Breaking News

သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၃)


သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၃)

မိုးမခစာအုပ်စင် ကောက်နုတ်ချက်၊ ဇွန် ၁၂၊ ၂၀၁၉

လွှတ်တော်စာရေးကြီးအရာ

ဤကဲ့သို့ အမှာတော်ရေးအရာနှင့် လွှတ်တော်တွင် ထမ်းရွက်နေစဉ် အတွင်း မန္တလေးရပ်၌ မြို့နန်းတည်ထောင်ရန် အခမ်းအနားရှိသည်များကို ဝန်ရှင်တော် မြတောင်မြို့စား သေနတ်ဝန်မင်းကြီး ဆင့်ဆိုရာ နာခံထမ်းရွက် ရလေရာ (၇) ဌာနနှင့်တကွ အရပ်ရပ်ကို လုပ်ဆောင်တည်ထားရန် အဆောက် အအုံဌာန ရှိသည်များကိုလည်း တိုင်းတာမှတ်သား စနစ်ပုံစံရေး၍ ဘဝရှင် မင်းတဗရားကြီးထံ မပြတ်တင်လျှောက်ခြင်းကို အားရနှစ်သက်တော်မူသော ကြောင့် သက္ကရာဇ် ၁၂၁၉ ခုနှစ် (ခရစ် နှစ် ၁၈၅၇ ခုနှစ်) တွင် လွှတ်တော် စာရေးကြီးအရာသို့ တိုးမြှင့်ခန့်ထားတော်မူပြန်သည်။

သက္ကရာဇ် ၁၂၂၀ ပြည့်နှစ် (ခရစ် ၁၈၅၈) အတွင်း စာရေးတော်ကြီး သပြေငါးရွာစားအရာနှင့် ထမ်းရွက်နေစဉ် 'မောင်တိုးရွှေတောင်နန္ဒသူတို့ ရေးသားသည့် ရာမရကန်၊ ငွေတောင်ရကန်များသည် နာပျော်ဖွယ်မျှသာ သမ္ဖပ္ပလာပ ဖြစ်သောကြောင့် အကျိုးကျေးဇူးမများချေ။ သို့ဖြစ်၍ နာပျော်ဖွယ်လည်း ဖြစ်အောင်၊ အကျိုးကျေးဇူးလည်းများအောင် မဟာနိပါတ် နေမိဇာတ်တော်ကို ရကန်ရေးသား ဆက်သွင်းစေရမည်' ဟု မိန့်တော်မူသော ကြောင့် 'မင်္ဂလာအောင်ကိန်း' ချီ 'နေမိရကန်' ကို ရေးသားဆက်သွင်း ခဲ့ရလေသည်။

ထိုအတောအတွင်း 'ရတနာပုံရွှေမြို့တော်ကြီးတည်စာတမ်းလို ရေးသားဆက်သွင်းရမည်' ဟု အမိန့်တော်မြတ်အရ 'မြို့တည်စာတမ်း' အချီး နိဒါန်းစကား ရေးသားဆက်သွင်းရာ အားရကျေနပ်တော်မူ၍ စာရေး တော်ကြီးတို့ အစဉ် သနားတော်မြတ်ခံရမြဲထက် တိုးတက်ချီးမြှင့်ကာ 'မဟာမင်းကျော်စည်သူ' ဟူ၏။ 'မဟာ' ဘွဲ့နှင့် ကတ္တီပါဗောင်း၊ ရွှေစလွယ် ၉ သွယ် စသော အစီးအနင်း၊ အဆောင်အရွက်များကို ပေးသနားတော်မူခဲ့ပြန် သည်။

ထို့နောက် သက္ကရာဇ် ၁၂၂၂ (ခရစ် ၁၈၆၀) ခုနှစ်၌ သပြေငါးရွာစား စာရေးတော်ကြီးအရာနှင့် ထမ်းရွက်စဉ်အတွင်း အဘိဇ္ဈာ၊ ဗျာပါဒ၊ ကောဓ၊ ဥပနာဟ၊ မက္ခ၊ ဝဠာသ၊ ဣဿာ၊ မစ္ဆရိယ (၁၆) ပါးသော တရားများသည် စိတ်၏ ညစ်ညူးကြောင်းဖြစ်၍ မပြတ် ဆင်ခြင်သုံးသပ် ရှောင်ကြဉ်အပ်သည့် အတိုင်း သူခပ်သိမ်းတို့ မှတ်သားစေနိုင်ရန် ကျမ်းဂန်လာရှိသည့်အတိုင်း ကောက်နုတ်ရေးသား ဆက်သွင်းရမည်ဟု အမိန့်တော်မြတ်အရ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့မှ ကောက်နုတ်ရေးသား ဆက်သွင်းခဲ့ရသော 'အထူး ထူးသော တိုင်းကြီးပြည်ကြီး' ချီ စိတ္တုပက္ကိလေသစာတမ်းကို ရေးသား ဆက်သွင်းခဲ့ရသည်။

