Breaking News

ဇာဝါရီ ● နှုတ်မဆက် လမ်းခွဲခဲ့တဲ့ နိုင်ငံသားသစ်များ

ဇာဝါရီ ● နှုတ်မဆက် လမ်းခွဲခဲ့တဲ့ နိုင်ငံသားသစ်များ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၉

မကွယ်မဝှက် ဝန်ခံရရင် ပျင်းလို့၊ အချိန်မရှိလို့ စာမရေးတာ အတော်ကြာခဲ့ပြီ။ ဒီနေ့တော့ အချိန်ပေးပြီးတော့ Online ပေါ်က နေ RFA သတင်းဌာနက ထုတ်လွှင့်နေတဲ့ “မြန်မာ့နိုင်ငံရေးနှင့် ကြီးထွားလာနေတဲ့ တရုတ်သြဇာ အရှိန်အဝါ” ခေါင်းစဉ်နဲ့ စကားဝိုင်းအစီအစဉ်မှာ မြန်မာ့အရေးကျွမ်းကျင်သူ ကိုယ့်ဆရာသမားတွေ ဆွေးနွေးကြတာကို နားထောင်ကြည့်ပြီး ဒီနေ့ မနက် ကိုယ်ကိုယ်တိုင် ခလုတ်တိုက် တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံလေးကို ပြောပြချင်တာနဲ့ အခုလို ကောက်ကာငင်ကာ ရေး ခြစ်ပြီး မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။ မတူကွဲပြား လူမျိုး၊ ဘာသာတွေအပေါ် ချစ်ခြင်း၊ မုန်းခြင်း အစွဲကင်းစွာနဲ့ ရေးသားခြင်း ဖြစ်ပါတယ်။

ဇာတ်လမ်းအစ ဒီက … ဒီနေ့မနက် ဘန်ကောက်ကနေ ကျနော့်ထိုင်းမွေးစား မိဘများရှိရာ ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့ဆော့မြို့ ကို သွားရောက်ခဲ့တယ်။ (စကားချပ် -- ၁၉၈၉ ခုနှစ် တောထဲကနေ မဲ့ဆော့မြို့ရောက်ပြီး လပိုင်းအတွင်းမှာ သူတို့နဲ့တွေ့ဆုံပြီး သူတို့တွေရဲ့တရားမဝင် မွေးစားသားဖြစ်ခဲ့။ မွေးစားမိဘနှစ်ပါးနဲ့ မိသားစု၏ ဖြူစင်ရိုးသား ချစ်ချင်းမေတ္တာလွှမ်းခြုံထားတဲ့ အေးမြတဲ့အရိပ်အောက်မှာ လနဲ့ချီ လုံခြုံချမ်းမြေ့စွာ နေခွင့်ရခဲ့တယ်။ အဲဒီအချိန်ကနေ ဒီနေ့အထိ ဘယ်ကမ္ဘာ၊ ဘယ်ဒေသ ရောက်ရောက် သူတို့တွေနဲ့ အဆက်အသွယ်မပြတ်၊ ချစ်ချင်းမေတ္တာမလျော့ ဆက်သွယ်နေထိုင်ခဲ့တယ်။ နောက်မှကြံရင် ချစ်ချင်းမေတ္တာကြီးမားလှတဲ့ ကျနော့်မွေးစားမိခင် (မဲ့) နဲ့ ဖခင် (ဖော့) တို့အကြောင်းကိုလည်း ပြောပြချင်ပါတယ်)။

ဒီစာရေးဖို့ဖြစ်လာတဲ့အဓိကအကြောင်းက ဒီနေ့ခရီးက အရင်ခရီးတွေနဲ့မတူ ထူးခြားလှတယ်။ ကျနော်တို့ လေယာဉ်ပေါ် တက်ဖို့ တန်းစီးချိန်မှာ သတိထားမိတာက ကိုယ်နဲ့ ခရီးတူသွားမယ့်သူများက ကျနော့်အမျိုးသမီး (ထိုင်း)၊ ကျနော် (မြန်မာ) နဲ့ အခြားထိုင်းနှစ်ယောက်ကလွဲ ကျန်ခရီးသည်များမှာ တရုတ်လူမျိုးတွေ ဖြစ်နေတယ်။ သူတို့တွေရဲ့ မပြောင်းမလဲပုံစံအတိုင်း စကားတွေ အော်ဟစ်ပြောဆို၊ မုန့်တွေစားပြီး လေယာဉ်ပေါ်တက်ကြတယ်။ ဒီလိုနဲ့ တိုးတိုးတိတ်တိတ် ကျနော့်အမျိုးသမီးနဲ့ ဒီတရုတ်ခရီးသည်တွေ သူတို့အကြိုက် ဘာမှထွေထွေထူးထူး လည်ပတ်ကြည့်စရာမရှိတဲ့ မဲ့ဆော့မြို့ကို ဘာသွားလုပ်ကြသလဲ ပေါ့။ လမ်းတလျှောက်လုံး ဒီခရီးသည်တွေအကြောင်း စပ်စုသိချင်စိတ် တဖွားဖွား ဖြစ်နေခဲ့တယ်။

ဒီလိုနဲ့ တစ်နာရီအကြာမှာ မဲ့ဆော့လေဆိပ်ကို ချောချောမောမောရောက်ရှိပြီး တလမ်းလုံး စိတ်ဝင်စားခဲ့တဲ့ ပြည်ကြီးသား တရုတ်ဧည့်သည်တွေ ဘယ်ခရီးဆက်ကြမလဲဆိုတာကို တချက်စောင့်ကြည့်တော့ မဲ့ဆော့မြို့ဘက်ကိုသွားမယ့် ကျနော်တို့နဲ့ ဆန့်ကျင်ဘက် ကျနော်တို့ သာယာရွှေပြည်ဆီသို့ သွားကြမယ်ဆိုတာကို သိလိုက်ရတယ်။ သူတို့တွေကို လာကြိုတဲ့ ဘတ်စ် ကားကြီးကို ငေးမောကြည့်ပြီး ကျနော်တို့ကို လာကြိုတဲ့ မွေးစားမိခင်ရဲ့တူမ၊ ကျနော့်အမကြီးကို မေးကြည့်တော့ မဲ့ဆော့မြို့ ကို အခုနောက်ပိုင်း တရုတ်တွေ တဖွဲဖွဲလာကြောင်း - မြန်မာပြည်ဘက်ကမ်း မြဝတီမြို့ဘက်ကနေ သောင်းရင်းမြစ် (မဲ့နန့်မြွေ - Moei River) ကူး၊ နယ်စပ်တံတားကို ဖြတ်ကျော်ပြီး ဈေးလာဝယ်ကြသူတွေ ဖြစ်သလို၊ တချို့က ဝေဟင်ခရီး၊ တချို့က ခရီးသွားဘတ်စကားများနဲ့  ဘန်ကောက်ကနေ လာကြသူတွေဖြစ်ကြောင်း သိရတယ်။

ရုတ်တရက် ဆိုင်းမဆင့်ဗုံမဆင့် တဝုန်းဝုန်း မဲ့ဆော့မြို့ကို မဖိတ်ဘဲရောက်ရှိလာတဲ့ ပေါက်ဖော်ကြီးများကို မဲ့ဆော့သူ၊ မဲ့ဆော့သားတွေလည်း အစောပိုင်းမှာ အထိတ်တလန့်ဖြစ်ခဲ့တယ်လို့ အမဖြစ်သူက ပြောပြတယ်။ အခုတော့ လာသမျှ နိုင်ငံ တကာဧည့်သည်တွေကို အလွယ်လက်ခံသော ထိုင်းနိုင်ငံကို ပေါက်ဖော်ကြီးတွေ တခုတ်တရ ဝင်ရောက်လာခြင်းမဟုတ်ဘဲ၊ သူတို့တွေရဲ့ဦးတည်ရလမ်းက တိုင်းတပါးမှဝင်ရောက်လာသူတွေကို အလွန်တင်းကြပ်စီစစ်သော မဲ့ဆော့တဘက်ကမ်းရှိ ရွှေပြည်တော် နယ်မြေသစ်၊ အိမ်ယာသစ်များကို သွားရောက်အခြေချသူများဖြစ်ကြောင်း ထိုင်းလူမျိုးများ သိသွားကြတော့ သူတို့စိတ်အေးသွားကြတယ်။

အမဖြစ်သူရဲ့ပြောဆိုချက်နဲ့ နီးစပ်ရာ ထပ်မံစုံစမ်းကြည့်တော့ မိမိတို့နဲ့အတူ ဝေဟင်ခရီးမှတဆင့် မဲ့ဆော့မြို့ကို ရောက်ရှိလာ သူများမှာ ဧက နှစ်ထောင်ကျော်မှာ အဆင့်မြင့်မြင့် ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ တိုက်ခန်းများကို သွားရောက်ဝယ်ယူကြ မယ့် နိုင်ငံသားသစ်များ၊ အခြေချကြမယ်သူများ ဖြစ်ကြောင်းကို မိမိအနေနဲ့ သိလိုက်ရချိန်မှာ မိမိနိုင်ငံသူ၊ နိုင်ငံသားသစ်များကို တစ်နာရီကြာ ခရီးစဉ်တလျှောက် နှုတ်ဆက်စကားမပြောလိုက်ရလို့ စိတ်ထဲဘဝင်မကျဖြစ်မိ။ ဒါပေမဲ့ ဒီအထူးဧည့်သည်များ ကတော့ လေယာဉ်စီးလုံးငှားလာကြသူများလို့ ဘယ်သူကိုမှ ဂရုမစိုက်၊ ထိုင်းလေဆိပ်မှာ စစ်ဆေးမှုကင်း၊ နယ်စပ်တံတားမှ တဆင့် တဘက်ကမ်းရှိ အမိမြေလုံခြုံရေး မြန်မာ့တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်များကို သက်တောင့် သက်သာဖြတ်ကျော်ကာ သူတို့နယ်မြေသစ်ဖြစ်တဲ့ အဆင့်မြင့်အိမ်ယာဆီသို့ သွားရောက်ကြကြောင်း ကြားသိရလို့ စိတ်အေး မိ။

သိသူများပြောပြချက်အရ … သူတို့အတွက် စီစဉ်ဆောက်လုပ်ပေးထားသော အဆင့်မြင့်အိမ်ယာများမှာ သိသူသိ - မသိသူ မသိ၊ တရားဝင် - တရားမဝင် ဖြစ်ပေမယ့် အလွန်ကောင်းမွန် သန့်ရှင်းသပ်ရပ်ခိုင်ခံ့ပြီး၊ ရန်ကုန်၊ မန္တလေး တဝိုက်ရှိ ကျူးတွေ လို ခနော်ခနဲ့ တဲအိမ်များမဟုတ်။ တရားမဝင် ကျူးလို့ဆိုပြီး အတင်းအဓမ္မဖျက်ဆီးခြင်း မဖြစ်အောင်၊ သူတို့ကို နယ်မြေပိုင် အရှင်သခင်များ (warlords) က လက်နက်စွဲကိုင် ကောင်းစွာကာကွယ်စောင့်ရှောက်ပေးထားကြောင်း။ ထို့ကြောင့် စာဖတ် သူများလည်း ကျနော့်လို အထူးဧည့်သည်၊ နိုင်ငံသားသစ်များ၏ နေရေးထိုင်ရေး၊ အသက်အိုးအိမ်စည်းစိမ်အတွက် စိုးရိမ် ပူပန်မှု မရှိကြပါနဲ့။ သူတို့တွေ အစစအရာရာ ပြည့်စုံအဆင်ပြေကြပါတယ်။ 

ကောင်းလေစွာ - အခုလို တိုင်းတပါးမှ ပြောင်းရွှေ့လာကြတဲ့ နိုင်ငံသားသစ်၊ အထူးဧည့်သည်များကို နယ်စပ်ဒေသမြို့မှာ သတ်သတ်မှတ်မှတ်၊ ကောင်းကောင်းမွန်မွန် နေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြတဲ့ ဒေသခံ၊ ပြည်နယ်အာဏာပိုင်များ၏ စွမ်း ဆောင်မှုကို လေးစားမိကာ၊ တဘက်မှာ ကိုယ့်ဉာဏ်နဲ့ လိုက်မမီပေမယ့် RFA သတင်းဌာနမှ ထုတ်လွှင့်နေသော "မြန်မာ့နိုင်ငံ ရေးနှင့် ကြီးထွားလာနေတဲ့ တရုတ်သြဇာအရှိန်အဝါ" စကားဝိုင်းကို တချက်နားထောင်ပြီးနောက်၊ DVB သတင်းဌာနမှ တင်ပြထုတ်လွှင့်ခဲ့တဲ့ မန္တလေးမြို့ ကျူးအိမ်များ ဖျက်ဆီးဖယ်ရှားမှု ပုံရိပ်များကို ကြည့်မိပြန်တယ်။

သင့်မြတ်ပါပေတယ် - မြန်မာ့သမိုင်းတလျှောက် ခေတ်အဆက်ဆက် အုပ်ချုပ်မင်းများကောင်းမှုကြောင့် ဆင်းရဲမွဲတေ ဒုက္ခ တွင်းထဲကျရောက်၊ မြေမဲ့ယာမဲ့ဖြစ်ခဲ့ပြီး တောင်ပြေးမြောက်ရွှေ့အခြေမဲ့ဖြစ်ကာ မြို့ပေါ်တက်ပြေးလာကြတဲ့ ရွှေပြည်သား ကျူးတွေလို သူတို့စံအိမ်တဲနန်းများကို သက်ဆိုင်ရာအာဏာပိုင်များက အကုန်အကျ (လူအား၊ ငွေအား၊ သိက္ခာ) များစွာနဲ့ ဖယ်ရှားပေးတာကို “မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ အဆိုအမိန့်ကို တလွဲအဓိပ္ပါယ်ဖွင့်ဆိုပြီး အမိန့် အာဏာဖီဆန်ကြတဲ့ မန္တလေးကျူးများ၏ တုံ့ပြန်မှုကို တအံ့တသြဖြစ်ကာ…

ဘန်ကောက်မြို့ကနေ တခရီးတည်းလာခဲ့ကြပြီး၊ မဲ့ဆော့မြို့အရောက်မှာ ကျောခိုင်းလမ်းခွဲသွားကြတဲ့ နိုင်ငံသားသစ်များ အကြောင်းကို ဉာဏ်မီသလောက် ပြန်တွေးနေမိပြန်တယ်။