Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၁) အပိုင်း (၈)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၁) အပိုင်း (၈)
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၉

● မိုင်းယောင်းမြို့နယ်
တာချီလိတ်ခရိုင်အတွင်းမှ မြို့နယ်တခုဖြစ်သည်။ မိုင်းယောင်းမြို့အား ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၄/၈/ ၁၉၇၂ ရက်စွဲပါ အမိန့်စာအရ၎င်း၊ မိုင်းယုမြို့အား ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၂/၄/၂၀၀၂ ရက်စွဲပါအမိန့်စာဖြင့်၎င်း ဖွဲ့စည်းခဲ့ သည်ကို တွေ့ရသည်။

မိုင်းယောင်းမြို့နယ်သည် အကျယ်အဝန်း ၁၅၃၄.၇၆၇ စတုရန်းမိုင်ရှိပြီး အရှေ့ဖက်တွင် လာအိုနိုင်ငံနှင့် ၆၃.၉ မိုင် ထိစပ် နေသည်။ တောင်ဖက်တွင် မိုင်းဖြတ်မြို့နယ်နှင့် ၈.၅၂ မိုင်၊ တာချီလိတ်မြို့နယ်နှင့် ၂၉.၈၃ မိုင်၊ အနောက်ဖက်တွင် ကျိုင်း တုံမြို့နယ်နှင့် ၁၁.၃၆ မိုင်၊ မြောက်ဖက်တွင် မိုင်းလားမြို့နယ်နှင့် ၄၁.၆၁ မိုင်၊ တရုတ်ပြည်နှင့် ၆၈.၁၈ မိုင်စသည်ဖြင့် နယ် နိမိတ်ချင်း ထိစပ်နေပါသည်။ (ဖွဲ့စည်းပုံအရ တရုတ်နှင့် နယ်ချင်းဆက်နေသည်ဆိုသော်လည်း ထိုနယ်စပ်ချင်းဆက်နေ သည့်ဒေသမှာ အစိုးရထိမ်းချုပ်မှုအောက်တွင်မရှိဘဲ PSC/NDAA ၏ ထိမ်းချုပ်မှုအောက်တွင်ရှိပါသည်။ ထို့ပြင် လာအိုနှင့် ဆက်စပ်နေသော နယ်နမိတ်အချို့မှာ PSC/NDAA ၏ ထိမ်းချုပ်မှုအောက်တွင် ရှိပါသည်။)

မိုင်းယောင်းမြို့နယ်သည် ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၀၀ ပေသာမြင့်သော်လည်း ပေ ၈၂၅၀ ခန့်မြင့်မားသည့် လွယ်ပန်းနောင်းကဲ့သို့သော တောင်တန်းများရှိသည်။ ထို့ပြင် နမ့်လွေ၊ နမ့်ခပ်၊ နမ့်ပုန်း၊ နမ့်ဖွန်၊ နမ့်ယောင်းနှင့် မဲခေါင်မြစ်တို့ ဖြတ်သန်းစီးဆင်းနေသည့်မြို့နယ်ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း မိုင်းယောင်းမြို့နယ်အတွင်း ၆၅ ရက်မိုးရွာပြီး မိုးရေချိန် လက်မ ၃၃.၇၀ ဖြစ်ပါသည်။ နွေရာသီတွင် အမြင့်ဆုံး ၃၃ ဒီဂရီ စင်တီဂရိတ်ထိရှိပြီး ဆောင်းရာသီ အနိမ့်ဆုံးအပူချိန်မှာ ၁၁ ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။

မိုင်းယောင်းမြို့နယ်တွင်းရှိသစ်တောများတွင် ကျွန်း၊ သစ်မာ၊ အင်ကြင်း၊ ထင်းရှူး၊ ပိတောက်၊ ရှား၊ စကားဝါ၊ ယူကလစ်၊ မယ်ဇလီ၊ ညောင်၊ ဝါး စသည်တို့ဖြစ်ပါသည်။ ထိုတောတောင်များတွင် ကျား၊ ကျားသစ်၊ တောဝက်၊ ဝက်ဝံ၊တောကျွဲ၊ ဆတ်၊ သမင်၊ တောင်ဆိတ်၊ ဂျီ၊ တောခွေး၊ တောကြောင်၊ သင်းခွေချပ်၊ လိပ်နှင့် မျောက်အမျိုးမျိုးစသည့် တောရိုင်းတိရိစ္ဆာန်များ ကျက်စားသည်။

မိုင်းယောင်းမြို့ နယ်အတွင်း အဓိကနေထိုင်သော လူမျိုးနှင့်လူဦးရေစာရင်းမှာ ...
၁။ ရှမ်း ၃၂၈၈၃ ဦး
၂။ အာခါ ၂၀၂၃၀ ဦး
၃။ လားဟူ ၆၃၂ ဦး
၄။ ဗမာ ၃၁၆၃ ဦးတို့ အဓိကနေထိုင်ကြပြီး မြို့နယ်တွင်း စုစုပေါင်း လူဦးရေ ၆၆၅၉၈ ဦးရှိသည်ဟု ဆိုပါသည်။

မိုင်းယောင်း မြို့ပေါ်ရပ်ကွက် ၉ ခု၊ မိုင်းယု မြို့ပေါ်ရပ်ကွက် ၁ ခု စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၁၀ ခုတွင် အိမ်ခြေ ၁၂၅၉ အိမ်၊ အိမ်ထောင်စု ၁၂၇၇ စုရှိပြီး ကျေးရွာအုပ်စု ၂၀၊ ကျေးရွာ ၂၆၁ ရွာတွင် အိမ်ခြေ ၁၂၃၆၃ အိမ်၊ အိမ်ထောင်စု ၁၂၁၈၄ စုရှိပါသည်။ (မိုင်းယုမြို့ နယ်ခွဲအတွင်းရှိ နန့်ပန်းဒေသမှာPSC/NDAA ၏ ထိမ်းချုပ်မှုအောက်တွင်ရှိပါသည်)

မိုင်းယောင်းမြို့နယ်အတွင်း၌
၁။ ဗုဒ္ဓဘာသာ ၃၅၉၅၅ ဦး
၂။ ခရစ်ယန် ၂၂၈၄၇ ဦး
၃။ အခြား ၇၇၉၇ ဦးရှိပါသည်။

မိုင်းယောင်းမြို့နယ်အတွင်း ဗုဒ္ဓဘာသာ ဘုရား ၈၈ ဆူ၊ စေတီ ၃၆ ဆူ၊ ဓမ္မာရုံ ၈၈ ရုံ၊ ဘုန်းကြီးကျောင်း ၁၀၃ ကျောင်း၊ ရဟန်း ၂၄၂ ပါး၊ သာမဏေ ၉၂၈ ပါးရှိပါသည်။ ခရစ်ယန်ဘုရားကျောင်းမှ မြို့ပေါ်တွင် ၂ ကျောင်း၊ ကျေးလက်တွင် ၃ ကျောင်းရှိပါသည်။

မိုင်းယောင်းမြို့ နယ်တွင်းရှိ မြေအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ လယ်မြေ ၁၇၆၂၂ ဧက
၂။ ယာမြေ ၂၉၈၀၇ ဧက
၃။ ဥယျာဉ်မြေ ၁၈၅၉၉ ဧက
၄။ ကြိုးဝိုင်း/ပြင် ၈၇၈၂၉ ဧက
၅။ တောရိုင်း ၂၆၅၆၆၄ ဧက
၆။ မြေရိုင်း ၃၃၅၄၆၅ ဧက
၇။ စိုက်ပျိုးမရသောမြေ ၇၂၀၉ ဧကတို့ ဖြစ်ပါသည်။

မိုင်းယောင်းမြို့နယ်တွင်း သီးနှံစိုက်ပျိုးမှုမှာ
စဉ် - အမျိုးအစား - စိုက်ဧက - ထွက်ရှိမှု
၁ - မိုးစပါး  - ၂၈၂၄၆ - ၂၄၄၈၉၇၅ တင်း
၂ - မြေပဲ (မိုး) - ၁၄၁၄ - ၇၄၂၃၅ တင်း
၃ - မြေပဲ (ဆောင်း) - ၂၄၁၅ - ၁၂၉၅၆၅ တင်း
၄ - ပြောင်း (မိုး) - ၂၇၄၅ - ၂၂၇၉၂၂ တင်း
၅ - ပြောင်း (ဆောင်း) - ၅၈၀ - ၃၆၈၃၉ တင်း ဖြစ်ပြီး နှစ်ရှည်သီးနှံများအဖြစ် ရာဘာ၊ လဘက်တို့လည်း စိုက်ပျိုးကြပါသည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် လက်တွန်းလယ်ထွန်စက် ၂၃၂၄ စီး၊ လယ်ထွန်စက် ၇ စီး၊ ရိတ်သိမ်းစက် ၅ စီး၊ ချွေလှေ့စက် ၁၄ စီး အသုံးပြုသည်ကိုတွေ့ရသည်။ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲနွားစာရင်း မတွေ့ရပါ။ မြို့နယ်အတွင်း ဆန်ဖူလုံမှု ၂၁၅.၂၊ ဆီဖူလုံမှု ၆၂.၁ % ရှိသည်။ မိုင်းယောင်းမြို့နယ် မြစိမ်းရောင်ရွာ ၄ ရွာရှိပါသည်။

မွေးမြူရေးကဏ္ဏ၌
၁။ ကျွဲ ၂၀၄၃၀ ကောင်
၂။ နွား ၂၀၆၀၄ ကောင်
၃။ ဝက် ၄၆၃၃၉ ကောင်
၄။ သိုး/ဆိတ် ၂၇ ကောင်
၅။ ကြက် ၅၂၅၅၃၉ ကောင်
၆။ ဘဲ ၅၈၅၁၆ ကောင် ရှိပါသည်။

မိုင်းယောင်းမြို့နယ် မိုင်းယုတွင် ရွှေသတ္တု တူးဖေါ်ရေးလုပ်ငန်းရှိပြီး ၂၀၁၇ တွင် ရွှေ ၁၂၈ ထရိုင်အောင်စ ၁၉၂၅ သိန်းဖိုး ထွက်ရှိပါသည်။

မိုင်းယောင်းမှ ၁၈ မိုင်အကွာရှိ မိုင်းယုသို့၎င်း၊ မိုင်းယောင်းမှ ၄၅ မိုင်အကွာရှိ မိုင်းဖြတ်သို့၎င်း မိုင်းဖြတ်မှတဆင့် ကျိုင်းတုံ၊ တာချီလိတ်သို့၎င်း မော်တောယဉ်လိုင်းများ နေ့စဉ်ပြေးဆွဲပါသည်။

မိုင်းယောင်းမြို့နယ်၏ အလုပ်လက်မဲ့နှုန်းမှာ ...
အလုပ်လုပ်နိုင်သူ ၂၅၀၈၆ ဦး
အလုပ်ရှိသူ ၂၀၆၃၈ ဦး
အလုပ်လက်မဲ့ ၄၄၄၈ ဦး
အလုပ်လက်မဲ့နှုန်း ၁၇.၇% ဖြစ်ပါသည်။

မိုင်းယောင်းမြို့နယ် ပညာရေးကဏ္ဍ၌ မိုင်းယောင်းနှင့် မိုင်းယုတွင် အထက ၂ ကျောင်း (ဆရာ ၅၄၊ ကျောင်းသား ၁၀၉၁ ဦး)၊ အလက ၂ ကျောင်း (ဆရာ ၁၈၊ ကျောင်းသား ၆၄၀)၊ အမက ၈၉ ကျောင်း (ဆရာ ၁၄၇ ဦး၊ ကျောင်းသား ၂၇၀၀ ဦး)၊ ဘုန်းတော်ကြီးပညာသင်ကျောင်း ၂ ကျောင်း (ဆရာ ၅ ဦး၊ ကျောင်းသား ၉၇ ဦး) တို့ဖြစ်ပါသည်။

ကျောင်းနေရွယ်ကလေးအပ်နှံမှုမှာ
၅ နှစ်ပြည့်ကလေး ၁၂၈၀ ဦး
ကျောင်းအပ်နှံမှု ၁၂၂၁ ဦး
ကျောင်းအပ်နှုန်း ၉၅% ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်း ရောက်ရှိဖြေဆိုမှုမှာ ၂၀၁၆/၂၀၁၇ တွင်
စာရင်းရှိ ၁၁၅ ဦး
ဖြေဆို ၉၄ ဦး
အောင်မြင် ၂၁ ဦး
အောင်ချက် ၂၂.၃၄ % ဖြစ်ပါသည်။

စာတတ်မြောက်မှုနှုန်းမှာ
မြို့နယ်လူဦးရေ ၆၆၅၉၈ ဦး
၁၅ နှစ်ပြည့်လူဦးရေ ၄၈၉၉၂ ဦး
စာတတ်သူ ၃၁၉၂၆ ဦး
စာတတ်နှုန်း ၆၅.၁၇% ဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဏ၌ ၂၅ ကုတင်ဆန့်ဆေးရုံ ၂ ခု (မိုင်းယောင်း၊ မိုင်းယု)၊ ဆေးပေးခန်း ၂ ခု (မိုင်းဟဲ၊ ကျိုင်းခမ်း)၊ ကျန်းမာရေး ဌာန ၁ ခု (ဟိုရမ်) နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၉ ခုရှိပါသည်။ ဆရာဝန် ၂ ဦး၊ သူနာပြု ၁၇ ဦး၊ လက်ထောက်ကျန်းမာရေးမှူး ၁ ဦးရှိပါသည်။ ကျန်းမာရေးဝန်ထမ်းနှင့် မြို့နယ်လူဦးရေအချိုးမှာ ဆရာဝန် ၁ : ၃၃၂၉၉၊ သူနာပြု ၁: ၃၉၁၇ နှင့်လက်ထောက် ကျန်းမာရေးမှူ း ၁: ၆၆၅၉၈ ဖြစ်ပါသည်။ အဖြစ်များသော ရောဂါများမှာ ငှက်ဖျားနှင့် ဝမ်းကိုက် ဝမ်းလျှောရောဂါများဖြစ်သည်။ မွေးကင်းစကလေးသေနှုန်း ၅၁.၇ % ၊ ကိုယ်ဝန်ပျက်ကျနှုန်း ၃ % ရှိပါသည်။

မိုင်းယောင်းမြို့နယ် ကျန်းမာရေးကဏ္ဏနှင့် ဒေသဖွံ့ဖြိုးရေးတို့တွင် INGO များအဖြစ် UNICEF/ PSI / HPA နှင့် LUX DEV တို့ ပါဝင်ကူညီလျက်ရှိပါသည်။

မိုင်းယောင်း၊ မိုင်းယုဒေသ လျှပ်စစ်မီးလင်းရေးအတွက် PSC/NDAA ထိမ်းချုပ်ရာဒေသရှိ မိုင်းဝရေအား လျှပ်စစ်မှဖြန့်ဖြူး သုံးစွဲလျက်ရှိပါသည်။

မိုင်းယောင်းမြို့ နယ်အခြေစိုက်နိုင်ငံရေးပါတီများ
၁။ NLD
၂။ USDP
၃။ SNLD
၄။ SNDP
၅။ တစည
၆။ NDF တို့ အခြေစိုက်လှုပ်ရှားပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာရွေးချယ်ရာတွင် 
မဲပေးနိုင်သူ ၂၅၀၁၄ ဦး
မဲလာပေးသူ ၁၈၉၇၉ ဦး ၇၅.၈၄%
NLD က ၇၄၇၇ မဲ ၃၉.၃၉ % ဖြင့် အနိုင်ရသည်။
USDP က ၄၆၂၁ မဲ ၂၄.၃၄ % ဖြင့် ဒုတိယ
SNDP က ၁၇၄၄ မဲ ၉.၁၈ % ဖြင့် တတိယနေရာတွင်ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် အမှတ် ၁ နေရာအတွက် ရွေးချယ်ရာတွင်
မဲပေးနိုင်သူ ၂၂၃၈၀ ဦး
မဲလာပေးသူ ၁၆၇၇၉ ဦး ၇၄.၉၇ % ရှိပြီး
NLD က ၆၉၂၈ မဲ ၄၄.၇၁ % ဖြင့် အနိုင်ရသည်။
USDP က ၄၂၂၆ မဲ ၂၇.၂၇ % ဖြင့် ဒုတိယ
SNDP က ၁၆၄၉ မဲ ၁၀.၆၄ % ဖြင့် တတိယနေရာတွင်ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်အမှတ်နေရာအတွက် ရွေးချယ်ရာတွင်
မဲပေးနိုင်သူ ၂၆၄၄ ဦး
မဲလာပေးသူ ၂၂၃၄ ဦး ၈၄.၄၉ %
NLD က ၁၀၃၄ မဲ ၅၁.၅၂ % ဖြင့် အနိုင်ရသည်။
USDP က ၅၅၄ မဲ ၂၇.၆၀ % ဖြင့် ဒုတိယ
SNDP က ၂၀၂ မဲ ၁၀.၀၆ % ဖြင့် တတိယနေရာတွင် ရှိပါသည်။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်စာရင်းအရ မြို့နယ်တွင်း မဲပေးနိုင်သူ ၂၅၀၁၄ ဦးဖြစ်သည်။ ၂၀၁၇ ခုနှစ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန စာရင်းအရ အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူဦးရေမှာ ၄၄၇၂၅ ဦးဖြစ်ပါသည်။

အထက်ပါစာရင်းအရ မဲပေးနိုင်သူဦးရေမှာ ၂ သောင်းကျော်ခန့် ကွာခြားနေသည်ကို တွေ့ရပါမည်။ ဤသို့ဖြစ်ရသည်မှာ ပြည်နယ်လွှတ်တော် အမှတ် ၂ နယ်မြေဖြစ်သည် မိုင်းယုမြို့နယ်ခွဲ နယ်မြေအခြေအနေနှင့် ဆိုင်ပါသည်။ စာရင်းအရ မိုင်း ယုမြို့နယ်ခွဲတွင် ကျေးရွာအုပ်စု ၁၁ စု နှင့် ကျေးရွာ ၁၆၇ ရွာရှိသည်။ ထိုမြို့နယ်ခွဲတွင် မိုင်းယုမြို့နှင့် နမ့်လွေချောင်းတောင်ဖက်နှင့်အနောက်ဖက်ရှိ ကျေးရွာအချို့သည် အစိုးရအုပ်ချုပ်မှုအောက်တွင်ရှိသော်လည်း နမ့်လွေမြစ် မြောက်ဖက်နှင့် အရှေ့ ဖက်ရှိ ကျေးရွာ ၁၀၀ ကျော်မှာ အစိုးရထိမ်းချုပ်မှုအောက်တွင်မရှိဘဲ PSC/NDAA ၏ ထိမ်းချုပ်မှုအောက်တွင် နမ့်ပန်းဒေသဟု ဖွဲ့စည်းထားရှိသည်ကို တွေ့ရသည်။ အဆိုပါ နမ့်ပန်းဒေသနှင့်ပတ်သက်၍ သီးခြားဖေါ်ပြပါမည်။ အစိုးရထိမ်းချုပ်မှု အောက်တွင် မိုင်းယုမြို့နှင့် နမ့်လွေချောင်း အနောက်ဖက်နှင့် တောင်ဖက်မှ ရွာအချို့သာရှိသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး