တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းအကြားက ပဋိပက္ခတွေ ပိုဖြစ်ပွားလာနေ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၉ မြင်ကွင်း
(မိုးမခ) ဇွန် ၃၀ ၊ ၂၀၂၆
တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းအကြားက ပဋိပက္ခတွေ ပိုဖြစ်ပွားလာနေ
ခုနှစ်ပိုင်းနဲ့ လပိုင်းတွေမှာ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားတာ၊ အမြင့်ဆုံး အဆင့်အနေနဲ့ လက်နက်တွေကို အသုံးပြုပြီး တိုက်ခိုက်ကြတာ၊ ဝိုင်းပတ်ပိတ်ဆို့ပြီး အင်အားသုံးတိုက်ခိုက် ဖမ်းဆီးတာတွေ ဖြစ်ပွားတာ ပိုများပြားလာတာ တွေ့ကြရပါတယ်။
တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း ဖြစ်ပွားကြတဲ့ အဖြစ်အပျက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းအကြား၊ တိုင်းရင်းသား လက်နက်ကိုင် မဟုတ်တဲ့ အခြားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အကြား ဖြစ်ပွားတာတွေလို့ အကြဖ်းဖျင်းအားဖြင့် ၂ မျိုးရှိတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းအကြားမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းမှုတချို့ရှိတဲ့ အဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားတာမျိုး ရှိသလို၊ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာကြောင့် မဟုတ်ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း၊ တချို့သောအဖြစ်အပျက်တွေမှာ လူမျိုးတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အချင်းချင်း တိုက်ခိုက်ကြတာမျိုးအထိ ရှိနေတာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။
အရပ်သား အတွေးနဲ့ တွေးကြည့်တဲ့အခါ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့မဆို မဟာမိတ်ဖွဲ့ဖို့၊ သို့မဟုတ် အတူတူ ပူးပေါင်းတိုက်ခိုက်ဖို့ အခြေခံနိုင်ငံရေး ရပ်တည်ချက်ခြင်း တူညီနေကြတယ် ဆိုရင် ဘာကြောင့် လက်နက်ကိုင်ပြီး အချင်းချင်း ပဋိပက္ခဖြစ်ကြတာလဲ လို့ မေးစရာ မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။
တိုတိုတုတ်တုတ် တခွန်းတည်းသော အဖြေက နိုင်ငံရေး ရပ်တည်ချက် မရှိတာ သို့မဟုတ် အားနည်းလွန်းတာ ဒါမှမဟုတ် လူမျိုးရေးအမြင် အစွန်းရောက်ပြီး အခြားသော လူမျိုးတွေနဲ့ တန်းတူ ဆက်ဆံ နေထိုင်မဲ့ အခြေအနေမျိုးကို မလိုလားတာကြောင့်လို့ ဆိုနိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ သတင်းဌာနတွေက သတင်း တင်ပြချက် သို့မဟုတ် သတင်းမှတ်တမ်းဗီဒီယိုတွေ ထုတ်လွှင့်ကြတဲ့အခါမှာ မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြား လျော့ရဲတဲ့ မဟာမိတ်ဖွဲ့မှုသာ ရှိကြတယ်လို့လည်း ပုံဖော်တင်ဆက်ကြတာ တွေ့ရပါတယ်။
မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲထဲ ပါဝင်တိုက်ခိုက်နေကြတဲ့ ရှေ့တန်း စစ်မျက်နှာအချို့ကို ရောက်အောင် သွားပြီး ပါဝင်တိုက်ခိုက်နေတဲ့သူတွေ၊ တပ်ဖွဲ့တွေကို ဦးဆောင်သူတွေ နဲ့ ဆေးရုံ၊ စာသင်ကျောင်းတို့လို ခက်ခဲတဲ့အခြေအနေအောက်က ကြိုးပမ်းနေသူတချို့ကို မေးမြန်းတက်ဆက်ကြလေ့ရှိတာပါ။ အဲဒီလို တင်ပြရာမှာ မြန်မာတော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းအကြားက ဆက်ဆံရေးနဲ့ ပတ်သက်လို့ ရည်ညွှန်းသုံးနှုန်းလေ့ရှိတဲ့ စကားလုံးတလုံးက “လျော့ရဲရဲ စည်းနှောင်ထားတဲ့ မဟာမိတ်တွေ” လို့ သုံးနှုန်းလေ့ရှိတာ သတိပြုမိပါတယ်။
ဆိုလိုတာက လက်နက်ကိုင်အဖွဲ့တွေ ရာနဲ့ချီကာ အများအပြား ၂၀၂၁ ခုနှစ် နောက်ပိုင်း ပေါ်ထွက်လာပြီး ၄င်းတို့ရဲ့အကြားက ဆက်ဆံရေး စည်းနှောင်မှု”ကော်”က အားပျော့လွန်း၊ လျော့ရဲလွန်းတယ်လို့ အနောက်နိုင်ငံ သတင်းမီဒီယာတွေက ထင်မြင်အကဲဖြတ်ကြတာ တွေ့ရပါတယ်။
မြန်မာပရိသတ် အနေနဲ့ကတော့ သူတို့တွေ မြင်သလို မြင်သူ အနည်းအကျဥ်းသာရှိပြီး စစ်တပ်ကို မုန်းတဲ့၊ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့မဆို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အဖြစ် မှတ်ယူကာ အားလုံး မဟာမိတ်တွေပဲလို့ ရှုမြင်ထားကြတာ ဖြစ်ပြီး နိုင်ငံရေး အယူဝါဒ ရှိသလား၊ ရှိခဲ့ရင်လည်း တူညီသလား မတူညီရင် ဘယ်လို မတူညီတာလဲ ရေရှည်လက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နိုင်ကြတဲ့ အထိ ဆက်ဆံရေး ရှိနိုင်မလားဆိုတာမျိုးအထိ တွေးကြည့်ကြတာ နည်းတာလည်း တွေ့ရပါတယ်။
ဒီလို နောက်ခံအခြေအနေတွေ အကြောင်းအချက်တွေက လတ်တလော ပေါ်ထွက်လာတဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းအကြားက ပဋိပက္ခတွေ ဖြစ်ပေါ်လာစေတာလို့ ဆိုရင် မှားမယ် မထင်ပါ။
TNLA နဲ့ KIA လက်နက်ကိုင် တပ်တွေအကြား အငြင်းအခုံဖြစ်မှု ပွတ်တိုက်မှု၊ TNLA နဲ့ MNDAA တပ်ဖွဲ့အကြား ပွတ်တိုက်မှုနဲ့ လက်နက်ကိုင် တပ်အချင်းချင်း တိုက်ခိုက်ကြတဲ့ အထိ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အချင်းချင်းအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေ ဖြစ်ပါတယ်။
ဒီပဋိပက္ခတွေ ဖြစ်ပွားလာခဲ့ပြီး ရှမ်းမြောက်ဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေ နယ်နိမိတ် အပြောင်းအလဲ တချို့ ဖြစ်ပေါ်လာပြီး တပ်ဖွဲ့အချင်းချင်း အကြား မဟာမိတ်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းသွားတဲ့ အနေအထားထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့အချင်းအချင်း အကြား ပဋိပက္ခနောက်တမျိုးက NUG အစိုးရ လက်အောက်က PDF ၊ ပသုံးလုံး အဖွဲ့တွေနဲ့ NUG လက်အောက်က မဟုတ်တဲ့ PDF/LPDF တပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ ဖြစ်ပါတယ်။
BNRA လို့ ခေါ်ဆိုတဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ PDF အဖွဲ့နဲ့ NUG လက်အောက်က PDF၊ ပသုံးလုံးတွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခလည်း ယခုနှစ်ဆန်းပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဗိုလ်နဂါးက အာဏာသိမ်းစစ်တပ်ထံ လက်နက်ချသွားခဲ့လို့ အဲဒီပဋိပက္ခက ပြင်းထန်မလာတော့တဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။
အဲဒီနောက်မှာ မင်းကင်းမြို့နယ်ထဲမှာ ကျောင်းသားတပ်ဖွဲ့တဖွဲ့နဲ့ NUG လက်အောကက် မင်းကင်း ပကဖ တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပါသေးတယ်။
မကြာခင် သီတင်းပတ်တွေကတော့ မြင်းခြံခရိုင်ထဲ လှုပ်ရှားနေတဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ NUG လက်အောက်က တပ်တွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး PLA တပ်စခန်းကို သွားရောက်ဝိုင်းခဲ့ရာမှာ မိုင်းထိပြီး ၄ ဦး သေဆုံးတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။
PLA နဲ့ NUG လက်အောက်က PDF၊ ပသုံးလုံးတို့အကြား ဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ခေါင်းဆောင်ပိုင်း ညှိနှိုင်းဆွေးနွေးတာမျိုး မရှိသေးဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတဲ့ အဆင့်မျိုးတော့ ရောက်မလာတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
NUG အစိုးရလက်အောက်က PDF တပ်ဖွဲ့တွေအချင်းချင်း အကြားမှာပဲ မကွေးဖက်ဒရယ်ယူနစ်ရဲ့ အစိုးရအဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်လက်ယာနဲ့လည်း သယံဇာတခွဲဝေမှု ကိစ္စအပေါ် မူတည်ပြီး တပ်အင်အားနဲ့ သွားဝိုင်းတဲ့ အဖြစ်အပျက်လည်း ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့ပါသေးတယ်။
ခုနောက်ဆုံး NUG အစိုးရလက်အောက်က PDF တပ်ဖွဲ့တွေထဲမှာ တပ်ဖွဲ့ဝင် လူပုဂ္ဂိုလ်အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုလိုမျိုး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ထဲ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပြန်ပါတယ်။
ယခုနောက်ဆုံး ဖြစ်ရပ်တခုက မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ခေါင်းဆောင်တယောက်ဖြစ်တဲ့ အားကူ ဆိုသူကို PDF တပ်ရင်း ၅ ရင်းလောက်နဲ့ ဝိုင်းပြီး ပစ်ခတ်ဖမ်းဆီးတဲ့ အဖြစ်အပျက် ဖြစ်ပွားပြန်ပါတယ်။ ပစ်ခတ်မှုကြောင့် ပလဖ ၃ ဦး နဲ့ အရပ်သား အချို့ စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့ လောလောဆယ် သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။ ပုံမှန်လုပ်ထုံးလုပ်နည်းအရ ဆိုရင် မုံရွာပလဖ ခေါင်းဆောင်ကို အရေးယူဖို့ လိုအပ်ခဲ့ရင် အခုလို တပ်ရင်းတွေနဲ့ ဝင်စီးတာ ပစ်ခတ်ဖမ်းဆီးတာတွေ အထိ မဖြစ်အောင် အခြားသော ကိုင်တွယ်ဆောင်ရွက်တဲ့ နည်းလမ်းတွေ မရှိဘူးလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။
NUG အစိုးရလက်အောက်က လက်နက်ကိုင်တပ်တွေအတွင်း အထက်က မကွေးဖက်ဒရယ်ယူနစ်၊ ယင်းမာပင်/ပုလဲ၊ မုံရွာ ပလဖကို PDF တပ်ရင်းနဲ့ ဝင်ပစ်ခတ်တဲ့ အဖြစ်အပျက် ဒီအဖြစ်အပျက်တွေကို ကြည့်ရင် အဖွဲ့အစည်းတခုအတွင်းထဲမှာပဲ အရေးယူ ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်း သို့မဟုတ် အထက်အောက် ကွပ်ကဲ ထိန်းကျောင်းမှုစနစ် ရှိမနေတဲ့ သဘောကို ပြသနေတာလည်း ဖြစ်ပါတယ်။
NUG အနေနဲ့ တိုင်းရင်းသား မဟုတ်တဲ့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ မဟာမိတ်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လို တည်ဆောက်မလဲ၊ မိမိအဖွဲ့အစည်းအတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေထဲက လူပုဂ္ဂိုလ်၊ တပ်ရင်း တပ်ဖွဲ့တွေကို ဦးဆောင်သူတွေကို ဘယ်လို ထိန်းကျောင်းမလဲ ဆိုတဲ့ မေးခွန်းတွေက လတ်တလော မျက်နှာပြင်ပေါ် ရောက်လာတဲ့ အရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်လာနေတယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar