Breaking News

အောင်ဝေး - မု န် တို င်း ထဲ က နှ င်း ဆီ


အောင်ဝေး - မု န် တို င်း ထဲ က နှ င်း ဆီ
(မိုးမခ) မေ ၅၊ ၂၀၁၉
(အောင်ဝေး- ညိုမီဂုမ္ဘာန်ညများ၊ ဆန်းစသော်တာစာအုပ်ထုတ်ဝေရေး၊ ပထမအကြိမ်၊၂၀၁၉ မတ် အမှာစာမှ ကူးယူဖော်ပြသည်)
“ငြိမ်းချမ်းရေးနှင့် စိမ်းလန်း မွှေးမြ လှပ ဘုံကဗျာ ဒဂုန်တာရာ” ဒီကဗျာလေးကို ကျနော် ဘယ်တုန်းက ရေးခဲ့တာလဲဆိုတာ၊ အခုအခါ ပြန်စဉ်းစားကြည့်တော့၊ မရေရာ မသေချာ။ ၁၉၈၈- ရှစ်လေးလုံးအရေးတော်ပုံကြီး မတိုင်ခင်ကများလား။ ဒါမှမဟုတ်၊ ဒီ သမိုင်းသစ််အရေးတော်ပုံကြီးနောက်ပိုင်းကျတော့မှပဲလား။ သေချာတာတစ်ခုကတော့၊ ကဗျာဆရာ မြင့်ဦးဦးမြင့် တောင်းလို့၊ ဒီကဗျာလေး ကျနော်ရေးပေးခဲ့တာဖြစ်သည်။ ကိုမြင့်ဦးဦးမြင့်တို့ လုပ်နေတဲ့ မော် နီတာ ဂျာနယ်အတွက်လို့ ထင်တာပဲ။ ဟုတ်ချင်မှလည်း ဟုတ်မည်။ ကြာခဲ့ပြီ။ နှစ်နဲ့ချီပြီးတော့ ကြာခဲ့ပြီ။ ဆယ်စုနှစ် သုံးခုမက ဝေးကွာလှမ်း။ ခုတော့၊ ကျနော်က လွမ်းမြိုင်ကျေးရဲ့အဝေးမှာ။ +++ ဆရာဒဂုန်တာရာကို ပထမဆုံး လူမြင်ကွင်းမှာ စတင်မြင်ဖူးတာက၊ ဆရာဗန်းမော်တင်အောင်၏ ဈာပန၊ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်မှာပဲ ဖြစ်သည်။
ဆရာဗန်းမော်တင်အောင် ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့၊ ရန်ကုန်ဆေးရုံကြီးမှာ၊ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါသည်။ ကျနော်က ဆရာကွယ်လွန်ပြီး လေးရက်အကြာ၊ အောက်တိုဘာ(၂၆)ရက်နေ့တွင် ပထမအကြိမ် ပုသိမ်အကျဉ်းထောင်က လွတ်သည်။ ကျနော်လွတ်ပြီး နောက်တစ်နေ့ အောက်တိုဘာ(၂၇)ရက်နေ့၊ ရန်ကုန်မြို့က ဆရာဗန်းမော်တင်အောင်၏ဈာပနသို့၊ ကျနော်ရောက်ရှိသွားခဲ့သည်။ အဲဒီမှာ ဆရာဒဂုန်တာရာတို့၊ ဆရာဒေါင်းနွယ်ဆွေတို့ကို လူမြင်ကွင်းမှာ ကျနော် စတင်မြင်တွေ့ဖူးခဲ့ခြင်း။ ဟောဒီ အမေရိကမှာ ၁၉၆၀-၁၉၇၀ နှစ်တွေတစ်ဝိုက် ရှင်သန်လာကြတဲ့ အမေရိကန်လူငယ်တွေဟာ၊ ဘော့(ဘ်)ဒီလန် နဲ့ ကြီးပြင်းခဲ့ကြတယ်လို့၊ သူတို့ အနောက်တိုင်းသမိုင်းဆရာတွေက ဆိုတတ်ကြတယ်။ (ဒီလန်က အဆိုတော်၊ သီချင်းရေးဆရာ၊ ဗီယက်နမ်စစ်ကိုဆန့်ကျင်ခဲ့တဲ့သူပါ။ ၂၀၁၆ မှာ စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံရပါတယ်) ဒီလိုဆိုရင်၊ ကျနော်တို့ဆီမှာကျတော့ကော။ ကျနော်တို့ဆီမှာ၊ အဲဒီ ၁၉၆၀-၁၉၇၀ နှစ်အပိုင်းအခြားမှာ ရှင်သန်ရုန်းကန်လာတဲ့ လူငယ်တွေ (အထူးသဖြင့် ကျောင်းသားတွေ)ဟာ အဓိကအားဖြင့် ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်တို့နဲ့ ကြီးပြင်းလာခဲ့ကြတယ်လို့ ကျနော်ဆိုချင်ပါသည်။ (အဓိကအားဖြင့်လို့၊ ကျနော် စကားခံထားပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ် တို့အစ၊ သိန်းဖေမြင့်၊ လူထုဒေါ်အမာ၊ မြသန်းတင့် တို့အလယ်၊ ကြည်အေး၊ ခင်ဆွေဦး၊ မောင်လေးအောင် တို့အဆုံး၊ အားလုံးဟာ အဲဒီ နှစ်ကာလများမှာ သြဇာလွှမ်းနိုင်တဲ့သူတွေပါ။ သူတို့စာတွေ ကဗျာတွေနဲ့လည်း ကြီးပြင်းခဲ့ကြရတာပါ) “ဂိုဂိုးလ် ရဲ့ကုတ်အင်္ကျီီ ကနေဆင်းသက်လာတယ်” ဆိုတဲ့၊ ရုရှားတွေရဲ့စကားကို ခဏငှားလို့ ပြောရရင်လည်း၊ ကျနော်တို့ဟာ ဒဂုန်တာရာတို့၊ ဗန်းမော်တင်အောင်တို့ရဲ့တိုက်ပုံအင်္ကျ ီ က ဆင်းသက်လာကြတာပဲ မဟုတ်လား။ ကျနော်က မစ်ရှီဂန်မဲဇာမှာ၊ လာလမ်းကို ပြန်လှည့်ကြည့်မိနေခဲ့လေသည်။ +++ ကျနော့်ကို ၁၉၅၄(ဇူလိုင် ၂၃)မှာ မွေးပါတယ်။ ဆရာဒဂုန်တာက ၁၉၁၉(မေ ၁၀) ဖွား။ ဆရာ ဗန်းမော်တင်အောင်က ၁၉၂၀(ဇွန် ၉) ဖွား။ ဒီ ဆရာသမားကြီးတွေနှင့် ကျနော်က မျိုးဆက် နှစ်ဆက်လောက် ကွာပါသည်။ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်တို့ကို ပထမမျိုူးဆက်ဟုဆိုလျှင်၊ မောင်သင်းခိုင်တို့၊ မောင်လေးအောင်တို့က ဒုတိယမျိုးဆက်ပေါ ့။ ကျနော်တို့ ၁၉၈၀ နောက်ပိုင်း ကဗျာရေးလာတဲ့ လူငယ်တွေက တတိယမျိုးဆက်ဖြစ်မည်။ ဒဂုန်တာရာနှင့် ကျနော် ဘယ်လိုထိတွေ့စွဲလမ်းခဲ့သလဲ။ “တပ်ပေါင်းစုံအားအင်ဖွဲ့ကာပ ပစ္စည်းမဲ့ မွဲတေလံတို့ ပုန်ကန်မည် တပ်ချီဆင်၍ ဓနရှင် ထွာတစ်မိုက်ကိုတော့ တိက်ခိုက်ကာ ခေတ်သစ်ချဉ်းလျှင်ဖြင့် မင်းမြစ် အကုန်လှန်၍ ဘုံနိုင်ငံ တည်ထောင်ဖြစ်တဲ့ခါ ကွန်မြူနစ် တစ်မြေအောင်မှ” (ဒဂုန်တာရာ၊ လောကအမွန်၊ ၁၉၃၉ မှ) အဲဒီကစပြီး၊ အဲဒီကဗျာကစပြီး၊ ဒဂုန်တာရာကို ချစ်မိသွားခဲ့တာပဲ ဖြစ်သည်။ နှစ်သစ်မကူးမီ၊ ဒီဇင်ဘာ၏ အနှောင်းဆုံးသော တစ်ညနေခင်းမှာ၊ ကျနော်က မစ်ရှီဂန်က ဂရင်းမြစ်ဖြတ် တံတားကြီးတစ်စင်းပေါ်ကို ချင်းနင်းဝင်တက်လာတဲ့ ဘတ်စကားကြီးတစ်စီးထဲမှာ၊ သြော် … ငါဆိုတဲ့ အပြာရောင်ဗော်လ်ရှီဗစ် တစ္ဆေတစ်ကောင်ဟာ၊ ရောက်မယ့်ရောက်နေတော့လည်း၊ ကွန်မြူနစ်တစ္ဆေအလွန်ကြောက်တဲ့ တကယ့် အရင်းရှင်စစ်စစ် နိုင်ငံကြီးမှာ ရောက်နေတာပါလား ဆိုပြီး မိမိကိုယ်မိမိ တုန်ခါလှိုက်မောနေအောင် တွေးတောဆင်ခြင်နေမိလေသည်။ ဒါပေမဲ့ … ။ ကျနော်က ကဗျာဆရာဖြစ်သည်။ ကဗျာဆရာအဖြစ် ကျနော် ဒီမှာ နေထိုင်သည်။ သူတို့တွေ ကျနော့်ကို ဖိုဘီးယား မဖြစ်။ ခက်တာက၊ ကျနော်တို့ တိုင်းပြည်မှာပဲ ခုထိ ကွန်မြူနစ် ဖိုဘီးယား ဖြစ်နေကြတာဖြစ်သည်။ +++ ဆရာဒဂုန်တာရာ၏စာတွေကို အများနည်းတူ၊ တိုးတက်တော်လှန်တဲ့ကျောင်းသားလူငယ်များနည်းတူ သင်ရိုးကျေအောင် ကျနော်ဖတ်ခဲ့သည်။ အထူးသဖြင့် ၁၉၇၆-၇၈၊ ပထမအကြိမ် ပုသိမ်အကျဉ်းထောင် သုံးနှစ်မှာ ကျနော် စာအုပ်တွေ အများကြီး ထောင်နှင့်ချီ၍ ဖတ်ဖြစ်ခဲ့သည်။ အဲဒီအများကြီးထဲမှာ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်တွေက အဓိက အများစု။ ဆရာဒဂုန်တာရာ၏ကဗျာတွေကို ကျနော်ကြိုက်သည်။ ကြည်အေးနှင့် မောင်လေးအောင်တို့၏ ကဗျာတွေကိုလည်း ကျနော်ကြိုက်သည်။ ဒါကြောင့် ကျနော်၏ အစောပိုင်းလက်ရာများတွင် ဒဂုန်တာရာ၊ ကြည်အေး၊ မောင်လေးအောင် အရိပ်သြဇာလွှမ်းသည်ဟု၊ စာပေဝေဖန်ရေးဆရာများက ဆိုကြခြင်းဖြစ်သည်။ (နောက်တစ်ယောက် ကျနော့်ကိုလွှမ်းမိုးတာ ရှိနိုင်သေးသည်။ ဒါက သခွပ်နီဖြစ်သည်) ဆရာဒဂုန်တာရာ၏ စာပေ(စာပေသစ်)အယူအဆနှင့် ပတ်သက်၍၊ မြန်မာစာပေလောကတွင်၊ ရာဇဝင်နှင့်ချီလျက်၊ ခေတ်ကာလနှင့်ယှဉ်လျက် အကြီးအကျယ် အငြင်းပွားခဲ့ကြသည်။ ဒဂုန်တာရာကို အငြင်းအပွားဆုံးပုဂ္ဂိုလ်ဖြစ်သည်၊ CONTROVERSY, CONTROVERSIAL ဖြစ်သည်ဟု၊ စာပေ ဝေဖန်ရေးပညာရှင်တွေက တညီတညွတ်တည်း