Breaking News

မြတ်စံ - နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း (၆)


မြတ်စံ -  နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း (၆)

(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၉

လမ်းတလျှောက်လုံး အတွေးတွေစဉ်ဆက်မပြတ်နဲ့ ပြန်တွေးနေမိချိန် သင်္ဃန်းကျွန်း ဘူတာကိုဖြတ်တောမှ ရန်ကုန်ဘူတာကြီးကိုရောက်ခါနီပါလားဆိုတဲ့အသိပြန်ဝင်လာခဲ့တယ်…

မန္တလေးဘူတာကနေ မထွက်ခင်က အိမ်နဲဖုန်းအဆက်အသွယ်ရပြီး အမေနဲ့ပြောစဉ် ဒီနေ့နေ့လည်ရန်ကုန်ဘူတာကြီးမှာ အမေနဲ့ညီလေး ညီမလေးတို့မိသားစုလာကြိုမယ်လို့ပြောထားတဲ့အတွက် ဘူတာကြီးကို ရထားဆိုက်ချိန်မှာ ပလက်ဖောင်းမှာစောင့်နေကြတဲ့ အမေနဲ့ညီလေးတို့မိသားစုကိုတွေ့လိုက်ရတယ်။

လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဖြစ်သူ ရောဘတ် နဲ့ ငယ်သူငယ်ချင်း တိုးအောင်သန်း တို့ကိုပါတွေ့ရ… ။၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး နိုဝင်ဘာလ ဖမ်းဆီးထိန်းသိမ်းခံရစဉ်က အသက်သုံးနှစ်အရွယ် မူကြိုတက်နေတဲ့ တူတော်မောင်ဖြစ်သူ ကျော်ဟိန်း ( ညီဖြစ်သူ စိုးနိုင် ၏ သား ) (အဲ့ဒီအချိန်မှာ ပထမတန်းကျောင်းသား) လည်း အဖွားဖြစ်သူနဲ့အတူ သူ့ဘကြီးဖြစ်တဲ့ ကျနော့်ကိုဘူတာမှာလာကြိုကြတယ်…
" ဘဘစံ" လို့အော်ပြီး ရထားပေါ်ကဆင်းလာတဲ့ ကျနော့်ဆီအပြေးကလေးလာတယ်။အနားရောက်လာတဲ့အခါ ကျနော့်လက်ကိုဆွဲရင်း " ဘဘစံကျောင်းသွားတက်တာကလည်း ၂ နှစ်ကျော်လောက်ကြာတယ် နော်။ကြားထဲမှာလည်း သားကြီးတို့လိုမျိုး ကျောင်းပိတ်ရက်တွေလည်းမရှိဘူးလား။ ဖိုးဖိုးကြီး အိပ်သွားတဲ့အချိန်တုန်းကလည်း ပြန်လာမလားလို့ မျှော်နေသေးတယ်( သူ့ အဖိုးဖြစ်သူ ကျနော့်အဖေကွယ်လွန်သွားတာကို အိပ်နေတာလို့ပြောထားကြတာဖြစ်မယ်)…ဘဘစံ ညကျရင် သားကြီးကို ဟိုတုန်းကလိုပဲ ပုံပြင်တွေပြောပြနော် …" လို့ စကားမပီတပီနဲ့ပြောနေရှာတယ်…

အမေကတော့ ရထားမဆိုက်ခင်ဘယ်အချိန်ကတည်းက မျှော်နေခဲ့လဲမသိ…ကျနော့်ဘေးနားမှာရပ်နေရင်း ကျနော့်မျက်နှာကိုပဲ ငေးကြည့်နေ…ပါလာတဲ့ အဝတ်အစားအိတ်နဲ့ ဘူတာကြီးကနေ လမ်း ၃၀ အိမ်ကို ခါတိုင်းလိုပဲ လမ်းလျှောက်ပြန်မလို့ပဲ… ဒါပေမဲ့ ဒူးခေါင်းခွဲစိတ်ခံထားရတဲ့အမေ့ကို လမ်းသိပ်မလျှောက်စေချင်တာနဲ့ Taxi နဲ့အားလုံးပြန်ခဲ့ကြတယ်…အိမ်ရောက်လို့ တံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်ချိန်မှာ အမေဟာ အဖေ့နာမည်ကို တမ်းတစိတ်နဲ့ အော်ခေါ်လိုက်ပြီး" ရှင် သိပ်မျှော်နေတဲ့ ရှင့် သား အိမ်ပြန်ရောက်ပြီလေ…ရှင် သိပ်တွေ့ခြင်နေခဲ့တာလေ…အခုတော့ ရှင် မမြင်တွေ့လိုက်ရတော့ဘူးပေါ့ " လို့ အိမ်ရှေ့ဘုရားစင်ဘေးနားမှာ ချိတ်ထားတဲ့ အဖေ့ဓါတ်ပုံကိုကြည့်ပြီးပြောရင်း ချုံးပွဲချငိုနေရှာလေတယ်…

