Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၁)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၁)
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၉

● ရှမ်းအရှေ့နှင့် ကူမင်တန်တရုတ်ဖြူ
၁၉၄၉ ခုနှစ်အောက်တိုဘာလတွင် မော်စီတုန်း၏တရုတ်ပြည်ကွန်မြူနစ်ပါတီသည် ချန်ကေရှိတ်၏ ကူမင်တန်တို့ အောင်နိုင် ပြီး တရုတ်သမတနိုင်ငံကို ထူထောင်ခဲ့သည်။ ချန်ကေရှိတ်က ဖေါ်မိုဆာ-တိုင်ဝမ်သို့ဆုတ်ခွာသွားသည်။ ယူနန်ပြည်နယ်တွင်းမှ တရုတ်ဖြူ ကူမင်တန်တပ်များအား တရုတ်လွတ်မြောက်ရေးတပ်မတော် (PLA) အမှတ် ၄ တပ်မတော်စုမှ ထိုးစစ်ဆင်တိုက် ခိုက်ရာ ကူမင်တန် အမှတ် ၈ တပ်တော်၊ အမှတ် ၂၅ တပ်တော်နှင့် အမှတ် ၉၃ တပ်မမှတပ်များသည် မြန်မာဆုတ်ခွာပြေးဝင် လာခဲ့ကြသည်။ ၁၉၅၀ ခုနှစ် ဇန္နဝါရီလဆန်းတွင် တရုတ်ဖြူအင်အား ၂၀၀ ခန့်သည် မိုင်းယန်းတွင် ဝင်ရောက်တပ်စွဲခဲ့သည်။ ထိုအချိန်မှစ၍ အနှစ် ၅၀ ခန့် တည်ငြိမ်အေးချမ်းခဲ့သော ရှမ်းအရှေ့သည် စစ်ပွဲများနှင့် စတင်တွေကြုံရပြီး စစ်မက်ပြိုင်ဆိုင်ရာ ဒေသ ပြန်လည်ဖြစ်ပွားခဲ့တော့သည်။

၁၉၅၀ ခုနှစ် မတ်လတွင် အမှတ် ၂၅ တပ်တော်နှင့် အမှတ် ၉၃ တပ်မမှ အင်အား ၁၅၀၀ ခန့်သည် ၎င်းတို့မိသားစုဝင် ၅၀၀ ခန့်နှင့်အတူ ကျိုင်းတုံဒေသတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိုနှစ် ဧပြီနှင့် မေလများတွင်လည်း တရုတ်ဖြူ တပ်များထပ်မံဝင် ရောက်လာကြပြီး ကျိုင်းတုံနယ်တွင်းမှ မြို့များအား ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထို့ပြင် ကျိုင်းတုံအရှေ့ဖက်မှဖြတ်ပြီး အရှေ့ဖက်မဲခေါင်မြစ်နှင့် ကျိုင်းတုံတောင်ဖက် ထိုင်းမြန်မာနယ်စပ်တွင် ဝင်ရောက်တပ်စွဲခဲ့ကြသည်။ တရုတ်ဖြူ အမှတ် ၈ တပ်တော်အား ဗိုလ်ချုပ်ကြီးလီမီ၊ အမှတ် ၂၆ တပ်တော်အား ဒုဗိုလ်ချုပ်ကြီး လူကိုချွမ်၊ အမှတ် ၉၃ တပ်မအား ဗိုလ်ချုပ် မာချောယီနှင့်ဗိုလ်ချုပ် လူချင်ဆွန်းတို့က ခေါင်းဆောင်သည်ဟု ဆိုပါသည်။

