Breaking News

ဇင်လင်း - မြန်မာပြည်မြောက်ပိုင်းက တရုတ်နိုင်ငံလုပ် ပုခုံးထမ်း လေယာဉ်ပစ် ဒုံးလက်နက်ပြဿနာ


ဇင်လင်း - မြန်မာပြည်မြောက်ပိုင်းက တရုတ်နိုင်ငံလုပ် ပုခုံးထမ်း လေယာဉ်ပစ် ဒုံးလက်နက်ပြဿနာ

(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၉

နိုဝင်ဘာလထဲမှာ မြန်မာ့နိုင်ငံရေးနယ်ပယ်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ သတင်းတစ်ပုဒ် ပေါ်ထွက်လာတာ သတိ ပြုမိတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ပလောင်(တအန်း)အမျိုးသားလွတ်မြောက် ရေး တပ်မတော်(TNLA) က သိုလှောင်ထားတဲ့ လက်နက်ခဲယမ်း အမြောက်အမြားကို တပ်မတော်က နိုဝင်ဘာ ၂၂ ရက် နေ့ နယ်မြေရှင်းလင်းရေးလုပ်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွေမှာ ဖေါ်ပြခဲ့တယ်။ ထူးခြားတာက ဖမ်းမိတဲ့ လက်နက် တွေဟာ တရုတ်နိုင်ငံလုပ် လက်နက်တွေဖြစ်ပြီး၊ FN-6 ပခုံးထမ်းလေယာဉ်ပစ်ဒုံးလက်နက် အမျိုးအစားလည်း ပါဝင်တယ် ဆိုတဲ့အချက်ဖြစ်တယ်။ ဖမ်းမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်လို့ တပ်မတော်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် က နိုဝင်ဘာ ၂၃ ရက် နေ့လည်ပိုင်းမှာ သတင်းထောက်တွေကို ဟိုမိန်းကျေးရွာသို့ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင် ပြသခဲ့ကြောင်း ဧရာဝတီသတင်းမှာဖေါ်ပြခဲ့တယ်။ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှာ TNLA တပ် စခန်းချခဲ့တဲ့ နေရာအနီးက သိမ်းဆည်း ရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ တရုတ်နိုင်ငံထုတ် လက်နက်ပစ္စည်းတွေ ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၂၃ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်။

တရုတ်နိုင်ငံလုပ် FN-6 ပခုံးထမ်းလေယာဉ်ပစ်ဒုံးလက်နက်ကိစ္စနဲ့ပတ်သက်လို့ Asia Times Online သတင်းစာမှာ စစ်လက်နက်လေ့လာစောင့်ကြည့်သူ အန်ထိုနီဒေးဗီးစ် (Anthony Davis) ရဲ့ ဝေဖန်သုံးသပ်ချက်အချို့ဟာ စိတ်ဝင်စား စရာကောင်းရုံမက မြန်မာနိုင်ငံအနေနဲ့ ဂရုပြုသင့်တဲ့ အချက်အလက်အချို့လည်း တွေ့ရတယ်။ မြန်မာပြည်မြောက်ပိုင်း စစ်မျက်နှာမှာ MANPADS (Man-portable air-defense system) လို့ခေါ်တဲ့ အလွယ်တကူ သယ်ယူပို့ဆောင်လို့ရတဲ့ ပုခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက်ရောက်ရှိနေေကြာင်း သိရတာဟာ စိုးရိမ်စရာကောင်းတဲ့ ခြိမ်ခြောက်မှု ဖြစ်တယ်လို့ အန်ထိုနီဒေးဗီးစ် က သုံးသပ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော် (လေ)က တော်တော်လေး ထဲထဲဝင်ဝင်ပါဝင်ပတ်သက်လာတဲ့အတွက် FN-6 အသုံးပြုဖို့ စဉ်းစားခဲ့ပုံရတယ်။ ဒါဟာ ဒီဒေသ ဒီပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ Anthony Davis က ဆိုတယ်။