သတ်မှတ်ထားခဲ့ကြသည်။ သူတို့ဝေဖန်ရေးဂယက်မုန်တိုင်းက ကျနော့်ကိုလည်း လာအဖျားခတ်သည်။ ကျနော်၏ ကဗျာအရင်းခေါက်ခေါက်ကြီး ဆရာမောင်စွမ်းရည်ကဆိုလျှင် “မြန်မာစာပေလောကတွင် ဒဂုန်တာရာ ပြီးလျှင်၊ ဒုတိယ အငြင်းပွားဆုံးပုဂ္ဂိုလ်မှာ အောင်ဝေးဖြစ်သည်” လို့ ဆန်ရင်းနာနာဖွပ် ခဲ့ဖူးသည် မဟုတ်လား။ ဒီစကား သမိုင်းဝင်လှချည်ရဲ့။ အစဉ်အလာရှိသူ၏စကား၊ အစဉ်အလာရှိသူ၏မှတ်ချက်သာ သမိုင်းဝင်သည်- တဲ့။ ကျနော်တို့ရဲ့ မြမြင့်မိုရ် ပြောလေ့ရှိသည်။ သမိုင်းဝင်သည့် ဆရာစွမ်းစကား နောက်တစ်ခွန်းရှိပါသေးသည်။ တစ်ရံရောများက၊ မြန်မာကဗျာမှာ(ခေတ်ပေါ်ကဗျာ အရွေ့တစ်ခုမှာ) ကျနော်တို့ ကာရန်စွန့်ကြတော့(ဒီလိုစွန့်တာကို မဟာဒဂုန်တာရာကတော့ တယ်မကြိုက်ချင်လှဘူး) ဆရာမောင်စွမ်းရည်က “အောင်ဝေးတို့ ကာရန်စွန့်တယ်ဆိုတာ၊ တတ်လို့စွန့်တာ” တဲ့။ ဒါက ကဗျာနဲ့ ပတ်သက်လို့။ ဝတ္ထုမှာကျတော့လည်း ကျနော်က ဒဂုန်တာရာရဲ့ ဝတ္ထုတိုတွေကို တအားကြိုက်သည်။ သူ့စကားပြေကို ကြိုက်တာ။ သူ့ရေးဟန် ဖွဲ့ဟန် နွဲံဟန်ကို နှစ်သက်တာ။ ပုဂံ စာအုပ်တိုက်ကထုတ်တဲ့(ပန်းချီတင်လှဝင်းအဖုံးနဲ့) ဒဂုန်တာရာဝတ္ထုတိုပေါင်းချုပ်စာအုပ်ကြီးကို ကျနော်ခေါင်းအုံးအိပ်ခဲ့ဖူးသည်။ ဆရာ့ဝတ္ထုတိုတွေထဲက “ညိုမီဂုမ္ဘာန်” ဆိုတဲ့ ဝတ္ထုတိုကို ကျနော် အသေအလဲကြိုက်သည်။ “သောင်းကျန်းသူ” ဆိုတဲ့ တစ်ပုဒ်လည်းရှိသေးသည်။ ဒီ နှစ်ပုဒ်က တစ်ပုဒ်နဲ့ တစ်ပုဒ် ဆက်စပ်နေတာဖြစ်သည်။ ၁၉၆၃- ၆၇၊ ဆရာဒဂုန်တာရာ အထိန်းသိမ်းခံရသည်။ ထောင်ကလွတ်လာပြီး ဆရာရေးလိုက်သည့် “ရာဇဝင်ကိုဖြတ်သန်းခြင်း” ဆိုတဲ့ ဝတ္ထုတို စကားပြေဟန်မှာ နောင်တွင် နိုင်ဝင်းဆွေ၊ သဲအိမ်မောင်နေဝါ၊ မောင်ဒေါင်းတို့ဆီကို စီးဝင်စိမ့်စွဲ သြဇာလွှမ်းခဲ့လေသလားပဲ။ ။ဤကား စကားချပ်။ ညိုမီဂုမ္ဘာန်သည် ကျနော်၏ “ငယ်” ခဲ့ဖူး၊ “နီ” ခဲ့ဖူးသော အိပ်မက်ဦးများကို ပိုင်စိုးခဲ့ဖူး၊ လွှမ်းမိုးခဲ့ဖူး၊ ချယ်လှယ်ခဲ့ဖူးပါသည်ကော။ နောင် ကျနော် တတိယအကြိမ်မြောက် ထောင်ကလွတ်လာပြီး၊ ၁၉၉၂-၉၃ လား၊ ၉၃-၉၄ လား၊ အဲဒီလောက်က၊ ရွေးမြစ်ကမ်းပေါ်က