Breaking News

ဇာဝါရီ ● မေတ္တာစစ်၊ စေတနာမှန်ဖြင့်

ဇာဝါရီ ● မေတ္တာစစ်၊ စေတနာမှန်ဖြင့်
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၉

ချစ်တူ၊ တူမလေးများသို့ ...
တနေ့တနေ့ လုပ်ရမယ့်အလုပ်တွေ တောင်ပုံယာပုံရှိနေတာနဲ့ မင်းတို့အားလုံးကို ပြောပြမျှဝေချင်တာတွေတောင် မတွေးနိုင်၊ မရေးနိုင် ဖြစ်နေခဲ့တာ အတော်ကြာခဲ့ပေါ့။ အခုလည်း ခရီးသွားနေရင်း ဒီစာကို အချိန်ပေးပြီး ရေးလိုက်တာပါ။ မင်းတို့တွေလည်း တနေ့တနေ့ မိုးလင်းမိုးချုပ် ဦးနှောက်နဲ့မဆန့် နားလည်ဖို့ခက်တဲ့ ဟိုလိုလိုဒီလိုလို (Wishy-washy) အင်္ဂလိပ်စာ ရှင်းပြမှုတွေနဲ့ ပြဋ္ဌာန်းထားတဲ့ ကျောင်းစာ၊ ကျူရှင်စာတွေကို အာဂုံဆောင် ဖတ်မှတ်နေရတော့ ဒီစာကိုဖတ်ဖို့တောင် အချိန်ရှိပါ့မလား မသိဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ပေးပြီး ကြိုးစားဖတ်ကြည့်ဖို့ မေတ္တာရပ်ခံချင်တယ်။

မင်းတို့ မအားမလပ် ဖြစ်နေတာနဲ့ ဆက်စပ်ပြီး ကြုံလို့ပြောရရင် ဒို့ရွှေပြည်ကြီးရဲ့ ပညာရေးကလည်း ဒီနေ့အထိ ကြောင်တိကြောင်ကျား ဝေ့လည်ကြောင်ပတ် ဖြစ်နေတာက - အတွေးအခေါ်မမှန်၊ အမြင်မရှိ မလုပ်တတ် မကိုင်တတ် (No vision and no right action) စေတနာမမှန်တဲ့ ပညာရှင်ဆိုသူတွေရဲ့ စမ်းသပ်မှုတွေကြောင့်လို့ပြောရင် လွန်ရာမရောက်ပါဘူး။ မသိရိုးအတဲ့ ဒို့ပြည်သူတွေကတော့ သိပ်သနားဖို့ကောင်းတယ် - သူတို့အမြင်မှာတော့ ပညာရေးကြီး ပြောင်းနေပြီပေါ့ … တကယ်တော့ ဒုံးရင်းကဒုံးရင်းပဲလို့ပြောရင် မှားမယ်မထင်ဘူး။ ဒီလိုပြောရင် ဆင်ခြေဆင်လက် ပေးတော်တဲ့ ပညာဝန်နဲ့ ဆရာ့ဆရာကြီးတွေက …
ဟိုတချိန်တခါက အလားအလာရှိတဲ့ ပညာရေးကို ကိုယ်ကျိုးတခုတည်းကြည့်ပြီး ဖျက်စီးခဲ့တဲ့ ဗိုလ်ရှုပ်တွေကြောင့်လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ ခေတ်ပြောင်းစနစ်ပြောင်းအောက်မှာ လက်ရှိလုပ်ပိုင်ခွင့် ရရှိထားကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကလည်း နှစ်လပြောင်းခဲ့ပေမယ့် မထူးဇာတ်ခင်း အပျက်ကိုအပျက်တိုင်း - ဟိုဖာဒီဖာ လမ်းတွေခင်းသလို အဆင်ပြေသလို လုပ်နေကြတော့ ဒီနိုင်ငံရေးရဲ့ ပညာရေးစနစ်ပြောင်းလဲမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုက ဝေးနေအုန်းမယ်ဆိုတာကို ဝမ်းနည်းစွာပဲ ပြောချင်တယ်။ ကဲဒီကိစ္စကို နောက်မှသီးသန့်အကျယ်တဝင့် ပြောကြတာပေါ့။ အခုပြောချင်တာက ပညာသင်ကြားမှုနဲ့ဆိုင်တဲ့ မှတ်သားဖွယ်ရာ အသိပညာပေး အကြောင်းအရာလေး ဇာတ်လမ်းတပုဒ်ပါ။

ဒီအကြောင်းကို ရွေးချယ်ပြောရတဲ့ အကြောင်းရင်းက ရှေ့မှာပြောခဲ့သလို ဒီနေ့အထိ ဒီနိုင်ငံရဲ့ ပညာရေးအဆင့်အတန်း တိုးတက်ပြောင်းလဲမှုမရှိသလို ဆရာ၊ ဆရာမတွေမှာလည်း တနေ့တခြား လူမှုဘဝ စီးပွားရေးအခြေအနေ (လစာနည်း၊ အခြားအကျိုးခံစားမှုမရှိ) အကျပ်အတည်းတွေကြောင့် သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေလည်း တစစီပြိုပျက် ချို့ယွင်းလာပြီး၊ ဝါသနာ၊ စေတနာ၊ အနစ်နာတွေအစား ရင်နာနာနဲ့ အသပြာ ဆရာ၊ ဆရာမတွေ မဖြစ်ချင်ဘဲဖြစ်ကာ၊ လျော့တိလျော့ရဲ သိသာသိစေ - မမြင်စေနဲ့ ဥပဒေအောက်မှာ ကျူရှင်ဖွင့်၊ ဟိုကြေးဒီကြေးတောင်းယူပြီး ရှင်သန်နေရတာ အားလုံးအသိ - မသိချင်ယောင်၊ မမြင်ချင်ယောင် ဆောင်နေသူတွေက ဝန်ကြီးဝန်လေး ဆရာကြီးတွေ - အများစုသော သူတို့တွေရဲ့ ချစ်သားသမီးတွေကတော့ ရေမီးမစုံ အစိုးရအဆင့်မြင့်ကျောင်းတွေကို သွားကြတာမှ မဟုတ်ဘဲ။ ကဲ… ဒီကိစ္စလည်း ဒီမှာတစခန်းရပ်ပြီး နောက်တော့ ပြောကြတာပေါ့။

မင်းတို့ကို အဓိကပြောပြချင်တဲ့ မှတ်သားဖွယ်ရာ အကြောင်းအရာ၊ အဖြစ်အပျက်ကတော့ ဟိုလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က အမေရိကန်နိင်ငံ၊ အနောက်ဘက်ခြမ်း အော်ရဂွန်ပြည်နယ် (Oregon State) မြို့ကလေးတစ်မြို့မှာရှိတဲ့ အလယ်တန်းကျောင်းလေးမှာ အသက် (၃၀) ပတ်ဝန်းကျင် ဆရာမတစ်ယောက် ရှိခဲ့တယ်။ သူ့ကို ကျောင်းသူကျောင်းသားလေးတွေက ရိုရိုသေသေ မစ္စသွန်ဆင်လို့ ခေါ်ကြတယ်။ နေ့စဉ်ကျောင်းမတက်ခင် သူစာသင်တဲ့ (၅) တန်း အခန်းရှေ့နားမှာ ချစ်စဖွယ်အပြုံးနဲ့ရပ်ပြီး ကောင်းသောနံနက်ခင်းပါ၊ မင်္ဂလာပါလို့ ချိုသာစွာနှုတ်ဆက်ကာ၊ သူ့အနေနဲ့ ကျောင်းသူကျောင်းသားတွေအားလုံးကို ညီတူညီမျှ ချစ်ကြောင်း၊ ကြိုးစားစာသင်ကြလို့ ကျေးဇူးတင်ကြောင်း မကြာခဏ ပြောတတ်တယ်။

အဲ့ဒီလို သူက နှုတ်ကဖွင့်ပြောပေမယ့် တကယ့်လက်တွေ့မှာ ကျောင်းသူကျောင်းသားအားလုံးကို သာတူညီမျှ မချစ်ဘူးလို့ ပြောလို့ရတယ်။ အထူးသဖြင့် အတန်းရဲ့ နောက်ဆုံးတန်းမှာ စာသင်ကြားမှုကို စိတ်မဝင်စား၊ သုန်သုန်မှုန်မှုန်နဲ့ ဟိုငေးဒီငေး တိတ်ဆိတ်နေတဲ့ တက်ဒီ (Teddy) ဆိုတဲ့ ကျောင်းသားလေးကိုတော့ မစ္စသွန်ဆင် သိပ်သဘောမကျလှ။

ဒီအတန်းကို စတင်သင်ကြားကတည်းက မစ္စသွန်ဆင် တစ်ခု သတိထားမိတာက တက်ဒီတစ်ယောက် အခြားကျောင်းသူ၊ ကျောင်းသားတွေနဲ့ရောရောနှောနှော စကားပြောဆို၊ ဆော့ကစားခြင်း မရှိခြင်း။ အမြဲတမ်း သူ့အဝတ်အစားတွေကလည်း စွန်းထင်ပေညစ်နေပြီး၊ အနံ့အသက်လည်းမကောင်း။ သိရသလောက် ရေလည်း ပုံမှန်မချိုး၊ အဆိုးဆုံးက အတန်းစာ၊ အိမ်စာလည်း ပုံမှန်မလုပ်ခြင်း။

မကြာခဏ သူ့အိမ်စာတွေကို စိတ်ပျက်ပျက်နဲ့ ကြက်ခြေခတ်ပြီး “ဒီပုံစံနဲ့ သူကျောင်းတက်နေမယ်ဆိုရင် အတန်းတက်ပေးဖို့ မဖြစ်နိုင်ကြောင်း” သူ့အုပ်ထိန်းသူထံ သုံးလေးကြိမ် မှတ်ချက်ရေးပေးခဲ့ပေမယ့် သူ့စာကို အလေးပေးတဲ့ တုံ့ပြန်မှုကို သူ့မိဘတွေဆီက မရခဲ့သလို၊ တက်ဒီအနေနဲ့လည်း အလေးမထားတာကို တွေ့ရတယ်။

ဒီနေရာမှာ ပြောဖို့လိုတာက … မစ္စသွန်ဆင်တို့ကျောင်းမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတစ်ခုက အတန်းသစ်ကိုသင်ရတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ သူတို့သင်ရတဲ့ (မယ့်) ကျောင်းသူ၊ ကျောင်းသား တစ်ဦးချင်းရဲ့ နောက်ခံဇာတ်ကြောင်းနဲ့ အစောပိုင်းအတန်းတွေရဲ့ သင်ကြားမှုဆိုင်ရာ မှတ်တမ်း၊ မှတ်ချက်တွေကို စီစစ်လေ့လာရတယ်။ ဒါပေမဲ့ မစ္စသွန်ဆင်က တက်ဒီမှတ်တမ်းကို အလေးမထား၊ စိတ်မဝင်စား၊ ချက်ချင်းမဖတ်ဘဲ ဘေးဖယ်ထားခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့ အခြားထွေထွေထူးထူး လုပ်စရာမရှိတာနဲ့ မှတ်တမ်းဖိုင်တွေထဲက ဖတ်ရန်ကျန်ရှိနေသေးတဲ့ တက်ဒီမှတ်တမ်းဖိုင်ကို ဖတ်ကြည့်လိုက်တဲ့အခါ  မစ္စသွန်ဆင် အတော်လေး တုန်လှုပ်၊ စိတ်မကောင်း ဖြစ်သွားခဲ့တယ်။ တက်ဒီလေးရဲ့ ဆရာ၊ ဆရာမတွေ ရေးမှတ်ထားတဲ့ မှတ်ချက်တွေက …
တက်ဒီရဲ့ ပထမတန်း ဆရာမက … တက်ဒီကလေးသည် အလွန် စာတော်၊ ဉာဏ်ကောင်းသော ကျောင်းသားဖြစ်သလို၊ စာသင်ကြားမှုကို ပျော်မွှေ့ပြီး အတန်းစာများကိုလည်း မပျက်မကွက် သပ်သပ်ရပ်ရပ် မှန်မှန်ကန်ကန် တင်ပြတတ်သည့် အလွန်ချစ်စရာကောင်းသော ကျောင်းသားလေးတစ်ယောက် ဖြစ်တယ်လို့ ကျောင်းသားရေးရာ မှတ်တမ်းထဲမှာ လှလှပပ ရေးထားတယ်။
ဒုတိယတန်းဆရာကတော့- အတန်းဖော်များ ချစ်ခြင်းကို အထူးခံရသော တက်ဒီသည် အလွန်စာတော်သော ကျောင်းသားတစ်ယောင် ဖြစ်ခဲ့ပေမယ့် ဒီနှစ်အတွင်း သူကြုံတွေ့နေရတဲ့ ပြဿနာက တနေ့တခြား ကျန်းမာရေး ချို့ယွင်းလာတဲ့ သူ့အမေကြောင့် သူအတော်လေး စိတ်ဓါတ်ကျပြီး ကျောင်းစာမှာ စိတ်ဝင်စားမှု အားနည်းလာတာကို တွေ့ရတယ်လို့ မှတ်ချက်ရေးထားတယ်။

တတိယတန်းဆရာမရဲ့ မှတ်ချက်ကတော့ - တက်ဒီ အမေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကို အရှုံးပေးသွားပြီးနောက် တက်ဒီလေးတစ်ယောက် တဖြည်းဖြည်း ကျောင်းလာရတာကို မပျော်သလို ဖြစ်လာတာကို တွေ့ရတယ်။ အတန်းဖော်တွေနဲ့ အရင်လို စကားပြော၊ ဆော့ကစားခြင်း မရှိတော့သလို၊ အတန်းထဲမှာ မကြာခဏ ငိုက်မြည်း၊ အိပ်နေတတ်တယ်။ အိပ်စာတွေလည်း မလုပ်ဘဲ ကျောင်းကို ပေပေတေတေနဲ့ လာတယ်။ 
ရေးထားတဲ့ မှတ်ချက်တွေကို အပြန်အလှန် ဖတ်ပြီးနောက် သတိထားမိတာက မစ္စသွန်ဆင်ရဲ့ရင်ထဲ တဆစ်ဆစ်နာကျင်လာပြီး အတော်လေး စိတ်ထိခိုက်မိကာ တက်ဒီလေးအား ဥပက္ခာပြုအလေးမထားခဲ့အပေါ် နောင်တရ စိတ်မကောင်းဖြစ်ကာ၊ ဝမ်းနည်းကြေကွဲမိတယ်။

အဆိုးဆုံးဖြစ်ရပ်က ကျောင်းသူ၊ ကျောင်သားလေးတွေ သူတို့ဆရာမအတွက် ခရစ်စမတ်လက်ဆောင် ယူလာတဲ့နေ့မှာ ကလေးတွေအားလုံးရဲ့ လက်ဆောင်လေးတွေက လှလှပပ ထုပ်ပိုးထားပြီး၊ တက်ဒီ လက်ဆောင်လေးကတော့ သတင်းစာစက္ကူနဲ့ ဖြစ်ကလဲ့ဆန်း ထုပ်ထားတယ်။ ကလေးတွေအားလုံးရဲ့ လက်ဆောင်ကို ဖွင့်ကြည့်ပြီး ကျေးဇူးတင်ကြောင်း၊ နှစ်သက်ကြောင်း ပြောပြီး၊ နောက်ဆုံးပိတ် တက်ဒီလက်ဆောင်ကို ရင်တထိတ်နဲ့ အားလုံးရှေ့မှာ ဖွင့်ကြည့်တဲ့အခါ တခန်းလုံး ဟီဟီ .. ဟားဟားနဲ့ ရယ်မောလှောင်ပြောင်သံကို ဦးစွာကြားရတယ်။

တက်ဒီ လက်ဆောင်ကို ကြည့်ပါအုံး - ကျိုးပဲ့နေတဲ့ ဖန်စီရောင်စုံ လက်ကောက်တစ်ကွင်းနဲ့ ပုလင်းတစ်ဝက်လောက်သာ ကျန်တော့တဲ့ ရေမွှေး ဖြစ်တယ်။ လှောင်ပြောင် အော်ဟစ်ရယ်မောနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကျေးဇူးပြုပြီးရပ်ကြဖို့ ပြောဆိုပြီး လက်ကောက်ကလေးကို ချက်ချင်းဝတ်၊ သူ့လက်ဖမိုးကို ရေမွှေးစွတ်ကာ အလွန်လှပတဲ့ လက်ကောက်ကလေးနဲ့ သင်းပံျ့မွှေးကြိုင်တဲ့ ရေမွှေးအတွက် အထူးကျေးဇူးတင်ကြောင်း၊ အမှတ်တရ အမြဲသိမ်းထားမယ်လို့ ပြောလိုက်တော့ တက်ဒီ မျက်လုံးကလေး တစ်ချက်လျပ်ကနဲ ဖြစ်သွားတာကို တွေ့လိုက်ရတယ်။

