Breaking News

ဧရာ(မန္တလေး) - ချမ်းသာခြင်းသည် ဂုဏ်ရှိ၏။ သို့သော်…



ဧရာ(မန္တလေး) -  ချမ်းသာခြင်းသည် ဂုဏ်ရှိ၏။ သို့သော်…

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၉

(၁)

လက်ဝဲဝါဒ ထွန်းကားစဉ်ကာလက “အရင်းရှင်, ဓနရှင်, ဘူဇွာ” ဟူသော အမည်များတပ်ကာ ချမ်းသာကြွယ်ဝသူတို့အား ဝေဖန် တိုက်ခိုက်ခဲ့ကြသည်။ ကြွယ်ဝချမ်းသာခြင်းကို အပြစ်တခုအဖြစ် ရှုမြင်ခဲ့ကြသည်။ နောင်တွင် တရုတ်ကွန်မြူနစ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က “ဆင်းရဲခြင်းသည် ဆိုရှယ်လစ်စနစ် မဟုတ်။ ချမ်းသာခြင်းသည် ဂုဏ်ရှိ၏” ဟု ဆိုကာ တရုတ်ပြည်ကို ဆင်းရဲတွင်းက ကယ်ထုတ်ခဲ့သည်။ ယေဘုယျအားဖြင့် မြန်မာတို့က ချမ်းသာ ကြွယ်ဝအောင် ကြိုးပမ်း အားထုတ်ခြင်းကို အပြစ်တစ်ခု အဖြစ် ရှုမြင်လေ့ မရှိပါ။ လောကီ စည်းစိမ်ချမ်းသာတို့အား စွန့်ပယ်၍ သပိတ်, သင်္ကန်း အသုံးအဆောင်မျှနှင့်သာ ရောင့်ရဲပြီး သံသရာဝဋ်မှ လွတ်ကင်းရန် ကျင့်ကြံကြသည့် သံဃာအဖွဲ့အစည်းအား ထူထောင်တော်မူခဲ့သော ဗုဒ္ဓသည်ပင် လောကီဘောင်သားတို့၏ ချမ်းသာကြွယ်ဝမှုအား အပြစ်တင် ဝေဖန်ခဲ့ခြင်း မရှိ။

သို့သော် (၁) စီးပွားဥစ္စာ ရှာဖွေသည့် နည်းလမ်း (၂) ရရှိလာသည့် စည်းစိမ်အား မိမိ အတွက် အကျိုးရှိအောင် အသုံးချမှု (၃) ပတ်ဝန်းကျင် လူ့အဖွဲအစည်း အတွက် မျှဝေသုံးစွဲမှု (၄) ထိုစည်းစိမ်ချမ်းသာ အပေါ်၌ ထားရှိသည့် စိတ်နေသဘောထား ဟူသည့် အချက်များပေါ်တွင် မူတည်၍ ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းကို ပြုရသည်။

မတရားသဖြင့် အနိုင်ထက်ပြု၍ စီးပွားရှာဖွေကာ ချမ်းသာကြွယ်ဝခြင်းသည် ချီးမွမ်းထိုက်သည် မဟုတ်။ မတရားသဖြင့် စီးပွားရှာခြင်းဟူသည် ဒုစရိုက်ဖြင့် စီးပွားရှာခြင်းဖြစ်သည်။ ဒုစရိုက်ဖြင့် စီးပွားရှာခြင်းဟူသည် အကြမ်းအားဖြင့် ငါးပါးသီလအား ချိုးဖောက်၍, ကျိုးပေါက်စေ၍ စီးပွားရှာဖွေခြင်း ဖြစ်သည်။

(၁) သတ္တဝါတို့အား သေကြေ ပျက်စီးစေ၍ စီးပွားရှာခြင်း, သေကြေ ပျက်စီးစေသော အဆိပ်, လက်နက်များ ရောင်းဝယ် ဖောက်ကားခြင်း။
(၂) ပိုင်ရှင် မပေးသော ဓနဥစ္စာအား ခိုးယူ၍ ဖြစ်စေ, အနိုင်ထက် သိမ်းယူ၍ ဖြစ်စေ စီးပွားရှာခြင်း။
(၃) ကာမဂုဏ်အား မှားယွင်း ဖောက်ပြန်စေရန် အားပေးသည့် လုပ်ငန်းများဖြင့် စီးပွားရှာခြင်း။
(၄) တစ်ပါးသူအား လိမ်လည်လှည့်ဖျား၍ စီးပွားရှာခြင်း။
(၅) မူးယစ်ဆေး, အရက်သေစာများ ရောင်းဝယ်ဖောက်ကား၍ စီးပွားရှာခြင်း။

ထိုသို့သော စီးပွားရှာခြင်းမျိုးတို့ဖြင့် ရရှိလာသော စည်းစိမ်းချမ်းသာသည် ဂုဏ်ယူ ချီးမွမ်းထိုက်သော ချမ်းသာမှုမျိုး မဟုတ်။ တရားနှင့် အညီ ရှာဖွေ အသက်မွေးမှုမျိုးကသာ ချီးမွမ်းထိုက်၏။ သို့သော် တရားနှင့် အညီရှာဖွေ အသက်မွေးရခြင်းသည် အစုန်လမ်း မဟုတ်။ အဆန်လမ်းဖြစ်၍ လွယ်ကူလှသည်တော့ မဟုတ်။ စိတ်ဓာတ် ခိုင်ကြည်ရန် လိုအပ်သည်။ အနိုင်ထက်ပြု၍ စီးပွားရှာဖွေခြင်းကား အစုန်လမ်းဖြစ်၍ မခက်လှ။ အရှက်ကင်းမဲ့ရန်သာ လိုသည်။ ဤသို့သော အသက်မွေးမှု၏ အသွင်စရိုက်အား ဓမ္မပဒ ဂါထာအမှတ် ၂၄၄ တွင် ဟောကြားထားရာ ဆရာဦးရွှေအောင်၏ မြန်မာဘာသာပြန်သည် ထိမိပေါ်လွင် လှပါသည်။

သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခန္ဒိနာ ပဂဗ္ဘေန၊ သံကိလိဋ္ဌေန ဇီဝိတံ။ (ဓမ္မပဒ၊ ဂါထာအမှတ် ၂၄၄)

“လူသည် တကယ်တမ်း လွယ်ကူစွာ အသက်မွေးမြူလိုပါက အရှက်မရှိရ။ ကျီးကန်းလိုလည်း လုယူရဲရ၏။ သူတစ်ပါး၏ သိက္ခာကိုလည်း ချရဲရ၏။ သာရာဖက်သို့လည်း ပြေးကပ်ရဲရ၏။ ညစ်ပတ်သော စိတ်လည်း ရှိရ၏။ ဤသို့ပြုလျှင် လောက၌ အသက်မွေးရ လွယ်လေ၏။”


(၂)

ချမ်းသာခြင်းဟူသော မြန်မာဝေါဟာရသည် ဓနဥစ္စာကြွယ်၀ ချမ်းသာခြင်းနှင့် ကိုယ်စိတ် ချမ်းသာခြင်းဟူသော အဓိပ္ပါယ် နှစ်မျိုး ရသည်။ ဓနဥစ္စာကြွယ်ဝခြင်း (ငွေကြေးရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်ခြင်း) အား ဗုဒ္ဓစာပေအရ ရှိခြင်း ချမ်းသာ (အတ္ထိသုခ) ဟုခေါ်သည်။ ထိုရုပ်ဝတ္ထုစည်းစိမ်တို့ကို သုံးဆောင်မှီဝဲရခြင်းအား သုံးဆောင်မှု ချမ်းသာ (ဘောဂသုခ)ဟု ခေါ်သည်။ ထိုသို့ သုံးဆောင်မှီဝဲရသဖြင့် ကိုယ်စိတ် ချမ်းသာခြင်းကို ဖြစ်စေ၏။ ထို့ကြောင့် စည်းစိမ်ဥစ္စာတို့အား အသုံးပြု၍ မိမိ၏ ကိုယ်စိတ်ကို ချမ်းသာစေမှ ဓနဥစ္စာ ရှာဖွေရခြင်း၏ ရည်ရွယ်ချက်သည် အထမြောက်၏။ သို့သော် ပြည့်စုံပြီဟုကား မဆိုနိုင်။ မိမိနှင့်အတူတကွ မိဘ,သားသမီး, ဆွေမျိုး အစထားကာ အများအကျိုးအတွက် ပြန်လည်မျှေ၀ အသုံးပြုရသည်။

ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေးအား စီးပွားဥစ္စာ ရှာဖွေရာတွင် ထားရှိအပ်သော ရည်ရွယ်ချက် (၅) ပါးကို ဟောကြားထား၏။ (အံ.၅.၄၁၊ အာဒိယသုတ်)

(၁) မိမိနှင့်တကွသော မိဘ, သားမယား, အစေခံ အလုပ်သမားတို့ကို ချမ်းသာ နှစ်သက်စေရန်
(၂) မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့ကို ချမ်းသာ နှစ်သက်စေရန်
(၃) ရန်သူမျိုးငါးပါးနှင့်ကြုံတွေ့သောအခါ မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက် နိုင်ရန်
(၄) ဆွေမျိုးတို့အား ပေးကမ်းခြင်း, ဧည့်သည်တို့အား ကျွေးမွေးခြင်း, ကွယ်လွန်သူတို့ အတွက် ရည်စူး၍ ပေးလှူခြင်း, မင်းအား အခွန် ဆက်သခြင်း, နတ် ပူဇော်ခြင်းဟူသော ပူဇော်ခြင်းငါးမျိုး (ပဉ္စဗလိ) ပြုရန် (ဤငါးမျိုးသည် ဗုဒ္ဓခေတ် အိန္ဒိယနိုင်ငံတွင် ကျင့်သုံးခဲ့သော ရိုးရာအစဉ်အလာ လူမှုရေး, နိုင်ငံရေး, ဘာသာရေး ဝတ္တရားဖြစ်၍ ဗြာဟ္မဏ ပုရာဏ်ကျမ်းများတွင် ယဇ်ကြီးငါးပါး “ပဉ္စမဟာယည” ဟု ခေါ်သည်။)
(၅) ရဟန်းပုဏ္ဏားတို့အား မြတ်သော အလှူပေးရန်

ထိုငါးချက်အား အနှစ်ချုပ်လျှင်
(၁) မိမိကိုယ်ကို ချမ်းသာနှစ်သက်စေသည် (အတ္တာနံ သုခေတိ ပိဏေတိ),
(၂) သူတစ်ပါးအား မျှဝေသည်, ကောင်းမှု ကုသိုလ်ပြုသည် (သံဝိဘဇတိ ပုညာနံ ကရောတိ) ဖြစ်၏။
ဤကဲ့သို့ အသုံးချသူသည် စီးပွားဥစ္စာ တိုးတက်သည် ဖြစ်စေ၊ ဆုတ်ယုတ်သည် ဖြစ်စေ စိတ်နှလုံးမသာမယာ မဖြစ်။ “ငါသည် စည်းစိမ်ဥစ္စာတို့အား မိမိအကျိုး, အများအကျိုးအတွက် အသုံးချခဲ့ပြီ” ဟု ဝမ်းမြောက် ကျေနပ်ခြင်း ဖြစ်လေသည်။

(၃)


စီးပွားဥစ္စာ ကြွယ်ဝခြင်းအား အကြောင်းပြု၍ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းအား ဗုဒ္ဓဒေသနာအရ သာယာဖွယ်အပိုင်း (အဿာဒ) ဟု ခေါ်၏။ အိမ်ယာထူထောင်သူ လောကီသားတို့သည် ဆင်းရဲချို့တဲ့စွာ မနေလိုသည့်အားလျှော်စွာ စီးပွားဥစ္စာ ပြည်စုံ ကြွယ်ဝစေရန် ရှာဖွေကြရသည်။ ထိုသို့ ရှာဖွေ အသက်မွေးရာတွင် မတရား အနိုင်ထက်မပြုဘဲ သမာအာဇီဝဖြစ်အောင် အားထုတ်ရ၏။ ရရှိလာသော စည်းစိမ်ဥစ္စာတို့ကို အသုံးချရာတွင်လည်း မိမိအတွက် သာမက မိမိနှင့်တကွ မိမိ၏ ပတ်ဝန်းကျင် ကောင်းစားရေးကို ရှေးရှုရသည်။ ဤနည်းအားဖြင့် ဘဝ၏ သာယာဖွယ်ကို ရှာမှီးရာတွင် ဗုဒ္ဓအဆုံးအမနှင့် အညီ ဖြစ်စေနိုင်သည်။

သို့သော် လောကသားတို့သည် ထိုသာယာဖွယ်တွင် အနှောင်ဖွဲ့ခံရ တတ်၏။ ထိုသာယာဖွယ်၌ မိန်းမော ယစ်မူးသွားတတ်၏။ ထိုသာယာဖွယ်၏ အလွှမ်းမိုး ခံရတတ်၏။ ကုသိုလ်ကောင်းမှုပြုရန်, အများ အကျိုးအတွက် ဆောင်ရွက်ရန်ဟု ဦးတည်ချက်ထားကာ စီးပွားဥစ္စာ ရှာဖွေနေသူများပင်လျှင် ထိုစည်းစိမ်ဥစ္စာများ, လုပ်ငန်းများအပေါ် “ငါ့စီးပွား, ငါ့လုပ်ငန်း, ငါ့အလှူ” ဟူသော တဏှာ, မာန၏ လွှမ်းမိုးမှုကို ခံရတတ်၏။ ဤသို့ဖြစ်ရခြင်းသည် ထိုစည်းစိမ်ဥစ္စာတို့၏ သာယာဖွယ် (အဿဒ)ဟူသော ရှုထောင့် တစ်ခုတည်းကသာ ကြည့်မြင်ခြင်းကြောင့်ဖြစ်သည်။ ထိုစည်းစိမ်ဥစ္စာတို့၏ “မမြဲ, ဖောက်ပြန် ပျက်စီးတတ်သော သဘော” ဟူသည့် ချို့ယွင်းချက် (တနည်းအားဖြင့်) ငြီးငွေ့ဖွယ်အပိုင်း (အာဒီနဝ) ကိုလည်း နှလုံးသွင်း ဆင်ခြင်နိုင်ရန် လိုအပ်၏။ သို့မှသာလျှင် “ငါ့စီးပွား, ငါ့လုပ်ငန်း, ငါ့အလှူ” ဟူသော တဏှာ, မာန၏ လွှမ်းမိုးမှုမှ ထွတ်မြောက်သည့် (နိဿရဏ) အသိဉာဏ် ရရှိနိုင်မည် ဖြစ်သည်။

ချမ်းသာကြွယ်ဝခြင်းသည် လောက သဘောအရ ဂုဏ်ရှိပါ၏။ သို့သော် ဗုဒ္ဓ၏ အဆုံးအမဒေသနာအရ …
(၁) အနိုင်ထက်မပြုဘဲ တရားသဖြင့် စီးပွားရှာဖွေခြင်း ဟုတ်-မဟုတ်၊
(၂) ရရှိလာသော စည်းစိမ်ဥစ္စာဖြင့် မိမိကိုယ်ကို ချမ်းသာ နှစ်သက်စေခြင်း ရှိ-မရှိ၊
(၃) (ပတ်ဝန်းကျင် လူ့အဖွဲအစည်း အတွက်) မျှဝေသုံးစွဲ၍ ကောင်းမှုပြုခြင်း ရှိ-မရှိ၊
(၄) စည်းစိမ်ချမ်းသာအား မမိန်းမော, မယစ်မူး, အလွှမ်းမိုး မခံဘဲ၊ လွတ်မြောက်သည့် အသိဉာဏ် စိတ်ထားဖြင့် သုံးစွဲခြင်း ဟုတ်-မဟုတ် ဆန်းစစ် ဝေဖန်ရသည်။ ဤအချက် လေးချက်ပေါ် မူတည်ကာ စီးပွားရှာဖွေ သုံးစွဲကြသော လောကီသားတို့အား အဆင့်အတန်း အမျိုးမျိုး ခွဲခြားနိုင်၏။ အဆင့်အလိုက် ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းကို ပြုနိုင်သည်။ (အံ.၁၀.၉၁၊ ကာမယောဂီသုတ်)

ဧရာ (မန္တလေး)
(June 22, 2011)

▶ Ref:
၁။ အံ.၁၀.၉၁၊ အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်၊ ဥပါလိဝဂ်၊ ကာမဘောဂီသုတ်
၂။ အံ.၅.၁၇၇၊ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဥပါသကဝဂ်၊ ဝဏိဇ္ဇာသုတ်
၃။ အံ.၃.၁၀၄။ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သမ္ဗောဓဝဂ်၊ ပုဗ္ဗေဝသမ္ဗောဓသုတ်
၄။ အံ.၅.၄၁၊ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ မုဏ္ဍရာဇဝဂ်၊ အာဒိယသုတ်
၅။ အံ.၄.၆၂၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ ပတ္တကမ္မဝဂ်၊ အာနဏျသုတ်
၅။ ဓမ္မပဒ၊ ဂါထာအမှတ် ၂၄၄
၆။ ဦးရွှေအောင်- ကိုယ်ကျင့်သိက္ခာဖြူစင်ခြင်း (ဓမ္မဂီရိစာစောင်၊ ဒီဇင်ဘာလ ၁၉၉၂)