်းပေါက်မှနေ၍ တိမ်စိုင်တိမ်လိပ်တို့၏ အလှကိုကြည့်လိုသောကြောင့် ဖြစ်၏။ အဲလေ၊ အိမ်သာသွားချင် လျှင်တော့ အတွင်းဘက်က နှစ်ယောက်ကို ကျော်ခွသွားရသပေါ့။

လေယာဉ်လက်မှတ်ကို Online မှဝယ်သည့်အခါ ထိုင်ခုံလက်မှတ်ရွေးလို့ရပါသည်။ သို့သော် ပိုက်ဆံပေးရသည်။ ကျွနု်ပ်လို လူ့ကပ်စေးနဲအဖို့ မဖြစ်မနေ ရကို ရရမည့် ထိုင်ခုံအတွက် အပိုတပြားမှ မသုံးလိုသောကြောင့် တခါမှ ထိုင်ခုံမဝယ်ခဲ့ဖူးပါ။

ခရီးဆောင်သေတ္တာကိုလည်း တကီလိုမှ မပိုစေရ။ သေသေချာချာ ချိန်ထည့်သည်။ လက်ဆွဲကယ်ရီကတော့ ၇ ကီလိုဆို ပေမင့် ၁၀ ကီလိုလောက်သယ်ပါသည်။ ချီးထုပ်လေကြောင်းလိုင်းများမှလွဲ၍ လက်ဆွဲကယ်ရီကို ချိန်လေ့မရှိပါ။ ယခုတော့ စင်ကာပူ လေဆိပ်တွင် ခရီးဆောင်သေတ္တာကို ကိုယ့်ဘာသာချိန်၊ ကိုယ့်ဘာသာ စတကာကပ်ရတာဖြစ်၏။ Boarding pass ကိုလည်း online မှပင် ထုတ်လို့ရပါသည်။

လေယာဉ်ပေါ်တက်ဘို့ကြေငြာသည့်အခါ ခရီးသည်အတော်များများမှာ လေယာဉ်က သူတို့ကိုထားခဲ့ပြီး ထွက်သွားမှာ စိုးရိမ်သည့် အတွက် အတင်းလုကာ တက်ကြလေ၏။ ခရီးသည်များကို လေယာဉ်ပေါ်တင်သည့်အခါ နောက်ဆုံးခုံမှ စခေါ်သည်။ ဦးစွာ Business class, ကလေးငယ်ပါသူ၊ မသန်မစွမ်း စသည်တို့ကို အရင်ခေါ်သည်။ ထို့နောက် ခုံနံပါတ် ၂၀ မှ ၃၀ ထိ။ ပြီးမှ ကျန်သည့် ခုံနံပါတ်များကို ခေါ်တာ ဖြစ်၏။ သို့သော် မည်သူလိုက်နာပါသနည်း။ စခေါ်ပဟေ့ ဆိုကတည်းက ဝုန်းဝုန်း ဝုန်းဝုန်းနှင့် အတင်း သူ့ထက်ငါ အလုအယက် တန်းစီကြလေသည်။ ကျွနု်ပ်ကား လက်ဆွဲတန်ဆာကို များများစားစား ဘယ်တော့မှ မယူသည့် အလျောက် အပေါ် သေတ္တာထည့်သည့်နေရာတွင်လည်း ထည့်စရာ ဘာမှ မရှိသည့်အတွက် ခရီးသည်အားလုံးကုန်ခါနီးမှ အေးအေးဆေးဆေး တက်တတ်ပါသည်။

ပုံမှန်အားဖြင့် လေယာဉ်စီးရတာ သက်တောင့်သက်သာ ရှိပါသည်။ သို့သော် ကိုယ့်ထိုင်ခုံကို နောက်ဘက်မှ ခြေထောက်ဖြင့် ကန်ထားသည့်အခါမျိုး၊ ရှေ့ဘက်ကလူက ခုံကို အသားကုန် နောက်လှန်ထားသည့်အခါမျိုးများတွင်တော့ အနှောက်အယှက် ဖြစ်တတ်၏။

ယခင်က မြန်မာပြည်အဝင်တွင် အလွန် အလုပ်ရှုပ်လှသည်။ ဘာမှန်းမသိသော ပုံစံများဖြည့်ရ၏။ အခွန်ကြေငြာရန် ပစ္စည်း ပါသလားဆိုတာလည်း ဖြည့်ရ၏။ ခွင့်နှင့်ပြန်လာသူများ ခွင့်စာပြရ၏။

