Breaking News

ဒေါ်ကလျာနှင့်မောင်မိုးသူ



ဒေါ်ကလျာနှင့်မောင်မိုးသူ

(ကြေးမုံသတင်းစာ)
မိုးမခ၊ ဇူလိုင် ၃၊ ၂၀၁၉

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဒေါ်ကလျာ ကွယ်လွန်အနိစ္စရောက်သွားတဲ့သတင်းကို ဖေ့စ်ဘွတ်ပေါ် မှာကြည့်ပြီး သမီးအေးသီတာက ဖုန်းဆက်ပြောပါတယ်။ မောင်မိုးသူက ဖေ့စ်ဘွတ်ကိုကြည့်လေ့ကြည့်ထမရှိပါ။ ဒေါ်ကလျာကို မောင်မိုးသူက မမဝင်းလို့ခေါ်ပေမယ့် အမှန်စင်စစ်အားဖြင့် ဒေါ်ကလျာခေါ်မမဝင်းဟာ မောင်မိုးသူထက် တစ်နှစ်တိတိငယ်သူ ဖြစ်ပါတယ်။

ထူးထူးဆန်းဆန်း အမျိုးသားနှစ်ယောက်
ကလျာမဂ္ဂဇင်းစတင်ထုတ်ဝေစဉ်က အယ်ဒီတာ ချုပ်အဖြစ် မောင်ဝဏ္ဏကို ခန့်ထားလို့အဲဒီတုန်းက မောင်ဝ္ဏဆီကို မောင်မိုးသူစာတစ်စောင် ရေးခဲ့ဖူး ပါတယ်။ မောင်မိုးသူကိုယ်တိုင်တော့ ကလျာမဂ္ဂဇင်းမှာ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မည် ပင်တိုင်ဆောင်းပါးတွေ အများကြီး အများကြီးရေးခဲ့ပါတယ်။ စုပေါင်းပြီး စာအုပ် အဖြစ်နဲ့လည်း ထုတ်ဝေခဲ့ပါတယ်။ ဒေါ်ကလျာတို့ရဲ့ အမျိုး သမီးစာရေးဆရာ အသိုင်းအဝိုင်းထဲမှာ ထူးထူးဆန်းဆန်း အမျိုးသားနှစ်ယောက် ပါဝင်လေ့ရှိပါတယ်။ အဲဒီ နှစ်ယောက်ကတော့ မောင်မိုးသူနဲ့ မင်းလူပဲဖြစ်ပါတယ်။ မောင်မိုးသူကိုတော့ မမဝင်းတို့၊ မေဦးတို့က မိန်းမဖော် တစ်ယောက်လို အောက်မေ့နေသလားမသိပါဘူး။ မင်းလူကိုတော့ သူတို့အုပ်စုကဝိုင်းပြီးတော့ မျောက်လူ မျောက်လူလို့ခေါ်ပြီး နှိမ်လေ့ရှိပါတယ်။ ဒါပေမယ့် မင်းလူဆိုတဲ့ငနဲက စာထဲမှာတော့ မမဝင်းတို့ အမျိုးသမီး အုပ်စုကို ဟာသနှောပြီး ရေးလေ့ရှိပါတယ်။ သူတို့ အားလုံးက ခံကြရတာပဲတတ်နိုင်တော့တာပေါ့။ ကလျာ မဂ္ဂဇင်းမှာ အမြဲတမ်းပင်တိုင်ရေးခဲ့ကြတဲ့ မောင်မိုးသူရဲ့ ညီငယ်တွေ ဖြစ်ကြတဲ့ မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူတို့ လည်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြပါပြီ။

စီစဉ်ထုတ်ဝေ
မောင်မိုးသူ အပြင်လောကရောက်လာချိန်မှာ ကလျာမဂ္ဂဇင်းကို မည်သို့မည်ပုံအသွင်သစ်ဖြစ်အောင် အကြံတောင်းတဲ့အတွက် ကလျာမဂ္ဂဇင်းမှာ နိုင်ငံတကာ ဆောင်းပါးတွေ၊ သတင်းတွေနှင့်တကွ တခြားဖွယ်ဖွယ် ရာရာဆောင်းပါးတွေကို စက္ကူချောနဲ့ ရိုက်နှိပ်ဖြစ် အောင် မောင်မိုးသူအကြံပေးခဲ့ဖူးပါတယ်။ နောက်ဆုံး အကြံပေးသူတာဝန်ယူဆိုပြီး မမဝင်းက ကလျာမဂ္ဂဇင်း ကို မမဝင်းနဲ့မောင်မိုးသူ နှစ်ဦးစပ်တူ ထုတ်ဝေဖို့ တိုက်တွန်းတဲ့အတွက် တစ်နှစ်တိတိ မောင်မိုးသူ ကလျာ မဂ္ဂဇင်းကို စီစဉ်ထုတ်ဝေဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက စာရင်းကိုင်၊ ငွေကိုင်ပုဂ္ဂိုလ်ကတော့ ကနေ့ မမဝင်း ကွယ်လွန်တဲ့သတင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ရှိပြီး မောင်မိုးသူကို အကြောင်းကြားတဲ့ သမီး အေးသီတာပဲဖြစ်ပါတယ်။ မောင်မိုးသူရဲ့မွေးနေ့က မေလ ၁၈ ရက်နေ့ဖြစ်ပါတယ်။ မောင်မိုးသူထက် လေး၊ ငါးရက် စောပြီ မွေးနေ့အတူဖြစ်တဲ့ အမျိုးသမီးကြီးနှစ်ဦးကတော့ တလောကမှ အသက် ၉၆ နှစ်အရွယ် ဖလော်ရီဒါမှာ ကွယ်လွန်သွားတဲ့ မမခင် ခေါ် ဒေါ်ပတ္တမြားခင် နဲ့ ယနေ့ ဇူလိုင် ၁ ရက်မှာ ကွယ်လွန်သွားရှာတဲ့ မမဝင်းတို့ဟာ မွေးနေ့တစ်ရက်တည်းဖြစ်ပါတယ်။

နှစ်စဉ်လှူလေ့ရှိ
မမဝင်းဟာ မမခင်ရဲ့ မွေးနေ့ကို အမြဲအကျွေးအမွေး လေးနဲ့ ပြုလုပ်လေ့ရှိပါတယ်။ တစ်ချိန်တည်းမှာ မမခင်လှမ်းပို့ပေးတဲ့အလှူငွေများနှင့် အသက်အရွယ်ကြီးရင့် ပြီး ကျန်းမာရေးအားနည်း၊ လိုအပ်ချက်တွေရှိနေကြတဲ့ စာပေနယ်က စာရေးဆရာများကို နှစ်စဉ်လှူလေ့ရှိပါ တယ်။ အဲဒီပွဲတွေလည်း မောင်မိုးသူ အမြဲရောက်ခဲ့တာ ပေါ့။ ကလျာမဂ္ဂဇင်းကို ရပ်ဆိုင်းလိုက်ရတဲ့အချိန်မှာ မမဝင်းက အတော်စိတ်လှုပ်ရှားပုံရပါတယ်။ ကလျာ မဂ္ဂဇင်းကို တခြားသူတစ်ဦးတစ်ယောက်က ဆက်ထုတ် မယ်ဆိုတော့လည်း မပေးရက်မပေးနိုင်ဘူးလေ။ မောင်မိုးသူကိုယ်တိုင်ကလည်း မထုတ်နိုင် မလုပ်ဖြစ်ခဲ့ ပါဘူး။

အလွမ်းစာလေးတစ်ပုဒ်
မမဝင်းတို့ရဲ့သာကေတအိမ်မှာကျင်းပတဲ့ ပွဲတိုင်း မောင်မိုးသူတက်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး သိမ်ဖြူကွင်း ထိပ်က အိမ်ကို ပြောင်းလာတဲ့အချိန်အထိလည်း မောင်မိုးသူ သွားဖြစ်ခဲ့ပါတယ်။ မောင်မိုးသူအိမ်ထဲ ရောက်ရင် အိပ်ရာထဲမှာလှဲနေတဲ့ မမဝင်းက တကူးတက ထပြီး မောင်မိုးသူကို စားစရာတစ်ခုခု အမြဲကျွေးလေ့ ရှိပါတယ်။ နောက်ပိုင်း အားနာတာကလည်း တစ်ကြောင်း၊ မောင်မိုးသူကိုယ်တိုင်ကလည်း လိုက်ပို့တဲ့ သူမရှိရင် မသွားနိုင်တာကတစ်ကြောင်း မမဝင်းအိမ်ကို မရောက်ဖြစ်ခဲ့တာ တစ်နှစ်လောက်တောင်ရှိနေပြီ ထင်ပါတယ်။ တယ်လီဖုန်းနဲ့ ဆက်ဖြစ်တိုင်းလည်း ကလေးမလေးတွေ ဖြေပါတယ်။ မမဝင်းကိုယ်တိုင်က လည်း တစ်ခါတလေ လာဖြေပါတယ်။ စာပေလောကမှာ အတူတွဲခဲ့ပြီး ကလျာကိုလည်း အတူထုတ်ခဲ့ဖူးတဲ့ မောင်မိုးသူတစ်ယောက် မမဝင်းကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အလွမ်းစာလေးတစ်ပုဒ်ရေးပြီး ကြေးမုံကို ပို့လိုက်ရပါတယ်။

ဒီစာစုနဲ့အတူ အမှတ်တရဓာတ်ပုံလေးတစ်ပုံ ထည့်ပေးလိုက်ပါတယ်။ အဲဒီပုံထဲမှာ ကွယ်လွန်သွားကြ ရှာပြီဖြစ်တဲ့ ဒေါ်ကလျာ၊ ခင်ဆွေဦးတို့က စာရေးသူရဲ့ ဝဲ၊ ယာမှာထိုင်နေကြပြီး နံဘေးမှာ ဝန်းရံနေကြသူ များကတော့ စာရေးဆရာမ ဂျူး၊ စာရေးဆရာမ သန်းမြင့် အောင်၊ VEC ဒေါ်ဝင်းဝင်းမေ၊ ကံ့ကော်ဝတ်ရည် မဝိုင်းတို့ပဲ ဖြစ်ပါတယ်။

လွမ်းလျက်
မောင်မိုးသူ
၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်