Breaking News

ဇင်လင်း • ပုဂ္ဂလဓိဋ္ဌာန်အစွဲများကြောင့် ငြိမ်းချမ်းရေး အခက်တွေ့နေဦးမည်လား

ဇင်လင်း • ပုဂ္ဂလဓိဋ္ဌာန်အစွဲများကြောင့် ငြိမ်းချမ်းရေး အခက်တွေ့နေဦးမည်လား 
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၉

မြန်မာနိုင်ငံ ပြည်တွင်းစစ်သည် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ အဘိုးအဘွားများလက်ထက်က နိုင်ငံရေးပြဿနာကို မြေးမြစ်တို့ ခေတ်ရောက်သည့်တိုင် ဖြေရှင်း၍ မပြီးနိုင် ဖြစ်နေသော သဘောဟု ဆိုရမည်။ ယင်းသို့လိပ်ခဲတည်းလည်း ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ ဆွေးနွေးညှိနှိုင်းကြရာတွင် ရိုးသားမှုကို အခြေမခံကြ၍ ဖြစ်သည်။ ငါတို့ဘက်ကသာ မှန်သည်၊ သူတို့ ဘက်က မမှန်ကန်ဟု တရားသေစွဲမှတ်နေကြသဖြင့် အလျော့အတင်း မလုပ်နိုင်၊ အပစ်အခတ် မရပ်နိုင် ဖြစ်နေကြသည်။ ယင်းအခြေအနေ၌ အချိန်ကြာမြင့်လာသောအခါ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ပျက်ယွင်းလာတော့သည်။ ဤသို့ဖြင့် အာဃာတများက ရှေ့တန်းရောက်လာသည်။ ကြီးသည့်အမှုကို ငယ်အောင်လုပ်ရမည့်အစား၊ အသေးအမွှားကိစ္စကို အကြီး အမားဖြစ်အောင် ပုံကြီးချဲ့လာကြသည်။ အချိန်ကြာလာသောအခါ သာမန်ကိစ္စကလေးများသည် ဧရာမ သမိုင်းရေးရာ ပြဿနာကြီးများသဖွယ် နောက်မျိုးဆက်တို့က ထင်မြင်လာကြသည်။ နိုင်ငံကို အမှန်တကယ် ငြိမ်းချမ်းစေလိုလျှင် အာဃာ တကို ရှေ့တန်းမတင်ဘဲ အမှားလုပ်မိလျှင် ဝန်ခံ၍၊ အမှန်ဖြစ်အောင် ပြင်ဆင်ဝံ့သော သတ္တိရှိဖို့လိုသည်။ သို့မှသာ အပြန် အလှန် ယုံကြည်မှု ရရှိနိုင်မည်။ အပြန်အလှန်ယုံကြည်မှု ရေချိန်မြင့်မှသာ ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးပေါက်မည်ဟု ဆိုချင် သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကို ကျားကုတ်ကျားခဲ ကြိုးပမ်းတည်ဆောက်ကြရမည့် အချိန်အခါမျိုးတွင် ထစ်ခနဲဆို တရားစွဲလိုက်မည်ဆိုသည့် လုပ်ဟန်သည် အကျိုးထက် အပြစ်ကပိုများသည်ဟု ထင်သည်။ အချို့ အချို့သော ကိစ္စများ သည် တရားစွဲလောက်သည့် ကိစ္စများမဟုတ်ပေ။ တရားစွဲလိုက်ခါမှ လူအများ ပိုသိရှိကာ အကျိုးဆက်က အမုန်းနှင့် အာဃာ တသာ အဖတ်တင်တော့သည်။ ဥပမာအာဖြင့် ကချင်စစ်ဘေး သရုပ်ဖော်ပြဇာတ် ဦးဆောင်ခဲ့သည့် ကိုပေါလုနှင့် မဆိုင်းနူး ပန်တို့ကို တရားစွဲဆိုခြင်းကြောင့် အကျိုးနှင့် အပြစ်ကို ချိန်ထိုးကြည့်လျှင် သိနိုင်သည်။  သည်းခံလိုစိတ် ခေါင်းပါး ခြင်းကြောင့် အမျိုးသားရင်ကြားစေ့ရန် ပိုမိုခက်ခဲလာနိုင်သည်ကို မြင်မြော်သင့်သည်။ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ ခံစားနေရသော ဆင်းရဲဒုက္ခကို  ကိုယ်ချင်းစာနာစိတ်ဖြင့် တွေးဆကြည့်ခဲ့မည်ဆိုပါက ယခုကဲ့သို့ အပြန်အလှန် အာဃာတ ပွားများစရာ ဖြစ် လာဖွယ်မရှိ။ ငါနှင့်ငါသာ နှိုင်းစရာဟူသော ပုဂ္ဂလဓိဋ္ဌာန် အစွဲများထားနေသမျှ ငြိမ်းချမ်းရေး အခက်တွေ့ နေဦးမည် ဖြစ်သည်။

မကြာသေးမီက တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဟု မသုံးနှုန်းခြင်းနှင့် စပ်လျဉ်း၍  အခြေအနေကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား 7Day Daily က မေးမြန်းရာ ၎င်းက ‘‘တခြားအကြောင်းတော့ မရှိပါဘူး။ ကျွန်တော်တို့က တပ်မတော်နဲ့၊ နိုင်ငံတော် အစိုးရအနေနဲ့ကတော့  ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေး လုပ်ငန်းစဉ်လို့ သတ်မှတ် ထားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ဦးတည် ပြီး ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ပြောကြားခဲ့သည်။

ယင်းသို့ သတိထား ရေးသားပြောဆိုဆောင်ရွက်ချက်မျိုးဆိုလျှင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အထောက်အကူပြု မည်ဖြစ်သည်။ တပ်မတော်ဘက် က အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဟု သုံးစွဲမှုကို ပြန်လည်ရုပ်သိမ်းခြင်းသည် ကောင်း မွန်ကြောင်း KIO/KIA ပြောရေးဆို ခွင့်ရှိသူဗိုလ်မှူးကြီး နော်ဘူ က မှတ်ချက်ပေးခဲ့သည်ဟု ဆိုသည်။

နောက်ထပ် အရေးကြီးကိစ္စတစ်ခုမှာ တိုင်းရင်းသားဒေသများတွင် ယခုတိုင် အပစ်ရပ်စဲအောင် မလုပ်နိုင်သေးသည့် ကိစ္စ ဖြစ်သည်။  အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့်  ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့က NRPC ရုံး၌ တွေ့ဆုံခဲ့ကြသည်။ ယင်းသို့တွေ့ဆုံရာတွင် အစိုးရနှင့် တပ်မတော်တို့က အပစ်အခတ်ရပ်စဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း  KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းက အစိုးရ၏ NRPC အဖွဲ့မှ ဒုဥက္ကဌ ဦးထွန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ပြောကြားခဲ့သည်ဟု ၇ ရက်နေ့စဉ်သတင်းအရ သိရသည်။ တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိ ရေးအတွက် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ယုံကြည်မှုရရှိရန် လိုအပ်သော်လည်း လက်တွေ့မြေပြင်၌ ယုံကြည်မှုကို ထိပါးစေသည့် ဆောင်ရွက်မှုအချို့ ရှိနေသည်ဟုလည်း KNU ဒုတိယဥက္ကဋ္ဌ က ဆိုသည်။

NRPC ဒုဥက္ကဌ ဦးထွန်းထွန်းဦးက“ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ NCA ကို အခြေပြုပြီး ပေါ်ပေါက်ခဲ့တာ ဖြစ်တဲ့ အတွက် ကျနော်တို့ ရှေ့ဆက်သွားမယ် လုပ်ငန်းစဉ်တွေမှာလည်း NCA ကနေ သွေဖည်လွဲချော်လို့တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရအနေနဲ့ NCA ကို ဗဟိုပြု တဲ့ လုပ်ငန်းစဉ် လေးရပ်ကို ဖော်ထုတ်ကမ်းလှမ်းခဲ့တာ ဖြစ် ကြောင်းလည်း သတိပြုစေချင်ပါတယ်။” ဟု ပြောသည်။

ထို့ပြင် NCA သည် မိမိတို့ အားလုံး ပူးတွဲ တာဝန်ယူ တာဝန်ခံရမည့် ပဋိညာဉ်ဖြစ်၍၊ NCA လမ်းကြောင်း၏ အပြင်သို့ ထွက်ပြီး သီးခြားလမ်းကြောင်း အသစ်များကို ဖော်ဆောင်ခြင်းသည် မိမိတို့ အားလုံးအနေဖြင့် ကိုယ့် ပဋိညာဉ်ကို ကိုယ်ပြန် ဖေါက်ဖျက်ရမည့် အခြေအနေသို့ ရောက်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက NCA အကောင်အထည်ဖော်ရာ၌ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ခိုင်မာအောင် ဆောင်ရွက်ရန် လိုအပ်နေသကဲ့သို့၊  နိုင်ငံရေး ဆွေးနွေးပွဲများ အားကောင်းလာစေရန်လည်း လိုအပ်နေသည်ဟု ဆိုသည်။

“NCA ဟာ ကျနော်တို့ နိုင်ငံသားအားလုံးအတွက်၊ နိုင်ငံငြိမ်းချမ်းရေးအတွက်၊ တိုင်းရင်းသားများ ပြန်လည်သင့်မြတ်ရေး အတွက်၊ ကျနော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ထားတဲ့ စာချုပ်ဖြစ်တယ်။ ဒီစာချုပ်ကို ဆောင် ရွက်ရာမှာ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ အတွက် နိုင်ငံရေးဆွေးနွေးမှု အောင်မြင်တိုးတက်ဖို့ လိုတယ်၊ ဒီလိုပဲ နိုင်ငံရေးဆွေးနွေးမှု တိုးတက် ရေးကလည်း အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်လုပ်တာဖြစ်တယ်။ ဒီတိုးတက်မှု နှစ်ခုက အပြန်အလှန် အကျိုးပြု တာဖြစ်တယ်။” ဟု  KNU ဒုဥက္ကဌ က ပြောသည်။

စက်တင်ဘာ ၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဘက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် လမ်း ကြောင်း ၄ ရပ် အဆိုပြုထားသည့်အပေါ် အပြန်အလှန် ဆွေးနွေးကြမည် ဖြစ်သလို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး ဆက်လက် ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးနှင့် နှစ်ဖက် ကွဲပြားမှု များကို ဘုံသဘောတူညီမှု ရရှိနိုင်ရေးစသည့် ကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်ဟု NRPC ဒုဥက္ကဌ ဦးထွန်းထွန်းဦးက ပြောသည်။

“မမျှော်လင့်ပဲ ဖြစ်ပေါ်လာခဲ့တဲ့ မကျေလည်မှုတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်ခဲ့တဲ့ မကျေလည်မှု တွေကို ခြုံငုံ သုံးသပ်ပြီးတော့ အစိုးရအနေနဲ့ တပြိုင်တည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားမယ့် လမ်းစဉ်လေးရပ်ကို ဖော်ထုတ် ပြီးတော့ ကမ်းလှမ်းခဲ့တာ ရှိပါတယ်။” ဟု ဦးထွန်းထွန်းဦးက ပြောကြောင်း  7Day Daily ၌ ဖေါ်ပြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် အစိုးရဘက်မှ အဆိုပြုထားသည့် လမ်းကြောင်း ၄ ရပ်မှာ NCA အကောင်အထည်ဖော်မှုကို အားလုံးလက်ခံနိုင်သည့် အနေအထားရရှိအောင် ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး ညီလာခံတွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ တတ်နိုင်သမျှ ရရှိရေးဆောင်ရွက်ရန်၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်တွင် အဆင့်လိုက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ  သဘောတူညီချက်များ ရရှိအောင်ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်ကို ဒေသခံများ  အမှန်တကယ် ခံစားနိုင်ရေး ဆောင်ရွက်ရန် စသည်တို့ဖြစ်သည်။

KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အမြင်များ တထပ်တည်း သဘောတူညီနိုင်ခြေ မရှိကြောင်း၊ သို့သော် မတူကွဲပြား သည့် အမြင်သဘောထားများကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်မည့် အခြေအနေသို့ ရောက်ရှိအောင် အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ KNU သည် NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅-၁၆ ရက်များတွင် ၁၀+၁၀ ထိပ်သီး အစည်းအဝေး၌ အစိုးရနှင့် တပ်မတော်၏ ခွဲမထွက်ရေး ကတိပြုပေးရန်နှင့် တခုတည်းသော တပ်မတော် လက်ခံပေးရေး အဆိုပြုချက်များအပေါ် သဘောထား ကွဲလွဲ ခဲ့ကြပြီးနောက် ၂၀၁၈ နိုဝင်ဘာလ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ တက်ရောက်နေခြင်းကို ယာယီ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက်တွင် စတုတ္ထအကြိမ် ကျင်းပရန် သဘောတူထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး အပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၊ NCA အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)၊ နိုင်ငံရေး မူဘောင်သုံးသပ် အစည်းအဝေး စသည့် တရားဝင် အစည်းအဝေးများ ကျင်းပနိုင်ခြင်း မရှိဘဲ ရပ်တန့်သွားခဲ့ သည်။ ယခု တွေ့ဆုံမှုသည် အစိုးရနှင့် KNU တို့ အကြား ၁၁ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။

ဤအတောအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက် ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Geng Shuang က ပြောကြောင်း 7Day Daily သတင်းအရ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့က တရုတ်နိုင်ငံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Geng Shuang က ယင်းသို့ထည့်သွင်း ပြောကြားကြောင်း မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံးက စက်တင်ဘာ ၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနနှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ ဩဂုတ် ၃၁ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေး၍ ပူးတွဲ သတင်းထုတ်ပြန်ခြင်းနှင့် ထိုနေ့တွင် မြန်မာ့ တပ်မတော်က အပစ်ရပ်ကာလသက်တမ်း ၂၁ ရက်တိုးမြှင့်ကြောင်းကြေညာခြင်း တို့နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အမြင်ကို သတင်းထောက်များက မေးမြန်းရာတွင် Geng Shuang က ယင်းထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံမြောက်ပိုင်း အခြေ အနေ ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုသဖြင့် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း ဖြေကြားခဲ့ သည်ဟု ဆိုသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အခြေအနေကို ဆက်လက်ထိန်းသိမ်း သွားနိုင်ရန် မျှော်လင့် ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း Geng Shuang ၏ ပြောကြားချက်ကို တရုတ်သံ ရုံးထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

တချိန်တည်းမှာပင် ဆွီဒင်သတင်းစာဆရာ ‘ဘာတေးလင့်(တ်)နာ’ (Bertil Lintner)က “မြန်မာနိုင်ငံ၏ စစ်နှင့် ငြိမ်းချမ်းရေး သော့များကို ‘ဝ’ အဖွဲ့က ကိုင်ထားသည်” (Myanmar’s Wa hold the key to war and peace) ဆိုသည့် သတင်း သုံးသပ်ချက် ဆောင်းပါးတစ်စောင်ကို စက်တင်ဘာလဆန်း  Asia Times အွန်လိုင်း သတင်းစာ၌ ဖေါ်ပြခဲ့သည်။ ‘ဘာတေး လင့်(တ်)နာ’ က  ထိုဆောင်းပါးကို ‘ပန်ဆန်း’ (Panghsang)မှ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ယင်းဆောင်းပါး၌ ၁၉၇၀ နှင့် ၁၉၈၀ ဆယ်စုနှစ်များအတွင်းက ပန်ဆန်းဗဟိုပြု ‘ဝဒေသ’ကို ဗမာပြည်ကွန်မြူနစ်ပါတီက ထိန်းချုပ်ခဲ့ကြောင်း၊ ၁၉၈၉ ခုတွင် ‘ဝ’ တိုင်းရင်းသားတပ်ဖွဲ့များက တပ်တွင်းပုန်ကန်မှုလုပ်၍ ဗမာပြည်ကွန်မြူနစ်ပါတီအား ဖယ်ရှားခဲ့ကြောင်း၊ ထို လှုပ်ရှားမှုကို နောက်ကွယ်မှ တရုတ်တို့က အားပေးအားမြှောက် လုပ်ခဲ့ပုံရကြောင်း၊ သို့ဖြင့် United Wa State Army (UWSA) ပေါ်ထွန်းခဲ့ကြောင်း၊ ‘ဝဒေသ’ ၌ တရုတ်ဘာသာစကားနှင့် တရုတ်ယွမ်ငွေကို သုံးကြောင်း၊ ကိုယ်ပိုင် တရားရုံး၊ ကိုယ်ပိုင် ကျောင်း၊ ကိုယ်ပိုင်ဆေးရုံ၊ ကိုယ်ပိုင်ရုပ်/သံဌာန၊ ကိုယ်ပိုင်တပ် ထူထောင်ထားကြောင်း၊ သို့သော် မြန်မာပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဟုလည်း ဆိုထားကြောင်း စသည်ဖြင့် ဆောင်းပါးရှင်က ရေးသားဖေါ်ပြထားသည်။ တရုတ်နိုင်ငံက “၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ” (Wa Self-Administered Division) ကို ကြားခံစစ်မဲ့ဒေသ (buffer state) အဖြစ် သဘော ထား ဆက်ဆံခဲ့သောကြောင့် နှစ်ပေါင်း ၃၀ ကြာပြီးနောက် ဖွံ့ဖြိုးတိုးတက်သော အခြေအနေတစ်ခုသို့ ရောက်လာပြီး၊ နိုင်ငံရေးအရလည်း “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ” (FPNCC) ၏ ခေါင်းဆောင်ဖြစ်လာသည်ဟု ဆိုသည်။ FPNCC အဖွဲ့တွင် ‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့ ပါဝင်သည်။

ဤသို့ဖြင့် မပြီးဆုံးနိုင်သော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်၏ ကျောထောက်နောက်ခံဖြင့် UWSA သည် FPNCC ၏ ခေါင်းဆောင်အဖြစ် အရေးပါလာခဲ့သည်ဟု ဆောင်းပါးရှင်က သုံးသပ်ထားသည်။ UWSA သည် အခြား EAOs အဖွဲ့များ၏ စံပြ ဖြစ်လာပြီး၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆက်သွယ်ရေး သော့ချက်လည်း ဖြစ်လာသည် ဟု ဆိုသည်။ တပ်အင်အားအနေဖြင့် ၀ မြောက်ဒေသတွင် တပ်မဟာ ၄ ခု၊ ၀ တောင်ေးသတွင် တပ်မဟာ ၅ ခုနှင့် အမြောက်တပ်ရင်းတဖွဲ့အပါအဝင် ၀ ဒေသ ကာကွယ်ရေးအတွက် တပ်ဖွဲ့ ၁၀ ဖွဲ့ရှိသည်ဟု ဆောင်းပါးရှင်က ဆိုသည်။ ထို့ပြင် ဒေသအလိုက် ပြည်သူ့စစ်တပ်ဖွဲ့များ ကလည်း ကိုယ့်ဒေသ ကိုယ်ကာကွယ်လျှက်ရှိသည်ဟုဆိုသည်။ ထို့ကြောင့်  UWSA အား အနောက်နိုင်ငံများယူဆသလို မူးယစ်ဆေးဝါး မှောင်ခို ကုန်ကူးသည့် ဘိန်းရာဇာဂိုဏ်းမျှသာဟု ထင်လျှင် မှားလိမ့်မည်။ ယခုအခါ UWSA သည် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ထူထောင်အုပ်ချုပ်နိုင်သည့် အဆင့်သို့ ရောက် ရှိနေပြီး၊ မြန်မာနိုင်ငံ၏ စစ်ရေးနှင့် ငြိမ်းချမ်း ရေးဆိုင်ရာ သော့များကို နည်းလမ်းအသွယ်သွယ်ဖြင့် ကိုင်စွဲထားလျှက်ရှိသည် ဟု ‘ဘာတေးလင့်(တ်)နာ’ က သုံးသပ် ရေးသားထားသည်။ ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ နောက်ကွယ် ၌ မည်သူတွေ သော့ကိုင် ကစားနေကြသနည်း။ ထိုသူတို့၏ ကစားကွက်များကို ငြိမ်းချမ်းရေးတိစ္စတွင် ပါဝင်ပတ်သက် နေသူများ လျစ်လျူပြု မထားကြဖို့ လိုပေလိမ့်မည်။

 စက်တင်ဘာ ၁၄ ရက်၊ စနေနေ့ထုတ် သူရိယနေဝန်းဂျာနယ်၌  ဖေါ်ပြသည့်ဆောင်းပါး။