နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလ ပြန်သုံးသပ်ကြည့်တဲ့အခါ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း
(မိုးမခ) ဇွန် ၂၈ ၊ ၂၀၂၆
နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလ ပြန်သုံးသပ်ကြည့်တဲ့အခါ
နွေဦးတော်လှန်ရေး ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်လို့ဆိုရင် ယေဘုယျအားဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်တဲ့ လှုပ်ရှားမှုတခုလုံးကို ခြုံငုံခေါ်ဆိုတာလည်း ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်ကြတဲ့ အင်အားစုတွေက အမျိုးမျိုးသော နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်နဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရှိနေကြတဲ့ အင်အားစုတွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေး ရည်မှန်းချက် political ambition၊ နယ်မြေထိန်းချုပ်ဖို့ ရည်မှန်းချက်တွေ ရှိကြတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်သလို မိမိတို့ လူတန်းစား၊ အလွှာရဲ့ အခွင့်အရေးအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ဖျက်ကြမယ် ဆိုတဲ့ အာဏာ သို့မဟုတ် နယ်မြေ ရည်မှန်းချက် မပါဝင်တဲ့ အင်အားစုတွေလည်း ပါဝင်နေတာတွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ နိုင်ငံရေး ရည်မှန်းချက်ရှိကြတဲ့ အင်အားစုတွေ၊ နယ်မြေ ထိန်းချုပ်နိုင်ဖို့ ရည်မှန်းချက်ရှိကြတဲ့ အဖွဲ့အစည်းတွေကို မကောင်းတဲ့ အဓိပ္ပာယ်မျိုးနဲ့ ဆိုလိုချင်တာ မဟုတ်ဘဲ အကျိုးစီးပွားနဲ့ ရည်မှန်းချက် ပန်းတိုင်ရှိနေကြတဲ့ သဘော၊ လမ်းဆုံလမ်းခွတခု၊ လမ်းခွဲတခုကို ရောက်တဲ့အခါ ၄င်းတို့ရဲ့ အကျိုးစီးပွားကို ပထမဦးစားပေးမဲ့ သဘောသဘာဝကို နားလည် သဘောပေါက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောဆိုသုံးနှုန်းရတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး စတင်စဥ် အခြေခံတဲ့ ဘုံတူညီချက် ပိုင်းခြေက အာဏာသိမ်းတဲ့ စစ်တပ်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းဖြစ်ဖို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ ဆိုတဲ့ အချက်ဖြစ်ပြီး ပိုင်းဝေလို့ ဆိုတဲ့ အခြားကွဲလွဲမှုတွေမှာတော့ တိုင်းရင်းသားလူမျိုးလွတ်မြောက်ရေး၊ ရွေးကောက်ခံ နိုင်ငံရေးပါတီတခုရဲ့ ဆုံးရှုံးသွားတဲ့ အခွင့်အရေးရယူဖို့၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကျောင်းသားအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ခွဲခြားဖိနှိပ်ခံနေရတဲ့ လူနည်းစုတွေရဲ့ အခွင့်အရေး စသဖြင့် အမျိုးမျိုးသော ရည်မှန်းချက်တွေ ပါဝင်နေကြတာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အသစ်ပေါ်ထွက်လာတဲ့ ယေဘုယျ အမည်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လက်နက်ကိုင်အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးလှုပ်ရှားသူ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အခြေခံသဘောထားနဲ့ အခြေခံ အကျိုးစီးပွားမှာ တူညီနေကြတာကြောင့် နွေဦးတော်လှန်ရေး လှုပ်ရှားမှုက အင်အားကောင်းခဲ့တာလို့ ခုနေမှာ ပြန်လည်သုံးသပ်ကောက်ချက်ချ နိုင်ပါတယ်။
၂၀၂၁ စစ်အာဏာမသိမ်းမီကတည်းက ရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲက အားလုံးမဟုတ်သည့်တိုင် ထက်ဝက်ကျော် အရေအတွက်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေက နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ ပါဝင်လာသလို အသစ်ဖွဲ့စည်းကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၊ ဗမာလူမျိုး အခြေပြုပြီး ဖွဲ့စည်းကြတဲ့ လက်နက်ကိုင်အဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကို ဘုံရန်သူ အဖြစ်နဲ့ တိုက်ခိုက်ကြဖို့ လုပ်ဆောင်လာကြတဲ့ အခြေအနေကြောင့် အာဏာသိမ်းစစ်တပ်ဟာ ရန်သူဝိုင်းဝိုင်းလည်နေတဲ့ အခြေအနေရောက်ရှိခဲ့တာ တွေ့ရမှာပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ကာလတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ စစ်ရေးအတွေ့အကြုံ၊ လက်နက်ခဲယမ်းလုံလောက်မှု အပြည့်အဝမရှိသေးသည့်တိုင် စစ်အာဏာရှင်တပ်ကို တိုက်ခိုက်ဖို့ရာမှာတော့ သဘောကွဲလွဲမှု မရှိဘဲ အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်မှုတွေလည်း မရှိတဲ့အနေအထား ဖြစ်ပါတယ်။