တစ်ဖန် ၎င်းနှစ်အတွင်းမှာပင် အဆိုပါ စိတ္တုပက္ကိလေသစာတမ်းကို အလွယ်တကူ မှတ်သားနိုင်စေရန် လင်္ကာမော်ကွန်း ဖွဲ့ဆိုရေးသား ဆက်သွင်း ရမည် အမိန့်တော်မှတ်ခဲ့ရာ 'ကြားပိမ့်သိသော' အစချီ ဓမ္မောဇမော်ကွန်းကို ရေးဖွဲ့စီကုံး ဆက်သွင်းရပြန်သည်။

ယင်းနောက် သက္ကရာဇ် ၁၂၂၃ (ခရစ် ၁၈၆၁) ခုနှစ်တွင် နယ်သီး ဖြစ်သော တိုက်ကျန် ၁၀ ရွာ၊ ရွှေယင်းမာရွာ၊ ချောင်းဦးဆယ်ရွာနှင့်တကွ ကုန်းကြောင်း သေနတ်အမှုထမ်းအစု ဦးရေ (၂၂) အနက်မြောက်ဒဝယ်၊ တောင်ဒဝယ် စသော အတွင်း (၆) စု၊ ကိုယ်ရံတော်အမှုမ်း နှစ်သောင်း ကျော်တို့၏ နေရပ်ဌာနဖြစ်သော သုံးတိုက်ခြောက်ဝေစုတို့ဖြင့် တန်ဆာဆင်အပ် သော အလုံမြို့ကို မြို့ဝန်အရာ အပ်နှင်း၍ သူကောင်းပြုတော်မူခဲ့သည်။ အလုံမြို့သည် စစ်သူကြီး မဟာဗန္ဓုလ၏ မွေးဖွားကြီးပြင်းရာဒေသလည်း ဖြစ်သည်။

ဤသို့ဖြင့် မင်းတရား အလိုဆန္ဒရှိသမျှကို ရေးဖွဲ့သီကုံး ဆက်သွင်း ပြီးနောက် အလုံမြို့ဝန်အဖြစ် ထမ်းရွက်နေစဉ် အတွင်း မင်းတုန်းမင်းတရား ကြီးသည် သက္ကရာဇ် ၁၂၂၆ (ခရစ် ၁၈၆၄) ခုနှစ်အတွင်း ရတနာပုံရွှေမြို့ တော်သူ၊ ရွှေမြို့တော်သားတို့ နွေ၊ မိုး၊ ဆောင်း မပြတ် သုံးရေ၊ သောက်ရေ အလိုရှိသမျှ ရနိုင်ကြစေရန်အလို့ငှာ မတ္တရာအထက် နဂါးရစ်မြစ်မှ ရွှေမြို့ တော်ရောက် 'ရတနာနဒီ' မြစ်တော်ကို ဖောက်လုပ်စေရာ အမိန့်တော်မြတ် အရပင် 'ကြာပိမ့်မင်္ဂလာ' အစချီ 'ရတနာနဒီမြစ်တော်ဘွဲ့မော်ကွန်း' ကို ရေးသားဆက်သွင်းပေးရသည်။