အခုတော့ သည်ဟာတွေမရှိတော့လို့ အတော်လေး အလုပ်ရှုပ်သက်သာသွားပါသည်။ သည်စာရွက်တွေမရှိတော့ရော ဘာဖြစ်သတုံး။ ဘာမှ မဖြစ်ပါ။ ဘာမှမဖြစ်ဘဲ ဘာကိစ္စ သည်စာရွက်တွေဖြည့်ရသတုံး။

စင်ကာပူအဝင်အတွက် တရားဝင် နေထိုင်ခွင့်ရထားသူတွေဆို White card ပင်မဖြည့်ရ။ လ.ဝ.ကမှာ တန်းမစီရ။ ကိုယ့် ဘာသာ ပတ်စ်ပို့ကို စကင်လုပ်၊ လက်ဗွေနှိပ်ပြီး ဝင်လာလို့ရသည်။နောက်ဆို လက်ဗွေတောင်နှိပ်စရာလိုတော့မှာ မဟုတ်။ ကင်မရာကိုကြည့်လိုက်သည်နှင့် မီးစိမ်းပြက ဝင်လို့ရမည်ဖြစ်သတည်း။ (စားအုန်းဆီနှင့်ကျော်လိုသူများ အတုခိုးရန်ဖြစ်ပါ သည်။)

လေယာဉ်ဖြင့်ခရီးသွားခြင်းအကြောင်း ကသိကအောက်ကလေးနှင့် နိဂျုံးခုတ် (အဲလေ) နိဂုံးချုပ်ပါမည်။

လေယာဉ်ဖြင့်ခရီးသွားခြင်းကို ကျွနု်ပ်နှစ်သက်သဘောကျသည် ဆိုရာတွင် မြန်မာနိုင်ငံဘက်အခြမ်း၌ အကန့်အသတ်ရှိ၏။

လေဆိပ်၌ လူပေါင်းစုံခရီးသွားနေပါလျက် အများပြည်သူသွားလာရန် သယ်ယူပို့ဆောင်ရေးစနစ် ဖန်တီးပေးမထားခြင်းကို ကျွနု်ပ် လွန်စွာမှ အံ့သြမိ၏။ အစိုးရမင်းများက လေယာဉ်ဖြင့် ခရီးသွားသူအားလုံးကို ကားပိုင်သည်ဟု ယူဆထားဟန် တူပါသည်။ လေဆိပ်မှ မြို့ထဲသို့ ပြေးဆွဲသည့် ဘတ်စ်ကားဆိုသည်မှာ ယခုမှ ကြားဖူးတာဖြစ်၏။

နောက်ပြီး လေယာဉ်စီးခရီးသည်များအတွက် တက္ကစီခေါ်လိုလျှင် လေဆိပ်ဧရိယာအပြင်ဘက် ဟိုး .... ကို သွားခေါ်ရ၏။ လေဆိပ်ထဲ ဝင်ခွင့်မပေး။ သို့သော် သူတို့ပထွေး တက္ကစီများကတော့ လေဆိပ်အဝင်ဝ၌ ပေါ်တင်ပင် ခရီးသည် ခေါ်နေ ပါသည်။ ကျွနု်ပ်မှာ ကိုယ့်တိုင်းပြည်မို့ သံယောဇဉ်မပြတ်နိုင်လို့ သွားလာနေရသည်။ မြန်မာပြည်ဝင်လိုက်ကတည်းက စိတ် အနှောက်အယှက်နှင့် ကြုံရ၏။

အဲလေ .... စားအုန်းဆီနှင့်ကျော်ပြီးသည့်အခါတွင်တော့ အားလုံး အဆင်ပြေသွားလိမ့်မည် ထင်ပါသည်။

သို့သော် ဟိုသီချင်းလို ....

တနေ့နေ့တော့ ဖြစ်လာလိမ့်မည် .... သို့သော် ဘယ်နေ့မှန်းမသိ ....
ဟုတ်ကဲ့ .... ဘယ်နေ့မှန်းမသိပါ .... လောလောဆယ်တော့ မီးပျက်သည့်ဒုက္ခနှင့် ကြုံတွေ့နေရပါသည်။

၁။ ၄၄ ဒီဂရီစင်တီဂရိတ်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂။ စကားကို တောပြောတောင်ပြော ပြောမိ၍ အဆဲခံရသည့် ဘေးမှလည်း ကင်းဝေးကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၄ မေလ၊ ၂၀၁၉