အဲ့ဒီနေ့လယ်ပိုင်း ကျောင်းဆင်းတော့ တက်ဒီတစ်ယောက် အခန်းထဲမှာ ကျန်ရစ်ခဲ့ပြီး မစ္စသွန်ဆင်နား အသာတိုးကပ်သွားပြီး “မစ္စသွန်ဆင် ဒီနေ့ ဆရာမရဲ့ ကိုယ်သင်းရနံ့က ကျနော့်မေမေရဲ့ ကိုယ်သင်းရနံ့လို မွှေးကြိုင်လှတယ်။” လို့ တိုးတိုးလေးပြောကာ ထွက်သွားတယ်။ နေ့လယ်ပိုင်း ဒုတိယအချိန် ကျောင်းဆင်း၊ ကျောင်းသူကျောင်းသားတွေ အကုန်လုံး ထွက်သွားပြီးနောက် ဆရာမသွန်ဆင်တစ်ယောက် တနေကုန် ချုပ်ထိန်းထားတဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ၊ တစ်နာရီလောက် ငိုကြွေးနေခဲ့တယ်။

အဲ့ဒီနေ့ကစပြီး စာရေးစာဖတ်၊ အတွက်အချက်အပြင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ မစ္စသွန်ဆင်က တက်ဒီကို ကျောင်းဆင်းချိန်မှာ အချိန်ပိုပေးပြီး သင်ကြားပို့ချပေးတယ်။ အထူးသဖြင့် စိတ်ပျက်စိတ်ကျနေခဲ့တဲ့ တက်ဒီလေးကို ပိုဂရုစိုက် အချိန်ပေး သင်ကြားပေးလိုက်တာနဲ့ တက်ဒီလေးလည်း အချိန်တိုအတွင်းမှာ သပ်သပ်ရပ်ရပ် ဝတ်စားပြီး ကျောင်းမှန်မှန်တက်၊ အတန်းထဲမှာလည်း သူငယ်ချင်းတွေနဲ့ စကားပြော၊ ဆော့ကစား၊ တက်တက်ကြွကြွ သင်ကြားပို့ချမှုတွေကို ပြန်လည်လုပ်ကိုင်လာခဲ့တယ်။ မစ္စသွန်ဆင်ရဲ့ စေတနာ၊ အားပေးပြောဆိုမှုတွေကို တက်ဒီ နားထောင်၊ ကောင်းစွာတုံ့ပြန်ခဲ့လို့ အဲဒီနှစ်မှာ တက်ဒီတစ်ယောက် အထူးချွန်ဆုံး ကျောင်းသားတစ်ယောက် ပြန်ဖြစ်လာခဲ့တယ်။

မစ္စသွန်ဆင်တစ်ယောက် မပျက်မကွက် နေ့စဉ် ကျောင်းသူ၊ ကျောင်းသားတွေကို ပြောနေကြ အားလုံးကို ချစ်ပါတယ်ဆိုတဲ့အပြောမှာ အနည်းငယ် မုသားပါနေတာကို သူ့စိတ်ထဲမှာ ဝန်ခံခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အချစ်၊ သူ့မေတ္တာက တက်ဒီအပေါ် အနည်းငယ် ပိုနေခဲ့တယ်ဆိုတာကို ခံစားကြည့်နိုင်တယ်။

ဒီလိုနဲ့ နှစ်လတွေပြောင်းလဲမှုနဲ့အတူ တက်ဒီလည်း အတန်းတွေ တတန်းပြီးတတန်း ပြောင်းရွှေ့သွားခဲ့တယ်။ အဲဒီလိုနဲ့ တစ်နေ့ ဆရာမသွန်ဆင်ရဲ့ ရုံးခန်းတံခါးအောက်နားမှာ စာလေးတစ်စောင် ရောက်နေတယ်။ စာထဲမှာ - ဆရာမ မစ္စသွန်ဆင်က အခုအချိန်ထိ ကျွန်တော်အတွက် ချစ်စရာအကောင်းဆုံးနဲ့ အသင်အပြ နံပတ်တစ် ဆရာမလို့ရေးထားတယ်။

နောက်ခြောက်နှစ်အကြာမှာ မစ္စသွန်ဆင် စာတစ်စောင် ထပ်ရပြန်တယ်။ စာထဲမှာ တက်ဒီတစ်ယောက် အထက်တန်း နောက်ဆုံးနှစ်ကို ဒုတိယအမှတ်အများဆုံးနဲ့အောင်မြင်ပြီးဆုံးကြောင်းနဲ့ ဆရာမသွန်ဆင်က သူရဲ့အကောင်းဆုံး၊ တန်းဖိုးမဖြတ်နိုင်တဲ့ ဆရာမကောင်းတစ်ယောက် ဖြစ်နေသေးကြောင်း၊ ကျေးဇူးတင်ကြောင်း ရေးထားတယ်။

နောက်လေးနှစ်အကြာမှာ စာတိုက်မှတစ်ဆင့် စာတစ်စောင် ရရှိပြန်တယ်။ စာထဲမှာ ဖြတ်သန်းခဲ့တဲ့ ပညာသင်ကြားမှု ကာလတစ်လျှောက် အခက်အခဲ၊ စိန်ခေါ်မှုတွေများစွာရှိခဲ့ပေမယ့် ဆရာမ သွန်ဆင်ရဲ့အားပေးမှု၊ ချစ်ခြင်း၊ မေတ္တာကို အောက်မေ့သတိရပြီး ဆက်လက်ကြိုးစားခဲ့တာကြောင့် မကြာခင်တက္ကသိုလ်ဘွဲ့တစ်ခုကို ထူးချွန်ဆုနဲ့အတူ ရရှိမည်ဖြစ်ကြောင်း၊ ဆရာမကို အမြဲသတိရနေပြီး သူရဲ့အကောင်းဆုံး ဆရာမ အဖြစ်ရှိနေသေးကြောင်း ပြောဆိုထားပြန်တယ်။

အဲ့ဒီလိုနဲ့ နေ့ရက်လနှစ်တွေကုန်ဆုံး လေးနှစ်အကြာမှာ စာတိုက်မှတဆင့် ဆရာမသွန်ဆင်ထံ စာတစ်စောင် ရောက်ရှိလာပြန်တယ်။ ဒီတစ်ခါမှာတော့ ပထမဘွဲ့ရပြီးနောက် နောက်ထပ်ဘွဲ့တစ်ခုကို ကြိုးစားယူခဲ့ကြောင်း၊ သူဒီလို စဉ်ဆက်မပြတ် ပညာသင်ကြားချင်စိတ်ရှိလာအောင် စေတနာအပြည့်နဲ့ ပြောဆိုဆုံးမ၊ အားပေးခဲ့တဲ့ ဆရာမ မစ္စသွန်ဆင်ကို အချိန်နဲ့အမျှ ကျေးဇူးတင်သတိရကြောင်း၊ သူ့ဘဝအတွက် ဆရာမသွန်ဆင်က အကောင်းဆုံးဆရာမ ဖြစ်ကြောင်း နှစ်ကြိမ်သုံးကြိမ် ပြောထားတယ်။ ဒီတစ်ကြိမ် ဆရာမသွန်ဆင် သတိထားမိတာက တက်ဒီလက်မှတ်၊ နာမည်အောက်မှာ Thedore E.Stoddard, MD (Medical Doctor) - ဒေါက်တာသီဒေါ် အီ စတုဒ်ဒတ် လို့ ရေးထားတယ်။

ဒီလိုလခြားနှစ်ခြား စာတွေရခဲ့ပြီး မဆုံးသေးတဲ့ ဇာတ်လမ်းက - နွေဦးကာလတစ်ရက်မှာတော့ မစ္စသွန်ဆင် စာတစ်စောင် ရရှိခဲ့ပြန်တယ်။ စာထဲမှာ တက်ဒီတစ်ယောက် အလွန်ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်နေခဲ့ပြီး၊ မကြာခင် နှစ်ဦးသဘောတူ လက်ထပ်တော့မည်ဖြစ်ကြောင်း။ သူ့ဖခင်ဖြစ်သူမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ပြီး သူမှာ မိဘအုပ်ထိန်းသူမရှိ၊ တကောင်ကြွက် ဖြစ်နေပေမယ့် အထူးသဖြင့် မိခင်တစ်ယောက်လို သံယောဇဉ် ရှိလာခဲ့တဲ့ မစ္စသွန်ဆင်အနေနဲ့ သူ့မိခင်အဖြစ် သူ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပေးပါရန် မေတ္တာရပ်ခံထားတယ်။

စာကိုဖတ်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေ တပေါက်ပေါက်ကျကာ ငိုကျွေးမိပြန်တယ်။ ချက်ခြင်း သားတစ်ယောက်လို ချစ်ရတဲ့တက်ဒီရဲ့ သတိုးသားမိခင်အဖြစ် ဝမ်းမြောက်ဂုဏ်ယူစွာ တက်ရောက်မည်ဖြစ်ကြောင်း စာပြန်လိုက်တယ်။ ချစ်စရာကောင်းတဲ့ မင်္ဂလာပွဲညမှာ နှစ်ရှည်လများ တယုတယ သိမ်းဆည်းထားတဲ့ ကော်ပုတီးလုံးလက်ကောက်ကို ဝတ်ဆင်ကာ လက်ကျန်ရေမွှေးကိုလည်း တစ်ကိုယ်လုံး မွှေးပျံအောင် စွတ်ဖြန်းလိုက်တယ်။

သင်းပျံ့မွှေးကြိုင်သော ကိုယ်ရနံ့နဲ့ ဂုဏ်ယူဝံ့ကြွားသော ခြေလှမ်း၊ ချစ်စဖွယ်အပြုံးနဲ့ မင်္ဂလာအခမ်းအနားကို တက်ရောက်ချီးမြှင့်တဲ့ မစ္စသွန်ဆင်ကို ဒေါက်တာတက်ဒီနဲ့ သူ့ဇနီးချောတို့က ပွေ့ဖက်ကြိုဆိုပြီး၊ အခုလို ပြန်လည်တွေ့ရလို့  အထူးဝမ်းမြောက်ပြီး ပြောပြမတတ်အောင် ကျေးဇူးများစွာတင်ကြောင်း၊ ဒီနေ့ သူ့အောင်မြင်မှုတွေအားလုံးက ဆရာမရဲ့ တန်းဖိုးမဖြတ်နိုင်တဲ့ စေတနာ၊ ချစ်ချင်းမေတ္တာ၊ အားပေးမှုကြောင့်ဖြစ်ကြောင်း အဲ့ဒီ့အတွက် တသက်လုံး ကျေးဇူးတင်နေမည်ဖြစ်ကြောင်း သူ့ချစ်ဇနီးမျက်နှာကိုကြည့်လိုက်၊ ဆရာမသွန်ဆင်ကိုကြည့်လိုက် တတွတ်တွတ်ပြောဆိုတယ်။

ပြောမယ်ဆိုရင် Happy Ending ပေါ့။
မင်းတို့တွေလည်း ဒီလိုနှလုံးသားလှ မေတ္တာရှင် ဆရာ၊ ဆရာမများနဲ့ ကြုံတွေ့သင်ကြားနိုင်ပါစေ။  တနေ့တချိန် မင်းတို့တွေလည်း ဆရာ၊ ဆရာမ၊ ခေါင်းဆောင်လူကြီး ဖြစ်တဲ့အခါလည်း ဆရာမမစ္စသွန်ဆင်လို ချစ်ခြင်းမေတ္တာတရားနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ကိုယ့်အောက်လက်ငယ်သားတွေရဲ့ အနာဂတ်ဘဝလှပဖို့၊ အောင်မြင်ဖို့အတွက်ကို အားပေးချီးမြှောက် လမ်းပြပေးနိုင်သူတွေ၊ စွမ်းဆောင်နိုင်သူတွေဖြစ်အောင် ကျင့်ကြံကြိုးစားကြပါ။

ဘက်ပေါင်းစုံ နောက်ကျနေတဲ့ ဒို့တိုင်းပြည်မှာ အနာဂတ်ခေါင်းဆောင်ကောင်းတွေ၊ လူတော်တွေ ရှိလာဖို့ ကလေးလူငယ်တွေရဲ့ နှလုံးသားကို အားဖြည့်ပေးစွမ်းနိုင်တဲ့ ဆရာ၊ ဆရာမကောင်းများ များစွာလိုအပ်နေတယ်ဆိုတာ မင်းတို့ မှတ်ယူပြီး …