တန်၁၀ဝ ဆန်စက် ကုန်သွယ်လယ်ယာ စပါးအဝယ်ဒိုင်ကလေးတစ်ခုမှာ ခေတ္တ ခိုနားစဉ်က “ညိုမီဂုမ္ဘာန်ညများ” ဆိုပြီး ကဗျာရှည်တစ်ပုဒ် ရေးဖွဲ့ဖြစ်ခဲ့သည်။ ကျနော်တို့ရဲ့အစ်ကိုဆရာတစ်ဦးဖြစ်တဲ့ ကဗျာဆရာမောင်သင်းခိုင် မြစ်ဝကျွန်းပေါ်ကို ဒေသစာရီကြွချီလာတော့၊ ကျနော်ရှိရာ စပါးအဝယ်ဒိုင်ကလေးဆီ သူဝင်လာသည်။ တစ်ညအိပ်သည်။ ကျနော် ညိုမီဂုမ္ဘာန်ညများ ကဗျာရှည်ကို သူ့ကိုဖတ်ပြတော့၊ အစ်ကိုကြီးမောင်သင်းခိုင် ကျနော့်ပခုံးပေါ်မှာ ငိုရှာပါတယ်။ သူ့စိတ်ထဲ တစ်စုံတစ်ခု သတိရပြီး ထိခိုက်ကြေကွဲသွားဟန်တူပါရဲ့။ ခုတော့၊ မောင်သင်းခိုင်က ရိုးမအစိမ်းမှာ။ အောင်ဝေးက မစ်ရှီဂန်မဲဇာမှာ။ ခိုင်ထူးရေ … ၊ တစ်နေ့နေ့တော့ တစ်ခုခု သူ့ဆီက ကြားရတန်ကောင်းပါရဲ့နော်။ +++ ဆရာဒဂုန်တာရာနှင့် ပတ်သက်၍ အမှတ်ရစရာတွေ အများကြီးအနက်ကမှ၊ နှစ်ခုကို ပြောပြချင်လာပါသည်။ ဆရာ စက်ရုံကျေးလက်မှာနေတုန်းက ဖြစ်သည်။ ဆရာ့တူမ ဆရာမသင်းမြစန္ဒီ၏ မှော်ဘီဘောလုံးစက်ရုံ(စစ်တပ်ပိုင်)ဝန်ထမ်းအိမ်ရာမှာ နေတုန်းကဖြစ်သည်။ အမှတ်ရစရာ နှစ်ခုက အိမ်နှစ်အိမ်မှာဖြစ်သည်။ တစ်အိမ်က ရန်ကုန်ကသွားရင် ကားလမ်းဘယ်ဘက်ခြမ်းက နေအိမ်ဖြစ်ပြီး၊ နောက်တစ်အိမ်က ကားလမ်းညာဘက်ခြမ်း၊ လှမ်းမျှော်ကြည့်လျှင် ဟိုးအဝေးက ဥဿာပဲခူးရိုးမ ပြာလွလွကိုမြင်ရတဲ့ နေအိမ်မှာပါ။ ၁၉၈၈ မတိုင်မီ။ နေ့တစ်နေ့။ မန္တလေးက ဆင်းလာတဲ့ ဆရာကြည်အောင်၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်)တို့နဲ့အတူ၊ ဆရာမနုနုရည်အင်းဝနဲ့ ဆရာအောင်ကျော်တိုးတို့ ဇနီးမောင်နှံရယ်၊ ကျနော်ရယ်၊ ရှုမဝမဂ္ဂဇင်းတိုက်ကိုသွား၊ ဆရာမောင်ဆွေတင့်ကိုနှုတ်ဆက်၊ ပြီးတော့ ဆရာဦးတက်တိုးနဲ့ဒေါ်နုယဉ် ဇနီးမောင်နှံအိမ် ဆက်သွား။ အဲဒီကပြီးရင် ဆရာဒဂုန်တာရာရှိရာ မှော်ဘီကိုသွားကြဦးမှာဆိုတော့၊ ဆရာတက်တိုးတို့မောင်နှံကပါ သူတို့လည်း ဌေးမြိုင်၊ ကိုဌေးမြိုင် ဆီ လိုက်လှည့်မယ် ဆိုပြီး၊ ကားနှစ်စီးတိုက် သွားကြတာ၊ ရောက်ရောဆိုပါတော့။ (ဆရာတက်တိုးက ဆရာဒဂုန်တာရာကို ဌေးမြိုင် လို့ခေါ်ပြီး၊ ဒေါ်နုယဉ်က ကိုဌေးမြိုင် လို့ခေါ်ပါတယ်)

ရောက်တော့၊ ရောက်ရောက်ချင်း ဒေါ်နုယဉ်က ယူလာတဲ့ မိုးဝေမဂ္ဂဇင်းထုတ်၊ “ဒီမှာ ကိုဌေးမြိုင်၊ ခင်နှင်းယုက ရှင့်အကြောင်းကို ‘မဲဇာမြိုင်မှ ဆရာအိုသို့’ ခေါင်းစဉ်နဲ့ ကဗျာရေးထားတယ်။ ကျမ ဖတ်ပြမယ်၊ ရှင်နားထောင်” တဲ့။ ဒေါ်ခင်နှင်းယုရေးတဲ့ကဗျာကို၊ ဒေါ်နုယဉ်က ဖတ်ပြနေတာကို၊ဒဂုန်တာရာနဲ့အတူ၊ တက်တိုး၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ နုနုရည်အင်းဝ၊ အောင်ကျော်တိုး၊ အောင်ဝေးတို့ ငေးပြီး နားထောင်နေကြတဲ့ မြင်ကွင်းလေး။ အခု၊ မစ်ရှီဂန်မဲဇာ ရေခဲနေတဲ့ ဂရင်းမြစ်ပြင်မှာ အရိပ်များလာထင်နေလေရော့သလား။ ကျနော် ပြန်မြင်ယောင် လွမ်းမိနေပါတော့သည်။ +++ နောက်ထပ် အမှတ်ရစရာတစ်ခုက၊ ၁၉၈၈- ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းတုန်းက ဖြစ်သည်။ ကျနော်နဲ့ နေဇော်နိုင်၊ ရှေ့နေအဖွဲ့တစ်ဖွဲ့နဲ့လိုက်ပြီး၊ မှော်ဘီ အ၊ထ၊က(၂)မှာ ဒီမိုကရေစီ ဟောပြောပွဲနွှဲကြတဲ့နေ့။ ကျနော် ရှေ့နေတွေကိုခွင့်ပန်၊ အရင်ဆုံးဟော၊ ဟောပြီး စင်ပေါ်ကဆင်းတာနဲ့၊ မှော်ဘီ တပ်နယ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်လေးတစ်ဦးကို မော်တော်ဆိုင်ကယ်နဲ့ ဆရာဒဂုန်တာရာဆီ ဘောလုံးစက်ရုံကို လိုက်ပို့ခိုင်းပါတယ်။ ဒီကျောင်းသားလေး(သူ့အဖေက တပ်က ဗိုလ်မှူးတစ်ယောက်ပါတဲ့)က ခွပ်ဒေါင်းနဖူးစည်းနဲ့။ သူ့ဆိုင်ကယ်မှာလည်း ခွပ်ဒေါင်းအလံ နှစ်လက်နဲ့။ အောင်ဝေးမှာလည်း ခွပ်ဒေါင်းလက်ပတ်နဲ့။ နီလို့။ ရဲလို့။ ခွပ်ဒေါင်းအလံ တလွင့်လွင့်နဲ့၊ မော်တော်ဆိုင်ကယ်တစ်စီး အသော့နှင်နေတဲ့ မြင်ကွင်း။ ခရမ်းပြာမြင်းရိုင်းဟာ ဒုန်းစိုင်းလာနေတယ်၊ ငြိမ်းချမ်းရေးဝါဒီ အဘိုးအိုဆီ။ “ကျနော် ယုံကြည်သည်မှာ ငြိမ်းချမ်းရေးဝါဒပင်ဖြစ်သည်” ဟု၊ ဆရာဒဂုန်တာရာ ဘဝတစ်လျှောက်လုံး အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့ဖူးသည်။ ရောက်ပြီ။ အဲဒီ ငြိမ်းချမ်းရေးဝါဒီကြီးဆီ ရောက်ပြီ။ ကျနော် ရုတ်တရက်ရောက်ချလာလို့ ဆရာ အံ့သြဝမ်းသာသွားသည်။ ဆရာက သြဝါဒပေးသည်။ ဆရာဒဂုန်တာရာသည် ၁၉၃၈- ၁၃၀ဝပြည့်အရေးတော်ပုံကာလက ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားသမဂ္ဂအမှုဆောင်တစ်ဦးဖြစ်သည်။ ၁၉၃၈၊ ဒီဇင်ဘာ(၂၀) အတွင်းဝန်ရုံးဆန္ဒပြပွဲတွင် အန်ကယ်ဦးကြည်မောင်(ကာနယ်ကြည်မောင်)နှင့်အတူ တပ်ဦးက အလံကိုင်ချီတက်ခဲ့သူဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ဖြန့်ဝေရန် ကျနော်လုပ်နေသည့် “တိုက်ပွဲအနုပညာ- ART OF STRUGGLE” ဆိုတဲ့ စာစဉ်လေးအတွက်၊ ကျနော်က တောင်းဆို၍၊ ဆရာဒဂုန်တာရာ သည် မှတ်ချက်တစ်ခုပေးပါသည်။ “၁၃၀ဝ ပြည့်အရေးတော်ပုံပြီးလျှင်၊ နောက်ထပ် သမိုင်းသစ်အရေးတော်ပုံ” “ညီညွတ်ကြပါ “ “တပ်ပေါင်းစုဖွဲ့ပါ” နောက်တော့၊ စစ်တပ်က အာဏာသိမ်းသွားပြီး၊ ကျနော် ပုန်းရင်း၊ ရှောင်တိမ်းရင်း၊ ခြံနံပါတ်(၅၄)မှာ ခိုလှုံရင်း၊ ပြန်ကြားရတာက၊ ဆရာ့ဆီ ကျနော်လာသွားတာနဲ့ ပတ်သက်လို့၊ တပ်မတော်ထောက်လှမ်းရေးက ဆရာ့ကိုခေါ်မေးတယ်။ ခေါ်စစ်တယ်ပေါ ့။ သတိကြီးစွာပေးတယ်။ ခြိမ်းခြောက်တယ်ပေါ ့။ အဲဒီသတင်းက စစ်အာဏာသိမ်းပြီးစ မြို့ပျက်ကြီးမှာ၊ တောမီးလို တစ်မုဟုတ်ချင်း ပျံ့နှံ့ သွားခဲ့တော့သည်။ ပြီးတော့၊ ရယ်စရာလိုလိုနှင့်၊ စာပေလောကသားတချို့တွေ ကျနော့်အပေါ် ဝေဖန်ထိုးနှက် အပြစ်တင်ကြတော့သည်။ သြော် … အောင်ဝေးက ဒဂုန်တာရာကို ဒုက္ခပေးသတဲ့လား။ နှင်းမုန်တိုင်းတွေကြားထဲမှာ မြင်းရိုင်းတစ်ကောင် ဒုန်းစိုင်းနေတယ်။ အဲဒါ အောင်ဝေးပဲ။ အောင်ဝေးဟာ ဒဂုန်တာရာကို ဘယ်တုန်းကမှ ဒုက္ခ မပေးခဲ့ဖူးပါဘူး။ ဘယ်တော့ကမှလည်း သစ္စာ မဖောက်ခဲ့ဖူးပါဘူး။ ဟောဒီ မစ်ရှီဂန်မဟာနန္ဒာကန်ကြီးကို တိုင်တည်ပြီး ကျနော် ပြောဝံ့ရဲပါသည်။ +++ ခုတော့ လွမ်းသည်။ သမိုင်းသည် လွမ်းစရာ။ လွမ်းတတ်သူသာ သမိုင်းဝင်သည် တဲ့။ အခု မစ်ရှီဂန်မဲဇာမှာ ငါလွမ်းနေတဲ့အလွမ်းက သမိုင်းဝင်တဲ့အလွမ်း၊ သိက္ခာရှိတဲ့အလွမ်းပါလား။ မစ်ရှီဂန် မဲဇာမှာ အိမ်လွမ်းသူ အောင်ဝေး။ ပြည်ပြေး။ အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ကဗျာကို မွေးဖွားပေးတယ်လို့ ဆိုတယ်။ ငါ ့ကဗျာတွေဟာ ငါ ့သမိုင်းပဲ။ ဆရာဒဂုန်တာရာ ၂၀၁၃(သြဂုတ် ၂၀) အောင်ပန်းမြို့ကလေးမှာ ကွယ်လွန်သွားသည်။
ပြည်ပြေးဟာ မစ်ရှီဂန်မဲဇာကနေ လွမ်းစာဖွဲ့သည်။ ဒဂုန်တာရာ ၁၉၁၉(မေ ၁၀) ဖွား။ တစ်မြန်နှစ်တွေက ဒဂုန်တာရာ၏အရိုင်း နှစ် ၁၀ဝ ပြည့်သည်။

အောင်ဆန်း(သို့မဟုတ်) အရိုင်း။ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်(၁၉၁၅- ၂၀၁၅)။ ဗ က သ အမေ နှစ် ၁၀ဝ ပြည့်သည်။

ဗ က သ အမေ(သို့မဟုတ်) အမေလူထုဒေါ်အမာ ရာပြည့်(၁၉၁၅- ၂၀၁၅)။ မနှစ်က ဒဂုန်တာရာ၏ကဗျာ နှစ် ၁၀ဝ ပြည့်သည်။ ဗဟိန်း(သို့မဟုတ်)ကဗျာ။ သခင်ဗဟိန်းရာပြည့်(၁၉၁၇- ၂၀၁၇)။
မနေ့တစ်နေ့က ဒဂုန်တာရာ၏ချစ်လှစွာသော အလံကိုင်ရဲဘော်ကြီး နှစ် ၁၀ဝ ပြည့်ခဲ့သည်။ NLD ဦးကြည်မောင်(ကာနယ်ကြည်မောင်) ရာပြည့်(၁၉၁၈- ၂၀၁၈)။ အခု ၂၀၁၉ ဆိုရင်၊ ဆရာဒဂုန်တာရာကိုယ်တိုင် နှစ် ၁၀ဝ ပြည့်မည်။ ဒဂုန်တာရာရာပြည့် (၁၉၁၉- ၂၀၁၉)။ နောက်တစ်နှစ်၊ ၂၀၂၀၊ ဒဂုန်တာရာ၏ နရသိန်အကျဉ်းထောင်တွင်းက သူပုန်အကျဉ်းသား ကြီး နှစ် ၁၀ဝ ပြည့်လဦးမည်။ ဗန်းမော်တင်အောင်ရာပြည့်(၁၉၂၀- ၂၀၂၀)။ ထို့အတူ၊ ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့၊ အင်းလျားဆောင်သူ မအမာတို့၊ ကိုဌေးမြိုင်တို့၏ ရန်ကုန်တက္ကသိုလ်တော်ကြီးသည်လည်း ၂၀၂၀ မှာ နှစ် ၁၀ဝ တင်းတင်း ပြည့်လချေဦးတော့မည်။ ရန်ကုန်တက္ကသိုလ်ရာပြည့်(၁၉၂၀- ၂၀၂၀)။ ဒါတွေဟာ သမိုင်းတွေပဲ မဟုတ်လား။ ဒီ သမိုင်းတွေကိုမှ မလွမ်းရင်၊ ဘယ်သမိုင်းကို လွမ်းကြရဦးတော့မှာလဲဗျာ။ ကျနော်ကတော့ လွမ်းလိုက်ပါပြီ။ ဆရာဒဂုန်တာရာရာပြည့်ပွဲကို ကျနော် မျှော်တွေး ရင်ခုန်နေမိပါပြီ။ ဒဂုန်တာရာလို့ပြောလိုက်တော့၊ မောင်လေးအောင်ကိုလည်း ကျနော် လွမ်းမိသွားသည်။ “ဒဂုန်တာရာက စ မောင်လေးအောင် အဆုံး ပန်းတစ်ကုံးပဲ ဖြစ်ပါတယ်” တဲ့။ အဲဒီ ကဗျာ ရေးခဲ့တဲ့ သခွပ်နီ ကိုလည်း ကျနော် သတိရသည်။ +++ နှင်းမုန်တိုင်းထဲမှာ မြင်းရိုင်းတစ်ကောင် ဒုန်းစိုင်းနေပါသည်။ သတိရခြင်းမှာ နှင်းဆီပန်းများ ပွင့်ပါသည်။ ။ အောင်​​ဝေး (ဒီဇင်ဘာ ၃၁၊ ၂၀၁၈)