Breaking News

မောင်အောင်မွန် • ကျွန်တော်တွေးမိသလိုရေးပါမည် (၄၄၆)

မောင်အောင်မွန် • ကျွန်တော်တွေးမိသလိုရေးပါမည် (၄၄၆)
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၉
ငါတို့ခေတ်က ဘောလုံးနဲ့ ငါတို့ခေတ်က မီဒီယာ

(၁)
ကျနော်တို့ခေတ်ဆိုတာက ၁၉၅၃ ခု၊ တက္ကသိုလ်ရောက်လာချိန်၊ ဘောလုံးပွဲတွေ အဆင့်မြင့်ပေမယ့် သတင်းစာထဲ ကပ်စ တန် ၃ ဂိုး၊ ကြည်းတပ် ၂ ဂိုး၊ ဒိုင် ဒစ်ကမန် လောက်သာပါလို့ အားကစားဝါသနာပါသူ ကလောင်ရှင်လေးများ ကြိုးစားရာကနေ သတင်းတို၊ နောက်တော့ ဆောင်းပါး၊ တဆင့်တက်ကာ သက်လုံ၊ တံခွန် စတဲ့ ဂျာနယ်တွေ ထွက်လာပြီ။

(၂)
၁၉၆၁ ခု၊ ဒီဇင်ဘာ ၁၁-၁၆ ဒုတိယအကြိမ် ကျွန်းဆွယ်ပွဲ SEAP Games ကိုဖွင့်ပေးသူက၊ ဘောလုံးပွဲမကြည့်ရရင် သမတမ လုပ်ဆိုလို့ ပါလီမန်ကက အာမခံတင်မြှောက်ထားတဲ့ မန်းဝင်းမောင်၊ အိမ်ရှင်မြန်မာ က ရွှေ ၃၅ နဲ့ဗိုလ်စွဲလို့ အဆင်ချောနေရာက၊ ပြဿနာတက်လာပြီ။

ဘောလုံးဖိုင်နယ်မှာ မြန်မာဘောသမား ၅ ယောက်လာတ်စားလို့ ရှုံးရတာဆိုတဲ့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီး သတင်းစာရှင်းလင်းပွဲလုပ် ပြောကြားချက် ဓာတ်ပုံနဲ့ သတင်းစာတွေထဲ ပါလာပြီ။ အားကစား ကလောင်ရှင်တွေက ဘောလုံးသမား ၅ ယောက်လာတ်စားကြောင်း သက်သေပြပါလို့ တောင်းဆိုသံ ပိုပိုကျယ်လာတာနဲ့ စွပ်စွဲသူကြီး ပါးစပ်ပိတ်သွားတာ သူသေတဲ့အထိ။

(၃)
မြန်မာ့အသံမှာ ဘောလုံးပွဲက အသံလွှင့်သမားဖြစ်လာတဲ့ ဘောလုံးရူးကျနော်လည်း၊ တက္ကသိုလ်အသင်း အောင်ဆန်းဒိုင်းရ တော့ ဆရာမင်းသုဝဏ်ရဲ့ မျှော်တော်ယောင်ကို အားကျကာ ဘောလုံးသမား၏ချစ်အဘိဓမ္မာ (၁၉၆၃၊ ဇွန် ရှုမဝ) ရေးလိုက် တယ်။ Moscow Radio ကိုရောက်နေလို့ 1966 FIFA World Cup ကြည့်ရတော့ TV မို့၊ ပြောပုံမတူတာသတိထားမိတယ်။

ဂိုးသမားယာရှင် နမည်ကြားရတော့ ပထမဆုံးအကြိမ် တိုင်းနဲ့ပြည်နယ်ဖိုင်နယ်တုန်းက စစ်ကိုင်းဂိုးသမား ဘိုးသာဘေးကို ပြေးသတိရမိသေး။ ချစ်ကြည်ရေးလာကစားတဲ့ မြန်မာလူငယ် ဘောသမားတွေ ကျနော့်အိမ်မှာ စားကြသောက်ကြမို့ ပျော် လိုက်တာ။ ၁၉၆၈ ခု၊ လန်ဒန်ရောက် ချဲလ်ဆီးကွင်းမှာ အပြာရောင်ဆင်တူဝတ်၊ သီချင်းသံပြိုင်ဆိုပုံ သူငယ်ချင်း မောင်ရဲဝင်းရဲ့ သက်လုံအားအစား ဂျာနယ်အတွက် ဆောင်းပါးရေးပို့လိုက်တယ်။

(၄)
အနောက်ဂျာမနီ အားကစားသိပ္ပံရောက် ကျောက်ဘီလူး တင်မောင်ဆွေထံ တပတ်ဝင်လည်၊ သူလိုက်ပြတဲ့ အားကစားရုံတွေ၊ ဘောလုံးကွင်းတွေ၊ အားကစားသမားတွေ၊ အားကစားပစ္စည်းတွေ များမှ များ စုံမှစုံ ရေးမကုန်နိုင် ပါကလား။

ဘာလင်အိုလံပစ်ကွင်းကျတော့ ဦးဇော်ဝိတ်ကြီးတောင် မြင်ယောင်လိုက်သေးနဲ့။

သြော် ပြား ၃၀ မရှိလို့ ဘောလုံးပွဲမကြည့်ရတဲ့ ငါ့ဘ၀ ခုတော့ မယုံနိုင်လောက်အောင်ပါလား။

မြန်မာဘောလုံးကလည်း ရွှေတွဲလဲ ငွေတွဲလဲ၊ တကြိမ်မတော့ အာရှဖလားမှတပါး ကျန်သရဖူ ၄ ခုကိုပြိုင်တူယူ၊ အိုလံပစ်ရဲ့ အသန့်ရှင်းဆုံးဘောလုံးဆုလည်းရ၊ တပြည်လုံးမှာလည်း ဘောလုံးပွဲတွေခြိမ့်ခြိမ့်သဲ၊ နိုင်နိုင်ရှုံးရှုံး လွတ်လပ်ပေါ့ပါး ဘော သမားများ။

(၅)
တံခွန် ဦးထွန်းလင်း၊ ချာလီလှဘော်၊ ကျော်ဘီလူး တင်မောင်ဆွေ၊ ခင်မောင်ထွေး ပျဉ်းမနား၊ တက္ကသိုလ် ကိုကိုကြီး၊ မောင်ရဲဝင်း၊ ဗိုလ်တထောင် ရဲထွဋ်၊ တက္ကသိုလ်စိုးဝင်း၊ မောင်အောင်မွန် (ဝင်းအောင်ကြီးနာမည်မသုံးသေး) စသဖြင့်--စသ ဖြင့်-- အားကစားလောင်ရှင်များရဲ့ စိတ်ကြိုက် အကောင်းဆုံဘောသမားဆုပေးဖို့တောင် စီစဉ်ခဲ့ဖူးတဲ့ခေတ်၊ ဂီတစာဆို ကျော့မှူးရေးပြီး အမာစိန်ဆိုတဲ့ ဘောလုံးပွဲသီချင်းကလည်း လူတိုင်းနှုတ်ဖျား၊ ဘောလုံးဆိုတာ ဘောလုံးချစ်သူများ လက်မှာ သာ လုံးလုံးလျားလျား။

(၆)
နောက်တော့ နှစ်တွေ စနစ်တွေ လူတွေ ပြောင်း ပြောင်း။ ဘောလုံးလည်း လောင်းကစား မြောင်းထဲထိုးကျနေခဲ့ရာကနေ ခုတော့ ဝင်းကနဲလက်လာပြီလိုလို မီဒီယာခေတ်ရောက်လာပြီလိုလို။

လူ ၂၂ ယောက်ကစားတာကို ကွင်းထဲမသကာကြည့်နိုင်ရင် ပရိသတ်ထောင်သောင်း၊ TV ကနေဆို သန်းပေါင်းများစွာ ကမ္ဘာအနှံ့နေရာတကာက ဇိမ်ကျကျနဲ့ကြည့်နေရပြီ။ မီဒီယာဆိုတာ ဘောလုံးပွဲနဲ့ပရိသတ်ကြား ပေါင်းကူးတံတားမဟုတ်ပါ လား၊ ဘောလုံးပျေက်ရင် မီဒီယာလည်းပျောက်၊ မီဒီယာကမြှင့်တင်ရင် ဘောလုံးလည်းမြင့်နိုင်သမို့ မီဒီယာသမားများဟာ ပရိသတ်ထက် ပိုမတော်ရင်တောင် ညံ့ဖို့တော့မသင့်လို့ တွေးမိကြောင်းပါ။

(က) ၂၀၁၇ ခု၊ မေလ ၃၁ ရက် (ဘောလုံးရာသီကုန်ဆုံးချိန်) ကရေးခဲ့သောဆောင်းပါးပါ။

ပုံစာ။ ။ မော်စကိုမြို့တွင် ဆိုဗီယက်လူငယ်နှင့်မြန်မာလူငယ်တို့ ၂ ဂိုးစီ သရေကျသောပွဲ၌ အောင်ခင်ထိုးဖေါက်ပုံ
၂၀၁၉ ခု၊ စက်တင်ဘာလ (၁၁) ရက်နေ့။