အိမ်အထိ အတူလိုက်ပါလာတဲ့ သူငယ်ချင်းနှစ်ယောက်လည်း စိတ်မကောင်းဖြစ်နေကြသလို မောင်ကျော်ဟိန်းလည်း ငိုမဲ့မဲ့လေးဖြစ်နေတယ်…ယခင် နှစ်ကြိမ် အိမ်ပြန်ရောက်စဉ်ကအခြေအနေမျိုးနဲ့ သိသာခြားနားစွာကွာခြားသွားတဲ့ဖြစ်ရပ်ကြီးဟာ ကျနော့်ရင်ကို ဆွဲကိုင်လှုပ်ခတ်ခံစားသွားစေခဲ့တယ်…

အဖေမရှိတော့တဲ့အချိန် အိမ်မှာမိသားစုဝင်တစ်ဦးလျှော့နည်းသွားတာဟာ သိသာလွန်းတယ်။ဘယ်လိုမှ အစားထိုးလို့မရတဲ့ လစ်ဟာလျှော့နည်းမှုလေ…၁၉၉၀ ဇူလိုင်နဲ့ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း နရသိန်းအကျဉ်းစခန်းကနေ အိမ်ပြန်ရောက်စဉ်က အခြေအနေမျိုးမဟုတ်တော့တဲ့အရာကိုလက်ခံမိပေမဲ့ ယခင် နှစ်ကြိမ်စလုံး အိမ်အပြန်ခရီးကိုစောင့်ကြိုနေတဲ့ စောင်မျှော်ခဲ့တဲ့ အဖေ့ရဲ့မျက်နှာကိုမြင်ယောင်မိကာ အဖေ့ကိုသတိရစိတ်တွေ တိုးလာခဲ့တယ်…

ကံအကြောင်းတရားတိုက်ဆိုင်ပုံကလည်း သိသာလွန်းလှတယ်…၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်း အဖေ့နောက်ဆုံးကွယ်လွန်ခဲ့တဲ့ ခေါင်းချခဲ့ရာအိမ်လေးမှာပြန်ရောက်ပြီး ၃ ရက်မြောက်နေ့မှာ…ကျနော်တို့နေတဲ့တိုက်အပါအဝင် မြို့ထဲက ဟောင်းနွမ်းအဆောက်အဦးအချို့ကို အန္တာရယ်ရှိအဆောက်အအုံစာရင်း Dangerous Building( DB)မှာပါနေတယ်ဆိုပြီး တပတ်အတွင်း နေထိုင်သူတွေကိုဖယ်ရှားခိုင်းကာ ကန်ထရိုက်နဲ့ညှိနှိုင်းပြီး တိုက်အသစ်ပြန်ဆောက်ဖို့ အရေးတကြီးဖြစ်လာခဲ့တယ်။

နဂိုမူလအခန်း အိမ်ခန်းနေရာပြန်ရမှာဖြစ်တဲ့အတွက် ကန်ထရိုက်နဲ့စာချုပ်ချုပ်ရာမှာ အဖေ့ကိုယ်စားအမေနဲ့အတူဦးစီးဦးဆောင်လုပ်ပေးရတယ်။ ဒါနဲ့ပဲ တိုက်အသစ်ပြန်ဆောက်နေစဉ်ကာလအတွင်း ယာယီပြောင်းရွှေ့နေထိုင်ဖို့ ကိုယ်နိုင်တဲ့ငွေလေးနဲ့ ကျောက်မြောင်းကျားကွက်သစ်ဖက်ကိုပြောင်းရွှေ့ဖို့ဖြစ်လာခဲ့တယ်…