တစ်ဖန် မင်းတုန်းမင်းတရားသည် သက္ကရာဇ် ၁၂၂၄ ခုနှစ်မှ စ၍ ဝန်ကြီး၊ အတွင်းဝန်၊ ဝန်ထောက်၊ ရပ်ဝေးမြို့ဝန်စား မှူးတော်မတ်တော်တို့အား စရိတ်ငွေတော် ထုတ်ပေး၍ ရတနာနဒီမြစ်တော်၏ အရှေ့ဘက်ကမ်းထိပ် တစ်လျှောက် မန္တလေးတောင်၏ အရှေ့ဘက်မှသည် တောင်သို့ လျှောက်၍ အလျား တာတစ်ထောင်ကျော်၊ အနံ ၁၀ဝ၊ ၁၅၀ အတွင်း တစ်ရပ်စီ ပိုင်းခြား ထားသည့် ဥယျာဉ်တော် ၂၀ ကို ကြီးကြပ်စိုက်ပျိုးစေသည်။ အလုံမြို့ဝန် ဦးကောင်းကိုလည်း မဟာသီရိဟေမဝန်ဥယျာဉ်တော်ကို ပြုစုစိုက်ပျိုးရန် အကြီးအကြပ် ခန့်တော်မူခဲ့သည်။

ဦးကောင်းသည် ဥယျာဉ်တော်တွင် စိုက်ပျိုးရန် အုန်းပင်ပေါက် မျိုးကောင်းများကို ရလိုသဖြင့် မြောက်ဒဝယ် ဗိုလ်မင်းမောင်မောင်ပိန်ထံသို့ တောင်းဆိုလေသည်။ မြောက်ဒဝယ်ဗိုလ်ကား မင်းတုန်းမင်းတရား မင်္ဂလာ အိမ်တော် စံတော်မူစဉ်ကပင် ဦးကောင်းနှင့် အရောတဝင် ပြောမနာ၊ ဆိုမနာ ပေါင်းသင်းနေထိုင်ခဲ့သူ ဖြစ်သည်။

မြောက်ဒဝယ်ဗိုလ်က အုန်းပင်ပေါက်များ ပို့လိုက်မည်ဆိုသော်လည်း နေ့ရက်ကြာညောင်းသည့်တိုင် အုန်းပင်ပေါက်များ ရောက်မလာချေ။ ဦးကောင်းသည် အလုံမြို့မှ နေပြည်တော်သို့ ရောက်သည့်အခိုက် မြောက်ဒဝယ်ဗိုလ်မောင်မောင်ပိန်ကို စာစပ်၍ ခနဲ့လိုစိတ် ဖြစ်မိလေသည်။ ထိုစဉ်က နေပြည်တော် လှေသီချင်းခေတ်ထသည့်အခါဖြစ်၍ ဦးကောင်းက မောင်မောင်ပိန်ထံ လှေသီချင်းရေးပို့လိုက်လေသည်။

ဦးကောင်း၏ လှေသီချင်းတက်သံ
သွေယွန်းလို့၊ ရှေ့ခွန်းလေး မမှန်မကန်၊ ပေလွန်းလှပြန်။ စိုက်ပျိုးရန် သစ်ပင်ပေးမယ်လို့၊ ရှေးလေးဆိုရှာတဲ့၊ သူ့ နှုတ်ဆံ။ သွေဖောက်ပြန်၊ ဗိုလ်များ မှန်ပိန်တာ ထူးငယ်၊ ဖျောက်ထူးနော် ငယ်ကဉာဏ်၊ ဆယ်ဆဖန်။ ။

ကြုံလှီသေးညှပ်သည့် ကိုယ်ကာယရှိသူ မြောက်ဒဝယ်ဗိုလ်မင်း သည် ကတိမတည်၊ ပျက်ပြယ်တတ်၏။ ငယ်စဉ်က အလေ့အကျင့်ကို ယနေ့ တိုင် ပယ်ဖျောက်ခြင်းမရှိကြောင်း ကလိလိုက်ရာ မောင်မောင်ပိန်သည် ဦးကောင်းကို ပြန်၍ ကလိလို၏။ သို့သော် သူသည် ကဗျာလင်္ကာ စီကုံးခြင်း အတတ်ကို လေ့လာဖူးခြင်းမရှိချေ။ ထို့ကြောင့် ပခန်းကြီးမြို့ စီရင်စုရွာစည် ရွာစား လက်ဖက်ရည်တော် မင်းလှသီရိသင်္ခယာဘွဲ့ခံ စလေဦးပုညရှိရာ လက်ဖက်ရည်ဆောင်တော်သို့ သွား၍ ဦးကောင်း၏ စာကို ပြသလေသည်။ ပြန်စာတစ်ပုဒ် ရေးသားပေးပါရန်လည်း တောင်းပန်လေ၏။ ဦးပုညသည် ဦးကောင်း၏စာကို ဖတ်ပြီး ပြန်စာကို လှေသီချင်းအသွားပင် ရေးပေးလိုက် လေသည်။

ဦးပုည၏ လှေသီချင်းတက်သံ
ချဲ့ဟောင်းမို့၊ နွဲ့နှောင်းလေးကြင်ရန်၊ ဆင်ကြန်၊ ဆယ်မီး လောက်ကျန်၊ သိမ်းမွေ့ခံ လုံဝန်မတ်က၊ နတ်ဇာတိခွဲစိတ်ထင်၊ အူလိုက်ချင်၊ အပြစ်တင်စာမစုပါနှင့်၊ လာလုပြီမျှော်လို့နေ၊ ဒေါ်အို့ဖေ။ ။

တရားသူကြီး ဦးဘိုး၏ နူးနုပ်သုံးစွဲပြီး အဟောင်းအမြင်းဖြစ်သဖြင့် နဂိုအတိုင်းမဟုတ်သူ ဆယ်မီးလောက်ကျန်ပြီးကို အမတ်ကြီး အလုံဝန်မင်းက သိမ်းရုံးကာ အမွေခံလိုက်၍ ဒေဝစ္ဆရာနတ်သမီးကလေး ထင်မှတ်ပြီး စိတ်၌ စွဲလမ်းနေခြင်းသည် အူလို့၊ အလို့ပင် ဖြစ်သည်။ သူတပါးကို အပြစ်တင်ရန် စာစီကုံးမနေပါနှင့်တော့။ သစ်ပင်ပေါက်များ ပို့လာပါလိမ့်မည်။ ကညာစင် မဟုတ်သော အဒေါ်အိုကြီး၏ လင်က မျှော်လို့ပင်နေပါတော့ဟု ဦးပုညက သရော်လိုက်လေသည်။

ထိုစာကို ဦးကောင်း ဖတ်ရသောအခါ ဦးပုညလက်ချက်ဖြစ်ကြောင်း စဉ်းစားမိလေသည်။ စာပို့လာသူ အဆောင်ကိုင်အား 'လက်ဖက်ရည်တော် မောင်ပုည လက်ရာပါကွယ်။ မင်းတို့ဗိုလ်မင်းရေးတာ မဟုတ်ပါဘူး' ဟု ပြောလွှတ်လိုက်လေသည်။

နောက်တစ်ရက်တွင် သရက်မျိုးကောင်း ၂၅၊ အုန်းပင်ပေါက် ၁၀ဝ၊ ကွမ်းသီးပေါက် ၁၀ဝ၊ ပိန္နဲပင်ငယ် ၁၅ ခုကို မြောက်ဒဝယ်ဗိုလ်က ဦးကောင်း ၏ ဝင်းအိမ်သို့ အရောက် သေနတ်စာရေးကို ကြပ်မ"၍ ပို့လိုက်သည်။ ဆင်ကြန်သခင်က 'သစ်ပင်ကလေးတွေကို ကြည့်ရတာ ကောင်းပါလေရဲ့။ သို့သော် သူက သစ်ပင်ပေးတာနှင့် အဆမတန်ဘူး။ ရောက်မိရောက်ရာ မတော်မရော်တွေ လျှောက်ပြီး ရေးပေးလိုက်သည့်အတွက် မနေ့က ဗိုလ်ရှုခံ နန်းတော်မှာ သည်စာကို ဖတ်ပြီးလျှင် မှူးတော်မတ်တော်တွေ တဟားဟား ရယ်မောနေကြသတဲ့။ ရှက်စရာကြီး တကတဲ။ မြောက်ဒဝယ်ဗိုလ်မင်းက သူတို့အချင်းချင်းသာ ရေးဖို့ကောင်းပါတယ်။ ကျွန်မကိုထည့်ရေးလို့ မကောင်း ပါဘူး' ဟု မြောက်ဒဝယ်ဗိုလ်၏ သေနတ်စာရေးကို ပြောသောအခါဦးကောင်း က 'စိတ်မရှိပါနဲ့ အစ်မရယ်။ ဒဝယ်ဗိုလ်မင်းကို ကျုပ်က စလိုက်လို့ ပြန်ရေး တာပါ'ဟု သူ၏ ဆင်ကြန်မယ်ကို တောင်းပန်စကားဆိုရရှာလေသည်။

ဦးပုည၏ ထိုလှေသီချင်းတက်သံသည် ဦးကောင်း၏ဘဝကို ကြီးမား သော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။