Breaking News

မြန်မာပြည်မြင်ကွင်း မျဉ်းပြိုင်ဘ၀တွေလား

မြန်မာနွေဦးခရိုနီကယ် - မေ ၂၁ မြင်ကွင်း

(မိုးမခ) မေ ၂၂ ၊ ၂၀၂၆


မြန်မာပြည်မြင်ကွင်း မျဉ်းပြိုင်ဘ၀တွေလား

၂၀၂၆ ခုနှစ် နှစ်ဆန်းမှာ အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲတွေ အပြီးသတ် အင်အားသုံးပြီး ကျင်းပနိုင်ခဲ့ပါတယ်။ ပြီးတာနဲ့ လွှတ်တော်ခေါ်ပြီး စစ်ကောင်စီရဲ့ ခေါင်းဆောင်ကို အတုအယောင် ရွေးကောက်ခံလွှတ်တော်ကနေ ခန့်အပ်ပေးခဲ့ပါတယ်။

ရက်စွဲတွေကို ကြည့်မယ် ဆိုရင် -

ပြည်သူ့လွှတ်တော် (Pyithu Hluttaw) ကို ၂၀၂၆ မတ် ၁၆ ရက် ၊ အမျိုးသားလွှတ်တော် (Amyotha Hluttaw) ကို ၂၀၂၆ မတ် ၁၈ ရက် ။  တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကို ၂၀၂၆ မတ် ၂၀ ရက် မှာ စတင်ခေါ်ခဲ့ပါတယ်။ ဒါက ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး လွှတ်တော်အစည်းအဝေးတွေ ဖြစ်ပါတယ်။

သမ္မတ — မင်းအောင်လှိုင် ။ ပထမ ဒုသမ္မတ — ညိုစော ။ ဒုတိယ ဒုသမ္မတ — နန်းနီနီအေး ဆိုပြီး  သမ္မတရွေးကောက်ပွဲကို ၂၀၂၆ ဧပြီ ၃ ရက် မှာ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့ပြီး၊ မင်းအောင်လှိုင်က မဲအများဆုံးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

 ပြီးတဲ့နောက် ယခင် (၂၀၁၅-၂၀၂၀) အစိုးရသက်တမ်းက သမ္မတကြီး ဦးဝင်းမြင့်ကို ၂၀၂၆ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။  စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်တာမို့ ရှိနှင့်ပြီးသား လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို စစ်အုပ်စုက ပစ်မှတ်ထား ဖမ်းဆီး ထိန်းသိမ်းထောင်ချတာအပြင် ၂၀၂၀ ရွေးကောက်ခံအမတ်တွေကိုပါ စစ်အုပ်စုက နှိမ်နင်းဖမ်းဆီး ထောင်ချတာတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲသည် ၅ နှစ်ကာလအကြာမှာ စစ်ကောင်စီက သူတို့စိတ်တိုင်းကျ လွှတ်တော်တခု အစိုးရတခုကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာဖိအားတွေနဲ့ မြန်မာပြည်သူတွေ၏ တောင်းဆိုမှုတွေကြောင့် စစ်ခေါင်းဆောင်တွေဘက်က အနည်းဆုံး လုပ်ဆောင်ပေးချက် တခုကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့တာ၊ အကျဉ်းထောင်မဟုတ်တဲ့ သတ်မှတ်နေရာတခုမှာ ပြောင်းလဲ ချုပ်နှောင်ထားတယ်လို့ ကြေညာချက်ထုတ်တာ ဖြစ်ပါတယ်။ သည်လို ထုတ်ပြန်တာက ဧပြီလ ၃၀ ရက်နေ့ ဖြစ်ပါတယ်။

လူထုခေါင်းဆောင်ကို စစ်အုပ်စုက မူလ စုစုပေါင်း ၃၃ နှစ် ချမှတ်ခဲ့တယ်။ ၂၀၂၃ မှာ ပထမအကြိမ် လျော့ပေါ့ပြီး ၂၇ နှစ် ဖြစ်သွားတယ်။ ၂၀၂၆ ဧပြီ ၁၇ Thingyan လွတ်ငြိမ်းချမ်းသာခွင့်မှာ ထပ်လျှော့ပြီး ၂၂ နှစ်ခွဲလောက် ကျန်တယ်လို့ သူ့ရှေ့နေဘက်က ပြောခဲ့တယ်။ ၂၀၂၆ ဧပြီ ၃၀ မှာ ထပ်ပြီး “one-sixth” လျှော့ပေါ့ပေးလို့ ၁၈ နှစ်ကျော်လောက်ပဲ ကျန်တော့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ စစ်အုပ်စုက သူတို့၏ လွှတ်တော်နဲ့ အစိုးရက ပုံမှန်စတင်လည်ပတ်နေတဲ့ပုံစံမျိုးကို အတင်းအကြပ် ဆက်လက်ဖန်တီးနေတယ်လို့ ဆိုနိုင်ပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ အစီအစဉ်အရ — ပထမအစည်းအဝေးတွေကို ၂၀၂၆ မတ်မှာ စတင်ခေါ်ခဲ့ပြီး ပုံမှန် ဥပဒေပြုလုပ်ငန်း၊ ဘတ်ဂျက်ဆွေးနွေးမှု၊ အစိုးရအဖွဲ့အတည်ပြုမှုတွေကို ၂၀၂၆ မေလနောက်ပိုင်း မှာ ဆက်လက်လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

အဲသည်အချိန်တွေနဲ့ တပြိုင်နက်တည်းမှာပဲ ရက် ၁၀၀ ကာလတခုကို သတ်မှတ်ပြီး အသွင်ကူးပြောင်းရေးအချိန်တခုလည်း ထုတ်ပေးထားပြန်ပါသေးတယ်။  ရွေးကောက်ပွဲပြီးနောက် နိုင်ငံရေးအကူးအပြောင်း (political transition)၊  လက်နက်ကိုင်ပဋိပက္ခ လျှော့ချရေး၊  ဖက်ဒရယ်နဲ့ အာဏာခွဲဝေမှုဆိုင်ရာ ဆွေးနွေးမှု၊  NCA/ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စတင်ရေး တို့အတွက် “ရက် ၁၀၀ အတွင်း လာရောက်ဆွေးနွေးနိုင်တယ်” လို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ ဒါက အပြောသက်သက်ဖြစ်နေပြီး မြန်မာပြည်အနှံ့မှာ စစ်တပ်က စစ်ဆင်ရေးတွေ လေကြောင်း တိုက်ခိုက်မှုတွေကို အလျော့မပေးဘဲ ဆက်လက် ကျုးလွန်နေဆဲ ဖြစ်တာ တွေ့ရပါတယ်။

အဲသည် ၂၀၂၆ အပြောင်းအလဲတွေ ဖြစ်နေချိန်မှာပဲ တော်လှန်ရေးဒေသတွေနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ တော်လှန်ရေးဦးဆောင်အဖွဲ့တွေက မိမိတို့ နယ်မြေတွေ ဆက်လက်စိုးမိုးထားနိုင်ရေး၊ အုပ်ချုပ်ရေး ကုန်သွယ်ရေးလုပ်ငန်းတွေ မိမိတို့ ဆက်လက် ထိန်းသိမ်း လည်ပတ်နိုင်ရေး၊ ဒေသခံများ၊ အိမ်နီးချင်း မဟာမိတ်များနဲ့ ပိုမိုခိုင်မာတဲ့ နားလည်မှု ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို ချမှတ်နိုင်ဖို့ အကြိမ်ကြိမ် ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်တွေ လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတာကို တွေ့ရှိရပါတယ်။ အဓိကအားဖြင့် ဒေသခံအဖွဲ့အစည်းအမည်တွေ အလွတ်သဘော ထုတ်ပြန်သုံးစွဲတာမျိုးထက် NUG နဲ့ ERO တွေနဲ့ ရင်ဘောင်တန်းသုံးတဲ့ အသုံးအနှုန်းတွေဖြစ်တဲ့ ဖယ်ဒရယ်ယူနစ်၊ ပီဒီအက်ဖ်တပ်၊ ပကဖ၊ ဝန်ကြီးဌာန၊ ကော်မီတီ၊ ကောင်မရှင် ဆိုတဲ့ အမည်နာမတွေကို ပိုမိုအလေးထား ထုတ်သုံးလာတယ်လို့ ဆိုနိုင်ပါတယ်။ တပြိုင်နက်တည်းမှာပဲ စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်တွေကို တွန်းလှန်ဖို့ ကာကွယ်ဖို့ကိုလည်း ကြိုးစားလုပ်ဆောင်နေကြတာမျိုးတွေလည်း တွေ့ရပါတယ်။ အကျအဆုံးတွေ အထိအခိုက်တွေ များတာမို့ သည်တခေါက် ခုခံတွန်းလှန်စစ်ဟာ ပိုမိုကြာရှည်ခံမည့် နွေဦးတော်လှန်ရေးအင်အားစုတွေ၏ အသာစီးရမှုဆီကို သွားနိုင်မယ့် ခြေလှမ်း သို့မဟုတ် စာမေးပွဲ ဖြစ်တယ်လို့လဲ သုံးသပ်ကြပါတယ်။

နိုင်ငံတကာ၏ နိုင်ငံရေးစစ်မျက်နှာမှာ စစ်အုပ်စုကိုယ်တိုင်ကလည်း အသာစီးရနိုင်ဖို့ လောလောဆယ်မှာ မရှိသေးသော်လည်း များမကြာမီ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ၊ အာဆီယံ၊ တရုတ်၊ ဂျပန် စတဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အစုအဖွဲ့တွေရှိရာ နိုင်ငံတကာခရီးစဉ်တွေ အလည်အပတ်တွေကနေ၊ အစည်းအဝေး ညီလာခံတွေ တက်တာ၊ သူတို့ကိုယ်တိုင် တည်ခင်း ဖိတ်ကြားတာမျိုးတွေ လုပ်လာတမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာအစုအဖွဲ့တွေထဲက ကြားနေတဲ့ သဘောထားမျိုး ပြေလည်ချင်တဲ့အပေးအယူမျိုး လုပ်ချင်တဲ့ အဖွဲ့တွေ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပွဲတွေကို ပြည်ပနိုင်ငံတွေ၏ အစီအမံနဲ့ လုပ်ကိုင်တာမျိုးကလည်း ယခင် သမိုင်းအစဉ်အလာရှိတာကြောင့် ဖြစ်မလာဘူးလို့လည်း မပြောနိုင်ပါဘူး။

အမေရိကန်-အစ္စ ရေး နဲ့ အီရန်စစ်ပွဲကြောင့် နိုင်ငံတကာက တိုင်းပြည်တွေအားလုံး လောင်စာနဲ့ ကုန်သွယ်ရေး အကြပ်အတည်းဆိုက်နေချိန်မှာ စစ်အစိုးရနဲ့ စစ်အုပ်စုအတွက်ကတော့ ပိုပြီး အကြပ်ရိုက်စရာထက် သည်လို နိုင်ငံတကာ၏ ဖြတ်တော်ပိတ်ဆို့မှု အတွေ့အကြုံမျိုး ဖြတ်သန်းထားပြီးသားမို့ သူတို့၏ မိတ်ဖက် အာဏာရှင်နိုင်ငံတွေနဲ့ ပိုပြီး နီးစပ်မှု ရင်းနှီးမှုတွေက ခိုင်မြဲသွားတယ်လို့တောင် ဆိုချင်ဆိုရမှာပါ။ တရုတ်ပြည် အာရုံပြုတဲ့ ဆက်ဆံရေးအရွေ့ကို အခုလထဲမှာ နိုင်ငံတကာဆက်ဆံရေးမှာ တွေ့ကြရပါတယ်။ အမေရိကန် နဲ့ ရုရှားက တရုတ်ပြည်ကို လာရောက်တဲ့ နောက်ဆုံး ဧည့်သည်တွေဖြစ်ပြီး ကျန် ဥရောပ၊ ကနေဒါ၊ ဩစတြေးလျ နိုင်ငံတွေက တရုတ်ပြည်ကို လာရောက်တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါတယ်။ သည်အချိန်မှာ မြန်မာပြည်က အာဏာကို သိမ်းပိုက်ထားသူ စစ်အုပ်စုကတော့ တရုတ် ရုရှား တို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ကြိုတင်နေရာယူထားမှုရှိနေတယ်လို့ ဆိုရမှာပါ။ 

မြန်မာပြည်၏ မြင်ကွင်းက မျဉ်းပြိုင်ဘ၀တွေလိုပါ။ စစ်အုပ်စု၏ ခြေလှမ်းတွေနဲ့ ပြင်ဆင်မှုတွေက တလမ်း၊ တော်လှန်ရေးအင်အားစုတွေ၏ ရပ်တည်ချက် ဦးတည်ချက်တွေက တလမ်း၊ မဆုံနိုင်တဲ့ မျဉ်းပြိုင်တွေလိုမျိုးလားလို့ တွေးကြည့်ချင်စရာပါ။ လက်ရှိ ကမ္ဘာကြီး၏ အနေအထားက ကိုယ့်ကျိုးစီးပွား အမျိုးသားရေး အဓိက၊ အစွန်းရောက် ၊ အင်အားအားကိုးဝါဒီတွေ ၊ ခေါင်းဆောင်တွေ အသာစီးယူနေတာမို့ ၊ အားနည်းသူတွေဘက်က ရပ်တည် စောင့်ရှောက် အားပေးတဲ့ ၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအပေါ် အခြေခံတဲ့ ရပ်တည်ချက်မျိုးတွေ၊  ကုလသမဂ္ဂကြီးလိုမျိုး စည်းဝေးညှိနှိုင်းဆောင်ရွက်တဲ့လမ်းကြောင်းမျိုးက မရှိသလောက်ကို ဖြစ်နေတယ် ဆိုရမှာဖြစ်ပါတယ်။ 

သည်ကြားထဲမှာ အနစ်နာဆုံးကတော့ အောက်ခြေက စစ်ဘေးသင့်ပြည်သူတွေ ဖြစ်ပါတယ်။ စစ်အုပ်စုသွားနေတဲ့ လမ်းမှာ သူတို့အတွက် နေရာ မရှိပါဘူး။ သူတို့နဲ့အတူ ကြမ်းတပြေးတည်း ရပ်တည် ခံစားနေကြတဲ့ တော်လှန်ရေးအင်အားစုတွေကိုယ်တိုင်ကလည်း ရုန်းကန် နေဆဲ ဖိအားတွေရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ယခင်တုန်းကတော့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးက မြန်မာပြည်သူတွေအတွက် စိုးရိမ်ကြောင်း ခနခန ကြေညာလွန်းလို့ လူတွေက ဟာသလုပ် ပြက်ရယ်ပြုကြခဲ့ဖူးပါတယ်။ ယခုအချိန်မှာတော့ ယခုမြန်မာပြည်သူတွေ ခံစားနေရတဲ့ အတိဒုက္ခကို ကိုယ်ချင်းစာကြောင်း စာနာကြောင်း ပြောဖော်ရတာကိုပင် မြန်မာပြည်သူတွေက ပြန်ပြီး ကျေးဇူးတင်ရမလို ဖြစ်လာပါတော့မယ်။ ကမ္ဘာကြီးက ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ ကျောခိုင်းမသွားဖို့ကို ဒုက္ခသည်တွေက ပြန် တောင်းဆိုရမလို ဖြစ်နေမလားလို့ တွေးမိပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar