Breaking News

ဒေါက်တာစိန်ဝင်း (NCGUB ဝန်ကြီးချုပ်ဟောင်း) နဲ့ အင်တာဗျူး - ၈၈အရေးတော်ပုံ ၃၁နှစ်ပြည့်အမှီ အိမ်ပြန်ရတော့မလား

ဆရာ၊ သား ပြည်လရောင်၊ သမီး မေ့လပြည့်၊ ဇနီး ဒေါ်စီစီသွယ် (ဓာတ်ပုံ - thanda myint facebook၊ ၂၀၁၉ ဇူလိုင် ၁၉၊ အာဇာနည်နေ့ ၊ မင်္ဂလာရာမဘုန်းကြီးကျောင်း၊ မေရီလင်းပြည်နယ်၊ ယူအက်စ်အေ)

 ဒေါက်တာစိန်ဝင်း (NCGUB ဝန်ကြီးချုပ်ဟောင်း) နဲ့ အင်တာဗျူး - ၈၈အရေးတော်ပုံ ၃၁နှစ်ပြည့်အမှီ အိမ်ပြန်ရတော့မလား

(မိုးမခ) ဇူလိုင် ၃၀၊၂၀၁၉

မိုးမခမီဒီယာမှာ ၂၀၁၆ ကတည်းက တောက်လျောက် သတင်းဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတခုကတော့ -  ပြည်ပရောက် မြန်မာအရေးလှုပ်ရှားသူများကို လွတ်လပ်စွာနဲ့ ဂုဏ်သိက္ခာရှိရှိ မြန်မာနိုင်ငံသားအဖြစ်နဲ့ မိခင်မြန်မာပြည်က  ပြန်လည် လက်ခံနိုင်ဖို့ အရေးဖြစ်ပါတယ်။

အဲသည်အတွက် ဒေါက်တာစိန်ဝင်း၊ ဇနီးမစီစီသွယ် နှင့် မိတ်ဆွေမိသားစုများ  တောက်လျောက်တောင်းဆို လှုပ်ရှားနေခဲ့တာ ၃ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင် ၁၉ တုန်းကတော့ ဆရာဒေါက်တာစိန်ဝင်းနဲ့ မိသားစုတို့ မြန်မာပြည်တွင်းက အာဇာနည်နေ့အခမ်းအနားအမီ ပြန်ရောက်နေပြီလို့ အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်လာပါတယ်။ မိုးမခက ဆက်သွယ်တဲ့အခါမှာတော့ ဆရာတို့ ခုချိန်ထိ အမေရိကန်မှာ ရှိနေတုန်းပဲလို့ သိရပါတယ်။

သို့သော်လည်း ဝါရှင်တန်ရှိ မြန်မာသံရုံးက ဆက်သွယ်ထားတယ်လို့ ကြားသိရတဲ့အတွက် မိုးမခက ဒေါက်တာစိန်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီအစိုးရနဲ့ လွှတ်တော် အာဏာရလာပြီးတဲ့နောက်၊ အမေရိကန်ရောက်နေတဲ့ဒေါက်တာစိန်ဝင်းတို့မိသားစုနဲ့ မိတ်ဆွေတွေက မြန်မာပြည်ကို ပြန်လည်သွားရောက်နိုင်ဖို့  ၂၀၁၆ ဇူလိုင်လမှာ ခရီးသွားဗီဇာ ​လျောက်ခဲ့တယ်။ အဲသည်တုန်းက မြန်မာနိုင်ငံသားဟောင်းတွေဆိုပြီး ခံဝန်ချက်လက်မှတ်ထိုးရတာတွေ ကန့်သတ်ချက်တွေ ရင်ဆိုင်ခဲ့ရလို့ မသွားဖြစ်ခဲ့ဘူး။ သည်လိုနဲ့ ၂၀၁၈ ရောက်လာတယ်။ ဒါနဲ့ ဆရာတို့က မြန်မာနိုင်ငံသားပြန်လျောက်ကြတယ်။ အဲသည်လို ဖြစ်နေခဲ့တယ် မဟုတ်လား။

ဒေါက်တာစိန်ဝင်း။ ။ ဟုတ်ပါတယ်။ ပထမတခေါက် ၂၀၁၆မှာ ပြန်ဖို့ ကြိုးစားတုန်းက ကန့်သန့်ချက်တွေ ခံဝန်ချက်တွေ ဟိုဟာတွေ ဒီဟာတွေ ပါနေတာနဲ့ မသွားဖြစ်ဘူး။ ခုထိလည်း ပိုက်ဆံယူပြီးဖြစ်စေ ပိုက်ဆံမယူ၍ဖြစ်စေ အလုပ်လုပ်ခွင့် မရှိဘူးလို့ ကန့်သတ်ထားတာတွေ ရှိနေတုန်းပါပဲ။ နောက်တခါ ၂၀၁၈ မှာ  မြန်မာနိုင်ငံသားအဖြစ် ပြန်လျောက်ကြတဲ့အခါ အမေရိကန်ကထုတ်ပေးထားတဲ့ အမြဲတန်းနေထိုင်ခွင့်ကဒ်ကို ပြန်အပ်ဖို့ ပြောပြန်ရော။ ဒါကို ကျနော်တို့က လက်မခံဘူးလေ။ အဲဒါနဲ့ ကြာနေတာ။

မေး။ ။ အခု ဆရာတို့ကို ပြန်လည်ဆက်သွယ်လာတာက ၂၀၁၉ ဇူလိုင်လအတွင်းမှာဆိုတော့ ၁ နှစ်ကျော် ကြာမြင့်ခဲ့တယ် ဆိုရမယ်။ အခု ၂၀၁၉ ဇူလိုင်လအတွင်းမှာ ဘယ်လိုမျိုး ဆက်သွယ်လာပြန်တာလဲ၊ ဘာတွေ လုပ်ရဦးမလဲ ဆရာ။

ဖြေ။ ။ အခုကျတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ ... ရန်ကုန်က ကျနော့်မိသားစုအိမ်ကို ဗဟန်း လ၀က (လူဝင်မှုကြည့်ကြပ်ရေး)က  ဆက်သွယ်လာပါတယ်။ ရုံးစာနဲဲ့အကြောင်းကြားပါတယ်။သန်းကောင်စာရင်းပြန်သွင်းနိုင်ဖို့၊ မှတ်ပုံတင်အသစ် ထုတ်ပေးနိုင်ဖို့။ ပြီးတော့ dual citizenship ခံယူထားသူမဟုတ်ကြောင်း ကျမ်းကျိန်ဖို့ စတဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်စရာတွေ လုပ်ဖို့ သူတို့ဆီက အကြောင်းကြားစာ ရရှိပါတယ်။ မိသားစုအိမ်ကို ဗဟန်းလ၀က က အကြောင်းကြားတာ။ နောက်သံရုံးကတော့ - သမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီး အစည်းအဝေး  ၁၁/၂၀၁၉ အရ ကျနော်တို့အားလုံး ၉ ဦး၊ ကလေး ၂ ဦး အပါအဝင် နိုင်ငံသားအဖြစ် ပြန်လည်လက်ခံလိုက်ပြီးဖြစ်ကြောင်း ကျနော်တို့ကို အသိပေးအကြောင်းကြားလာပါတယ်။

မေး။ ။ မြန်မာနိုင်ငံသားဟောင်းတွေက မြန်မာသံရုံးမှာ မြန်မာပတ်စ်ပို့ ပြန်လျောက်ရင် အမေရိကန်ဂရင်းကဒ်ပြန်အပ်ရတယ်လို့ ကြားသိရတယ်။ ဆရာတို့ကိုကော ပြန်အပ်ခိုင်းသလား။ 

ဖြေ။ ။ ကျနော်တို့ကိုလည်း ဂရင်းကဒ်ပြန်အပ်ဖို့ သံရုံးက စာထဲမှာ ပါပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ရှိနေတဲ့ အမေရိကန်ခရီးသွားလက်မှတ်ဟောင်းတွေကို ပြန်အပ်တာနဲ့ ပြီးသွားပါတယ်။ ကျနော်တို့ သိတာကတော့ dual citizenship ကို လက်မခံဘူးဆိုတဲ့ အချက် မြန်မာနိုင်ငံဥပဒေမှာ ရှိတယ်ဆိုတာကို သိတယ်။  သို့သော်လည်း အမြဲတန်းနေထိုင်ခွင့် ၊ ဂရင်းကဒ်ဆိုတာကျတော့ နိုင်ငံသားနဲ့ မဆိုင်ဘူးလေ။ အဲသည်လိုမျိူး မြန်မာနိုင်ငံသားတွေ အမေရိကန်မှာ ဂရင်းကဒ်နဲ့ နေထိုင်နေတာမျိုးတွေ အများကြီးရှိတယ်။ သည်တော့ ကျနော်တို့လို မြန်မာဒီမိုကရေစီအရေးအတွက် ပြည်ပရောက်နေတဲ့လူကိုကျတော့ မူလမြန်မာနိုင်ငံသားပြန်ဖြစ်နိုင်ဖို့ ဂရင်းကဒ်ကိုပြန်အပ်ရမယ်ဆိုတာကျတော့ ဥပဒေက ၂ မျိူးဖြစ် မနေဘူးလား။ ဒီအချက်ကို နိုင်ငံတော်သမ္မတကြီးနဲ့ အတိုင်ပင်ခံတို့ထံ ဝက်ဆိုက်တွေကနေတဆင့်လည်း စာရေးပြီး တင်ပြခဲ့တယ်။

မေး။ ။ သည်တော့ မြန်မာပြည်အစိုးရပိုင်း လုပ်ထုံးလုပ်နည်းအရ ဆရာတို့ကို နိုင်ငံသားအဖြစ် ပြန်လည်လက်ခံလိုက်ပြီ လုပ်စရာ ရှိတာတွေ လုပ်ဖို့ပဲ ရှိတော့တယ် ဆိုတဲ့​သဘောပေါ့။ သည်အခါကျတော့ အမေရိကန်က မြန်မာသံရုံးက ဆရာတို့ကို ဘာတွေ ပြောပါသလဲ။

ဖြေ။ ။ ခရီးသွားဖို့ကတော့ သံရုံးက ကျနော်တို့ကို ထုတ်ပေးရမယ်လေ။ ခရီးသွားနိုင်ဖို့ စာရွက်စာတန်း ထုတ်ပေးမှ ကျနော်တို့ ပြန်ပြီး မြန်မာပြည်မှာ လုပ်ရမယ့် due process ကို လုပ်နိုင်မှာပေါ့။

ကျနော့်အမြင်ကတော့ သမ္မတက အကြောင်းကြား ပြီးပြီ။  ခရီးသွားခွင့် စာရွက်စာတမ်းထုတ်ပေးဖို့ပဲ ရှိတော့တယ်။ သို့သော် အခု နိုင်ငံခြားရေးက ဒုဝန်ကြီးကို ပြန်လည် တင်ပြရဦးမယ်လို့ ဆိုတော့ ကျနော်အမြင်ကတော့ အချိန်ကုန်တာပဲ ဗျာ။  အလုပ်လုပ်တဲ့နေရာမှာ သည်လိုသာအလုပ်လုပ်နေရင်တော့ ကျနော်တို့ ကိစ္စတင်မကဘူး သူများတွေရဲ့အရေးတွေမှာလည်း ရင်မောစရာပေါ့။

မေး။ ။ အာဇာနည်နေ့တုန်းက မြန်မာပြည်ပြန်မရောက်နိုင်ခဲ့ပေမယ့် အခုလာမယ့် ဩဂုတ်လ ၈ ရက်။ ၈လေးလုံး ၃၁ နှစ်ပြည့်အမီတော့ ပြန်နိုင်တော့မယ်လို့ ထင်ပါသလားဆရာ။

ဖြေ။ ။ ကျနော်တို့ကတော့ ဒီတပတ် ခရီးသွားခွင့်လက်မှတ်ရတာနဲ့ နောက်တပတ် ပြန်ပြီပဲ။

မေး။ ။ အခြားနိုင်ငံသားမခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ ဂုဏ်သိက္ခာရှိစွာ မိခင်တိုင်းပြည်ကို ပြန်ပြီး တိုင်းပြည်အကျိုးဆောင်ရွက်နိုင်ကြဖို့အတွက် မျော်လင့်ချက်တွေ အလင်းရောင်တွေ သန်းလာပြီလို့ ဆရာ ပြောချင်ပါသလား။

ဖြေ။ ။ နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေမှာ တရားဝင်ကြေညာချက်တွေ ထုတ်ပြန်ပြီးတော့ ကျနော်တို့လို မြန်မာ့အရေးကြောင့် ပြည်ပရောက်နေသူတွေကို ပြန်လည်ခေါ်ယူဖို့ ပွင့်လင်းမြင်သာတဲ့ လက်ခံဆောင်ရွက်မှုတွေ အချိန်တိုတိုအတွင်း မြန်မြန်ဆန်ဆန် လုပ်ပြဖို့ လိုမယ်။  မြန်မာနိုင်ငံသားဟောင်းတွေရဲ့ ဆိုရှယ်ဗီဇာထဲမှာလည်း အကန့်အသတ်မလုပ်ထားပဲ လွတ်လပ်စွာ ကူညီလုပ်ကိုင်ခွင့်ပြုဖို့ လုပ်ရပါလိမ့်မယ်။ ကျနော်တို့လို နှစ်နဲ့ချီပြီး ကြာနေတာမျိုး မဖြစ်သင့်ပါဘူး။


အညွှန်း - ဝါရှင်တန်မြန်မာသံရုံးက မြန်မာနိင်ငံသားများဟောင်းအတွက် လျောက်လွှာ။

သူတို့အာဘော် / စီစီသွယ် (S/OKA ၀၈၉ ၈၁၈) – နိုင်ငံတော်အတိုင်ပင်ခံ၏ ပန်ကြားချက်နှင့် ပြည်ဝင်ခွင့်

အင်တာဗျူး / “မြန်မာနိုင်ငံသားစစ်စစ် ကဝိအို အိမ်ပြန်နိုင်ပြီလား”