Breaking News

မောင်ရစ် - လုပ်ဇာတ်သတင်း၊ အမှန်လွန်ခေတ်နဲ့ ပုံပြင်ထဲပျော်တဲ့ ကျနော်တို့လူသားတွေ (၂)


မောင်ရစ် - လုပ်ဇာတ်သတင်း၊ အမှန်လွန်ခေတ်နဲ့ ပုံပြင်ထဲပျော်တဲ့ ကျနော်တို့လူသားတွေ (၂)

(အတွေးအမြင်၊ ဇူလိုင် ၂၀၁၉ ထုတ်)
မိုးမခ၊ ဇူလိုင် ၁၂၊ ၂၀၁၉

 YUVAL NOAH HARARI (ဟာရာရီ) ဆိုသူဟာ အစ္စရေးပါမောက္ခ၊ နာမည်ကျော် – Homo Sapiens, Homo Deus, 21 Lessons for the 21st Century စတဲ့စာအုပ်တွေ ရေးတဲ့သူ။ နောက်ဆုံး စာအုပ်ထဲက အခန်းတခန်း Post-truth ကို ကောက်နုတ်ဘာသာပြန်ပါတယ်။

စီးပွားရေးလုပ်ငန်းကြီးတွေကကော ဘာထူးလို့လဲ။ လုပ်ဇာတ်သတင်းနဲ့ ပုံပြင်တွေဖန်တီးပြီး လူတွေကို လှည့်ပတ်နေရတာပဲ မဟုတ်လား။ နာမည်ကို စွဲသွားအောင် သူတို့တွေဟာ သူတို့ပုံပြင်ကို ခနခန ကြော်ငြာပေးကြရပါတယ်။ ကိုကာကိုလာကို စဉ်းစားလိုက်ရင် သင့်မျက်စိထဲ ဘာမြင်လာသလဲ။ လူငယ်တွေ ကျန်းမာရေးလိုက်စားပြီး အားကစားလုပ်နေကြ ပျော်နေကြတာပဲ မြင်ယောင်တယ် ဟုတ်။ အဲသလိုမဟုတ်ဘဲ ဆီးချိူဖြစ်နေတဲ့ အဝလွန်လူနာတွေ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေကြတာများ မြင်မိပါသလား။ ကိုကာကိုလာတွေ အလွန်အကျွံသောက်ပြီးတော့ သင်ဟာ နုပျိုသွားမှာ မဟုတ်ပါ။ ကျန်းမာလာမှာ မဟုတ်ပါ။ သင့်ကို အားကစားထူးချွန်အောင်လည်း လုပ်ပေးမှာ မဟုတ်ပါ။ သို့သော် ဘီလျံနဲ့ချီသော စားသုံးသူတွေက အဲသည်လိုမျိုး အထင်မှားနေကြပါတယ်။ အမှန်တရားဆိုတာကတော့ ဟိုမိုဆေပီယန်တွေရဲ့ ရည်မှန်းချက်ထဲမှာ အစကတည်းက ဦးစားပေးမဟုတ်ခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ လူတော်တော်များများ ထင်မြင်ယူဆထားကြတာကတော့ အယူဝါဒတခုခုဟာ အမှန်တရားကို မျက်ကွယ်ပြုခဲ့မယ်ဆိုရင် များမကြာခင်မှာပဲ ဗူးပေါ်သလို ပေါ်ကြရမှာ ဖြစ်တယ် ဆိုပါတယ်။ ဘာကြောင့်ဆိုတော့ သူတို့ကို ယှဉ်ပြိုင်လာမယ့် အမြင်မှန်တဲ့ပြိုင်ဘက်တွေကို အရှုံးပေးကြရမှာမို့လို့ ထင်ကြပါတယ်။ ဒါကလည်း လူတွေ ယုံနေကြတဲ့ ယုံတမ်းစကားတခုပါပဲ။

လက်တွေ့မှာကတော့ အမှန်တရားနဲ့ ပုံပြင်ဖန်တီးခြင်း ၂ ခု ကြားမှာ "လူတွေအချင်းချင်း စုစည်းလုပ်ဆောင်လာခြင်းရဲ့ အစွမ်းသတ္တိ" ဆိုတာ ချိန်ခွာညာ ညှိလို့ နေပါတယ်။ သင်ဟာ အမှန်ကို သိပ်ပြီးတော့ ပုံဖျက်ပစ်လွန်းရင် လက်တွေ့မကျတဲ့အဖြစ်ကို သင်ကိုယ့်ကိုယ်တွန်းပို့လိုက်သလို ဖြစ်သွားမှာပါ။ ၁၉၀၅ ခုနှစ်တုန်းက အာဖရိကအရှေ့ပိုင်းက ပယောဂဆရာ Kinjikitile Ngwale က သူ့ကို နဂါးမင်းက ပူးဝင်ပြီး ပြောခဲ့တယ်လို့ ကြေငြာလိုက်ပါတယ်။ ဂျာမာန်တွေရဲ့ ကိုလိုနီပြုခြင်းခံထားရတဲ့ အာဖရိကန်တွေအတွက် တော်လှန်ရေးတပ်လှန့်သံ ဖြစ်ပါတယ်။ ငါတို့အားလုံး ညီညွတ်ကြ၊ ဂျာမန်တွေကို မောင်းထုတ်ကြ တဲ့။ ပယောဂဆရာက သူ့နောက်လိုက်တွေအတွက် သေနတ်ပီးဆေးတွေ ထုတ်ပေးတယ်။ ဂျာမာန်တွေရဲ့ ကျည်ဆံတွေဟာ ရေဖြစ်ကုန်မယ်တဲ့။ အဲသည်မှာ Maji Maji ပုန်ကန်မှု ဖြစ်ပွားပါတယ်။ (maji ဆိုတာ အာဖရိကလို ရေ တဲ့။ ရေသူပုန်ထမှုပေါ့)။ တကယ်တန်း စစ်ပွဲထဲလည်းကျရော ဂျာမန်တွေရဲ့ ကျည်ဆံတွေက ရေမဖြစ်ကုန်ဘဲ လက်နက်မပြည့်စုံတဲ့ အာဖရိကန်တွေကို အညှာတာကင်းမဲ့စွာ ဖောက်ထွင်းဝင်ရောက် ဇိဝိန်တွေ ချုပ်ပစ်လိုက်ပါတော့တယ်။

တဖက်က ပြန်ကြည့်ပြန်တော့လည်း ပုံပြင်ဒဏ္ဍာရီတွေ မပါဘဲနဲ့လည်း ထိရောက်တဲ့ လူထုအုံကြွမှု ကို မဖန်တီးနိုင်ပါဘူး။ သင်ဟာ အချက်အလက်လုံးတီးနဲ့ အမှန်ကို ဆုပ်ကိုင်ပြနေရင် သင့်နောက်က လိုက်ပါသူ သိပ်မရှိနိုင်ပါ။ လုပ်ဇတ်တွေဟာ အမှန်အတိုင်းပြောတာထက် ပိုပြီးတော့ လူတွေကို စုစည်းနိုင်တယ်၊ ဆွဲဆောင်နိင်ပါတယ်။ သင်က သင့်အပေါ်လူတွေရဲ့ သစ္စာရှိမှုကို တိုင်းတာချင်တယ် ဆိုရင် လူတွေကို အမှန်ကို ပြောပြပြီး ယုံခိုင်းဖို့ထက် မဟုတ်တန်းတရားတွေကို သင်ပြောတိုင်း ယုံကြည်ကြသလားဆိုတာနဲ့ တိုင်းတာကြည့်ရမှာ ဖြစ်ပါတယ်။

အကယ်၍ ခေါင်းဆောင်ကြီးက ပြောတယ် … “နေသည် အရှေ့ကထွက်၍ အနောက်မှာ ဝင်သည်” ဟု မိန့်ကြားသည်ဆိုရင် လူတွေ လက်ခုပ်တီးထောက်ခံကြတာ သူ့ကို သစ္စာရှိကြောင်း ပြတာ မဟုတ်ပါ။ သို့သော် ခေါင်းဆောင်ကြီးက “အနောက်ကနေထွက်ပြီး အရှေ့က နေဝင်တယ်” လို့ ပြောလိုက်တယ် ဆိုကြပါစို့။ သူ့အပေါ် သစ္စာစောင့်သိသူတွေချည်းကသာ လက်ခုတ်တီး ထောက်ခံပြကြမှာ ဖြစ်ပါတယ်။ သင့်ရပ်ကွက်ထဲကလူတွေဟာ မဟုတ်တန်းတရားကို ယုံကြည်နေကြခဲ့ရင် အရေးပေါ်အချိန်ကျရင် စိတ်သာချပါ … သူတို့တွေ အတူတကွ ထကြွလာကြမှာ ဖြစ်ပါတယ်။ လက်တွေ့ကျသော အမှန်တရား အချက်အလက်တွေချည်းကိုသာ သိရှိလက်ခံတတ်ကြတဲ့ သူတွေကို ဘာအသုံးချလို့ ရမှာလဲ။

(ဟုတ်တယ်လေ။ မြန်မာပြည်မှာဆိုရင်လည်း လူပြိန်းတွေ ကို စည်းရုံးနိုင်တဲ့သူတွေက လှုပ်ရှားမှုတွေ ပိုလုပ်နိုင်ပါတယ်။ ပညာရှိတွေ ဗဟုသုတရှိသူတွေ အမှန်သိသူတွေကို စည်းရုံးလို့ ဘာအသုံးဝင်မှာမို့လဲ။ လူပြိန်းတွေကမှ လုပ်ဇတ်သတင်းတွေကို ယုံလည်းယုံ ဖြန့်လည်းဖြန့် ရှေ့ကနေ ချီတက်ပြီးလည်း မိုက်လုံးကြီးပြချင် ပြကြပါတယ်။)

ဒဏ္ဍာရီတွေ ပုံပြင်တွေကနေတဆင့် လှုံ့ဆော်စည်းရုံးရတာထက် လူတွေကို လက်တွေ့ကျတဲ့ အမှန်တရား အချက်အလက်ပေါ် အခြေခံတဲ့ သဘောတူညီချက်ယူပြီး စုစည်းမှုတွေ အများကြီး လုပ်နိုင်ပါတယ် လို့ သင်က ငြင်းချက်ထုတ်ချင်မယ်။ ဥပမာ – စီးပွားရေးလောကထဲမှာ ကြည့်လိုက်ရင် ငွေကြေးနဲ့ ကော်ပိုရေးရှင်းကြီးတွေဟာ လူတွေကို နိုင်ငံစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲတွေထက် ပိုပြီး စုစည်းညီညွတ်လိုက်နာစေပါတယ်။ လူတွေက ပိုက်ဆံငွေကြေးတွေ လုပ်ငန်းအမည်နာမကြီးတွေဆိုတာ လူတွေ ဖန်တီးထားတာတွေပါလို့ သိကြပါတယ်။ အဲသည်အချက်ကို သဘောတူညီချက် ယူလိုက်တယ်။ လက်ခံပြီး အဲသည်အရာတွေနောက်ကနေ လိုက်ပါ လှုပ်ရှား လုပ်ကိုင်ကြပါတယ်။ ဘာသာရေးမှာ အမှန်ယုံကြည်တဲ့သူက သမ္မာကျမ်းစာကို အဖိုးမဖြတ်နိုင်ဘူးလို့ သူ့ဖာသာသူ ယုံကြည်တယ်။ စီးပွားရေးမှာ အမှန်ယုံကြည်တဲ့သူကတော့ သူများတွေက ဒေါ်လာကို တန်ဖိုးရှိတယ်လို့ ယုံကြည်တာကို သူလည်း လိုက်ယုံကြည်ပါတော့တယ်။ ပိုက်ဆံဆိုတာ လူတွေ ဖန်တီးထားတဲ့ အရာဝတ္ထုသက်သက်ပဲ သို့သော် တကမ္ဘာလုံးက လူတွေအားလုံးက လေးစားလိုက်နာကြပါတယ်။ ကဲ ဒါဆိုလို့ရှိရင်လည်း လူတွေက လူတွေအားလုံး လက်ခံယုံကြည်ထားတဲ့ အရာဝတ္ထုတွေဖြစ်တဲ့ ဒေါ်လာလို့ အမှတ်အသားနောက်ကိုပဲ လိုက်ကြပြီး အတိတ်က ဒဏ္ဍာရီတွေ ပုံပြင်တွေကို ပစ်ပယ် မေ့ပျောက်လိုက်ကြပါတော့လား။

သို့သော်ငြားလည်း လူတွေ၏ သဘောတူညီချက်ဆိုတာကလည်း ပုံပြင်ဒဏ္ဍာရီတွေနဲ့ သိပ်တော့ ကွဲပြားမှု မရှိပြန်ပါဘူး။ သမ္မာကျမ်းစာနဲ့ ငွေကြေးဆိုတာ အပေါ်ယံကြည့်တော့ ကွဲသလိုလိုနဲ့ တကယ်တမ်းကျတော့ ပုံစံချင်းတူနေပြန်ပါတယ်။ လူတချို့က ငွေကြေးစက္ကူကို မြင်တဲ့အခါ တဒေါ်လာတန်ကို ကြည့်တဲ့အခါ လူတွေ တီထွင်ထားတာပါလား၊ လူတွေ သဘောတူညီချက်တခုမျှသာပါလားရယ် လို့မမြင်တော့ပါ။ တဒေါ်လာတန်ဆိုတာ စက္ကူအစိမ်းရောင်ပေါ်မှာ ကွယ်လွန်သူ လူဖြူအဖိုးကြီးမျက်နှာ ရိုက်နှိပ်ထးတာကို မြင်တာထက်ကျော်ပြီး တောာ့ ဒီစက္ကူကိုယ်တိုင်မှာ တန်ဖိုးတစုံတရာ ရှိနေတယ်လို့ ယုံကြည်လာကြပါတယ်။ သည်တော့ တစုံတခုအတွင်းမှာ တန်ဖိုးတစုံတရာ ရှိနေတယ် ကိန်းအောင်းနေတယ်လို့ ယုံကြည်ခြင်း နဲ့ လူတွေဖန်တီးထားတဲ့ အရာတခုခုပဲလို့ သိရှိထားခြင်း သဘောထား ၂ခုဟာ လက်တွေ့မှာ ခေါင်းနဲ့ပန်းလို တွဲလာပါတယ်။ ခွဲခြမ်းကြည့်လို့ မရတော့ပြန်ပါဘူး။ သည်တော့ လူတွေကိုယ်တိုင်ကလည်း သည် ၂ ခုကို ခွဲမမြင်တတ်တော့ပါ။ မေ့ထားလိုက်ကြပါတယ်။ လူတွေရဲ့ ထူးခြားတဲ့ အရည်အချင်းတခုကတော့ တခုခုကို သိသလိုလိုနဲ့ မသိသလိုလို တပြိုင်နက်တည်း ဖြစ်တတ်ကြတာပါပဲ။

လုပ်ဇာတ်တွေ ပုံပြင်တွေနဲ့ လက်တွေ့အခြေအနေကို ရောထွေးသွားအောင် လုပ်ကြတာဟာ ရည်ရွယ်ချက်တွေ အမျိုးမျိုး ရှိကြပါတယ်။ အချို့ကတော့ အပျော်တန်း လို့ ပြောပြီး အဲသည်ကနေ အသက်ရှင်ရပ်တည်နိုင်ရေးအထိပါ ရည်ရွယ်ထားကြပါတယ်။ သင်၏ သံသယစိတ်ကို ဘေးဖယ်ထားနိုင်မှသာလျင် ကစားပွဲတွေမှာ ဝင်ကစားနိုင်တယ်။ ဝတ္ထုတွေကို အရသာခံ ဖတ်ရှုနိုင်ပါလိမ့်မယ်။ ဘောလုံးပွဲကို အားပါးတရ အားပေးချင်တယ် ဆိုရင် ဘောလုံးကစားနည်းနဲ့ ဥပဒေသတွေကို သင် လက်သင့်ခံရမယ်၊ ပြီးတော့ မိနစ် ၉၀ လုံးလုံး ဒီဖြစ်ပျက်နေပုံတွေဟာ လူတွေ ဖန်တီးထားချက်အလိုအရ ဖြစ်နေတယ်ဆိုတာကို မေ့ထားနိုင်ရမယ်။ အဲသလို သဘောမထားနိုင်ရင်တော့ လူ ၂၂ဦး ကွင်းထဲမှာ ဘောလုံးတလုံးနောက် လိုက်လုနေကြတာကို သင်က လုံးဝ ရူးကြောင်တဲ့ အဖြစ်အပျက်လို့ မြင်နေမိတာမှာကိုး။ ဘောလုံးအားကစားဆိုတာ ပျော်ရွှင်မှုအတွက် သက်သက်အတွက် စတင်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ သို့သော် ဘောလုံးဟာ သည်ထက်ပိုပြီး ရေးကြီးခွင်ကျယ် ဖြစ်လာနိင်တယ်ဆိုတာ အင်္ဂလန်က ဘောလုံးရူးတွေ အာဂျင်တီးနားက မျိုးချစ်တွေကို ကြည့်ပြီးသဘောပေါကျနိုင်ပါတယ်။ ဘောလုံးက သင်၏ အတ္တကို ပုံဖော်ပေးတယ်။ ပြီးတော့ လူစုလူဝေးကြီးတခုကို စုဝေးပေါင်းစပ်ပေးတယ်။ ပြီးတော့ အကြမ်းဖက်ရေးအတွက် မီးစာတခုလည်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတွေ အယူဝါဒတွေဆိုတာ အားတိုးဆေးတွေ အဆမတန်သုံစွဲပြီး တက်ကြွနေတဲ့ ဘောလုံအသင်း​တွေနဲ့ တူတယ်လို့ ပြောချင်ပါတယ်။

ပကတိအမှန်တရားနဲ့ သြဇာအာဏာတို့သည် အတူတူခရီးရှည် မသွားနိုင်ကြချေ။ လက်တွဲပြီး မကြာမီပင် လမ်းခွဲကြရလေ့ ရှိပါတယ်။ သင်က သြဇာအာဏာလိုချင်ရင် တချိန်ချိန်မှာတော့ဖြင့် သင်လည်း ပုံပြင်တွေ ပြောရပေတော့မည်။ လောကကြီး၏ ပကတိအမှန်တရား အရှိတရားကို သိရှိလိုရင် သင်သည် သြဇာအာဏာကို စွန့်ပစ်မှ ဖြစ်မည်။ သင်ကိုယ်တိုင်က အမှန်အတိုင်း စတင်ဝန်ခံနေပြီဆိုပါက ဥပမာ သင်ရဲ့ သြဇာအာဏာရဲ့ ရင်းမြစ်တွေ လျိူ့ဝှက်ချက်တွေကို ထုတ်ပြောတာမျိုး လုပ်လာရင် သင်ရဲ့ မဟာမိတ်တွေကို စိတ်ဆိုးလာစေမယ်၊ သင့်နောက်လိုက်တွေကို စိတ်ပျက်သွားစေမယ်။ ပုံမှန်လည်ပတ်နေတဲ့ လှုမှုဘဝနေသားကျနေတာတွေကို အနှောက်အယှက်ပေးလိုက်ရာ ကျသွားပါလိမ့်မယ်။ ပညာရှင်တွေဟာ သည်လိုမျိူး ဒွိဟဖြစ်ရတဲ့ အကြပ်အတည်းကို သမိုင်းတလျောက် ရင်ဆိုင်ခဲ့ကြရတယ်။ အမှန်နောက်ကို လိုက်မလား။ သြဇာအာဏာနောက်လိုက်မလား။ လူတွေကို ပုံပြင်ဒဏ္ဍာရီတခုခုဆီမှာ ယုံကြည်သက်ဝင်စေပြီး စုစည်းညီညွတ်ထားတာကိုပဲ ရွေးချယ်ကြမလား။ သို့မဟုတ် လူတွေကို အမှန်အတိုင်း ထုတ်ဖော်တင်ပြပြီးတော့ လူတွေကို တစစီ ကွဲပြားသွားစေမလား။ နိုင်ငံရေးအယူဝါဒတွေ ယုံကြည်မှုအယူအဆတွေ ဘယ်လောက်ကွဲပြားနေကြပါစေ အဲသည်နယ်ထဲက ထင်ရှားတဲ့ ပညာရှင်တွေအားလုံးကတော့ သူတို့တွေက လူတွေ ညီညွတ်နေရေးကို ရွေးချယ်ကြပါတယ်။ အမှန်သိသွားတာထက် ပုံပြင်ဒဏ္ဍာရီလုပ်ဇာတ်တခုခုအောက်မှာ လူတွေ စုဝေးညီညွတ်နေကြခြင်းကိုသာ ရွေးချယ်ကြပါတယ်။ ဒါကြောင့် ဒီလူတွေဟာ သြဇာအာဏာကြီးမားနေကြတာပေါ့။

လူမျိုးဆက်ဟာ ပင်ကိုယ်အရ အမှန်ထက် အာဏာကို ပိုအလေးသာကြပါတယ်။ ကမ္ဘာကြီးကို သိရှိနားလည်နိုင်ဖို့ ကြိုးစားကြတာထက် ကမ္ဘာကြီးကို ထိန်းချုပ်ထားနိုင်ဖို့သာ အားသန်ကြတယ်။ လောကကြီးကို နားလည်အောင် ကြိုးစားတယ်ဆိုရာမှာလဲ သူတို့က လောကကြီးကို ဘယ်လို ချယ်လှယ်ထိန်းချုပ်ထားရင် ကောင်းမလဲဆိုတဲ့ နည်းလမ်းကို တွေ့ဖို့အတွက်သက်သက် နားလည်အောင် ကြိုးစားကြတာပါ။ ကဲသည်တော့ သင်က ဒဏ္ဍာရီတွေ ယုံတမ်းစကားတွေ မပါတဲ့ လောကအဖွဲ့အစည်းမျိုး ထူထောင်ချင်တယ်ဆိုရင် သင်ဟာ လူမျိုးဆက်တွေဆီကတော့ ဒါမျိူး မျော်လင့်လို့ မရနိုင်ပါဘူး။ ချင်ပန်ဇီမျောက်တွေကို သွားပြောရင်တောင် ဖြစ်ကောင်း ဖြစ်နိုင်မယ်။

သည်လိုပြောလိုက်တော့ fake news လုပ်ဇာတ်သတင်းတွေဆိုတာ ပြသနာမဟုတ်ပါဘူးလို့ ဆိုချင်တာ မဟုတ်ပါ။ သည်လိုပြောလိုက်တော့ နိုင်ငံရေးသမားတွေ ဂိုဏ်းဆရာတွေ လိမ်ချင်တိုင်း လိမ်လို့ရတယ်လို့ ခွင့်ပြုခိုင်းတာ မဟုတ်ပါဘူး။ သည်လိုဆိုရင် အရာအားလုံးက လုပ်ဇာတ်တွေချည်းပဲ၊ သည်တော့ အမှန်ကိုဖော်ထုတ်တာဟာ အကျိူးမရှိဘူး၊ ရှုံးနိမ့်မှာပဲလို့လည်း ပြောချင်တာ မဟုတ်ပါ။ ဝါဒဖြန့်ချိရေးနဲ့ စာနယ်ဇင်းဆိုတာ ဘာမှ မကွဲပြားဘူး၊ သည်ပုပ်ထဲကသည်ပဲလို့လည်း သဘောထားရန် မဟုတ်ပါ။ လုပ်ဇာတ်သတင်းတွေ နောက်ကွယ်မှာ အချက်အလက်အမှန်တွေ ရှိနေပါတယ်။ ယူကရိမ်းမှာ ရုရှားစစ်သားတွေ တကယ်ကို စစ်တိုက်နေတယ်၊ လူတွေ ထောင်ချီပြီး တကယ်ကို သေကျေပျက်စီးနေကြတယ်။ သိန်းချီသော ပြည်သူတွေ အိုးအိမ်တွေ စွန့်ခွာပြေးနေရတယ်ဆိုတာ အမှန်ပကတိဖြစ်နေတယ်ဆိုတာတော့ သိကြပါတယ်။ (သူတို့ဘာသာ တရားသောစစ်လို့ ပြောပြော၊ ပြည်ထောင်စုကြီး ပြန်ထူထောင်တယ်ပြောပြော၊ စစ်ဖြစ်နေတာကိုတော့ ပုံဖျက်လို့ မရပါ)။

သည်အတွက်ကြောင့် fake news တွေဆိုတာကို ပုံမှန်ဖြစ်တာပဲလို့ လက်ခံလိုက်တာထက် သူတို့ရဲ့နောက်မှာ အလွန်ခက်ခဲနက်နဲတဲ့ ပြသနာတွေ ရှိနေတာကို ရိပ်မိသိရှိထားဖို့ လက်ခံထားဖို့ကို ပြောချင်တာပါ။ သည်တော့ ကျနော်တို့မှာ အမှန်နဲ့ အမှားကို ခွဲခြားနိုင်ဖို့အတွက် ပိုပြီး အားထုတ်ကြိုးပမ်းကြဖို့လိုတယ်ဆိုတာ သိကြဖို့ လိုအပ်ပါတယ်။


ပြည်စုံမှန်ကန်မှု အလုံးစုံကိုတော့ မျော်လင့်မထားကြပါနဲ့။ တကယ်တန်း ပုံပြင်ဆိုတာကတော့ လောကကြီးမှာ ဖြူစင်ခြင်းနဲ့ ဆိုးယုတ်ခြင်းဆိုတဲ့ ဘက်၂ဘက်သာ ရှိတယ်လို့ တွေးထင်ပြီး လောကကြီးရဲ့ ရှုပ်ထွေးပွေလီမှုကို ငြင်းပယ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ကူးယဉ်ခြင်း သက်သက်ပဲ။ နိုင်ငံရေးသမားဆိုတာ ဘယ်တော့မှ အမှန်ကို အလုံးစုံ ပကတိအတိုင်း ထုတ်ပြောမှာ မဟုတ်ပါဘူး။ သို့သော် တချို့နိုင်ငံရေးသမားကတော့ တခြားနိုင်ငံရေးသမားတွေထက် ပိုပြီး ကောင်းမွန်နိုင်ပါသေးတယ်။ ချာချီနဲ့ စတာလင်ကို ယှဉ်ကြည့်လိုက်ရင် ချာချီပြောတာကို စတာလင်ပြောတာထက် ပိုပြီး ယုံကြည်နိုင်စရာ ရှိတယ်လို့ ကျနော်ကတော့ ရွေးမှာ ဖြစ်ပါတယ်။ ချာချီကိုယ်တိုင်လည်း သူ့အကျိူးကို ကြည့်ပြီး အမှန်ကို ပုံဖျက်တယ်ဆိုပေမယ့် နှိုင်းယှဉ်ချက်အရ နည်းနည်းတော့ တော်သေးတယ် မဟုတ်လား။

ဒီလိုအလားတူပဲ သတင်းစာတွေဆိုတာ ဘက်လိုက်တာ မှားတာတွေ ပါကြတာချည်းပဲ။ ခြောက်ပြစ်ကင်းတွေ မဟုတ်ကြပါဘူး။ အခြားသတင်းစာတွေက စာဖတ်သူတွေကို မှိုင်းတိုက် အပင်းသွင်းတာတွေလုပ်နေသော်လည်း တချို့သတင်းစာတွေကတော့ အမှန်ကို ရိုးရိုးသားသား ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြတာ ရှိပါတယ်။ ၁၉၃၀ တုန်းက ထုတ်တဲ့ နယူးယောက်တိုင်းနဲ့ ပရာဒါ (ဆိုဗီယက်သတင်းစာ) ၂ ခုမှာ ကျနော်ကတော့ နယူးယောက်တိုင်းသတင်းစာပြောတာကို ပိုပြီး ယုံကြည်မှာ ဖြစ်ပါတယ်။

ကျနော်တို့အားလုံးရဲ့ အဓိကတာဝန်ကတော့ ဘယ်ရင်းမြစ်ကနေ သတင်းတွေ လာတာလဲ၊ ငါတို့ရဲ့ ဘက်လိုက်တဲ့ အစွဲက ဘာလဲဆိုတာကို အချိန်ပေးပြီး ဖော်ထုတ်ဖို့ ဆင်ခြင်ကြဖို့ သတိထားကြဖို့ ဖြစ်ပါတယ်။

ပထမဦးဆုံးပြောချင်တာကတော့ သင်ဟာ တကယ်ကို စိတ်ချရတဲ့ သတင်းအချက်အလက်လိုချင်တယ်ဆိုရင် ပိုက်ဆံပေးဖို့ မနှမြောပါနဲ့။ အလကား အခမဲ့ သတင်းဖတ်နေရတယ်ဆိုရင် သင်ကိုယ်တိုင်ဟာ ရောင်းကုန်ပစ္စည်းတခု ဖြစ်နေပြီ။ (သင့်ကို သူများထံ ရောင်းစားလိုက်ပြီလို့ ဆိုလိုတာ ဖြစ်ပါတယ်)။ အကယ်၍ သံသယဖြစ်ဖွယ်သူဌေးကြီးတဦးက သင့်ကို သည်လို ဆွယ်မယ် – “မင်းကို တလ ၃၀ ပေးမယ်၊ အဲသည်အတွက် တနေ့ ၁ နာရီ မင်းကို ငါက အပင်းသွင်းမယ်၊ ဦးနှောက်ဆေးပစ်မယ်၊ ငါ့နိုင်ငံရေးအယူအဆတွေ စီးပွားရေးသဘောထားတွေကို သွတ်သွင်းမယ် …” ။ သင် ဘယ်လိုလဲ လက်ခံလိုက်မလား။ အနည်းငယ်သော လူပြိန်းတွေကတော့ လက်သင့်ခံချင်ကြပေလိမ့်မယ်။ သည်လိုဆိုရင် အဲသည် သူဌေးကြီးကပဲ အခြားပုံစံတမျိုးနဲ့ ချည်းကပ်လာမယ်။ “မင်းကို တနေ့တနာရီ အပင်းသွင်းခွင့် မှိုင်းတိုက်ခွင့်ပေးပါ။ ဒါပေမယ့် မင်းဆီက ငါ တပြားမှ မယူဘူး၊ အခမဲ့ဆားဗစ် လုပ်ပေးမှာ” လို့ ဆိုရင်ကော။ သန်းပေါင်းများစွာသော လူတွေအတွက် သည် ဆွယ်တရားဟာ တပ်မက်လက်ခံချင်စရာကြီး ဖြစ်သွားပါတော့တယ်။ သူတို့တွေလိုမျိူးလည်း မလုပ်ပါနဲ့။ (ဖေ့စ်ဘွတ်အခမဲ့သုံးပြီး ဖေ့စ်ဘွတ်က သွတ်သွင်းနေတဲ့ ကြော်ငြာတွေ သတင်းတွေကို ကြည့်နေကြတာနဲ့ အလားတူမယ် မဟုတ်လားဗျ)။

ဒုတိယအရေးကြီးတဲ့အချက်ကတော့ အရေးကိစ္စတခုခုဟာ သင့်အတွက် တကယ်ကို အရေးပါတယ်၊ အရေးကြီးတယ်ဆိုရင် သိပ္ပံနည်းကျရေးသားထားတဲ့ စာပေဗဟုသုတတွေကို ချည်းကပ် ဖတ်ရှုပြီး လေ့လာဖို့ ဖြစ်ပါတယ်။ သိပ္ပံနည်းကျဆောင်းပါးဆိုတာ ပညာရှင်ချင်းဆန်းစစ်လက်ခံတဲ့ စာတွေ၊ လူသိများထင်ရှားတဲ့ စာအုပ်တိုက်ကြီးတွေက ထုတ်ဝေတဲ့ စာအုပ်တွေ၊ အများလေးစားတဲ့ ကျောင်းကြီးတွေက ပါမောက္ခကြီးတွေ ရေးတဲ့ စာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ သိပ္ပံဆိုတာကလည်း သူ့အတိုင်းအတာနဲ့ သူ ရှိပါတယ်။ အတိတ်မှာ သိပ္ပံကိုယ်တိုင်က မှားခဲ့တာတွေ အများကြီးပါပဲ။ သို့သော်လည်း ရာစုနှစ်ပေါင်းများစွာမှာတော့ဖြင့် သိပ္ပံပညာရှင်အသိုင်းအဝိုင်းဆိုတာ အများအားကိုးရတဲ့ ဗဟုသုတရင်းမြစ်ကြီးဖြစ်တယ်ဆိုတာကတော့ လက်ခံထားရပါလိမ့်မယ်။ အကယ်၍များ ကိစ္စတခုမှာ သိပ္ပံအသိုင်းအဝိုင်းက မှားနေတယ်လို့ သင်က ယူဆတယ်ဆိုကြပါစို့ – ဒါလည်း ဖြစ်နိုင်ပါတယ်၊ သို့သော်လည်း သင်က အလုံးစုံမျက်စိပိတ် ဖင်ပိတ်ပြီး ငြင်းပယ်နေတာ မဟုတ်ဘဲ သူတို့၏ သီအိုရီတခုခုကိုသာ ငြင်းနေတာဖြစ်ကြောင်း သင်ကိုယ်တိုင်လည်း သိပါတယ်။ သင်လည်း ဒါကို မှားတယ်ဆိုတာ သက်သေပြနိုင်ကြောင်း ကြိုးစားနိုင်ပါသေးတယ်။ ဟိုလူတွေက ဒဏ္ဍာရီတွေ ပုံပြင်တွေ ယုံတမ်းစကားတွေနဲ့ ပစ်ပေါက်ပြီး သင့်ကို ပစ်ပယ်ကြမှာ မဟုတ်ပါဘူး။

သိပ္ပံပညာရှင်တွေဘက်ကလည်း သူတို့အလုပ်သူတို့ လုပ်တဲ့နေရာမှာ လူတွေနဲ့ ပိုပြီး ပတ်သက်နိုင်အောင် လူပြိန်းဆွေးနွေးပွဲတွေမှာ ဝင်ပါဝင်ကြဖို့ လိုအပ်နေပါသေးတယ်။ လူတွေရဲ့ အငြင်းပွားမှုတွေဟာ သူတို့၏ ဆေးပညာတို့ သမိုင်းတို့ နယ်ပယ်တွေထဲအထိ ဝင်ရောက်လာရင် သူတို့သဘောထားတွေ အမြင်တွေ ထုတ်ဖော်ပြောဆို ကြားသိစေဖို့ လုပ်ကိုင်ရပါမယ်။ ရှောင်နေလို့ မဖြစ်ပါဘူး။

မှန်ပါတယ်။ သူတို့အလုပ်က ပညာရပ်ဆိုင်ရာသုတေသနတွေ လုပ်ဖို့၊ ရလဒ်တွေကို လူတွေမဖတ်ကြတဲ့ သိပ္ပံဂျာနယ်တွေမှာ ပုံနှိပ်ဖော်ပြကြဖို့ အရေးကြီးတယ်ဆိုတာလည်း လက်ခံပါတယ်။ သို့သော်လည်း လူပြိန်းတွေ ဖတ်တဲ့ ပေါ်ပြူလာသိပ္ပံဂျာနယ်လိုမျိူးတွေမှာ ပုံတွေ ဇာတ်လမ်းတွေနဲ့ တန်ဆာဆင်ပြီး လူတွေ နားလည်အောင် သူတို့တွေ ရေးသားကြဖို့လည်း တန်းတူ အရေးကြီးတဲ့အကြောင်း တိုက်တွန်းချင်ပါတယ်။

သည်လိုဆိုတော့ သိပ္ပံသမားတွေ သိပ္ပံပုံပြင်ဝတ္ထုတွေပါ ရေးကြရေတာ့မှာလားပေါ့။ အင်း ဒါလဲ မဆိုးပါဘူး။ အနုပညာဆိုတာ လူမှုအဖွဲ့အစည်းအတွက် ပုံဖော်တဲ့ဆီမှာ အရေးပါတဲ့ ကဏ္ဍတရပ် ဖြစ်ပါတယ်။ လက်ရှိ လူတွေ လိုက်မမီသေးတဲ့ အေအိုင်တို့ စက်၏သင်ယူခြင်း (machine learning)တို့၊ ဥတုရာသီပြောင်းလဲနေခြင်းတို့ ကို လူပြိန်းတွေ နားလည်လာအောင် အခုလို ၂၁ ရာစုခေတ်ကြီးထဲမှာ သိပ္ပံဝတ္ထုတွေကနေ ပြောပြရင် ကောင်းမှာပါ။ ကျနော်တို့မှာ သိပ္ပံကောင်းကောင်းကို လိုနေပြီ။ နိုင်ငံရေးထောင့်ကနေ ကြည့်ရင်တော့ သိပ္ပံစာတမ်းတွေထက်စာရင် သိပ္ပံဝတ္ထုတွေ သိပ္ပံဇာတ်လမ်းရုပ်ရှင်တွေဟာ ပိုပြီးတော့ အကျိူးရှိမှာ အလွန်သေချာနေပါတယ် ခင်ဗျား။
(ပြီးပါပြီ)