အနှစ်လေးဆယ်ကျော်လောက် ၃၁ လမ်းအိမ်နဲ လမ်း ၃၀ အိမ်…အိမ်မကြီးနှစ်ခုစာနေထိုင်ခဲ့ရတဲ့ ပစ္စည်းတွေကို ပြောင်းရွှေ့ရတာဆိုတော့ စိတ်ရောလူပါပင်ပန်းတာထက် အဖေ့အမွေအဖြစ်ထားခဲ့တဲ့စာအုပ်စာတမ်း မှတ်တမ်းမှတ်ရာတွေ မပျောက်ပျက်အောင်သိမ်းဆည်းရတာပေါ့… အဖေပိုင်ဆိုင်တဲ့ စာအုပ်တွေကလည်းများတယ်လေ…ခေတ်အဆက်ဆက်သမိုင်းမှတ်တမ်းဆိုင်ရာစာအုပ်တွေ။ အတ္တုပ္ပတ္တိစာအုပ်တွေ။ ရှေ့ခေတ်ရှားပါး သတင်းစာ ဂျာနယ်တွေကို ပြောင်းရွှေ့တဲ့အခါ မပျက်ဆီးအောင်သိမ်းဆည်းပေးချိန်မှာ …ဒုတိယအကြိမ် ဖမ်းဆီးခံရစဉ်က ထောင်ထဲကနေ အဖေအမေတို့ဆီရေးခဲ့တဲ့စာများ။ ၁၉၈၈ ခုနှစ်ကာလရှားပါးဓါတ်ပုံမှတ်တမ်းအချို့ကိုပြန်ရှာတွေ့ခဲ့ရတယ်… 

အချို့စာအုပ်များနဲ့စာရွက်စာတမ်း တော်တော်များများလည်း ကျနော်ကို စစ်ထောက်လှမ်းရေးက လာဖမ်းတဲ့အခါ စစ်တပ် ရဲတွေနဲ့အတူလာဖမ်းပြီး အိမ်ပေါ်မှာရှိတဲ့တချို့ စာရွက်စာတမ်းတွေကိုရှာဖွေကြရင်း အဖေ့ရဲ စာအုပ်များကိုသိမ်းဆည်းသွားကြတယ်။ အကြောင်းကတော့ နိုင်ငံရေးနိုးကြားတက်ကြွစေတဲ့စာအုပ်တွေဆိုပြီး တရားမဝင်စာအုပ်အဖြစ်သတ်မှတ်တယ်တဲ့။ ပြီးတော့သူတို့ရဲ့မော်ကွန်းတိုက်ထဲမှာသိမ်းထားလိုက်ကြတယ်။ 

မောင်မင်းကြီးသားတို့ရဲ့ အဲ့ဒီလိုမျိုး တရားမျှတစွာဆောင်ရွက်တတ်တာ အန်ကယ်ဦးဝင်းတင်(ဟံသာဝတီ)။ကြေးမုံဦးသောင်အပါအဝင် ကျနော်တို့မိသားစုလည်းခံခဲ့ရပါတယ်။ အဖေဆိုရင် အနှစ်နှစ်အလလ သူ့ရဲ့ချွေးနည်းစာလေးတွေစုစောင်းပြီးဝယ်သိမ်းထား။စုစောင်းခဲ့ရတဲ့ စာအုပ်စာတမ်းတွေလေ…သားဖြစ်သူ ကျနော့်ကြောင့် အရာရာကိုသည်းခံပြီးနေခဲ့ရပုံပါ…

ယာယီနေထိုင်ရာအိမ်ကိုပြောင်းရွှေ့အပြီး တလအကြာမှာ အဖေ့အတွက်ရည်စူးပြီး သံဃာတော်များကို လပတ်ဆွမ်းကျွေးကပ်လှု…ပြုသမျှကုသိုလ်အဖို့ကို အမျှတမ်းပေးဝေနေချိန်မှာ အဖေ့ကိုလွမ်းဆွတ်မိရင်း မျက်ရည်တွေဝဲနေမိခဲ့တယ်…ဒုတိယအကြိမ် အဖမ်းခံရစဉ်က အဖေအမေတို့ရှေ့မှာတင် ကျနော့်ကို ဝိုင်းဝန်းချုပ်နှောင်ဖမ်းဆီးခေါ်ဆောင်သွားတာကို မြင်နေရတဲ့အဖေဟာ အဲ့ဒီညက အတော်နေထိုင်မကောင်းဖြစ်ခဲ့ရကြောင်း နောက်ပိုင်းကျမှ အမေနဲ့ညီအကိုမောင်နှမတွေပြန်ပြောပြလို့သိခဲ့ရတယ်…
တကယ်တမ်းကလည်း အဲ့ဒီကာလရဲ့ နိုင်ငံရေး ရေချိန်တင်းမာမှုကလည်း အလွန်ပြင်းထန်တယ်လေ…၁၉၉၀ ခုနှစ်ဇူလိုင်လ ဂန္ဓီခန်းမမှာပြုလုပ်ပြီးတဲ့အချိန် UNLD နဲ့ NLD တို့ပူးပေါင်းထုတ်ပြန်လိုက်တဲ့ ဗိုလ်အောင်ကျော်လမ်းပူးတွဲကြေညာချက်ဟာ နဝတစစ်အစိုးရကို ပြန်လည်စိန်ခေါ်လိုက်သလိုဖြစ်ခဲ့တယ်။နောက်ပိုင်းသိပ်မကြာခင်မှာပဲ NLD အဝေးရောက်အစိုးရဖြစ်လာတဲ့ စင်ပြိုင်အစိုးရ NCGUB ဖြစ်ချိန်မှာ ၁၉၉၀ ရွေးကောက်ခံကိုယ်စားလှယ်အများစုကိုဖမ်းဆီးထိန်းသိမ်းကာ အနှစ် ၂၀ နှစ်ကြီးပြစ်ဒဏ်တွေချလိုက်ကြတယ်။ တနိုင်ငံလုံးရှိ NLD ရုံးတွေကိုလည်း ပြန်လည်လှုပ်ရှားလို့မရအောင်ဖိနှိပ်ထားတယ်။အခြားအတိုက်အခံနိုင်ငံရေးပါတီများဖြစ်ကြတဲ့ တိုင်းရင်းသားပါတီများနဲ့ ကျောင်းသား လူငယ်များနဲ့စုဖွဲ့ထားတဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ( DPNS ) အပါအဝင် ပါတီအဖွဲ့အစည်းအများစုဟာ တင်းကျပ်တဲ့နည်းဥပဒေ အမိန်ကြေညာချက်တွေအောက်မှာပိတ်မိနေတယ်။ NLD ဌာနချုပ်ရုံးကိုလည်း ပုံမှန် ရုံးလုပ်ငန်းလည်ပတ်တဲ့သူအချို့ကလွဲရင် ကျန်ဘယ်သူမှ မလာရဲကြတော့…

ညဖက်ဆို စစ်အုပ်ချုပ်ရေးကာလဆိုတော့ ကင်းလှည့်နေတဲ့ စစ်ကားတွေ အိမ်ရှေ့နားမှာလာရပ်တိုင်း။ စစ်ထောက်လှမ်းရေးနဲ့သတင်းတပ်ဖွဲ့(SB) တွေစီးလေ့စီးထရှိတဲ့ မော်တော်ဆိုင်ကယ်ရပ်သံကြာတိုင်း အဖေနဲ့အမေဟာ သားငယ်ဖြစ်သူကျနော့်ညီဖမ်းခံရတုန်းက အတွေ့အကြုံကြောင့် အိပ်ယာထဲကနေ ခေါင်းထောင်ကြည့်မိခဲ့ရတာလည်း အကြိမ်ကြိမ်…။ 

ဒီလိုနဲ့ ၁၉၉၀ နှစ်ကုန်နဲ့ ၁၉၉၁ နှစ်လည်လောက်အထိအချိန်ဟာ စစ်အုပ်ချုပ်ရေးရဲ့တင်းကြပ်မှုအောက်မှာ အားလုံးချောင်ပိတ်မိနေကြရတယ်… နဝတ အနေနဲ့သူတို့စိတ်ကြိုက်နိုင်ငံရေးအခြေအနေကိုဖန်တီးနိုင်ချိန်လို့ယူဆပြီး ၁၉၉၁ နှစ်လည်ပိုင်းလောက်မှာ ၁၉၈၈ ခုနှစ် ဇွန်လအချိန်ကတည်းက ပိတ်ထားခဲ့တဲ့ စာသင်နှစ်အတွက်တက္ကသိုလ်ကျောင်းများ ဒီဂရီကောလိပ်များကိုပြန်လည်ဖွင့်လှစ်သင်ကြားစေခဲ့တယ်… ။ နိုင်ငံရေးအရ ပြန်လည်ဆုံစည်းဖို့ စုရပ်တခုတော့ဖြစ်လာခဲ့တယ်။ဒီအချက်ကို အမိအရစောင့်နေတဲ့သူတွေအတွက် ၁၉၈၈ စတင်ခဲ့သလိုမျိးမဟုတ်ရင်တောင် နိုင်ငံရေးအံတုမှုတခုဖြစ်ပေါ်လာဖို့အချိန်အခါကောင်းကိုစောင့်နေခဲ့ကြတယ်…။

၁၉၉၁ ခုနှစ် အောက်တိုဘာလမှာ ကမ႓ာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်ဆန်ခါတင်ဆယ်ဦးထဲမှာ အန်တီစု( ဒေါ်အောင်ဆန်းစုကြည်)ပါတဲ့အကြောင်း သတင်းဖော်ပြချက်တွေဖြစ်လာပြီး သိပ်မကြာခင်မှာ ၁၉၉၁ ခုနှစ် ကမ႓ာငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုရွေးချယ်လိုက်ကြောင်း နော်ဝေနိုင်ငံမှာရှိတဲ့ နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့မှထုတ်ပြန်ခဲ့တယ်။ ဆုပေးအပ်ပွဲကို ၁၉၉၁ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နော်ဝေနိုင်ငံအော်စလိုမြို့မှာကျင်းပမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့တယ်…၊ နိုဗယ်လ်ဆုရှင်ဖြစ်တဲ့ အန်တီစု(ဒေါ်အောင်ဆန်းစုကြည်)ခမျာမှာတော့ နေအိမ်အကျယ်ချုပ်(House Arrest) အဖြစ်ရှိနေဆဲ…။ 

အဲ့ဒီထုတ်ပြန်ချက်ထွက်ပြီး ရက်ပိုင်းလောက်မှာ ညပိုင်းရှစ်နာရီကာဖြူးအချိန်ကျော်ကာစလေးပဲရှိသေးတယ်။ ကျနော်အိမ်ရှေ့ကိုစစ်ကားများနဲ့အတူ ထောက်လှမ်းရေးတွေရောက်လာကြပြီး လက်ရှိအခြေအနေနဲ့ပက်သက်ပြီး ဆွေးနွေးမေးမြန်းစရာရှိလို့ဆိုပြီး အဖေအမေတို့ရှေ့မှာပဲ ကားပေါ်တင်ကာ အလံပြဘုရားလမ်းရှိစစ်ရုံးချုပ်ကိုခေါ်သွားခဲ့ကြတယ်…။ စစ်ရုံးချုပ်ရဲ့စစ်ဆေးခန်းမမှာ သုံးရက်ကြာစစ်ကြောမေးမြန်းပြီး နေအိမ်ကိုပြန်ပို့ပေးခဲ့တယ်… ။ သူတို့ရည်ရွယ်ချက်က ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့သဘောမျိုးပေါ့…။

(ဆွေးနွေးမေးမြန်းခဲ့တဲ့အသေးစိတ်များကို နောက်ပိုင်း အလျှဉ်းသင့်သလိုဖော်ပြပါမယ်)
တဖက်မှာလည်း ပါတီစုံရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ထားတဲ့ မြေပေါ်နိုင်ငံရေးပါတီများထဲက NLD နဲ့အချို့ပါတီတွေကလွဲရင် အခြားတိုင်းရင်းသားပါတီများနဲ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ကို တောတွင်းလက်နက်ကိုင်အဖွဲ့များနဲဆက်သွယ်တယ်ဆိုပြီး မတရားအသင်းအဖွဲ့အစည်းများနဲ့ဆက်သွယ်မှု ( ၁၇/၁ ) နဲ့ငြိတယ်ဆိုတဲ့စွတ်စွဲချက်များနဲ့ သက်ဆိုင်ရာပါတီများကိုဖျက်သိမ်းလိုက်ကြတယ်… ။ 

အလားတူ ဒီဇင်ဘာလ ၃ ရက်ဝန်းကျင်လောက်မှာ ယခင်၂ နှစ်လာက်အတွင်းက ဖမ်းဆီးထိန်းသိမ်း ထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်လောက်ကို သရက်ထောင်၊ တောင်ငူထောင်၊ သာယာဝတီထောင်စတဲ့ထောင်များကို ပြောင်းရွှေ့ထားလိုက်ကြပြီး အင်းစိန်ထောင်မကြီး သီးသန့်ထောင်(တွဲဖက်ထောင်)တွေမှာ အကျဉ်းထောင်ကို ရှင်းထားတယ်။ ကျနော့်ညီဖြစ်သူ စိုးနိုင် လည်း သရက်ထောင်ပြောင်းအုပ်စုတွေထဲမှာပါသွားတဲ့အကြောင်းသိလိုက်ရတယ်။ 

ပထမအကြိမ်ပြန်လွတ်တာ တနှစ်ကျော်ကျော်လေးရှိပေမဲ့လည်းနိုင်ငံရေး Tempo ကလည်းပြောင်းလာတော့ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် ဒီဂရီကောလိပ်အားလုံးက တချိန်တည်းတပြိုင်တည်း ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရရှိခြင်းအပေါ် ထောက်ခံဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြတယ်။ ကျောင်းသားသမဂ္ဂများတောင်းဆိုလှုပ်ရှားမှုအရှိန်အဟုန် ကြီးမားလွန်းလှတယ်။နဝတ စစ်အစိုးရကလည်း အင်အားအလုံးအရင်းသုံးပြီး တောင်းဆိုဆန္ဒပြတဲ့ကျောင်းသား/သူ အားလုံးကိုဖြိုခွင်းဖမ်းဆီးလိုက်ကြတယ်။ 

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ညဖက်မှာ ကျနော့်ကိုနေအိမ်မှာ လာဝိုင်းပြီး အဖေအမေညီအကိုများရှေ့မှာ သေနတ်တွေနဲ့ထောက်ပြီး ဖမ်းဆီးခေါ်သွားခဲ့ကြတယ်။ နဝတ စစ်အစိုးရအတွက် နောက်ဆုံးလူသိမ်းပွဲ လူဖမ်းပွဲကြီးပေါ့။ ကျနော်အပါအဝင် တက္က္တသိုလ်ကျောင်းသား/သူ ရာကျော်မျှ ဖမ်းဆီးစစ်ဆေးခံရတယ်။နောက်ဆုံး စစ်ကြောရေးပြီးလို့ ထောင်ကိုပို့ကာ ပုဒ်မ၁၀/က နဲ့လေးလခန့် ထိန်းသိမ်းထားလိုက်တယ်။၁၉၉၂ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ စစ်ခုံးရုံးအမှတ်(၁)မှာ ကျနော်၊ ကိုကိုကြီး၊ ဇော်မင်း တို့သုံးဦးကို ၁၉၅၀ခုနှစ် အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၅/ညနဲ့စွဲချက်တင်ပြီး အပြစ်ရှိ/မရှိမေးတယ်။ စွဲချက်ကိုဖြေရှင်းဖို့ ရှေ့နေငှားခွင့်မရ။ ကိုယ်တိုင်သာထုချေရမယ်ဆိုတဲ့အတွက် အပြစ်မရှိကြောင်း ကျနော်တို့သုံးဦးစလုံးဖြေရှင်းတယ်။ အပြစ်ရှိတယ်လို့ဝန်ခံရင် ဆယ်နှစ်ပဲပြစ်ဒဏ်ချမယ်လို့ ကျနော်တို့ကိုဖြောင်းဖျသေးတယ်။သို့ပေမဲ့ ပုဒ်မ ၅/ ည ရဲ့ဥပဒေပါပြဌာန်းချက်ထဲမှာ ၇ နှစ်ထက်မပိုစေရဆိုတာပါတဲ့အတွက် ဆယ်နှစ်ဆိုတဲ့အရာဟာ ကျနော်တို့ကိုခြိမ်းခြောက်နေသလိုမျိုးဖြစ်နေတယ်။ ကျနော်တို့မှနိုင်ငံရေးယုံကြည်ဖြင့်ရပ်တည်ခဲ့တာဖြစ်တဲ့အတွက် အပြစ်မရှိကြောင်းထပ်မံပြောဆိုတဲ့အခါ အိတ်ပိတ်ထားတဲ့စာအိတ်ကို စစ်ခုံရုံးဥက္ကဌမှဖွင့်ဖောက်ကာ အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၅/ည ဖြင့် ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်ကျခံစေရန် စစ်ခုံရုံးအမှတ်(၁)မှအမိန်ချမှတ်လိုက်တယ်။ အခြားကျောင်းသား/သူများကိုလည်း အနည်းဆုံးဆယ်နှစ်ပြစ်ဒဏ် ဆယ်ငါးနှစ်ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်…။ စစ်ခုံရုံးရဲ့တရားစီရင်မှုအချိန်ဟာ နာရီဝက်တောင်မကြာခဲ့။ကျောင်းသားလူငယ်တစ်ယောက်ရဲ့ဘဝကို တခါတည်းရိုက်ချိုးဖျက်ဆီးလိုက်သလိုပါပဲ…ငယ်ရွယ်တက်ကြွမှု။အနာဂတ်ကိုပုံဖော်ထုဆစ်ခြင်တဲ့ အိပ်မက်များကိုဆယ်စုနှစ် နှစ်စုဆိုတဲ့အချိန်ကန့်သတ်ချက်ဘောင်ထဲထည့်လိုက်သလိုပင်…

သရက်ထောင်ကိုပြောင်းရွှေ့ခံထားရတဲ့ ညီလေးစိုးနိုင် ထံမိသားစုဧည့်တွေ့(ထောင်ဝင်စာ)တွေ့ပြီးပြန်လာကြတဲ့ အဖေအမေတို့ အင်းစိန်ထောင်မှာရှိနေတဲ့ကျနော့်ကိုထောင်ဝင်စာပြန်လာတွေ့တဲ့အချိန်မှာ တသက်တကျွန်းပြစ်ဒဏ်အမိန့်ချခံထားရတဲ့သားတစ်ယောက်အပေါ်အားပေးစကားပြောပေးရှာတယ်။ တကယ်တမ်းက အဖေ့ရင်ထဲမှာ ဘယ်လောက်နာကျင်နေမလဲ။သားအငယ်ဆုံးဆီကို ထောင်ဝင်စာတွေ့ပြီးပြန်လာတဲ့မိဘတစ်ယောက်အနေနဲ့ နောက်ထပ်သားတစ်ယောက်ကိုထောင်ဝင်စာပြန်တွေ့နေချိန်…အဖေ့ရဲ့ခံစားချက်ကို ကျနော်နားလည်ပေးနိုင်ပါတယ််
ဒီလိုနဲ့ ၁၄ ရက်တပတ်ကျနော့်ဆီလာတွေ့လိုက်။ ကြားထဲမှာ သရက်ကိုသားအငယ်ဆုံးဆီသွားတွေ့လိုက်နဲ့ တလမှာ အင်းစိန်-သရက်ကိုခေါက်တုံ့ခေါက်ပြန်သွားနေရရှာတယ်။ ၁၉၉၃ ခုနှစ်မှာ အမိန်ကြေညာချက်အမှတ် ၁/ ၉၃ နဲ့ မူလပြစ်ဒဏ် တသက်တကျွန်းကို ဆယ်နှစ်ပြစ်ဒဏ်ပြောင်းလဲသတ်မှတ်ခံရတယ်။အင်းစိန်ထောင်မှာ လေးနှစ်ခန့်နေပြီးချိန် ၁၉၉၄ ဇွန်လ ၂၄ ရက်နေ့မှာ ကျနော်အပါအဝင် နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ ကို တောင်ငူထောင်ကိုပြောင်းရွှေ့ခဲ့ရတယ်။ ကမ႓ာကျော်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ ဒါရိုက်တာ စပီးဘတ်ခ် ရိုက်ကူးတဲ့ ရှယ်လင်ဒါစလစ်တ်( Shelinder List ) ဇာတ်ကားထဲကလိုပင် အချုပ်ခန်းရထားကြီးပေါ် သံခြေချင်းခတ်ထားတဲ့ အကျဉ်းသားတွေပတ်ပတ်လည်မှာ လုံခြုံရေးတွေထူထပ်စွာချထားတဲ့မြင်ကွင်းဟာ အတူတူပါပဲ…အလားတူ သားသမီးဖြစ်သူတွေရဲ့ သတင်းကိုကြားပြီး ရောက်ရာနေရာ ရောက်ရာအရပ်ဆီကိုလိုက်လံတွေ့ကြမယ့် ပြင်ပကမိသားစုတွေရဲ့ ခံစားချက်ပုံရိပ်တွေကိုပြန်မြင်ယောင်နေမိပါတယ်…။

( ဆက်လက်ဖော်ပြပါမည်)

အစဉ်အမြဲ မေတ္တာများဖြင့်
ကိုမြတ်စံ
29/11/2019 ( 12:30 pm)
Credit Photo- BoBo Htoon and other Documents