Breaking News

မောင်သာနိုး - ဗမာနဲ့ မြန်မာ



မောင်သာနိုး - ဗမာနဲ့ မြန်မာ

(မိုးမခ ကူးယူဖော်ပြ) အောက်တိုဘာ ၃၀၊ ၂၀၁၉

ကျွန်တော်တို့က ကိုယ့်လူမျိုးကို ကိုယ်ခေါ်ဝေါ်ကြရာမှာ ‘ဗမာ’ လို့ ခေါ်ဝေါ်ကြတာ အများဆုံးဖြစ်ပါတယ်။ အနည်းငယ်ကသာ မြန်မာလို့ ခေါ်ကြတယ်။ ဗမာဆိုတာ ပါဠိလို ဗြဟ္မာလို့ခေါ်တာကို ‘ရရစ်’ ဖြုတ်ပြီး ခေါ်တာ ဖြစ်တယ်။ ဗမာပြည်ကို ဗြဟ္မဒေသ၊ ဗမာလူမျိုးနဲ့ ဗမာစကားကို ဗြဟ္မီလို့ ပါဠိလိုခေါ်ပါတယ်။ ဒီဗြဟ္မာကို ‘ဗ’ နရာ ‘မ’ အက္ခရာ ပြောင်း ထည့်လိုက်တော့ ‘မြန်မာ’ ဖြစ်သွားတယ်။ ဒီဗမာနဲ့ မြန်မာအသုံးနှစ်ခုမှာ ရှေးက ဗမာကို အသုံးများခဲ့တယ်။ မြန်မာကိုအသုံးနည်းတယ်။ ဗြိတိသျှ လက်အောက် လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလတလျှောက်လုံး ‘သခင်မျိုးဟေ့ တို့ဗမာ၊’ ‘ဗမာပြည်သည်တို့ပြည်၊’ ‘ဗမာစာသည်တို့စာ၊’ ‘ဗမာစကားသည် တို့စကား’ လို့ ကြွေးကြော်ခဲ့ကြတယ်။ လွတ်လပ်ရေးကြိုးပမ်းရာမှာ ဦးဆောင်တဲ့ အဖွဲ့အစည်းကြီးရဲ့ နာမည်က တို့ဗမာအစည်းအရုံး ဖြစ်တယ်။ ကျောင်းသားတွေက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ထူထောင်ခဲ့ ကြတယ်။ တို့မြန်မာအစည်းအရုံးမဟုတ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမဟုတ်။ တပ်မတော်ဟာလည်း ဗမာ့တပ်မတော် ဖြစ်တယ်။ မြန်မာ့တပ်မတော် မဟုတ်၊ ကွန်မြူနစ်တွေကလည်း ဗမာပြည်ကွန်မြူနစ်ပါတီ၊ မြန်မာအမည်ကို လွတ်လပ်ရေးရပြီးနောက် စာသမား၊ ပေသမားယောင်ယောင်ငနဲတွေက လူတတ်လုပ်ပြီး ခေါ်ဝေါ်ခဲ့ခြင်းဖြစ်တယ်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မြန်မာအမည်ကို ဘယ်သူမှဆေးဖော်ကြောဖက် မလုပ်ကြ၊ အသိအမှတ်မပြုခဲ့ကြဘူး။

တနည်း၊ ဗမာအမည်က ဗမာပြည်မှာနေထိုင်တဲ့ ရှမ်း၊ကချင်၊ကရင်၊ ချင်း၊မွန်၊ကယား၊ တိုင်းရင်းသားလူမျိုး အားလုံး (၁၃၅ မိုျးတော့ မရှိပါဘူး။ ၁၃၅ မျိုးဆိုတာ လိမ်ညာတာတခု ဖြစ်တယ်) အကျုံးဝင်တယ်။ မြန်မာ အမည်က မောင်သာနိုးတို့လို လူမျိုးတခုတည်းကိုသာ ခေါ်တာဖြစ်တယ်။ ရှမ်း၊ ကချင်၊ ကရင် စသည်တို့မပါဘူး။ အင်္ဂလိပ်လိုခေါ်ရင် တိုင်းပြည်က Burma လူမျိုးနဲ့စကားက Burmese ဖြစ်တယ်။ Myanmar ဆိုတာ ဘာသာဗေဒမကျွမ်းသူတွေက နားမလည်ပါးမလည်နဲ့အမှားမှားအယွင်းယွင်း သုံးနှုန်းတာသာ ဖြစ်တယ်။ အမှန်က We live in Burma, We are Burmese, We speak Burmese. လို့သုံးရမှာဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူတွေ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ဗမာတွေလို့ပဲ ခေါ်ဝေါ် သုံးနှုန်းကြပါတယ်။ မြန်မာတွေလို့ မခေါ်ဝေါ် မသုံးနှုန်းကြပါဘူး။ မြန်မာဆိုတဲ့အမည်က စာပေထဲမှာသာတွေ့ရတဲ့အသုံးအနှုန်းဖြစ်တယ်။

ကမ္ဘာပေါ်ရှိလူမျိုးအသီးသီးမှာ ကိုယ့်ကိုယ်ကိုယ်ခေါ်တာက တမျိုး၊ အခြားသူက ကိုယ့်ကိုခေါ်တာက တမျိုး၊ အဲသလို ဖြစ်နေတာကို သည်းခံခွင့်လွှတ်နိုင်ကြရတယ်။ မိမိကိုယ်မိမိ Zhong kuo လို့ခေါ်တယ်။ သူများက China လို့ ခေါ်တယ်။ ဒါကို သည်းခံရတာပဲ။ ကျုပ်တို့ကို China မခေါ်ပါနဲ့ Zhong kuo ခေါ်ပါလို့ အတွန့်မတက်ရဘူး။ မိမိကိုယ်မိမိ Bharat လို့ခေါ်တယ်။ သူများက India လို့ခေါ်တယ်။ India မခေါ်ပါနဲ့ Bharart ခေါ်ပါလို့ အတွန့် မတက်ကြဘူး။ မိမိကိုယ်မိမိ Nippon လို့ခေါ်တယ်။ သူများက Japan လို့ ခေါ်တယ်။ Japan မခေါ်ပါနဲ့ Nippon ခေါ်ပါလို့ လျှာမရှည်ရဘူး။ ဒါ ကမ္ဘာ့ထုံးစံပဲ။ ကျွန်တော်တို့ ဗမာကျမှသာ အတ္တဆန်ပြီး ကျွန်တော်တို့ကို Burma မခေါ်ပါနဲ့ Myanmar ခေါ်ပါလို့ တဖက်သားကို ဒုက္ခပေးချင်တာ။ ကိုယ်ဘာသာကိုယ် ဘယ်လိုခေါ်ခေါ် ခေါ်နိုင်တယ်။ သူတပါးကလည်း ဘယ်လိုခေါ်ခေါ် ခေါ်နိုင်ခွင့်ရှိရမယ်။ သူတပါးကို လိုက်မနှောင့်ယှက်သင့်၊ မချုပ်ချယ်သင့်ဘူး။

ကိုယ့်ကိုယ်ကိုယ် ဗမာလို့ခေါ်တာကိုမကြိုက်၊ မြန်မာလို့ခေါ်တာကိုမှ ကြိုက်တယ်ဆိုသူတွေက ဗမာဆိုတာ အင်္ဂလိပ်အခေါ် Burma ကို ဗမာသံပြောင်းခေါ်တာလို့ စွပ်စွဲကြပြန်တယ်။ မြန်မာကမှ ဗမာစကား၊ ဗမာက အင်္ဂလိပ်စကား Burma ကို ခေါ်တာလို့ သူတို့ကဆိုကြတယ်။ အထက်မှာဆိုခဲ့တဲ့အတိုင်း ဗမာဆိုတာ ပါဠိဗြဟ္မာက လာတာ၊ ဒီဗြဟ္မာ Brahma ကိုမှ အင်္ဂလိပ်က Burma ပြင်သစ်က Birma ဂျပန်က ပြင်သစ်အခေါ်ကိုယူပြီး R ကို ru လို့ပြောင်းကာ Biruma ဘိရုမာအသီး သီးခေါ်ကြတာဖြစ်တယ်ဆိုတာကို သူတို့မသိကြဘူး။

မြန်မာဆိုတဲ့အခေါ်နဲ့ပတ်သက်ပြီး ရင်းမြစ်ကို အမျိုးမျိုးကြံဆကြ တာကို တွေ့ဖူးတယ်။ အနီးစပ်ဆုံးကတော့ တရုတ် မြင်ကျင့်ရင်ကနေ မြန်မာဆင်းသက်လာတယ် ဆိုတာပါပဲ။ တချို့ကလည်း မြန်ဟာ မြင်းအဓိပ္ပာယ်ရတယ်။ မြင်းစီးတဲ့လူမျိုးမို့ မြန်မာလူမျိုးခေါ်တယ်လို့ ယူဆကြတယ်။ ဒါလည်း ဖြစ်နိုင်တာပါပဲ။ ဒါပေမဲ့ ဗမာဆိုတာ ဗြဟ္မာက ဆင်းသက်လာတယ်လို့ ကြံဆရင် မြန်မာဟာလည်း ဗြဟ္မာမှာ ‘ဗ’ နေရာ ‘မ’ ပြောင်းထည့်ပြီး ဆင်းသက်လာတယ်လို့ ယူဆနိုင်ပါသေးတယ်။

ကျွန်တော်တို့က ကျွန်တော်တို့ကိုယ်ကိုယ် ဗမာ (ဗြဟ္မာ) လို့ခေါ်ရာမှာ ကျွန်တော်တို့ဟာ အဘဿရဗြဟ္မာကြီးတွေ မွှေးကြိုင်လွန်းတဲ့မြေဆီမြေနှစ်ကို မလွန်ဆန်နိုင်ဘဲစားမိရာက လူဖြစ်ပြီး ဗမာတွေဖြစ်လာကြတယ်ဆိုတဲ့ သမိုင်းပုံပြင်ကိုကိုးကားပြီးပြောတာလည်းဖြစ်တယ်။ ဗြဟ္မာက ဖြစ်လာတဲ့လူမျိုးမို့ ဗြဟ္မာလူမျိုး၊ ဝါ ဗမာလူမျိုး ခေါ်တာ ဖြစ်ပါတယ်။ ဗြဟ္မာကြီးလေးယောက်ကဆင်းသက်လာတဲ့လူမျိုးမို့ ဗမာလူမျိုးလို့ ခေါ်တာပါလို့ပါးစပ်ရာဇဝင်က ဆိုတယ်။ မှားတာ၊ မှန်တာ အပထား ကိုယ့်လူမျိုးကို အမွမ်းတင်ထားတဲ့ပုံပြင်လေးဖြစ်တဲ့အတွက် ကျွန်တော်တို့ လေးစားကြရမယ်။
နောက်တခုက ပါဠိစကား ဗြဟ္မက ဗမာလိုမွန်မြတ်လို့ အဓိပ္ပာယ်ရပါတယ်။ ဗြဟ္မဝိဟာရဆိုတာ မွန်မြတ်တဲ့ အကျင့်ကျင့်၊ နေထိုင်ခြင်း၊ ဗြဟ္မစရိယဆိုတာ မွန်မြတ်တဲ့ အကျင့်၊ ဝါ၊ ကာမရာဂ မမှီဝဲတဲ့ အကျင့်၊ အဗြဟ္မစရိယ ဆိုတာ မမွန်မြတ်တဲ့အကျင့်၊ ဝါ၊ ကာမရာဂမှီဝဲတဲ့အကျင့် (ရှစ်ပါးသီလဥပုသ်စောင့်တဲ့လူတွေ စောင့်ထိန်းရတဲ့ သိက္ခာပုဒ်တခုဖြစ်တယ်။) ဒီတော့ ဗြဟ္မာလူမျိုး၊ ဗမာလူမျိုးဆိုတာ မွန်မြတ်တဲ့လူမျိုးလို့လည်း အဓိပ္ပာယ်ရပါတယ်။

အဲဒီတော့ အမည်နှစ်ခုကိုယှဉ်ကြည့်ရင် မြန်မာဆိုတာက မြန်တဲ့သန်မာတဲ့လူမျိုး၊ ဝန်ပစ္စည်းထမ်းတဲ့လူမျိုး၊ ကူလီလူမျိုးလို့အဓိပ္ပာယ်ရပြီး ဗမာဆိုတာကဗြဟ္မာကြီးတွေက ဆင်းသက်လာတဲ့လူမျိုး၊ မွန်မြတ်တဲ့လူမျိုးလို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ဘယ်အမည်ကို ခံယူမလဲ ကိုယ့်အသိနဲ့ကိုယ် ဝေဖန်သုံးသပ်ပြီး ဆုံးဖြတ်ယူနိုင်တယ်။ ကူလီလူမျိုးခေါ်တာ ကြိုက်ရင် မြန်မာအမည်ကိုခံယူပါ။ မြင့်မြတ်တဲ့လူမျိုး၊ သခင်မျိုးလို့ ခေါ်တာကို ကြိုက်ရင် ဗမာအမည်ကိုခံယူပါ။
အင်္ဂလိပ်လက်အောက်ခံကျွန်ဘဝမှာ မနေလိုကြတဲ့ ကျွန်တော်တို့အဘိုးတွေ၊ ဘိုးအေတွေကတော့ ကူလီမဖြစ်ချင်၊ သူ့ကျွန်မဖြစ်ချင်တဲ့အတွက် တို့ဗမာအစည်းအရုံးကြီးကိုတည်ထောင်ကာ ‘သခင်မျိုးဟေ့ တို့ဗမာ’ ကြွေးကြော်ပြီး လွတ်လပ်ရေး ကြိုးပမ်းခဲ့ကြတယ်။ သူတို့သွေးမြေအကျခံပြီး တိုက်ပွဲဝင်ခဲ့ကြလို့ လွတ်လပ်ရေးရကြ၊ သခင်တွေဖြစ်ကြကာမှ သူတို့ရဲ့ချွေးတွေ၊ သွေးတွေအကျခံ တိုက်ခိုက်ခဲ့ကြလို့ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့ လွတ်လွတ်လပ်လပ် ရင်ကော့ရပ်တည်နိုင်ခဲ့ကြတာကို ကျေးဇူးကန်းမေ့လျော့ကာ သူတို့ခေါ်ခဲ့ကြတဲ့ဗမာအမည်ကို ပစ်ပယ်၊ သူတို့ပယ်ခဲ့တဲ့မြန်မာအမည်ကို သုံးချင်ကြတာဟာဖြင့် အသိဉာဏ် ခေါင်းပါး၊ ဗဟုသုတနည်းပါး၊ ‘အဝိဇ္ဇာပိတ်ကာဆို့’ နေပုံကို ဖော်ပြနေတာပဲ ဖြစ်ပါတော့တယ်။

ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဆိုတာမကြာလှသေးတဲ့သမိုင်း (Recent History) ဖြစ်ပါတယ်။ ဒီသမိုင်းခေတ်ထဲနေခဲ့တဲ့လူတွေ ကနေ့ထက်ထိ သက်ရှိထင်ရှားရှိနေသေးတာ ထောင်သောင်းဂဏန်း မကရှိပါတယ်။ ဒါကိုပဲ ဗြောင်လိမ်မှတ်တမ်းတင်ချင်တဲ့လူတွေကလည်း ရှိသေးတယ်။ သူတို့ရေးတဲ့စာထဲမှာ ‘သခင်မျိုးဟေ့ တို့မြန်မာ’ ‘မြန်မာပြည်သည် တို့ပြည်’ ‘မြန်မာစာသည်တို့စာ’ စသဖြင့် ရှေးလူကြီးတွေပြောခဲ့တဲ့ဗမာကို မြန်မာနဲ့အစားထိုး၊ လိမ်ညာပြီး ပြင်ရေးထားတာတွေ ရံဖန်ရံခါ တွေ့ရတတ်တယ်။ တော်တော်လည်း တတ်နိုင်တဲ့လူတွေပဲ။ ကျွန်တော်တို့ဟာ အမှန်တရားကို မြတ်နိုးကြရမယ်။ သမိုင်းကိုမှန်သထက်မှန်အောင် အားထုတ်ကြရမယ်။ သမိုင်းကို မပြင်သင့်ဘူး။ ကိုယ့်ပုဂ္ဂိုလ်အကျိုး၊ ကိုယ့်အဖွဲ့အစည်းအကျိုး၊ ဘယ်အကျိုးကိုမှငဲ့ကွက်ပြီး သမိုင်းကိုပြင်တာမျိုး မလုပ်စကောင်းဘူး။ အဆုံးတနေ့မှာ သမိုင်းဆိုတာ အမှန်ပေါ်မြဲဖြစ်တတ်သော်လည်း ကိုယ့်ပယောဂကြောင့်ဖြင့် အခိုက်အတန့်ပဲဖြစ်စေကာ သမိုင်းတစိတ်တပိုင်းကို အလွဲလွဲအမှားမှား ရေးထိုးထား တာမျိုး မဖြစ်သင့်ဘူး။ ကျွန်တော်တို့ ဗမာလူမျိုးတွေဟာ ပဒေသရာဇ်ခေတ်ကစပြီး သမိုင်းကို လိမ်ညာ ရေးထိုးတဲ့အကျင့် အင်မတန်ရှိခဲ့တယ်။ အဲဒီဗမာ့အကျင့်ဆိုးကြီးကိုဖျောက်ဖျက်ပစ်ဖို့ ကျွန်တော်တို့ ကနေ့ခေတ် ဗမာတွေ ကြိုးစားကြရမယ်။ ‘တကောင်းအဘိရာဇာ တို့ဗမာသာကီမျိုးပေမို့’ ဆိုတဲ့ကိုယ်က တိဘက်နွယ်ဖြစ်ပါလျက် ကုလားဘုရင်တွေနဲ့ အမျိုးတော်ချင်တဲ့ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့မတော်မတရား စိတ်ကူးယဉ် မျှော်ခေါ်မှုကြီးကို လေထဲ လွှင့်ပစ်လိုက်ရမယ်။

တရုတ်က ကျွန်တော်တို့လူမျိုးကို ‘မြင်ကျင့်ရင်’ လို့ ခေါ်ပါတယ်။ အဲဒီ ‘မြင်ကျင့်’ က မြန်မာဖြစ်လာသလားလည်း မပြောတတ်ဘူး။ ကုလားက ဘရမာလို့ခေါ်တယ်။ ပါဠိဗြဟ္မာကို ကုလားလို အသံထွက်တာပါပဲ။ ဒီဗြဟ္မာကို အင်္ဂလိပ်က Burma လို့ စာလုံးပေါင်းလိုက်တယ်။ ပြင်သစ်က Birma လို့ စာလုံးပေါင်းလိုက်တယ်။ ရုသျှကလည်း ပြင်သစ်အတိုင်းယူ Birma လို့ စာလုံးပေါင်းတယ်။ ဂျပန်ကလည်း ဒီအတိုင်းပဲယူတယ်။ သူ့နှုတ်၊ သူ့လျှာနဲ့ရွတ်ဆိုလို့ ကောင်းအောင် R ကိုတော့ Ru ရု လုပ်ပစ်လိုက်တယ်။ ဒီတော့ ဘိရုမာ ဖြစ်သွားရော။ ဒီနိုင်ငံခြား အခေါ်အဝေါ်တွေကိုကြည့်ရင် ဗမာကို အနည်းငယ်စီ ပြောင်းလဲပြီး ခေါ်ထားတာချည်းဖြစ်နေတာကို တွေ့ကြရတယ်။ မြန်မာကို ပြောင်းလဲပြီး ခေါ်ထားတာ မတွေ့ရဘူး။ အဲဒီတော့ ရှေးက ဗမာနဲ့ဆက်ဆံတဲ့လူမျိုးခြားတိုင်းလိုလိုကလည်း ဗမာပဲခေါ်ကြတယ်။ မြန်မာ မခေါ်ကြတာကို တွေ့ကြရတယ်။ စောစောကဖြင့် အင်္ဂလိပ်တွေက ဗမာကို အဲဒီခေတ် မင်းနေပြည်မြို့တော် အင်းဝကို အကြောင်းပြုကာ ‘အဝ’ Ava လို့ ခေါ်ခဲ့ကြရဲ့။ A mission to the kingdom of Ava (အဝ ဘုရင့်နိုင်ငံသို့ သံတမန်အဖွဲ့သွားရောက်ခြင်း) စသဖြင့်။

ဒါပေမဲ့ ဗမာဘုရင့်အစိုးရက ရေးသားတဲ့ မှတ်တမ်းမှတ်ရာ၊ သဝဏ်လွှာ၊ မော်ကွန်းစသည်မှာတော့ မြန်မာ ကိုပဲ သုံးတာကို တွေ့ကြရတာကို မှတ်သားရပါတယ်။ ပြည်သူတွေပြောတဲ့ဆိုတဲ့ စကားတွေမှာသာ ဗမာ အမည်ကို သုံးတာပါ။ အဲဒီခေတ် ကဗျာ၊ လင်္ကာများမှာလည်း ဗမာပဲ သုံးကြတယ်။ တိုင်းပြည်ကြီး အင်္ဂလိပ်လက်အောက်ရောက်တော့ အချုပ်တန်း ဆရာဖေက ‘ဗမာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ’ အစရှိတဲ့ တေးထပ်ကိုရေးဖွဲ့ခဲ့တယ်။ အတွင်းမှာလည်း ‘ဗမာချင်းကျတော့ ခွေးလို ဟောင်သည်’ စသဖြင့် ညွှန်းရေးထားတယ်။ အိန္ဒိယက ပညာရှင်တို့က ပါဠိလိုရေးသားရာမှာ ဗမာပြည်ကို ဗြဟ္မဒေသ၊ ဗမာစာကို ဗြဟ္မီလို့ ရည်ညွှန်းကြတယ်။ ဗမာပြည်က ပညာရှင်တွေကတော့ ဗမာပြည်ကို မရမ္မရဋ္ဌ၊ ဗမာစကားကို မရမ္မဘာသာလို့ သုံးနှုန်းလေ့ရှိကြတာကို တွေ့ကြရတယ်။ ဗမာပညာရှိတွေက ဗမာဆိုတဲ့ အမည်ကို ဗြဟ္မဝေါဟာရနဲ့ဆက်စပ်ပြီး မမြင်ကြတာကို တအံ့တသြတွေ့ကြရတယ်။ မရမ္မဆိုတဲ့ပါဠိဝေါဟာရကို ဗမာပညာရှင်ကလွဲလို့ ဘယ်နိုင်ငံခြားသား ပါဠိပညာရှင်ကမှ သုံးနှုန်းကြတာကို မတွေ့ရတာကလည်း ထူးဆန်းအံ့သြစရာ အချက်တချက်ပါပဲ။

(ဆရာ၏ ဖေ့စ်ဘွတ်ကနေ ကူးယူပါ၏)