တရုတ်ဖြူ တို့သည် ၁၉၅၀ ခုနှစ် ဇွန်လဆန်းတွင် ကျိုင်းတုံ တာချီလိတ်ကားလမ်း မိုင်တိုင် ၈၁ မှ တာချီလိတ်ထိသိမ်းပိုက်ခဲ့ရာ မြန်မာအစိုးရတပ်များက ပြန်လည်ထိုးစစ်ဆင်ပြီး ဇူလိုင် ၂၁ တွင် တာချီလိတ်အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် တရုတ်ဖြူ တပ်များသည် လီမီ၏ခေါင်းဆောငမှုနှင့်မိုင်းဆတ်မြို့ တွင် ပြန်လည်စုဖွဲ့ခဲ့သည်။ ရှမ်းအရှေ့ မိုင်းဆတ်တွင် စုဖွဲ့ခဲ့ကြသော တရုတ်ဖြူ တပ်များသည် လူအင်အား လက်နက်အင်အားစုဆောင်းလေ့ ကျင့်မှု များပြု လုပ်ရာ ၁၉၅၁ ဧပြီလတွင် လူအင်အား ၄၀၀၀ ခန့်ထိ စုဆောင်း မိလာသည်။ တရုတ်ဖြူ တို့သည် မိုင်းဆတ်တွင် အင်အား ၁၀၀၀ ခန့် ထားရှိပြီး ကျိုင်းတုံမြောက်ဖက် မိုင်းယန်းတွင် အင်အား ၁၅၀၀ ခန့်တပ်စွဲသည်။ ကျန်တပ်ဖွဲ့များသည် ဝ ဒေသရှိ မိုင်းလင်း၊ မိုင်းမောနယ်များနှင့်ကိုးကန့်နယ်များသို့ တပ်ဖြန့်သည်။ ထို့နောက် ၁၉၅၁ မေလ ပထမပတ်တွင် တရုတ်ဖြူ တပ်များသည် တရုတ်ပြည်နယ်စပ်ဒေသ ၂ ခုအားဝင်ရောက်တိုက်ခိုက်နှောက်ယှကမှု များပြု လုပ်ခဲ့သည်။

တရုတ်ဖြူ တို့၏ ရည်ရွယ်ချက်မှာ မြန်မာပြည်တွင်းခြေကုပ်ယူ စုဖွဲ့ပြီးကွန်မြူ နစ်တရုတ်ပြည်အား ပြန်လည်နှောက်ယှက်တိုက်ခိုက်ရန်ဖြစ်သည်။အခြားဒေသများတွင် တိုက်ပွဲဖြစ်ပွါးပြီး အရေးနိမ့်ပါက တရုတ်ဖြူတပ်များသည် ရှမ်းအရှေ့ ကျိုင်းတုံ တောင်ဖက် မိုင်းဆတ်တွင်သာ လာရောက်ဗဟိုပြုစုရုံးစုဖွဲ့ခဲ့ကြသည်။ ထိုကာလက မြန်မာပြည်တွင်းရှိ တရုတ်ဖြူ တပ်များ အား အမေရိကန် CIA က အားပေးအားမြှောက်ပြုပြီး ကူညီမှုများပေးခဲ့သည်။ မိုင်းဆတ်သို့ တပတ်လျင် လေယာဉ် ၂ ကြိမ် ဆင်းသက်ပြီး တိုင်ဝမ်မှ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ခဲ့သည်။ သို့နှင့် တရုတ်ဖြူအင်အားသည် ၁၉၅၃ ခုနှစ်တွင် အင်အား ၁၂၀၀၀ ခန့်ထိရှိလာသည်။ တရုတ်ဖြူတပ်များသည် ရှမ်းမြောက် မူစယ်၊ နမ့်ခမ်းဒေသ၊ သံလွင်အနောက်ခြမ်း မိုင်းရှူးဒေသ၊ ကရင်ပြည်နယ်တို့အထိ တပ်ဖြန့်ထိုးဖေါက်လှုပ်ရှားကြသော်လည်း အဓိကဌာနချုပ်မှာ ရှမ်းအရှေ့ မိုင်းဆတ်၊ မိုင်းတုံတွင် ဖြစ်သည်။

သို့ဖြစ်ရာ ရှမ်းအရှေ့ဒေသသည် ၁၉၅၀ ခုနှစ်မှစ၍ ၁၉၅၃ ခုနှစ်ထိ ၄ နှစ်ကြာသည်အထိ တရုတ်ဖြူတို့၏ စိုးမိုးမှုကိုခံနေ ရသည်။ အစိုးရတပ်များနှင့် ကျိုင်းတုံစော်ဘွားတို့သည် ကျိုင်းတုံ-တာချီလိတ်မြို့များကိုသာ ထိမ်းချုပ်နိုင်ပြီး ကျေးလက်နှင့် တောင်ပေါ်ဒေသရှိတိုင်းရင်းသားများသည် တရုတ်ဖြူတို့၏ ဗိုလ်ကျမှု၊ အခွန်အတုတ်ကောက်ခံမှုတို့ကို ခံနေရသည့်အပြင် တိုင်းရင်းသားသမီးပျိုများသည်လည် တရုတ်ဖြူတို့၏ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ထို့ပြင် ရှမ်းအရှေ့ဒေသသည် စစ်မက်ဒဏ် ကိုလည်း လွတ်လပ်ရေးရပြီး မကြာမီ ပြန်လည်ခံစားခဲ့ရတော့သည်။

တရုတ်ဖြူတပ်များဝင်ရောက်လာပြီးနောက် ပြည်မ ဖဆပလခါင်းဆောင်များဖြစ်သည့် ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဗိုလ်ခင် မောင်လေး စသည့် ဖဆပလခေါင်းဆောင်များ ကျိုင်းတုံသို့ ရောက်ရှိလာကြပြီး ကျိုင်းတုံစော်ဘွားနှင့်တွေ့ဆုံဆွေးနွေးသကဲ့သို့ မြန်မာအစိုးရတပ်များ တဖြည်းဖြည်း တပ်အင်အားဖြည့်တင်းရောက်ရှိလာခဲ့တော့သည်။ ကျိုင်းတုံစော်ဘွားနှင့် သူ၏လူ များသည်လည်း တရုတ်ဖြူဆန့်ကျင်ရေးတွင် ဖဆပလအား ကူညီပေးခဲ့ကြသည်။

၁၉၅၃ ခုနှစ် မတ်လတွင် တရုတ်ဖြူတို့ အခိုင်အမာတပ်စွဲထားသော မိုင်းတုံ-မိုင်းဆတ်လွင်ပြင်ကို ပြန်လည်သိမ်းပိုက်ရန် အစိုးရတပ်များက နဂါးနိုင်စစ်ဆင်ရေးပြုလုပ်ခဲ့သည်။ အဆိုပါစစ်ဆင်ရေးအတွင်း သံလွင်အရှေ့ဖက်ခြမ်းရှိ ပေ ၅၀၀၀ ကျော် မြင့်မားသည့် တောင်တန်းများတွင် ယခင် ဂျပန်ခေတ်က ဆောက်လုပ်ထားသည့် ခံကတုတ်များတွင် တရုတ်ဖြူတပ်များက အခိုင်အမာတပ်စွဲထားပြီး အစိုးရတပ်များ သံလွင်မြစ်ကူးပြီးချိန် ပိတ်ဆို့တိုက်ခိုက်၍ အစိုးရတပ်များအရေးနိမ့်ပြီး လက်နက် ကြီးများ ချန်ထားရစ်ကာ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ နဂါးနိုင်စစ်ဆင်ရေး အရေးနိမ့်၍ တရုတ်ဖြူများ ပို၍ခေါင်းထောင်လှုပ်ရှားလာခဲ့ကြသည်။

သို့နှင့် ၁၉၅၃ ခုနှစ် ဧပြီလတွင် တရုတ်ဖြူပြဿနာကို မြန်မာ့အစိုးရက ကုလသမဂ္ဂသို့တိုင်တန်းရာမှ တရုတ်ဖြူတပ်များ မြန်မာနိုင်ငံတွင်းမှ ထွက်ခွာရန် ကုလသမဂ္ဂဆုံးဖြတ်ချက်ထွက်ပေါ်လာသည်။ ထို့ုနောက် လက်တွေ့ထွက်ခွာရေးအတွက် မြန်မာ၊ အမေရိကန်၊ ထိုင်းနှင့် တရုတ်ဖြူတို့ ထိုင်းနိုင်ငံ ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၁၉၅၃ ခုနှစ် နှစ် ကုန်ပိုင်းတွင် တရုတ်ဖြူ ၂၀၀၀ ခန့် လေယာဉ်ဖြင့် အသုတ်လိုက် မြန်မာပြည်တွင်းမှ ထွက်ခွာသွားသော်လည်း မိုင်းတုံ၊ မိုင်းဆတ်ဒေသအားပြန်လည်လွှဲပြောင်းမပေး၍၁၉၅၄ နှစ်ဆန်းတွင် မြန်မာအစိုးရတပ်များက ဘုရင့်နောင်စစ်ဆင်ရေးဖြင့် မိုင်း တုံ၊ မိုင်းဆတ်၊ ပုံပါကျင်လွင်ပြင် ပြန်လည်သိမ်းယူသည်။ သို့သော်လည်း ဆုတ်ခွာသွားသော တရုတ်ဖြူတပ်များသည် ထိုင်း နယ်စပ် လွယ်လန်းတွင် ပြန်လည်အခြေပြုကြသည်။

သို့သော်လည်း အခိုင်အမာဌာနချုပ်များ ဆုံးရှုံးသွားပြီးနောက် ၁၉၅၄ ခုနှစ် မေလကုန်တွင် တိုင်ဝမ်ရောက်နေသော တရုတ် ဖြူ ဗိုလ်ချုပ်လီမီက "ယူနန်ကွန်မြူနစ်ဆန့်ကျင်ရေး အမျိုးသားကယ်တင်ရေးတပ်မတော်" ကို ဖျက်သိမ်းကြောင်း ကြေညာ သည်။ ထို့ုအတူ လေးနိုင်ငံတွေ့ဆုံပွဲများဆက်လက်ပြုလုပ်ခြင်းကြောင့် ၁၉၅၄ ခုနှစ် စက်တင်ဘာတွင် အိမ်ထောင်သည်များ အပါ တရုတ်ဖြူ ၅၀၀၀ ခန့် တိုင်ဝမ်သို့ ပြန်လည်ထွက်ခွာသည်။

သို့သော်လည်း မိုင်းဆတ်အရှေ့ဖက် လွယ်လန်းတွင် လက်ကျန်တရုတ်ဖြူများသည် ဌာနချုပ်ပြုလုပ်၍ ဆက်လက်နေထိုင်ကြ ရာ ရန်ကြီးအောင် စစ်ဆင်ရေးဖြင့် ဆက်လက်တိုက်ခိုက်ရာ ၁၉၅၅ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် လွယ်လန်းအား တပ်မတော် မှ သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော်လည်း လက်ကျန် တရုတ်ဖြူ တို့သည် မိုင်းပါလျှိုတွင် လေယဉ်ကွင်းငယ်တခုအပါ လူအင်အား ၅၀၀ ခန့်၊ ကျိုင်း လတ်တွင် အင်အား ၉၅၀ ခန့်၊ မိုင်ပါလျှိုနှင့် တာလေကြားတွင် အင်အား ၆၀၀ ခန့် စုစုပေါင်း ၂၀၀၀ ခန့် အပြင် မိုင်းယန်း ဘက်တွင်လည်း အင်အားအချို့သည် ၁၉၅၄ ခုနှစ် ၁၉၆၁ ခုနှစ် ထိ တပ်စွဲလှုပ်ရှားနေခဲ့သည်။ ၎င်းတို့အား ၁၉၆၀ ခုနှစ် ဒီဇင်ဘာမှစ၍ ၁၉၆၁ ခုနှစ် ဖေဖဝါရီလအထိ မဲခေါင်စစ်ဆင်ရေးပြုလုပ်ပြီး ၎င်းဒေသများကို ပြန်လည်သိမ်းပိုက်ခဲ့သည်။

သို့ဖြစ်ရာ ၁၉၆၁ ခုနှစ်နောက်ပိုင်းတွင် ၁၉၅၀ ခုနှစ်မှစ၍ ရှမ်းအရှေ၌ အင်ကြီးအားကြီးနှင့် လှုပ်ရှားခဲ့သော အားပျော့သွားခဲ့ သည်။ သို့သော်လည်းတရုတ်ဖြူ တပ်ကြွင်း တပ်ကျန် များသည် ၁၉၇၅ ဝန်းကျင်အထိ မိုင်းယန်း၊ မိုင်းယောင်းဒေသများတွင်၎င်း ၁၉၈၀ ခုနှစ်များနှောင်းပိုင်းအထိ မိုင်းဆတ် အရှေ့ဖက် ထိုင်းနယ်စပ်တလျောက်တွင်၎င်း ဆက်လက်လှု ပ်ရှားနေဆဲဖြစ်သည်။ မူလက တရုတ်ပြည်အားနှောက်ယှက်တိုက်ခိုက်ရန်ဟူသော ရည်ရွယ်ချက် ပျောက်ဆုံးသွားပြီဖြစ်သော်လည်း အမေရိကန် CIA ၏ ကျောထောက်နောက်ခံဖြင့် တရုတ်ပြည်မကြီးအား သူလျှိုလုပ်ခြင်းအပြင် ရှမ်းအရှေ့နှင့် ဝ နယ်မှ အမြောက်အများ ထွက်သည့် ဘိန်းအရောင်းအဝယ်လုပ်ငန်းအားချုပ်ကိုင်၍ အကျိုးအမြတ်များစွာ ရရှိခြင်းတို့ကြောင့် ရှမ်းပြည်နယ် အရှေ့ ပိုင်းတွင် တရုတ်ဖြူတို့ ဆက်လက်၍ ကုပ်ကတ်နေထိုင်ကြသည်။ သို့ဖြစ်ရာ ရှမ်းအရှေ့ရှိ တောင်ပေါ်ဒေသမှ တိုင်းရင်းသား လူမျိုးများမှာ တရုတ်ဖြူတို့၏ နှိပ်စက်ကလူပြုမှုအား နှစ်ဆယ်အချို့ ဆက်လက်ခံခဲ့ရပေသည်။

သို့ဖြစ်ရာ တရုတ်ပြည်မကြီးမှ စစ်ရှုံး၍ ထွက်ပြေးလာသော တရုတ်ဖြူတပ်များဝင်ရောက်လာခြင်းသည် ရှမ်းအရှေ့အတွက် မတည်ငြိမ်မှုများ၊ စစ်ပွဲများ၏အစဖြစ်သည်။ တရုတ်ဖြူတပ်များသည် မြန်မာပြည်၏အခြားအစိတ်အပိုင်းများကို ထိုးဖေါက်ဝင် ရောက်ခဲ့သေးသော်လည်း အချိန်ကာလမကြာမြင့်ခဲ့သည့်ပြင် တရုတ်ဖြူတို့၏ဌာနချုပ်မှာလည်း ရှမ်းအရှေ့တွင် အခြေစိုက် သည်ဖြစ်ရာ ရှမ်းအရှေ့သည် တရုတ်ဖြူတို့ဒဏ်၊ စစ်ပွဲ၏ဒဏ်များကို အခံရဆုံးဒေသဖြစ်ခဲ့ပေတော့သည်။

ထို့ပြင် တရုတ်ဖြူတို့နှင့် စစ်ပွဲဖြစ်ပွားခဲ့သော ရှမ်းအရှေ့သည် တောတောင်ထူထပ်သည့်အပြင် ထိုင်းနယ်စပ်တွင် တည်ရှိနေ သည်ဖြစ်ရာ ရှမ်းပြည်နယ်တွင်းရှိ ရှမ်းတိုင်းရင်းသားလူငယ်များက ပြည်မအစိုးရကို စတင်ပုန်ကန်တိုက်ခိုက်ပြီး ၎င်းတို့၏နိုင်ငံ ရေးရည်မှန်းချက်ကို စတင်အကောင်အထည်ဖေါ်ရာဒေသလည်းဖြစ်သည်။ သို့ဖြစ်ရာ ၁၉၅၈ ခုနှစ်တွင် ပြည်မအစိုးရကို ပုန်ကန်တိုက်ခိုက်သည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်ပုန်ကန်မှုများ ရှမ်းအရှေ့တွင် စတင်ပေါ်ပေါက်လာခဲ့တော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး