Breaking News

ခင်လွန်း - "စက်တင်ဘာတရက်၌ ဖက်ဆစ်ဗမာက အရပ်သားဗမာကို ပါးရိုက်ခြင်း"



ခင်လွန်း - "စက်တင်ဘာတရက်၌ ဖက်ဆစ်ဗမာက အရပ်သားဗမာကို ပါးရိုက်ခြင်း"

(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၉
၁၉၈၈ စက်တင်ဘာ စစ်အာဏာသိမ်းပြီးရက်ပိုင်းတွေထဲကတရက်မှာ ဗမာစစ်ဗိုလ်(ကပ္ပတိန်အဆင့်) တယောက်က လူပုံအလယ် ကားလမ်းဘေး လက်ဖက်ရည်ဆိုင်လေးတဆိုင်ရှေ့မှာ ဗမာတယောက်ရဲ့ပါးကို ဘယ်ပြန်ညာပြန် ၃-၄ ချက် ဆင့်ရိုက်ခဲ့ပါတယ်။
အဲဒါဟာ အချိန်တိုတိုအဖြစ်အပျက်လေးပါ။

ဘာကြောင့်ရိုက်ရတာလဲဆိုတော့ စစ်အာဏာသိမ်းခါစ စစ်မာန်စစ်သွေးနဲ့ ဘီလူးသရဲစိတ်ဖုံးနေတဲ့စစ်ကားကြီး လူနေရပ်ကွက်ထဲကို အတင်း ဒရမမ်းကြမ်းအရှိန်နဲ့မောင်းဝင်လာချိန်မှာ အဲဒီ့အသက် ၃၀ ခန့်ဗမာလူရွယ်က လမ်းလယ်ခေါင်တက်ရပ်နေလို့ပါ။ (လမ်းမဖယ်ဘူးပေါ့ဗျာ)

စစ်ဗိုလ်ဟာ သူစီးလာတဲ့ တီအီးအလဗင်း(TE -11) ခေါင်းခန်းကနေ စွေ့ခနဲ လမ်းပေါ်ခုန်ဆင်းလာပြီး လမ်းလယ်ခေါင်ရပ်နေတဲ့ အဲဒီ့လူရဲ့ပါးကို ရိုက်တော့တာပါ။ ပါးစပ်ကလဲ အမေနှမတွေနဲ့ ပျစ်ပျစ်နှစ်နှစ်ဆဲဆိုနေပါသေးတယ်။ ဒါနဲ့လဲအားမရ၊ 'မင်းကိုတိုက်သတ်ပစ်လို့ရတယ်ကွ'ဆိုပြီး ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းမြည်တွန်နေပါတယ်။

အရိုက်အနှက်အဆဲအဆိုခံရသူဟာ အဲဒီစစ်ဗိုလ်ကို တခွန်းမှလဲပြန်မပြော၊ တခုမှလဲခံမလုပ်ဘဲ မျက်လုံးချင်းသာ စိုက်ကြည့်နေခဲ့ပါတယ်။ တခုခု ပြန်လည်ပြောဆိုတုံ့ပြန် တာမျိုးဟာ လက်ညှိုးတကွေးစာ ကာလမဟုတ်လား၊ (သေနတ်နဲ့ပစ်သတ်မှာလို့ပြောတာ)။

ခဏနေတော့ စစ်ဗိုလ်က သူလုပ်ချင်တာလုပ် ပြောချင်ရာ ပြော၊ ဆဲချင်ရာဆဲနေတာကိုပဲ မျက်တောင်မခပ်စိုက်ကြည့်နေတဲ့လူကို ဘယ်လိုဖြစ်တယ်မသိ၊ တွေတွေကြီး ပြန်ကြည့်လာပါတယ်။

ဒီမှာ သူတို့ မျက်လုံးချင်း စက္ကန့်ပိုင်းလောက်ဆုံကြပါတယ်။

ဒီ့နောက် စစ်ဗိုလ်ဟာ "ငါကွာ" ဆိုပြီး တက်တချက်ခေါက်ကာ ကားပေါ်ပြန်တက်သွားပါတယ်။ ဒီအဖြစ်အပျက် ကို လက်ဖက်ရည်ဆိုင်ထဲကလူတွေဟာ ရင်တမမ သည်းထိတ်ရင်ဖိုစောင့်ကြည့်နေကြပါတယ်။ ဘာမဆိုဖြစ်သွားနိုင်တယ်မဟုတ်လား။

စစ်အာဏာသိမ်းခါစ စစ်သားတွေ စစ်ဗိုလ်တွေရဲ့စိတ် ဟာ စစ်ဦးဘီလူးလို စိတ်မျိုးနဲ့ ခက်ထန်ကြမ်းတမ်း၊ မုန် ယို ရက်စက်နေကြတာမျိုးပါ။ အထက်အထက်အဆင့်ဆင့်ကလဲ သူတို့စိတ်ကို ဆွထားဖွထားတာကိုး။ "ရက်စက်" မှကြေကွဲ၊ ရဲမှ "မင်း" ဖြစ်ဆိုစကားတွေ ပြတ်သားရမယ်၊ အမိန့်ကိုနာခံရမယ်၊ ရေပါတာပဲလိုချင်တယ်၊ ရေဗူူးပေါက်တာ မလိုချင်... စတာတွေဟာ စစ်အာဏာရှင်တွေက စစ်သည်အဆင့်ဆင့်တွေကြား စိတ်ဓာတ်ရေးရာအရ ရိုက်သွင်းပြီး လက်ကိုင်ကျင့်သုံးလာခဲ့ကြတာကို ကျနော် တို့ကြားဖူးနေကြမဟုတ်လား။ ဖက်ဆစ်ဝါဒမှာ အထက် အမိန့်ကလွဲရင် ဘာမှအဓိကမဟုတ်တော့ဘူးဆိုတာ...

ထားတော့... ခုနပြောပြတဲ့အဖြစ်ကို ဇာတ်ပေါင်းသော် ဘုရားလောင်း လမ်းပေါ်ကလူ (အဲလေ... လူနေရပ်ကွက်ထဲ စစ်ကားတန်း အတင်းဒရမမ်းကြမ်းမောင်းဝင်လာနေတာကို ဘယ်လိုစိတ်ဖြစ်ပေါ်လာလေသည်မသိ၊ လမ်းမဖယ်ပေးခဲ့သူ အသက် ၃၀ ဝန်းကျင် ဗမာလူရွယ်ဟာ ကျနော် ခင်လွန်း(နံမယ်ရင်း-ဘဖေညိမ်း) ဖြစ်ပြီး၊ စစ်ဦးဘီလူးလိုဖြစ်နေတဲ့ဗမာစစ်ဗိုလ်ကိုတော့ အမည်မသိလိုက်ပါဘူး။

မောင် ညီမလေးတို့ရေ....(ညီသုတနဲ့တကွ အသက်အရွယ်အရ ထိုကာလကိုမမီမသိလိုက်ကြတဲ့ တရပ်ကွက်ထဲအတူနေ လူငယ်တွေကိုညွှန်း) အဲဒါ အခု စစ်အာဏာရှင်စနစ်ဆိုးကြီးကို ဆန့်ကျင်ခဲ့ ဆန့်ကျင်နေလို့ ပြည်ပြေးဖြစ်နေတဲ့ လူတယောက်ရဲ့ တခါက အဖြစ်သနစ်လေးပါ။

အခုလဲ စစ်အာဏာရှင်တို့ ဆွေစဉ်မျိုးဆက် ၇ ဆက်လောက် ဆက်လက်ကောင်းစား လက်လက်ထနေဖို့ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကြီးကြောင့် အိမ်မပြန်နိုင်ကြတဲ့ဒို့လုပ်ဖော်ကိုင်ဖက်တွေဟာ ကမ္ဘာ အရပ်ရပ်မှာ ပျံ့နှံ့ခိုလှုံနေကြရပေမယ့် တကယ်တော့ အမိမြေမှတပါး ဘယ်နေရာမှာမှ သာယာမိန်းမူးတတ်သူမဟုတ်ကြပါ။

အခု ဒီစာကလဲ ၂၀၀၈- ခြေဥအောက် အောင့်သက်သက် နဲ့ ဖြစ်နေ လက်ခံနေရတဲ့ (လူထုသဘောထားလုံးဝမပါတဲ့ နိုင်ငံတော်အလံကအစ) အရာတွေအတွက် စက်တင်ဘာရက်တရက်အကြောင်းကို မသိမမီလိုက်တဲ့ညီသုတို့အောက် လူငယ်တွေရယ်၊ ဖက်ဆစ်ဝါဒီ စစ်အာဏာရှင် တို့ရဲ့အတွင်းသရုပ်သကန်မှာ အာဏာအကျိုးစီးပွားကလွဲရင် လူမျိုးရယ် ဘာသာရယ် ဘာညာမရှိ ဆိုတာကို သိစေချင်လို့ ကိုယ်တွေ့လေးနဲ့ ရေးပြတာပါ။

ဆိုလိုတာက TE-11 တီအီးအလံဗင်းကြီးနဲ့တိုက်လိုလဲတိုက်ပါစေ။ စစ်ဖိနပ်နဲ့ပါးကို ရိုက်လိုလဲ ရိုက်ပါစေ။ ကိုယ် ဘာကိုမှမတတ်နိုင်ရင်တောင် အဲဒီလိုအသာစီးရ ဗိုလ်ကျ နိုင်ခွင့်ရှိတုန်း အနိုင်ကျင့်တဲ့လူတွေအပေါ် အနည်းဆုံး မျက်လုံးချင်း ဆုံကြည့်လိုက်ဖို့ပါပဲ။

တကယ်တော့ သူတို့တွေမှာ အမိန့်အာဏာကို ခြွင်းချက်မရှိ လက်ခံလိုက်နာဖို့နဲ့ လူသတ်လက်နက်ကလွဲရင် ဘာမှမရှိကြပါဘူး။

အကြည့်တွေထဲမှာက အဓိပ္ပာယ်တွေ အနန္တ၊ သမိုင်းစဉ်တွေ တသီတတန်းမဟုတ်လား။