Breaking News

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၄၁၁)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၄၁၁)
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၉
ဦးဖေမောင်တင်မှသည် ဇော်ဂျီသို့ .... ဇော်ဂျီမှသည် မောင်အောင်မွန်သို့

(၁)
အစဉ်အလာကို ထိန်းသိမ်းသောရွာတွင် စည်းကမ်းကိုတန်ဖိုးထား လိုက်နာကျင့်သုံးသည့် မိဘကမွေးဖွားသောကြောင့် စကားပြော စာရေးလျှင် မှန်ကန်ရှင်းလင်းစွာ ပြောဆိုရေးသားခဲ့ရပါသည်။ ရွာကစာသင်ကျောင်းကလည်း ကျွန်တော်တို့အား ထိုအတိုင်းသင်ပေးခဲ့သည်။

ပဲခူးမြို့ ABM ကျောင်းသို့ ရောက်သွားပြန်တော့လည်း မြန်မာစာကို အလေးထားသင်၏။ ခရစ်ယာန် သာသနာပြုကျောင်းက ကျောင်းသားများ မြန်မာစာညံ့လျှင် ကျောင်းနာမည်ပျက်နိုင်၍ ဂရုစိုက်သင်ပေးသည်။ ရန်ကုန်တက္ကသိုလ်ကစစ်သော တက္ကသိုလ်ဝင်စာမေးပွဲအတွက် အဆင့်မြင့် မြန်မာစာအုပ်များ ပြဌာန်းပြီး အဆင့်မြင့်မေးခွန်းများကို ဖြေဆိုအောင်မြင်ရဖို့ အထူးလိုအပ်ပါ၏။

သည်လိုနှင့် ၁၉၅၃ ခု၊ နှစ်တွင် ကျွန်တော် ရန်ကုန်တက္ကသိုလ်ရောက်လာပြီ။

(၂)
ထိုခေတ်ထိုအခါက ကျွန်တော်တို့ဖတ်ရသော သတင်းစာတွေက များပြားစုံလင်လှပါဘိ။ လက်ဝဲယိမ်း လက်ယာယိမ်း သူတို့ချင်းလည်း တိုက်ကြခိုက်ကြပါ၏။ သို့သော် မြန်မာစာအရေးအသားကမူ သတင်းဆိုလျှင် ဖတ်သူတို့ အမြန်ဆုံးအရှင်းဆုံး သိနားလည်အောင်ရေးသားရာ၌၊ ဆောင်းပါးများ ခန့်ညား၊ ခေါင်းကြီးပိုင်များ တည်ကြည်ကြရာ၌ သတင်းစာအားလုံး လာတူ နေကြသည်။ မြန်မာစာကို အဲသလိုတန်ဖိုးထားကြသကိုး။

တစ်ဖန် ရှုမဝ၊ သွေးသောက်၊ တာရာ၊ ပဒေသာ စသော မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ လုံးချင်းဝတ္ထုများ ဖတ်ချင်ရာကိုဖတ် နားလည်၏၊ အရသာခံနိုင်၏။ ကျမ်စာအုပ်များဆို ပိုလို့တောင် ဂရုစိုက်ရေးသားကြရသည်။ ဟောပြောပွဲများ သွားနားထောင် မလား၊ နိုင်ငံရေး၊ စာပေ၊ အနုပညာ၊ ကျန်းမာရေး-- ရှင်းလင်းပြတ်းသားသမို့ နားထဲလျှောကနဲ ဝင်သွား၏။

ခေတ်ကောင်းစဉ်က မြန်မာပြည်တွင် မြန်မာစာရယူခဲ့သော အဆင့်နေရာ။

(၃)
ရန်ကုန်တက္ကသိုလ်နယ်မြေထုတ် စာစောင်များတွင် ကျောင်းသားများကလောင်သွေးကြ၏။

ကျွန်တော်လည်း ဝတ္ထုတိုလေးတွေ စမ်းသပ်ရေးသားသည်။ ကျွန်တော်တို့ဆရာဦးလှရွှေအပြင် ပါမောက္ခဦးအေးမောင်၊ ကထိကဦးကျော်ရင်တို့နှင့်ပါ သိခွင့်ရလာသည်။ ကျွန်တော်တို့ပျော်သော တကသတွင် ရဲဘော်မောင်မောင်ညွန့် (ညွန့်ကြူး) မိတ်ဆက်ပေး၍ ဆရာမင်းသုဝဏ်နှင့် သိခွင့်ရပြန်၏။ ထိုဆရာကြီးတို့က အခါအခွင့်သင့်တိုင်း ကူညီသင်းပေးစမြဲပင်။

တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းနှင့် တကသအာဘော် အိုးဝေမဂ္ဂဇင်းတို့တွင် မောင်အောင်မွန် ပုံမှန်ဝတ္ထုတိုလေးတွေ ရေးဖြစ် လာပြီ။

(၄)
အကြောင်းကိစ္စတစ်ခုကြောင့် တက္ကသိုလ်စာကြည်တိုက်မှူး ရုံးခန်းသို့ရောက်သွားသည်။

တကယ်တော့လည်း စာကြည့်တိုက်မှူး ဦးသိန်းဟန်ထံ သွားခြင်းမဟုတ်ပဲ ဆရာဇော်ဂျီနှင့်တွေ့ဖို့ပါ။ ကံကောင်းချင်တော့ စကားပြောရန် အဖေါ်လိုနေဟန်တူသော ဆရာဇော်ဂျီက အတော်ပဲ လာ ထိုင်ကွာဟု ကြိူဆို၏။ ဆရာပြောသည်ကို ထိုင်နားထောင်လိုက်ရသည်မှာ စာအုပ်များစွာ ဖတ်ရသည့်အလား ဗဟုသုတ များစွာရလိုက်သည့်ပြင်လာခဲ့ဦးဟူ၍ပင် ဖိတ်လိုက်သေး။

ကိုယ့်နားကပင် မယုံချင်။

မင်းရေးတာလေးတွေ လူပြောသူပြောများလို့ ဆရာဖတ်ကြည့်ချင်တယ်၊ Printed ဖြစ်ပြီးသားနော် (၃)ပုဒ်လောက်ယူခဲ့ဟုဆို၍ သွားပေးခဲ့သည်။ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းထဲက တဝက်တပျက် (ထိုစဉ်က စာလုံးပေါင်း) ဝတ္ထုတိုက အမှားများကို ခဲတံဖြင့်ပြင်ပေးရင်း ဆရာကမေးသည် ဘာဖြစ်လို့ဆက်မရေးလဲ-- ကောင်းသားပဲဟု။

မှားမှာကြောက်လို့ပါဆရာ။

ခဲတံရေးလို့မှားရင် ခဲဖျက်နဲ့ဖျက်လို့ရတယ်၊ မင်တံနဲ့ရေးလို့မှားသွားရင် မင်တံနဲ့ဖျက်လို့ရပါတယ်ကွာ။
ဟာ ဆရာရယ်-- Printed ကြီး--၊

ဆရာဇော်ဂျီက ရယ်မောပြီး Printed ကိုလည်း Printed နဲ့ပြင်လို့ရပါတယ်၊ ကျောက်စာမှားလည်း ကျောက်စာနဲ့ပြင်လို့ ရပါတယ်--၊ အေး ပြင်လို့ရတယ်ဆိုပြီး မှားလိုက် ပြင်လိုက် ထပ်မှားလိုက် ထပ်ပြင်လိုက်--ကြာတော့ စာဖြစ်မလာပဲ အမှားပြင် ဆင်ချက်ကြီး ထွက်လာလိမ့်မယ်။ မမှားချင်ရင် စရေးကတည်းက မှန်အောင် ကြိုးစားရေးပေါ့နော်--စသဖြင့် စိတ်ရှည်လက်ရှည် သွန်သင်ပေးသည်။

ပြန်ခါနီးတွင် ဆရာက မှားမှာကြော်ရုံတင်ပဲလား--ရှက်ကောမရှက်ဘူးလားဟု။

ဟာ မှားသွားရင် ရှက်တာပေါ့ဆရာရယ်--။

ကျွန်တော့်အဖြေကို နားထောင်ရင်း ဆရာဇော်ဂျီက ပြုံးကာခေါင်းညိတ်ကျန်ခဲ့သည်။

(၅)
တစ်ခါသော် ဆရာဇော်ဂျီက ကောက်ကာငင်ကာ မေးလိုက်၏။

မင်းနဲ့စကားပြောကြည့်ရင်း မင်း စာတော်တော်ဖတ်ပုံရတယ်--၊ ခု စာလည်းရေးနေပြီ-အဲဒီတော့ မြန်မာစာအရေးအသား ကျမ်းစာအုပ် ဘယ်နှစ်အုပ်လောက် ဖတ်ထားလဲ-- စာအုပ်နာမည်တွေပြောပြပါ--။ ကျွန်တော်ရှက်လည်းရှက်--ကြောက်လည်းကြောက်-- ဆရာ့မျက်နှာကိုလည်း မကြည့်ရဲနှင့် ထွက်ပြေးချင်ပြီ။ ကျမ်းစာအုပ်များမဆိုထားနှင့် ဆောင်းပါးများပင် ဟုတ်တိပတ်တိ ဖတ်ဖူးသည်မဟုတ်ပဲကိုး။

အတန်ကြာတော့မှ ဖတ်သင့်သော စာအုပ်များညွှန်ဖို့ တောင်းပန်ရသည်။

ဆရာဇော်ဂျီညွှန်းသော နံပါတ်(၁) က ဆရာကြီး ဦဖေမောင်တင်ရေးသော မြန်မာသဒ္ဒါနှင့်အသုံးအနှုန်း။ တို့များရဲ့ ဆရာရင်း သာမက မြန်မာစာဒီအဆင့်ရောက်အောင် ကြိုးပမ်းမြှင့်တင်လာခဲ့သူဆရာကြီးကွဟုလည်း ဆရာဇော်ဂျီက သူတို့တတွေ ကျောင်းသားဘ၀ အခြေအနေများကိုပြောပြသည်။

ကျွန်တော်ကမူ ဥပစာတန်း (က) နှင့် (ခ) တွင်သာ မြန်မာစာသင်ခဲ့ရ၏။

ဆရာကြီးဖေမောင်တင်အား တွေ့ဖူးမြင်ဖူး၊ ဆရာကြီးရေးသော စာအုပ်များဖတ်ဖူး ဟောပြောပွဲများသာ နားထောင်ဖူးသော် လည်း တပည့်ဖြစ်ဖို့ အလှမ်းကွာဝေးလှပါဘိ။ သို့သော်လည်း ဆရာဇော်ဂျီမှတဆင့် ရလိုက်၍ နှစ် (၆၀) ခန့်ကြာလာသည့်တိုင် ယခုဤဆောင်းပါးရေးချိန်၌မှာပင် ဆရာကြီး ဦဖေမောင်တင်ရေးသော မြန်မာသဒ္ဒါနှင့်အသုံးအနှုန်းစာအုပ် ဘေးတွင်ထားပြီး ကိုးကားနေရဆဲပါ။ အလားတူ အခြားစာအုပ်လည်း (၁၀) အုပ်ခန့် ကိုးကားထားရှိ၏။

(၆)
မြန်မာနိုင်ငံသမိုင်းတွင် မျိုးချစ်စိတ် အပြင်းထန်ဆုံးအချိန်၌ မြန်မာစာ ဘယ်အဆင့်ရောက်နေသနည်း။

ကျွန်တော်စာရေးလာသည်မှာလည်း နှစ်(၆၀) ကျော်လာပါပြီ။ ဆရာကောင်းများ၏ သွန်သင်မှုများ မကြုံစဖူးရခဲ့ပါ၏။ ဆရာ ဇော်ဂျီပြောသော မြန်မာလိုရေးရင်မြန်မာသဒ္ဒါနှင့်အသုံးအနှုန်းနဲ့ ကိုက်ညီအောင်ရေး- မြန်မာလိုပြောရင် အသံထွက် စကား လုံးလည်း အသုံးအနှုန်းမှန်အောင်ပြောတတ်ရမယ်ကွ ဆိုသည်က ကျွန်တော့်အရိုးထဲစွဲနေ၏။

(၇)
ယနေ့မြန်မာပြည်တွင် အစိုးရအမိန့်ပြန်တမ်း၊ ကြေညာချက်၊ မိန့်ခွန်းစသည်တို့ကအစ သတင်းစာ တို့၏အရေးအသားများ၊ အသံလွှင့်စသော အပြောအဆိုများအလယ် နေ့စဉ်လူတကာသုံး မြန်မာဘာသာစကား ဘယ်အခြေအနေ ရောက်နေပြီလဲ၊ မြန်မာစာ Ph.D တွေ အကန်တော့ခံတွေ အပူဇော်ခံတွေ စိတ်ဝင်စားကြ ပါလေစ။

Facebook တွင် ရေးနေကြသော မြန်မာစာ၊ အဘယ်ပညာရှင်က တည်ထွင်လိုက်ပါသနည်း။

ကျွန်တော်ရေးသောစာကို တာဝန်ခံသည်၊ မှားကြောင်းထောက်ပြသူများအား ကျေးဇူးစကားဆိုကာ အမြဲပြင်၏။ မြန်မာစာ Ph.D ဘွဲ့မရ၍ တစ်နှင့်စာလုံးမပေါင်းတတ်သော ဆရာကြီးများခမျာ သူတို့စာများ အပြင်ခံနေရသည်ကို မြင်ရပါလျှင်-- ရှိခဲ့ ရေးခဲ့တာတွေကို ရှိရင်းစွဲအတိုင်းထားရတယ်လေ၊ မပြင်ကောင်းဘူးဟု ဆရာဇော်ဂျီအသံ ကျွန်တော်ကြားယောင်နေသည်။
ကျွန်တော်ရေးသော စာကိုခေတ်မမီ နားမလည်ကြလည်း မတတ်နိုင်ပါ။ ဦးဖေမောင်တင်မှသည် ဇော်ဂျီသို့ ဇော်ဂျီမှသည် မောင်အောင်မွန်သို့ လက်ဆင့်ကမ်းခဲ့သည်ကနေ သွေဖီကာပြောဆို ရေးသားရမှာ ရှက်လည်းရှက ်ကြောက်လည်းကြောက်ဟု တွေးမိကြောင်းပါ။

၂၀၁၉ ခု၊ ဇွန်လ (၂၁) ရက်နေ့။