Breaking News

မိုးမင်းသိမ်း - ရဲမိုး - စာမျက်နှာ ၁၈


ရဲမိုး - စာမျက်နှာ ၁၈
(အာဏာရှင်လက်စွဲကျမ်းနှင့် 7Day နေ့စဉ်သတင်းစာဆောင်းပါးများ စုစည်းမှု )
မိုးမင်းသိမ်း
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၉


ရဲမိုး - စာမျက်နှာ ၁၈
(အာဏာရှင်လက်စွဲကျမ်းနှင့် 7Day နေ့စဉ်သတင်းစာဆောင်းပါးများ စုစည်းမှု )
နန်းဒေဝီ စာပေ
ပထမအကြိမ်၊ ဇန်နဝါရီ ၂၀၁၅။
မျက်နှာဖုံးဒီဇိုင်းနှင့် အတွင်းသရုပ်ဖော်ပုံများ - စိုးဝင်းငြိမ်း။
၁၃. စင်တီမီတာ x ၂၀. စင်တီမီတာ။ စာ
မျက်နှာ - ၁၆၇ တန်ဖိုး - ကျပ် ၂၀၀၀။

စက်တင်ဘာ ၂၀၁၄ ရက်စွဲဖြင့် ရေးသားထားသော စာရေး သူ၏ အမှာ၊ 7 Day ဂျာနယ်နှင့် နေ့စဉ် သတင် းစာ၏ အမှုဆောင်အယ်ဒီတာ ငြိမ်းငြိမ်းနိုင်၏ '' ဆရာ ဦးရဲမိုးအတွက် အမှတ်တရ ''အမှာစာတို့ ပါရှိသည်။

7 Day နေ့စဉ်သတင်းစာတွင် အပတ်စဉ်တနင်းလာနေ့တိုင်း စာမျက်နှာ ၁၈ ဖော်ပြခဲ့သော ဆောင်းပါးများဖြစ်သည်။ အမှတ် ၁၊ ၂၅ ဧပြီ ၂၀၁၃ မှ အမှတ် ၃၆၉၊ မေ ၂၀၁၄ အထိ ဖော်ပြ ခဲ့သော ဆောင်းပါး ၃၂ ပုဒ် ပါရှိသည်။ '' သတင်းစာတစ်စောင်ရဲ့ ပင်တိုင်ဆောင်းပါးရှင် Columinist တစ်ဦး အတွက် အရေးအကြီးဆုံးက လူအများစုရဲ့ ဖိအားကို ကြံ့ကြံ့ခံပြီး 'အမှန်' ကို ရေးရဲဖို့လို့ ယုံကြည်ထား ခဲ့ပါတယ်။ ဒါကြောင့် 7 Day နေ့စဉ်သတင်းစာရဲ့ တနင်းလာနေ့အတွက် ဆောင်းပါးများ ရေးသားတဲ့ အခါ ခေတ်ပြိုင်အဖြစ်အပျက်များ အပေါ်မှာ ကိုယ်ယုံကြည်ရာကိုသာ ရေးသားခဲ့ပါတယ်။

အများကြိုက်ဖို့ကို မရည်ရွယ်ခဲ့သလို မတူညီတဲ့အယူအဆများကိုလည်း ပိတ်ပင်လိုတဲ့ဆန္ဒမရှိခဲ့ပါဘူး။ '' ဟု စာရေးသူ၏အမှာတွင် ဖော်ပြထားသည်။ 

'' လူ့အဖွဲ့အစည်း မှန်မှန်ကန်ကန် ဖွံ့ဖြိုးဖို့ အတွက် အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်ဖို့လိုအပ်သည်။ တပ်မတော်သားက လုံခြုံရေးကို တာဝန်ယူ၊ နိုင်ငံရေး သမားက စီမံခန့်ခွဲ၊ သတင်း စာဆရာက သတင်းပို့၊ ဝန်ထမ်းက ယန္တရားကိုလည်ပတ်ဖို့ လိုအပ် သည်။ သို့မဟုတ်ဘဲ စစ်သားက နိုင်ငံရေးလုပ်၊ နိုင်ငံရေးသမားက သတင်းစာတိုက်ထောင်၊ သတင်းစာ ဆရာက ဘာသာရေး တိုက်ပွဲဝင်ပြီး သံဃာတော်က ဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားကြ လျှင်တော့ နောက် အနှစ် ၅၀ နှင့်တောင် လုံလောက်မည် မဟုတ်ပါ။ '' 
( အခါးသီးဆုံး သင်ခန်းစာ၊ စာမျက်နှာ ၅၄ မှ )

 '' တူတူပုန်းတမ်းကစားတာများပြီး ကိုယ်စားလှယ်များက ပြည်သူကို ကိုယ်စားမပြုနိုင်လျှင်တော့ ကမ္ဘာကျော်စစ်တုရင်ချန်ပီယံ ဂယ်ရီကပ်စပါးရော့ဗ်က ရုရှားလွှတ်တော်ကို ဝေဖန်သလို ဖြစ်လိမ့် မည်။
' တကယ့်နိုင်ငံရေးက လွှတ်တော်ထဲမှာမရှိဘူး၊ လမ်းပေါ်နဲ့ မီဒီယာထဲမှာပဲ ရှိတယ်။ ' ကိုယ်စားလှယ်ကြီးများ မကျင့်ကြံသင့်သည်ကတော့ ကြယ်တံခွန်လို ဖြစ်ပါသည်။ ကြယ်တံခွန်များသည် တစ်ခဏတောက်ပသည်။ သို့သော် နှစ်များစွာကြာမှ တစ်ခါပြန်ပေါ်လာ တတ်ပါသည်။ ကျွန်တော်တို့ ပြည်သူများ၏ ဘဝမှာ ထိုမျှလောက် အောင့်အည်းသည်းခံစောင့်စားဖို့ အချိန်မရှိလှပါ။ ''

( ဒါဖတ်ပြီးမှ လွှတ်တော်ကို သွားပါ၊ စာမျက်နှာ ၈၄ နှင့် ၈၅ မှ)

'' အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးသမားများ ခင်ဗျာ ထာဝရရှင်သန်မှု Immortality ကို ဝယ်ယူ၍ ရပါသည်။ သင်တို့၏ ပြည်သူလူထုအပေါ် ယဉ်ကျေးမှု၊ အနစ်နာခံမှုနှင့် သဘောထားကြီးမှုများဖြင့် ဝယ်ယူနိုင်ပါသည်။ City Mart ကို မသွားပါနှင့်၊ သူတို့ရောင်းချနိုင်သည့် ကုန်ပစ္စည်းမဟုတ်ပါ။ ပြည်သူလူထုဆီကသာ ဝယ်ယူနိုင်မှာ ဖြစ်ပါသည်။ အချိန်မီ မဝယ်ယူလျှင်တော့ ' ကြိုတင် သေဆုံး သူများ ' စာရင်းတွင် ပါသွားနိုင်ကြောင်း သတိပေးချင်ပါသည်။ ''
( ရှင်သူနှင့် သေသူများ၊ စာမျက်နှာ ၁၄၉ မှ

'' အာဏာရှင် လက်စွဲကျမ်း '' ဆောင်းပါးတွင် ''တိုင်း ပြည်ကို ဘယ်လိုသွေးစုပ်ရမလဲဆိုသည့် အကြံပေ းချက် ၁၀ ချက်'' ကိုတင်ပြထားရာ '' ပြည်တွင်း စစ်ကို အဆုံးမသတ်နှင့်၊ ပြည်ပရန်သူကို လက်ညှိုးထိုး၊ လူအများစု ဘာသာရေးကို အသုံးချ၊ အတိုက် အခံအဖွဲ့အစည်းကို ခွဲထုတ်၊ အနောက်နိုင်ငံများကို စည်းရုံး၊ ရွေးကောက်ပွဲကို အသုံးချ၊ မီဒီယာကို မြှောက်လိုက် ခြောက်လိုက်လုပ်၊ ခရိုနီတွေ မွေးမြူ၊ အရပ်ဘက်လူ့အဖွဲ့အ စည်းကို နှိပ်ကွပ်၊ ဒီမို ကရေစီ၏ အဓိပ္ပာယ်ကို ပြောင်း'' စသည့်အချက်တို့အား တစ်ချက်ချင်းစီ ရှင်းပြထားသည်။

( စာမျက်နှာ ၁၆၄ မှ ၁၆၇

-၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရေးသားခဲ့သည့် ဆောင်း ပါးများ ဖြစ်သည့်တိုင် ယနေ့ထိ ခေတ်မီနေဆဲ အရေးအသားတို့အား ဝမ်းနည်းကြေကွဲစွာ ဖတ်ရှုလိုက်ရ ပါသည်။

မိုးမင်းသိမ်း
နိုဝင်ဘာ ၂၀၁၉