အဆိုပါ ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေကို နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန် အကောင်းဆုံးကာလတွေလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးလုပ်ဆောင်သူတွေ အကြား၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အချင်းချင်း အကြား ကြီးကြီးမားမား ပြဿနာတစုံတရာ မရှိခဲ့တဲ့ကာလ အကျိုးစီးပွား ဆန့်ကျင်ဘက် မရှိသေးတဲ့ ကာလတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၄ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၅ ခုနှစ် အစပိုင်းမှာတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဦးတည်ရာ လားရာ၊ စစ်ဆင်ရေးက ရရှိလာတဲ့ အောင်မြင်မှု အကျိုးရလဒ်တွေကို ခွဲဝေရာမှာ သို့မဟုတ် နယ်မြေတွေထိန်းချုပ်ပိုင်ခွင့်တွေနဲ့ ဆက်စပ်ပြီး တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အကြား အကျိုးစီးပွား ပဋိပက္ခဖြစ်တဲ့ အနေအထားတွေ၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဖိအားတွေ စတင်ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်မရောက်မီမှာပဲ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တရုတ်ဖိအားနဲ့ ၄င်းတို့ရဲ့ ရည်မှန်းချက် အတိုင်းအတာတခုထိ ပြည့်သွားတာကြောင့် အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်သဘောတူညီ လိုက်ရတာမျိုး စတင်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် တနှစ်တာအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်းအကြား အကျိုးစီးပွား ပဋိပက္ခဖြစ်တဲ့ ဖြစ်ရပ်၊ ပွတ်တိုက်မှုတွေ ရှိနေခဲ့သလို အာဏာရှင်စစ်တပ်ကို အပြီးတိုင် အနိုင်ယူရေးဆိုတဲ့ ရည်မှန်းချက်က မှေးမှိန်လာခဲ့တဲ့ အနေအထားလည်း တွေ့ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပြင် အခြား ယေဘုယျ အမည်ဖြစ်တဲ့ PDF တပ်ဖွဲ့တွေ အကြားမှာလည်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF ၊ ပသုံးလုံး အဖွဲ့တွေနဲ့ အခြားသော ဒေသန္တရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPDF တွေ၊ ကျောင်းသားသမဂ္ဂ နောက်ခံသမိုင်းရှိတဲ့ လူငယ်တွေ ဦးဆောင် တိုက်ခိုက်နေကြတဲ့ PLA လို ဗမာပြည်ကွန်မြူနစ်ပါတီ အစဥ်အလာ နောက်ခံရှိတဲ့ အဖွဲ့တွေအကြား ပဋိပက္ခတွေက ၂၀၂၅ ခုနှစ် နှောင်းပိုင်းကနေ ယခု ၂၀၂၆ ကာလတွေမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးလို့ ခေါင်းစဥ်တပ်ထားတဲ့ အခွန်အကောက်နဲ့ သယံဇာတ စီမံခန့်ခွဲခွင့်ကိစ္စ၊ တပ်သားသစ် စုဆောင်းမှု ကိစ္စတွေမှာ အကြောင်းခံပြီး ပွတ်တိုက်မှုနဲ့ ပဋိပက္ခတွေ ဖြစ်လာကြတာတွေ့ရပါတယ်။
ဒါတွေက လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းအကြားမှာ အကျိုးစီးပွားပဋိပက္ခဖြစ်လာကြရာက ကောင်းမွန်စွာ အဖြေမရှာနိုင်ကြရာက ပွတ်တိုက်မှု နဲ့ ပဋိပက္ခ အခြေအနေကို ရောက်လာကြတဲ့ အနေအထားဖြစ်ပါတယ်။
နိုင်ငံရေး နယ်ပယ်လို့ ဆိုရမဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တက်ကြွလှုပ်ရှားသူ အဖွဲ့တွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂလို အဖွဲ့တွေအကြားမှာလည်း သဘောထားကွဲလွဲမှု၊ တည်ရှိနေတဲ့ အဖွဲ့ကနေ စွန့်ခွာပြီး အဖွဲ့အစည်းအသစ် ထပ်မံဖွဲ့စည်းကာ လုပ်ဆောင်ကြတဲ့ ဖြစ်ရပ်တွေ ၂၀၂၅ နှစ်စပိုင်းက စလို့ တစတစ မြင်တွေ့လာရတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေလို နယ်မြေ၊ အခွန်အကောက်၊ တပ်သားသစ် စုဆောင်းမှု ကိစ္စမျိုး မဟုတ်ဘဲ နိုင်ငံရေး အမြင်၊ တန်ဖိုးထားမှု စံနှုန်း၊ ပြဿနာတွေအပေါ် ချဥ်းကပ်တဲ့ အမြင်နဲ့ နည်းလမ်းမတူညီမှုတွေကို အကြောင်းခံကာ သဘောထားကွဲလွဲတာ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲလာတာတွေ ဖြစ်ပွားလာတာ တွေ့ရပါတယ်။
နွေဦးတော်လှန်ရေး စတင်ခါစ ကာလက ပိုင်းခြေတူညီနေကြပါလျက် အခု ၅ နှစ်ကျော် ကြာလာချိန်မှာ ဘာကြောင့် တူညီတဲ့ ပိုင်းခြေနဲ့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်း မပြုနိုင်ကြတာပါလဲ။ နွေဦးတော်လှန်ရေး အောင်မြင်မှု ပန်းတိုင်နီးပြီလား၊ ဝေးနေသေးလားဆိုတာ အငြင်းပွားတာထက် ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်နိုင်ကြရင်ဖြင့် အောင်မြင်မှုပန်းတိုင် ဆိုတာ မရောက်လာနိုင်တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar