ဖလော်ဒါဟန် - တရုတ်အပြန်ခရီး သယ်ဆောင်လာမည့် လက်ဆောင်များနှင့် ပြည်သူများ အသက်ကို ထိပါးခြင်း
ဖလော်ဒါဟန် - တရုတ်အပြန်ခရီး သယ်ဆောင်လာမည့် လက်ဆောင်များနှင့် ပြည်သူများ အသက်ကို ထိပါးခြင်း
မိုးမခ ၊ ဇွန် ၂၈ ၊ ၂၀၂၆
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်က အသိအမှတ်မပြုသည့် နိုင်ငံများကို တရုတ်က ပွဲစားအနေနဲ့ အသိအမှတ်ပြုလာအောင် ဗန်းခင်းပြလိုက်တာပါပဲ။ အထူးသဖြင့် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနဲ့ အာဆီယံနိုင်ငံတွေကို အရပ်စကားနဲ့ပြောရင် စိတ်ကိုဆွပေးတဲ့ သဘောပါ။
ရောင်းဈေးဝယ်ဈေး ၁၈ ခု စာချုပ် ချုပ်ဆိုတဲ့နေရာမှာ အမြော်အမြင်မရှိ၊ အာဏာရူးတစ်ယောက်အဖို့ မိမိကိုယ်ကို ကောင်းစားဖို့ထက် တိုင်းပြည်ကောင်းစားဖို့ဆိုတာ အစဉ်အဆက်မရှိခဲ့ရိုးပါ။
ကျွန်မ နိုင်ငံရေးကို မကျွမ်းကျင်ပေမဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်နဲ့ လူတစ်ယောက်ရဲ့ ရပ်တည်ချက်၊ ဦးတည်ချက်သည် စကားအရာဆိုသည်ထက် လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ဖို့က အလွန်အရေးကြီးပါသည်။
အာဏာသိမ်းပြီးခါစ အချိန်များဆီမှ ၃ နှစ်ဝန်းကျင်ကာလသည် မင်းအောင်လှိုင်အဖို့ လူရုပ်မပေါ် လူရုပ်ပျက် ကာလတွေပါ။ နောက် တဖြည်းဖြည်းနဲ့ တိတ်တိတ်ကလေးနဲ့ ရုရှားရဲ့ ဖေးမကူညီထောက်ပံ့မှုသာမက နေရာလေးတစ်နေရာ ဝင်ဆံ့ခွင့်ရလာခြင်းသည် ရုပ်ရည်ရူပကာ ပြန်လည်ပြုပြင်လာသည်။
အခုလို သမ္မတရာထူးသည် မင်းအောင်လှိုင်အတွက် မရှိမဖြစ်လိုအပ်သည့် အသုံးချခွင့် အခွင့်အရေးတစ်ခုအဖြစ် ရယူနိုင်ခဲ့ခြင်းသည် အာဏာရှင်အသိုင်းအဝန်းကြီးအဖို့ ကြီးမားသည့် အောင်ပွဲကြီးပါ။
ဒီလိုအောင်ပွဲကြီးရဖို့ မင်းအောင်လှိုင်သည် တရုတ်က ပေးသည့် နိုင်ငံရေးအထောက်အပံ့သာမက မြန်မာနိုင်ငံရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာကို ဝါးမျိုခဲ့ကြသည်။ ပညာတတ်များစွာနဲ့ လူငယ်များရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်ခဲ့ကြသည်။ အထူးသဖြင့် မိမိနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုမှန်သမျှကို မင်းအောင်လှိုင်ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့သလို၊ တရုတ်တို့လို နိုင်ငံတွေမှ ကူညီခဲ့ကြသည်။
မြန်မာအရေးသည် ပြည်တွင်းရေး ဖြစ်သလို၊ အစိုးရတစ်ခုအတွက် ရုပ်ပြ ဆန်တောင်းနိုင်ဖို့ ပွဲစားများလည်း လိုအပ်သည်။ ဤသည်ကို တရုတ်က အများကြီး ကူညီထောက်ပံ့ခဲ့သည်။ မင်းအောင်လှိုင်ရဲ့ လက်ရှိအခြေအနေတစ်ခုကိုလည်း ကမ္ဘာ့အလယ်ကို ချပြခဲ့သည်။ မင်းအောင်လှိုင်လို လူတစ်ယောက်ကို တရုတ်မှ တော်သည်၊ တတ်သည် ဆိုသည်ထက် ပေါင်းသင်းဆက်ဆံရ လွယ်ကူမခက်ခဲခြင်းများသည် တရုတ်အတွက် လှပတဲ့ ပြကွက်များ ဖြစ်လာသလို၊ လူပုံအလယ်မှာ ချပြစရာ ဖြစ်လာသည်။
ဤအဆင့်သည် နိုင်ငံဈေးကွက်ကို အသုံးချဖို့ အထူးအလားအလာကောင်းသည့် ဆက်ဆံရေးဖြစ်သည်။
အခွန်သာကျန်သည့် မြန်မာပြည်ကြီးကို၊ တရုတ်ပြည် နယ်စပ်မှ တရုတ်လူမျိုးများရဲ့ ဆင်းရဲပင်ပန်းမှုတွေကို တရုတ်သမ္မတမှ သူ့လူမျိုးများကို မြှင့်တင်ပေးတော့မည်ဖြစ်သည်။ လျှပ်စစ်စွမ်းအား၊ အိမ်ခြံမြေ၊ လုပ်ငန်းလုပ်ကွက် စတာတွေကို မြန်မာပြည်ဘက်မှ သယံဇာတစွမ်းအား အရင်းအမြစ်များဖြင့် တရုတ်လူမျိုးများ ဘဝကို တိုးတက်ဖို့ အခွင့်အရေး ရသွားတော့မည်။
မင်းအောင်လှိုင်အတွက် ကောဇောနီသည် စာချုပ်ပေါင်း ၁၈ ခုကို သဘောတူနိုင်ဖို့ လက်မှတ်ထိုးသည့်ပွဲ ဖြစ်သည်။ ပွဲစားများသည် မိမိကိုယ်ကိုလည်း အရောင်းအဝယ်လုပ်သလို၊ သူတပါးကိုလည်း ဈေးဗန်းခင်းကြသည်။ မင်းအောင်လှိုင်သည် ကမ္ဘာအလယ်မှာ သမ္မတတစ်ယောက်အဖြစ် ချပြသည် ဆိုသည်ထက် နိုင်ငံတကာ စိတ်ဝင်စားမှုရှိလာအောင် ခေါင်းဆောင်များစိတ်ကို မထီမဲ့မြင် လုပ်ပြလိုက်တာပါပဲ။
ထရန့်ကတော့ တရုတ်ပြည် လေယာဉ်ကွင်းမှာပဲ လက်ဆောင်ပစ္စည်းအားလုံး ထားခဲ့တယ်။
လုံခြုံရေးသည် နိုင်ငံတစ်နိုင်ငံအတွက်၊ ပြည်သူတွေအတွက် အရေးကြီးသည်ကို အားမနာတမ်း ပြုလုပ်ပြခဲ့သည်။ မည်သူမှ မထိခိုက်ဘဲ လုပ်ပြခဲ့သည်။ မင်းအောင်လှိုင်သည် သူ့၏ အပြန်ခရီးကို အားမနာတမ်း ပြည်သူတွေ ကုပ်သွေးစုပ်ဖို့ စာချုပ် ၁၈ ခုအပြင် ပေးသမျှ လက်ဆောင်ပစ္စည်းများကို လေယာဉ်နှင့် အပြည့် တင်လာခဲ့သည်။
မိမိ၏ အသက်အိုးအိမ်စည်းစိမ်သည် အာဏာရှင်များအတွက် ရမ္မက်တစ်ခုသာ ဖြစ်သည်။
ဖလော်ဒါဟန်
၁၆.၆.၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar