Breaking News

မောင်သာနိုး - မြန်မာစာ ဆင်းရဲကြပုံများ

မောင်သာနိုး၊ တင်မိုး၊ မောင်စွမ်းရည်၊ အမေရိက၊ ၂၀၀၄ တုန်းက


မောင်သာနိုး - မြန်မာစာ ဆင်းရဲကြပုံများ

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၉
(ဆရာ၏ ဖေ့စ်ဘွတ်မျက်နှာကနေ ကူးယူပါသည်)
ကိုလိုနီခေတ်က မြန်မာအချို့ဟာ သူတို့ မြန်မာစာညံ့ပါတယ် ဆိုတာကိုပဲ အသားယူစရာလို့ အောက်မေ့ပြီး ” ကိုယ်တို့ကတော့ မြန်မာစာ ဆင်းရဲတယ် ” လို့ ကြွေးကြော်လေ့ ရှိကြတယ်။ မြန်မာစာဆင်းရဲတယ်ဆိုတော့ အင်္ဂလိပ်စာတော့ ချမ်းသာသလိုလို။ တကယ်က သေသေချာချာ ဆန်းစစ်ကြည့်ရင် သူပြောနေတဲ့ အင်္ဂလိပ်စကားကလည်း ဘိုကြက်ချေး အင်းဂလစ်၊ ဖွတ်ကျား အင်္ဂလိပ်စကားအဆင့်ပဲ။ ကနေ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာတော့ ဒီလို အခြောက်တိုက် လေလုံးထွားတတ်သူ မရှိသလောက် ရှားသွားပြီ။ ဒါပေမယ့် ပါးစပ်က မြန်မာစာညံ့ပါတယ်လို့ ထုတ်မပြောပေမယ့် လက်တွေ့ ညံ့ပြနေသူတွေကတော့ ရှိနေသေးတယ်။ ရှိသမှ ရိုးရိုးသာမန် အရပ်သားထဲမှာ မဟုတ်၊ အနုပညာစာပေနယ်ထဲမှာ ဝင်ဆန့်နေပြီး မြန်မာစာညံ့ပြနေတာ။ အဓိက ဆက်သွယ်ရေးမဏ္ဍိုင်အဖြစ် မြန်မာစာ၊ မြန်မာစကားသုံးနေသူ ဖြစ်ပါလျက် မြန်မာစာ ဟုတ္တိပတ္တိမတတ်တာပေါ့။

တေးဂီတသမားဆိုတာ ဘာသာစကားကို သုံးရသူပဲ။ ခေတ်ပေါ်ဘာသာစကားကို သူလို ငါလို ပြောတတ်၊ ရေးတတ်တဲ့အပြင်၊ အနုပညာသမားဆိုမှတော့ဂန္ထဝင်စာပေကိုလည်း အထိုက်အလျောက် ကျွမ်းဝင်ဖို့ လိုပေလိမ့်မယ်။ သီချင်းကြီး၊ သီချင်းခန့်ဆိုတာတွေကို လေ့လာဖူးကာ ပျို့၊ ရတု၊ ဂန္ထဝင်ကဗျာတွေကိုလည်း ထဲထဲဝင်ဝင် ရှိသင့်တယ်။ အခုတော့ ရှေးဟောင်း ဂန္ထဝင်ဆိုတာ မပြောနဲ့ ၊ လွန်ခဲ့တဲ့ အနှစ် ၃-၄၀ က ကာလပေါ်တေးကိုတောင် နားဝေးနေသူတွေ တွေ့နေရတယ်။

နန်းတော်ရှေ့ ဆရာတင်ဆိုတာ ခေတ်ဟောင်း တေးရေးဆရာများထဲမှာ အရပ်သုံး ခေတ်ပေါ်စကားကို အလွယ်ဆုံး သုံးနှုန်းရေးဖွဲ့တတ်သူပါ။ ဒါတောင် သူ့ရဲ့ ” လက်ရေတပြင်တည်း ” ကို ရွှေဉာဏ်တော်စူးပြီး ” လက်ရေတပြင်စီး ” ရယ်လို့ လုပ်လိုသူ ပေါ်ခဲ့ဖူးသေးတယ်။ ဒေါင်းလန်းကြီးနဲ့ စားကြတယ်ဆိုတော့ ထမင်းကို နှိုက်တဲ့ လက်အသီးသီးက ဟင်းရည်တွေဟာ တပြင်တည်း စီးဆင်းနေတယ်ပေါ့လေ။ နောက်မှ ဒီလို မဟုတ်ရပါဘူး။ ” လက်ရည်တပြင်တည်း ” ဆိုတာ “တစိတ်တည်း တဝမ်းတည်း” လို့ ဆိုလိုတာဖြစ်တယ် ဝိုင်းရေးကြ ထောက်ပြကြတော့မှ ” လက်ရည်တပြင်တည်း ” ပြန်ဖြစ်လာတော့တာ။

ဒါတောင် ” မင်းဂံဘုတ် ” သီချင်းထဲက တောသူမလေး ခေါင်းပေါ်တင်လိုက်တာဟာ ” ရှန်တဘက် ” မဟုတ်ပါဘူး။ ” ရှာတဘက် ” ပါလို့ အဲဒီခေတ်ကို ကောင်းကောင်းမီလိုက်သူ လူထု ဒေါ်အမာက ရှင်းပြပေမယ့် ခုထက်ထိ ဒီသီချင်း ဆိုသူတိုင်းက ” ရှန်တဘက် ” နေတုန်းပဲ။

မြို့မငြိမ်းကျတော့ နန်းတော်ရှေ့ထက် ခေတ်စကားကို ထူးထူးခြားခြားလေးဖြစ်အောင် ကွန့်ပြီး သုံးတတ်သူဖြစ်တယ်။ သူ့တေးစာသားနဲ့လည်း တွေ့ရော၊ ခေတ်ဂီတပညာရှင်ကြီးတွေ ခြောက်ပါးမှောက် ကုန်တော့တာပါပဲ။ (အယ်ဒီတာခင်ဗျာ။ ။ ငါးပါးမက မှောက်ကုန်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ စာမပြင်ပါနဲ့။) ဒါကို ဆရာရဲ့ ” ပျို့မှာတမ်း ” သီချင်းလေးကို ပြန်ဆိုကြ ကကြသံ ကြားတိုင်း ခံစားမိတယ်။

ပထမ မေဆွိ။ မနေ့တနေ့က ရီရီသန့်။ သီဆိုသူတွေကိုတော့ အပြစ်မတင်လိုပါဘူး။ သူတို့ကို သင်ကြားပြသပေး လိုက်တဲ့ ဆရာသမားများက ညွှန်ပြသလို သူ့ခမျာများ ဆိုကြရတာ ဖြစ်မှာပေါ့။
လုပ်ပုံက ” စားစား သွားသွား – နေနေ၊ မောင့်အပေါ်ဗွေမယူပေါင်ရှင် ” တဲ့လေ။ အရေးအမှတ် မှားပြီး ဒီလို ဖြစ်သွားရသလား၊ လူတတ်လုပ်ပြီး တမင်ပြင်သလားတော့ မသိဘူး။ ကြည့်ရတာ ” မောင့်အပူပွေသူ ” ဆိုတဲ့ မြန်မာစကားအသုံးကို ဉာဏ်မမီလိုက်တာနဲ့ ထင်ရာကြဲလိုက်ကြပုံပါပဲ။

” အပူပွေ ” တယ်ဆိုတာ ” ဗျာပွေ ” တယ်နဲ့ အတူတူပါပဲ။ မိန်းကလေးက မောင့်အတွက် ပူပန်ရတဲ့ အပူတွေ ပွေနေသူပါ၊ ဗျာပွေရသူပါလို့ ပြောနေတာ ဖြစ်တယ်။ စားလေရာ သွားလေရာ နေလေရာ သူ့မှာ မောင့်အတွက် ဗျာပါပွေရတယ်လို့ ဆိုလိုတယ်။ မောင်ဘယ်သွားသွား၊ ဘယ်စားစား၊ ဘယ်မှာနေနေ၊ ဗွေမယူပါဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။

တနေ့က ဆရာငြိမ်းရဲ့ ” မပြီးသေးသော ပန်းချီကား ” သီချင်းကို ဆိုသွားကြတာတွေ ကြားလိုက်ရ ပြန်တယ်။ ဆရာငြိမ်း ရေးလိုရင်းက ” ချစ်သူဟာလည်း မလှမ်းမကမ်းမှာ ရောက်နှင့်တဲ့ကာမြင် ” ရယ်လို့ ဖြစ်တယ်။
ဒါကို ” ရောက်နှင့်ခဲ့တာမြင် ” လို့ လုပ်သွားကြလေရဲ့။ သူ့ခမျာများ ” တဲ့ကာ ” မြန်မာစကားအသုံးကို မကြားဘူးရှာကြပဲကိုး။ ” သွားတဲ့ကာ၊ လာတဲ့ကာ ” ဆိုတဲ့ အသုံးအနှုန်း မြန်မာစကားမှာ ရှိပါတယ်။ သူ့နေရာနဲ့ သူ့အဓိပ္ပာယ်နဲ့သူ ထိမိတဲ့ အသုံးအနှုန်းကလေး ဖြစ်တယ်။ ဒါနဲ့ ” ခဲ့တာ ” အစားဝင်လို့ မရပါဘူး။

မြန်မာစကားမှာ ” လေသွေးတယ် ” ဆိုတာ တော်တော် ရိုးပါတယ်။ နှင်းဆီ အဖူးအငုံလေးတွေကို လေသွေးလိုက်တော့ ဟိုယိမ်းဒီယိမ်းနဲ့ လုပ်လီလုပ်လဲ့ ဖြစ်နေတာကို ခေတ်ဟောင်း တေးရေးပညာရှင်က ” သွေးကာချီ ဖူးပွင့်ငုံဝေစီ ” လို့ လှလှပပလေး ဖွဲ့နွဲ့ထားပါတယ်။
ဒါကို ခေတ်ပြန်ဆိုသူက ” ပွေ့ကာချီ ပွေ့ကာချီ ဖူးပွင့်ငုံဝေစီ ” လုပ်ပစ်လိုက်တော့ ပျက်ရော။ ရုန့်ရင်းကြမ်း
တမ်းလိုက်တဲ့ ဖြစ်ခြင်း။ မိန်းမပျိုကလေးရဲ့ ကိုယ်လုံးလေးကို ရာဂုမ္မတ္တကြီးတဦးက ပွေ့ချီသွားတာကို မြင်
လိုက်ရတော့တယ်။

သက်ရှိ ခေတ်ဟောင်း တေးရေးဆရာတဦးကတော့ရုပ်မြင်သံကြားတွေ့ဆုံခန်းမှာ သူ့သီချင်းစာသားကိုမှားဆိုတဲ့ အတွက် ဒုက္ခရောက်ရပုံကို ညည်းတွားရှာတာကို ကြားလိုက်ရဖူးတယ်။ သူ့ရေးလိုရင်းက ” “ရှမ်းမလေးတွေ အချောရယ် ပေါတယ် ” လို့ ရေးတာ၊ ချောမောလှပတဲ့ ရှမ်းမလေးတွေ ပေါများပါတယ်ပေါ့။ ဒါကို ” ရှမ်းမလေးတွေ ချောတယ် ပေါတယ် ” လုပ်ပစ်လိုက်တော့ သွားရော၊ ရှမ်းမလေးတွေဟာ ချောလည်း ချောတယ်၊ ပေါလည်း ပေါတယ်လို့ ဖြစ်သွားလေတော့တာပ။

နိုင်ငံကျော် သင်္ကြန်သီချင်းတပုဒ်မှာ စာသားက ” မြနန္ဒာ နေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ် ” ရယ်လို့ ဖြစ်ပါတယ်။ ကိုအံ့ကြီး သီဆို အသံသွင်းထားရမှာလည်း အဲဒီအတိုင်းပဲ ကြားနိုင်ပါတယ်။ ဒါကို နောက်ပေါက် အဆိုတော်တဦးက ” မြလေးလေးနန္ဒာ ရေညိုညို ရစ်ကာသန်းတော့ ” ရယ်လို့ ဖျက်ဆီးပစ်လိုက်တယ်။ ” မြနန္ဒာ ” ကို ” မြလေးလေးနန္ဒာ ” လုပ်ပစ်တာက ရှိရင်းစွဲ စာသားနဲ့တင် စည်းဝါးကိုက်အောင် မဆိုနိုင်ရှာလို့ – လို့ နားလည်ရတယ်။ ” ရစ်ကာသန်းတဲ့ ” ကို ” ရစ်ကာသန်းတော့ ” လုပ်လိုက်တာကတော့ မြန်မာစကားကို မတတ်တာပါပဲ။ ရှေးအတိတ်တဘောင်က ” အသက်ကလေးရယ်တဲ့ ရှည်စေလို၊ မြနန္ဒာရေညိုသန်းတဲ့ (တယ်) မန်းတောင်ရိပ်ခို ” ရယ်လို့ ရှိတယ်။ ဒါကို သီချင်းထဲမှာ သုံးထားတာပဲ ဖြစ်တယ်။ ” ရေညိုသန်းတော့ မန်းတောင်ရိပ်ခို ” ဆိုတော့ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ ” ရညိုသန်းသောအခါ မန်းတောင်ရိပ်ခို ” ဆိုတာ စကား အဆက်အစပ်ကို မရှိတော့ဘူး။

ပါရမီရှင်က ဖွဲ့သီရေးစပ်ထားတဲ့တေးဂီတတွေဟာ တိုင်းပြည်ရဲ့ အနုပညာရတနာများပဲ ဖြစ်တယ်။ နောင်လာနောက်သားများက တရိုတသေ ထိန်းသိမ်းကြရဖို့ တာဝန်ရှိတယ်။ ကိုယ် စာပေဗဟုသုတ ခေါင်းပါးတိုင်း လျှောက်ပြီး ဖျက်ဆီးပစ်နေဖို့ မကောင်းဘူး။ အနုပညာသမားရယ်လို့ လုပ်ချင်မှတော့ လေ့လာရမှာပေါ့။ စည်းဝါးတတ်ကျွမ်းအောင် လေ့ကျင့်ရသလို တေးထဲမှာ သုံးထားတဲ့ ဘာသာစကားကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာအပ်တယ်။ ခေတ်ဟောင်းအဆိုတော်ကြီး ဒေါ်မေရှင်က တွေ့ဆုံခန်းတခုမှာ ” သီချင်းစာသားတွေကိုတော့ ဖျက်မပစ်ကြပါနဲ့လို့ တောင်းပန်ချင်တယ်ကွယ် ” လို့ ပြောတာကို မှတ်သားလိုက်ဖူးတယ်။ ဒါ တာဝန်သိ အနုပညာသည်တဦးရဲ့ ရင်ဖွင့်သံပါပဲ။

သီချင်းဆိုတယ်ဆိုရာမှာ စကားသံပီဖို့လည်း အရေးကြီးတယ်။ ကနေ့ခေတ် လူငယ်များ မပီကလာ ဆိုကြတာကို ပြောကြရေးကြ လှပါပြီ။ သီချင်းကလေးမဟုတ်၊ သီချင်းကြီးဆိုရာမှာ စကားမပီတဲ့အတွက်စိတ်ပျက်မိကြောင်း ကျွန်တော်လည်း ရေးဖူးပြီ။

” လျှပ်ပန်းခွေနွဲ့ ” ကို သီဆိုသွားသူတဦးက ” ဘဝဂ်စောင်းအောင် ” ကို ” ဘဝဂ်ဆောင်းအောင် ” လို့ ဆိုသွားတဲ့အကြောင်းပါ။ ” စ ” သံ နဲ့ ” ဆ ” သံကို မပီဘဲ ပြောကြဆိုကြတာ ရန်ကုန်မှာ ခေတ်စားနေပေမယ့် သီချင်းဆိုရာမှာ ပရိသတ်ရှေ့မှာတော့ ပီအောင် ကြိုးစားဖို့ ကောင်းတယ်။ ရုပ်မြင်သံကြား ကြော်ငြာတခုမှာ ” ဝဒနာ ” ကို ” ဝေသနာ ” လို့ ပြောသွားတာ။ ” စောင်းတန်း” ကို ” ဇောင်းတန်း ” လို့ ဖတ်သွားတာကို (အမှန်က ” စောင်းဒန်း “) လို့လည်း ကြားလိုက်ရသေး။

ကြော်ငြာတခုမှာတော့ ရေးပေးသူက ကာရန်ယူပြီးရေးပေးလိုက်ပုံ ရပါတယ်။ ဖတ်တဲ့သူက မဖတ်တတ်တော့ ကိုးရိုးကားရား ဖြစ်သွားရော။ ” မြန်မာပြည်တဝန်း နာမည်ဆန်း ” တဲ့။ (ဖြစ်သင့်တာက ” မြန်မာပြည်တဝှမ်း နံမည်ဆန်း “)။ စာအတိုင်း ဖတ်နေစရာ မလိုပါဘူး။ ” ရေးတာက အမှန် ဖတ်တာက အသံ ”ဆိုထားတာပဲ။ ” နံမည် ” လို့ဖတ်မှ ” မြန်မာပြည် ” နဲ့ ကာရန် ညီမှာပေါ့။

အပျင်းပြေ နားထောင်ကြည့်မိရင်း ပြုံးမိတဲ့ ကြော်ငြာတခုကတော့ ” လိပ်ခေါင်းရောဂါ ရှိလိုက်တာ ” တဲ့။ ဘယ်မြန်မာလူမျိုးကမှ အဲဒီလို မအော်ဘူး။ ” အမလေး မြန်မာစကား မပြောတတ်လိုက်တာ၊ ကယ်ပါဦး ” လို့ပဲ ပြန်အော်ဖို့ ကောင်းတယ်။

” ကျင်းပလိမ့်မှာဖြစ်ကြောင်း ” ၊ ” သွားရောက်လိမ့်မှာဖြစ်ကြောင်း ” တဲ့။ မြန်မာစကားမှာ ” လိမ့် ” နဲ့ ” မှာ ” တွဲသုံးတာ ရှိကို မရှိဘူး။ ဒီလူတွေ ဒီအသုံးအနှုန်းကို ဘယ်ကများ ကောက်ရထားပါလိမ့်လို့သာ အံ့သြမိရတော့တယ်။

ကြားသိရသမျှ မြန်မာစာ မြန်မာစကား ဆင်းရဲကြပုံတွေထဲက သိသာရုံ အကျဉ်းမျှ တင်ပြလိုက်ရတာ
ဖြစ်ပါကြောင်း။

(မြန်မာစကားနဲ့ စာပေ-၂၀၀၄) စာအုပ်တွင်ပါဝင်ခဲ့သော ဆောင်းပါး။