Breaking News

စိုးစံထိုက် ● သွေးလိုသူနှင့် သွေးလှူသူကြား အရေးပါနေသော Facebook

စိုးစံထိုက် ● သွေးလိုသူနှင့် သွေးလှူသူကြား အရေးပါနေသော Facebook
(မိုးမခ) ဇွန် ၁၂၊ ၂၁၀၉

ဒေါ်ရွှေအိမ်စည်သည်  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာမြို့ကြီးတို့မှ ဆေးရုံများသို့ ရောက်ဖူးခြင်း မရှိပေ။ သို့သော်လည်း ထိုဆေးရုံများရှိ သွေးအလှူရှင်ကွန်ရက်စာရင်းတွင် သူ့အမည်၊ ဖုန်းနံပတ်တို့ ရှိနေသည်။

သူ၏ နေ့စဉ်အလုပ်များထဲတွင် မည်သည့်ဆေးရုံမှ လူနာ မည်သည့်သွေးအမျိုးအစား လိုနေကြောင်း သွေးကုသိုလ်ကွန်ရက်-ရွှေအိမ်စည် အမည်ရှိ Facebook စာမျက်နှာတွင် အသိပေး ရေးသားခြင်းလည်း ပါဝင်သည်။

"ဟယ်ပင်ကလေးဆေးရုံ အထူးကြပ်မတ်ဆောင်လူနာအတွက် #A သွေး ၃ လုံး လိုအပ်ပါတယ်။ လူနာရှင်တိုက်ရိုက်ပါ ကု သိုလ်ပြုလိုပါက ဖုန်းထားပေးပါ။ လူနာရှင်မိသားစု ပြန်လည်ဆက်သွယ်ပါမည်" ဟု ထိုစာမျက်နှာတွင် မေ ၂၈ ရက်နေ့က ရေးလိုက်သည်။

နာရီပိုင်းအတွင်းမှာပင် သွေးလှူမည့်သူက ဆက်သွယ်လာရာ သွေးအလိုရှိကြောင်း ကြေညာချက် အပေါ်ဆုံးတွင် "သွေးကု သိုလ်ရှင်ရပြီ" ဟူသော စာတန်း ဖြည့်စွက်လိုက်သည်။

"သွေးအလှူ ရှင်ပေါ်လာရင် လူနာရှင်နဲ့ တိုက်ရိုက်ချိတ်ပေးတယ်။ သွေးလှူရှင်လည်း လူနာကို ကယ်ပေးနိုင်တာကို တွေ့ရ တော့ သဘောကျတယ်" ဟု ရန်ကုန်၊ တာမွေမြို့နယ်တွင် နေထိုင်သော ဒေါ်ရွှေအိမ်စည်က ပြောသည်။

ဤသို့ဖြင့် မြန်မာပြည်တွင် အသုံးတွင်ကျယ်နေသော Facebook သည် သွေးလိုအပ်သူနှင့် သွေးလှူဒါန်းနိုင်သူတို့ကြား ပေါင်းကူးပေးရာတွင်  အရေးပါ၊ လူသုံးများသော ကြားခံ ဆက်သွယ်ရေး ဖြစ်လာသည်။

ဒေါ်ရွှေအိမ်စည် ဦးဆောင်သော သွေးကွန်ရက်ကဲ့သို့သော    ပရဟိတ အသင်းများမှအစ အစိုးရ၏ သွေးလှူဘဏ်အဆုံး Facebook ကို အသုံးပြုပြီး လူနာအများအပြား၏ အသက်ကို ကယ်တင်နေကြသည်ကို တွေ့နိုင်သည်။

● အမျိုးသားသွေးဌာန
သွေးလှူဘဏ်ကို အမည်ပြောင်းထားသော အမျိုးသားသွေးဌာနသည်လည်း ဆိုရှယ်မီဒီယာကို ကောင်းစွာ အသုံးပြုခြင်းဖြင့် သွေးစေတနာရှင်များကို စည်းရုံးလျက်ရှိသည်။

ဆေးရုံအသီးသီးတွင် နေ့စဉ် လိုအပ်နေသော သွေးမျိုးစုံကို ပုံမှန် ထောက်ပံ့ပေးနိုင်ရန် National Blood Center အမည်ဖြင့် Facebook စာမျက်နှာ ဖွင့်ထားပြီး လှုပ်ရှားမှု သတင်း၊ ဓာတ်ပုံများကို အဆက်မပြတ် တင်ဆက်နေသည်ကို တွေ့နိုင်သည်။ သွေးလှူရှင် ရရှိရန် ရန်ကုန်ရှိ ကုန်တိုက်များ၊ ပရဟိတ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဌာန၏ ဝက်ဆိုက်တွင်  သွေးအမျိုးအစားလေးခု လက်ကျန်စာရင်း အပါအဝင် သတင်းအချက်များ  ဖော်ပြထားပြီး သွေးလှူ လိုသူတို့ အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းနိုင်ရန် စီစဉ်ပေးထားသည်ကိုလည်း တွေ့ရသည်။

၂၀၁၇ နှင့်၂၀၁၈ ခုနှစ်ကြား သွေးရရှိမှုနှုန်း ၄ဝ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းသည် Facebook မှ တစ်ဆင့် စည်းရုံးခြင်း နှင့်လည်း ဆက်စပ်နေဖွယ်ရှိသည်။

အမျိုးသားသွေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်ကို မကြာသေးမီက သီးသန့် တွေဆုံမေးမြန်းစဉ် ၎င်းက  ရန်ကုန်မြို့ အတွင်း ဆေးရုံများ၏ သွေးလိုအပ်ချက်ကို  ၆၉ ဒသမ ၃ ရာခိုင်နှုန်းသာ ထောက်ပံ့ ပေးနိုင်သောကြောင့် အစိုးရဆေးရုံများကိုသာ ဦးစားပေးနေသည်ဟု  ပြောသည်။

အထူးကုဆေးရုံများတွင် အရေးပေါ်လိုအပ်လာလျှင် သက်ဆိုင်ရာ ဆရာဝန်က အမျိုးသားသွေးဌာနကို တိုက်ရိုက် ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

"စေတနာ သွေးအလှူရှင် ရှာရတာ အရမ်းခက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက လှိုင်သာယာ ဆေးရုံမှာ သွေးလှူပွဲ ကျင်းပတယ်။ ကျွန်မတို့ သွေးဌာနက သွားပြီး စစ်ဆေးတာတွေ လုပ်ပြီး သိမ်းဆည်းပေးပါတယ်။ လိုအပ်တဲ့အခါ ပြန်လာထုတ်ပါတယ်။ သွေးအလှူရှင်ကို သူတို့ပါ ဝိုင်းရှာပေးတဲ့ အတွက် ပိုပြီး အဆင်ပြေပါတယ်" ဟု ဒေါက်တာသီတာလွင်က ပြောသည်။

အလှူရှင်တို့ထံမှ ရလာသော သွေးကို သွေးနီဥ၊ သွေးဥမွှား၊ သွေးရေကြည် ဟူသော အစိတ်အပိုင်းသုံးခုကို ခွဲထုတ်ကာ သိမ်းဆည်းကြောင်း၊ ရောဂါ ဝေဒနာ မတူညီသော လူနာသုံးဦးကို အရေးပေါ် အခြေအနေတွင် ကုသ ကယ်တင်နိုင်ကြောင်း သိရသည်။

စေတနာရှင်များ လာရောက် လှူဒါန်းသော သွေးကို   အဆင့်ဆင့် စစ်ဆေးခြင်း၊ အုပ်စုခွဲခြင်း ၊ သတ်မှတ်ထားသော အပူချိန် အတိုင်း  ထိန်းသိမ်းခြင်း အစရှိသော နည်းပညာများအတွက်  နှစ်စဉ် သိန်းပေါင်း ၁၄,ဝဝဝ  ခန့် ကုန်ကျ ကြောင်း သိရသည်။

သွေးဌာနသို့ ရောက်လာသော စေတနာရှင် အရေအတွက်မှာ ၂၀၀၃ ခုနှစ်က လစဉ် ၃,၅၀၀ ခန့် ရှိခဲ့သည်။ ယခုအခါ ထိုအရေအတွက်၏ နှစ်ဆ ရှိလာပြီဖြစ်သည်။

သွေးဌာန၏ Facebook စာမျက်နှာတွင် အများပြည်သူကို ဆက်သွယ်၊ ရေးသား၊ စည်းရုံးသည့်အခါ နှစ်လိုဖွယ်ရှိသည်ကို တွေ့ရသည်။

ပြင်ပတွင်လည်း အလုပ်သဘောအရ ဆက်ဆံသည့်အခါ ထိုအတိုင်း ဖြစ်သင့်သည်ဟု ရန်ကုန်၊ လှိုင်မြို့နယ်မှ အကြိမ် ၃ဝ ကျော် သွေးလှူဖူးသူ ဦးမျိုးညွန့်မောင်က ပြောသည်။

သွေးလက်ခံဌာန ဝန်ထမ်းတချို့အနေဖြင့် အချိန်ပေးပြီး လာရောက်သော သွေးလှူရှင်များနှင့် ပြောဆို ဆက်ဆံရေးတွင် ပြုပြင်ပြောင်းလဲသင့်သည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

"လာလှူသူအပေါ် ဆက်ဆံပုံတွေ မကြိုက်ဘူး။ ဒါက ကျွန်တော့်အမြင်ပါ" ဟု ဦးမျိုးညွန့်မောင်က ပြောသည်။

● လူနာရှင်တို့ သတိပြုရန်
သွေးလှူသူတို့ မှတ်ပုံတင်နိုင်သည့်အစီအစဉ်ကို Facebook ကုမ္ပဏီက ၂ဝ၁၇ တွင် အိန္ဒိယနိုင်ငံအတွက် အစပြုခဲ့သည်။ ကမ္ဘာ့အင်အားကြီးဆိုရှယ်မီဒီယာဖြစ်လာသော Facebook က သွေးလှူလိုသူများနှင့် သွေးလှူဘဏ်များကြား  ချိတ်ဆက် ပေးခြင်းပင်။ သွေးလှူဘဏ် သို့မဟုတ် သွေးဌာနတစ်ခုခုက သွေးအရေးပေါ် လိုအပ်မည်ဆိုပါက သွေးလှူမည်ဟု အာမဘ န္တေခံထားသူတို့ကို Facebook က လှမ်းပြီး အချက်ပြသည့် အစီအစဉ်ဖြစ်သည်။

နောက်ပိုင်းတွင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးတို့တွင်လည်း ထိုအစီအစဉ်ရောက်ရှိသွားသည်။ Facebook တည်ရှိရာ အမေရိကန်ပြည်ထောင်စုတွင် လာမည့် လအနည်းငယ်အတွင်း ထိုအစီအစဉ်ကို မိတ်ဆက်ပေးမည်ဟု သိရကြောင်း အမေရိ ကန်အခြေစိုက် MobiHealthNews သတင်းတစ်ပုဒ်တွင် ဖေဖော်ဝါရီလလယ်ပိုင်းက ဖော်ပြထားသည်။