အခုအထိ တပ်မတော်လေယာဉ်တွေကို သာမန်လက်နက်ငယ်တွေနဲ့ မြေပြင်က ပစ်ခတ်တာကြောင့် စိုးရိမ်စရာ မရှိသေး ဘူးလို့ဆိုတယ်။ အခုအထိလည်း MANPADS အမျိုးအစား ပခုံးထမ်းလေယာဉ်ပစ်ဒုံးနဲ့ ပစ်ခတ်တာမျိုး မြန်မာပြည်မှာ မရှိသေးပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံလုပ် FN-6 ရောက်ရှိနေတဲ့အကြောင်း သိရှိလာရချိန်မှာ မြန်မာ လေသူရဲတွေအနေနဲ့ ဘယ်လို နည်းဗျူဟာအသစ်နဲ့ခုခံကာကွယ်ရမလဲလို႕ စဉ်းစားထားရတော့မယ်လို့ Anthony Davis က သုံးသပ်ထား တယ်။ တစ်ဆင့်မြှင့်ပြီး စဉ်းစားမယ်ဆိုရင် MANPADS ပခုံးထမ်းလေယာဉ်ပစ်ဒုံးတွေဟာ အလွယ်တကူ ရောက်လာနိုင်တဲ့ အတွက် တပ်မတော်လေယာဉ်တွေသာမက အရပ်ဖက် ခရီးသည်လေယာဉ်တွေအတွက်ပါ စိုးရိမ်စရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။ အထူးသဖြင့် မြောက်ပိုင်းဒေသရှိ လာရှိုး၊ မြစ်ကြီးနားနဲ့ မန္တလေး လေယာဉ်ကွင်းတွေ အပြင် ရခိုင်ဖက် က လေယာဉ်ကွင်းတွေကိုလည်း ခြိမ်ေးခြာက်လာနိုင်တယ်လို့ အန်ထိုနီဒေးဗီးစ် က ဆိုတယ်။

ပခုံးထမ်းလေယာဉ်ပစ်ဒုံးကို တိုက်ပွဲနယ်မြေမှာ တွေ့လာရတာနဲ့တစ်ပြိုင်နက် အရပ်ဖက်စီးပွားဖြစ် လေကြောင်းခရီးစဉ် တွေ အတွက်လည်း စိုးရိမ်စရာအဖြစ် ထည့်တွက်ထားရမယ်လို့ဆိုတယ်။ ဥပမာအားဖြင့် ၂၀၁၄ ဇူလိုင်လတုံးက မလေးရှား လေကြောင်း ခရီးစဉ္ Flight MH17 ေလယာဉ်ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှ ပစ်ချခံရပြီး ခရီးသည် ၂၉၈ ဦး အသက် ဆုံးရှုံးခဲ့ဖူးတယ်လို့ ထောက်ပြထားပါတယ်။ MH17 (Boeing 777) လေယာဉ်ကို ပစ်ချခဲ့တဲ့ Buk SA-17 အမျိုးအစား ဒုံးလက်နက်ဟာ Fei Nu-6 or FN-6 ပုခုံးထမ်းဒုံးလို သယ်ယူပို့ဆောင်ရ မလွယ်ကူဘူးလို့ဆိုပါတယ်။ ဒါတင်မက တရုတ် နိုင်ငံလုပ် FN-6 ဒုံးလက်နက်ဟာ အမြင့်ပေ နိမ့်နိမ့်ပျံသန်းတဲ့ လေယာဉ်တွေကို ပစ်ချဖို့ နောက်ဆုံးပေါ်နည်းပညာ အသုံးပြု ထုတ်လုပ်ထား တာဖြစ်တယ်လို့ အန်ထိုနီဒေးဗီးစ် က ဆိုတယ်။

FN-6 ဒုံး လက်နက်တွေကို အရှေ့အလယ်ပိုင်းဒေသမှာ တွင်တွင်ကျယ်ကျယ်အသုံးပြနေပြီး၊ ဆီရီးယားစစ်ပွဲမှာ ၂၀၁၃ ခုနှစ် ကစတင်အသုံးပြုခဲ့တယ်လို့ဆိုတယ်။ ဆီးရီးယားအိစိုးရရဲ့ ရဟတ်ယာဉ္ေတြ ေလယာဉ်တွေကို ပစ်ချရာမှာ အသုံးပြု ခဲ့ကြောင်းသိရတယ်။ အခု မြန်မာနိုင်ငံမှာ တပ်မတော်က သိမ်းဆည်းရမိခဲ့တဲ့ တရုတ်နိုင်ငံထုတ် FN-6 ပခုံးထမ်း လေယာဉ် ပစ်ဒုံး လက်နက်ဟာ ၀ တပ်ဖွဲ့(UWSA) ရဲ့လက်နက်တိုက်ကတဆင့် ပလောင်(တအန်း)အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထံသို့ ရောက်ရှိခဲ့ပုံရတယ်လို့ဆိုတယ်။ TNLA, MNDAA နဲ့ AA တို့ဟာ UWSA ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် FN-6 လက်နက်ရရှိခဲ့ပုံရတယ်။

၁၉၈၉ ခုနှစ်ကတည်းက တပ်မတော်နဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ၀ဒေသဟာ နှစ်ပေါင်း ၃၀ လောက် အခြေ အနေ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တယ်လို့ဆိုတယ်။ MANPADS အမျိုးအစား ပခုံးထမ်းလေယာဉ်ပစ်ဒုံးလက်နက်ရရှိဖို့ UWSA ဟာ ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက တရုတ်နိုင်ငံကို ချဉ်းကပ်ခဲ့တယ်လို့ဆိုတယ်။ ပထမအဆင့်အနေနဲ့ တရုတ်ထံက HN-5A အမျိုးအစား ဒုံးလက်နက်ကို UWSA စတင်ရရှိတယ်လို့ဆိုတယ်။ ၁၉၇၃ ယွန်ကစ်ပူစစ်ပွဲ (Yom Kippur War) အတွင်းမှာ အီဂျစ်က အစ္စရေးလ် လေယာဉ်တွေကို ပစ်ချရာမှာ HN-5A အသုံးပြုခဲ့တယ်လို့ဆိုတယ်။ ၂၀၁၂ ခုနှစ်မှာ UWSA တပ်ဖွဲ့က လေကြောင်းရန်ကာကွယ်ရေးအဆင့်မြှင့်တင်ရာမှာ FN-6 ပခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက် တတ်ဆင်ခဲ့ကြောင်း အန်ထိုနီဒေးဗီးစ် က ဆိုတယ်။ FN-6 ဒုံးလက်နက်ဟာ အလက်ထရိုမဂ္ဂနက်တစ် ဒစ်ဂျစ်တယ်နည်း ပညာနဲ့ထိန်းကျောင်းပြီး အမြင့် မီတာ ၆ ထောင်ခန့်အထိ ပစ်ခတ်နိုင်တယ်လို့ဆိုတယ်။

၂၀၀၉ ခုနှစ်မှာ တပ်မတော်က ယခင်ကွန်မြူနစ်အုပ်စုဝင် ကိုးကန့်တပ်(MNDAA)ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ကြီးကြီးကျယ်ကျယ် ထိုးစစ်ဆင်ခဲ့တယ်။ အဲဒီ တိုက်ပွဲတွေ ကြောင့် ဒုက္ခသည် ထောင်ချီပြီး တရုတ်နယ်စပ်ဖြတ်ကျော် ရောက်ရှိလာခဲ့တယ်လို့ဆိုတယ်။ ၀ အထူးဒေသကို အလားတူ ထိုးစစ်ဆင်မှုမျိုးပေါ်ပေါက်ခဲ့မယ်ဆိုရင် သံလွင်မြစ်အရှေ့ဘက်ကမ်း တရုတ်ရဲ့ အနောက်တောင်နယ်ခြားဒေသကို မတည် မငြိမ် ဖြစ်နိုင်တယ်လို့ဆိုတယ်။ အဲဒီလို စစ်ပွဲနယ်ကျယ်လာမှာကို စိုးရိမ်တာကြောင့် ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေ မှာ UWSA ရဲ့ ကာကွယ်ရေးစွမ်ရည်အဆင့်မြှင့်ဖို့ အရေးပေါ်ဆောင်ရွက်ခဲ့တယ်လို့ဆိုတယ်။ ဒါကြောင့် UWSA တပ်ဖွဲ့ဟာ သံချပ်ကာ ယာဉ်တွေ၊ အမြောက်လက်နက်ကြီးတွေ၊ မြေပြင်မှမြေပြင်ပစ် ဒုံးလက်နက်တွေ၊ ပိုမိုခေတ်မီတဲ့ လက်နက်ငယ်တွေ တတ်ဆင်နိုင်ခဲ့တယ်လို့ဆိုတယ်။ အဲဒီအထဲမှာ MANPADS အမျိုးအစား ပခုံးထမ်းလေယာဉ်ပစ်ဒုံးလက်နက်ေတွ လည်း တတ်ဆင်ခွင့်ရရှိလာတယ်လို့ Anthony Davis က ဆိုတယ်။ ၀ မြို့တော် ပန်ဆန်း (Panghsang) မှာ ၂၀၁၉ ဧပြီ လမှာ ပြုလုပ်ခဲ့တဲ့ အပစ်ရပ် နှစ်၃၀ ပြည့်အခမ်းအနား စစ်ရေးပြပွဲမှာ FN-6 ပခုံးထမ်းလေယာဉ်ပစ်လောင်ချာကို ထုတ်ဖေါ် ပြသခဲ့ကြောင်း ၎က ဆိုတယ်။

တပ်မတော်အနေနဲ့ UWSA ကို ထိုးစစ်ဆင်ရေး အစီအစဉ် ရှိပုံမရသေးပေမယ့်၊ သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကချင်တပ်ဖွဲ့ (KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ပလောင်(တအန်း)တပ်ဖွဲ့(TNLA)၊ ရခိုင်တပ်ဖွဲ့ (AA) တို့နဲ့ ၂၀၁၄ ခုနှစ်က စပြီး တိုက်ပွဲတွေ ဖြစ်နေခဲ့တယ်။ UWSA အနေနဲ့ သံလွင်မြစ်ဆိုတဲ့ သဘာဝအကာအကွယ်ကို ရရှိထားတပြီး၊ ဗျူဟာမြောက် ခုခံစစ်ဆင်နွှဲဖို့ ပြင်ဆင်ထားတယ်လို့ဆိုတယ်။ အဲဒီလို ပြင်ဆင်ထားပြီး သူ့ရဲ့မြောက်ပိုင်းမဟာမိတ်တွေကို စစ်သင်တန်း ပေးခြင်းနဲ့ လက်နက်ခဲယမ်းထောက်ပံ့ခြင်းအားြဖင့် ကူညီတယ်လို့ဆိုတယ်။ ဒီနည်းနဲ့ တပ်မတော်ကို အခက်တွေ့ လက်ပန်းကျအောင် လုပ်နေတယ်လို့ အန်ထိုနီဒေးဗီးစ် က သုံးသပ်ထားတယ်။

စနစ်တကျ သိုလှောင်ထားတဲ့ UWSA ရဲ့ လက်နက်တိုက်က ရောင်းချပေးတဲ့ လက်နက်တွေထဲမှာ ကျည်ဆံနဲ့ဒေသတွင်း ဖြစ် လက်နက်ငယ်တွေလည်း ပါတယ်လို့ဆိုတယ်။ အရေးကြီးတဲ့လက်နက်တွေထဲက ၁၀၇ မမ မြေပြင်မှမြေပြင်ပစ် ဒုံး လက်နက်တွေပါတယ်လို့ဆိုတယ်။ ဒီလက်နက်တွေက စစ်အခြေစိုက်စခန်းတွေ၊ လေယာဉ်ကွင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့၂ နှစ်လောက်က လက်ရှိအခြေအနေမျိုးအထိ စစ်ဘောင်ကျယ်လာနိုင်တယ်ဆိုတာ မှန်းဆချက်သာ ဖြစ်ပေမယ့်၊ အခု ၂၀၁၉ ခုနှစ် ရခိုင်ဒေသမှာ AA နဲ့ဖြစ်တဲ့ တိုက်ပွဲတွေအရ မှန်းဆချက်တွေ မှန်ကြောင်း ထင်ထင်ရှားရှားတွေ့လာရတယ်လို့ အန်ထိုနီဒေးဗီးစ် က သူ့ဆောင်းပါး - China’s mobile missiles on the loose in Myanmar - မှာ သုံးသပ်ဖေါ်ပြထားတယ်။

ဒါပေမယ့် လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာတော့ တပ်မတော်(လေ) အနေနဲ့အခက်အခဲ မရှိ လွယ်လွယ်ကူကူပဲ အသာစီးရရှိထားတာတွေ့ရတယ်။ ဒါကြောင့် ဒီအချက်က UWSA အနေနဲ့ MANPADS ပခုံးထမ်း လေယာဉ်ပစ်ဒုံးတွေကို သူ့ရဲ့မဟာမိတ်တွေထံ လိုလိုလားလား ရောင်းချပေးခြင်းမရှိဘူးလို့ဆိုတဲ့သဘော သက်ရောက် ကြောင်း အန်ထိုနီဒေးဗီးစ် က သူ့ဆောင်းပါးမှာ သုံးသပ်ဖေါ်ပြထားတယ်။ ၂၀၁၂ ခုနှစ်ကစပြီး လေကြောင်းတိုက်ခိုက်မှု တွေ တိုးတက်များပြားလာပေမယ့် ပခုံးထမ်း လေယာဉ်ပစ်ဒုံးတွေနဲ့ ပစ်ခတ်တာမျိုးမရှိသေးပါဘူး။ ဒီအချက်က ဘာကို ပြသနေသလဲဆိုရင် တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့မဟာဗျူဟာမြောက်လက်နက် လွှဲပေးခွင့်/အသုံးပြုခွင့်အေပါ်မှာ ဗီတို အာဏာနဲ့ တားမြစ်ထားတဲ့ သဘောဖြစ်တယ်။ မဟာဗျူဟာလက်နက်ကို အသုံးပြုခွင့်ပေးလိုက်ခြင်းအားြဖင့် စစ်ပွဲရဲ့ သဘောသဘာဝအပေါ် သြဇာသက်ရောက်သွားရုံမက၊ တရုတ်နိုင်ငံက နေပြည်တော်နဲ့သံတမန်ဆက်ဆံရေးအရ ဂရုတစိုက် ချိန်ခွင်လျှာညှိထားတဲ့ အခြေအနေအပေါ်လည်း သက်ရောက်မှု ရှိသွားနိုင်တယ်လို့ ယူဆထားတယ်။

အဲဒိလို ကာလရှည်ကြာရှိနေခဲ့တဲ့ ယူဆချက်ဟာ နိုဝင်ဘာ ၂၂ ရက်က နမ်ဆန်မှာ FN-6 ရှာဖွေတွေ့ရှိခဲ့မှုကြောင့် ပျက်ပြယ် သွားပြီလို့ဆိုနိုင်ကြောင်း အန်ထိုနီဒေးဗီးစ်က သုံးသပ်တယ်။ ဘာကြောင့်လဲဆိုရင် MANPADS အမျိုးအစားFN-6 ပခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက်ကို သံလွင်မြစ်ရဲ့တစ်ဖက်ကမ်း ရှမ်းမြောက်ဒေသမှာတွေ့ရတဲ့အတွက် ထိန်းချုပ်ထားမှုကနေ လွတ်ထွက်လာပြီလို့ ဆိုနိုင်ကြောင်း အန်ထိုနီဒေးဗီးစ် က ဆိုတယ်။ ဒီအပြင် ၁၀၇ မမ မြေပြင်မှမြေပြင်ပစ် ဒုံးလက်နက် တွေ မကြာသေးမီက ပြန့်ပွားလာခြင်းရဲ့ အဓိပ္ပာယ်ကလည်း ဘာကိုအချက်ပြနေတာလဲ။ သဘောကတော့ MANPADS အမျိုးအစား FN-6 ပခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက်တွေ မကြာခင်မှာ ရခိုင်နဲ့ ကချင်ဒေသတွေမှာ တွေ့ကောင်း တွေ့ လာရနိုင်တဲ့ သဘောဖြစ်တယ်လို့ သူက သုံးသပ်ထားတယ်။

ပလောင်(တအန်း)တပ်ဖွဲ့(TNLA) အနေနဲ့ FN-6 ကို ဘယ်ကရသလဲဆိုတဲ့ အချက်က အရေးပါတဲ့ ကိစ္စဖြစ်လာပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်အဆင့်မြင့် အရာရှိတစ်ဦးက FN-6 ရဲ့ ကာလ ပေါက်ဈေးဟာ အမေရိကန်ဒေါ်လာ ၆၀,၀၀၀ နဲ့ ၉၀,၀၀၀ အကြားရှိကြောင်း ထောက်ပြသွားပြီး၊ ဒီငွေကြေးပမာဏကို TNLA အနေနဲ့ဘယ်ကရသလဲ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ပတ်သက်နေသလား စသဖြင့် ဝေဖန်သွားကြောင်း သူ့ ဆောင်းပါးမှာ ဖေါ်ပြထားတယ်။ အဲဒီ ဝေဖန်စွပ်စွဲချက်က ဒီထက် နက်နဲကျယ်ပြန့်တဲ့ အချက်ကို လျစ်လျူပြုလိုက်သလို ဖြစ်တယ်လို့ အန်ထိုနီဒေးဗီးစ်ကဆိုတယ်။ တကယ့်သော့ချက် ပြဿနာက UWSA ဟာ တရုတ်နိုင်ငံရဲ့ ကန့်သတ်ချက်ကို မလိုက်နာဘဲ၊ သံလွင်မြစ် အနောက်ဖက်ကမ်းက မဟာမိတ်တွေကို FN-6 အမျိုးအစား ပခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက် ရောင်းလိုက်ပြီလား ဆိုတဲ့အချက် ဖြစ်တယ်။ ဒါက ဖြစ်နိုင်ခြေတော့ အလွန်နည်းပါတယ်။

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ ၀ အထူးဒေသကို ကျောထောက် နောက်ခံပေးထားတဲ့ တရုတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ၀အဖွဲ့က ပျက်ပြားအောင် လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုနိုင်တယ်။ ဒါမှမဟုတ် MANPADS အမျိုးအစား FN-6 ပခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက်ကို UWSA အနေနဲ့ လက်ပြောင်းလက်လွှဲ မလုပ်ရဆိုတဲ့ တားမြစ်ချက်ကို တရုတ်စစ်ထောက်လှမ်းရေးအာဏာပိုင်တို့ ကိုယ်တိုင်က ပယ်ဖျက် ပေးလိုက်ပြီလားဆိုတဲ့ အချက်ကို စဉ်းစားရမှာဖြစ်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် တပ်မတော်ရဲ့ လုပ်ဆောင်နေဆဲ စစ်ဆင်ရေးတွေ ရပ်စဲစေဖို့ ဖိအားပေးမှု တိုးမြှင့်လိုက်သလိုဖြစ်နိုင်တယ်လို့ဆိုတယ်။ ဒါမှသာ မြောက် ပိုင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်လာနိုင်စရာရှိတယ်လို့ Anthony Davis က သုံးသပ်ထားတာ တွေ့ရတယ်။

ဒါမှမဟုတ် တပ်မတော်အနေနဲ့ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ သိုလှောင်ထားတဲ့ FN-6 အပါအဝင် လက်နက်ခဲယမ်း တွေ တည်ရှိတဲ့နေရာကို တမင်တွေ့ရှိအောင် အကွက်ဆင်ထားတာလားလို့လည်း ယူဆစရာဖြစ်တယ်။ ဆိုလိုတာက MANPADS ပခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက် မြန်မာပြည်မြောက်ပိုင်းမှာ ရောက်နေပြီဆိုတဲ့ အချက်ကို သတိပေးလိုတဲ့ အတွက် ဖြစ်တယ်။ ဒီလိုအချက်ပေးတာဟာ တပ်မတော်အနေနဲ့မူဝါဒပြောင်းဖို့လိုပြီလို့ သတိပေးရုံပဲ ဖြစ်တယ်။ ဒီလို သတိပေးတာကို လျစ်လျူရှုခဲ့ရင်တော့ လာမယ့် ခြောက်သွေ့ရာသီ မြောက်ပိုင်းဒေသမှာ သိသိသာသာ စစ်ရှိန်မြင့်လာ နိုင်တယ်လို့ ဆိုတယ်။ ဘယ်လိုပဲဆိုစေ မြန်မာပြည်မြောက်ဖက်ပိုင်းနဲ့အေနာက်ဖက်ပိုင်းမှာ MANPADS ပခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက်တွေ ရောက်ရှိလာနိုင်တဲ့ကိစ္စဟာ အလေးအနက် စဉ်းစားရမယ့် ပြဿနာဖြစ်လာနေတယ်။

အဲဒီ FN-6 လက်နက် မြန်မာပြည် စစ်မြေပြင်မှာ အသုံးပြုလာမယ်ဆိုရင် ရုရှားလုပ် Mi-17 ရဟတ်ယာဉ်တွေဟာ အရင်ဆုံး ပစ်ချ ခံရမယ့် ပစ်မှတ်တွေဖြစ်လာလိမ့်မယ်။ နောက် စစ်ဖက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေလည်း ပစ်မှတ် ဖြစ်လာ မယ်။ အဲဒီထဲမှာ ခေတ်မမှီတော့တဲ့ တရုတ်နိုင်ငံလုပ် A-9 ‘Fantans’ နဲ့ ရုရှားလုပ် Yak-130 လေယာဉ်တွေလည်း ပစ်မှတ်ဖြစ်လာမယ်လို့ဆိုတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ရုရှားကဝယ်ယူခဲ့တဲ့ Yak-130 လေယာဉ်တွေကို လက်ရှိ ရခိုင်ဒေသ စစ်ဆင်ရေးမှာ အသုံးပြုနေတာဖြစ်တယ်လို့ဆိုတယ်။ အထူးသဖြင့် လာရှိုးနဲ့ စစ်တွေလေဆိပ်တွေမှာ အတက် အဆင်းလုပ်နေတဲ့ ATR-42 နဲ့ ATR-72 လေယာဉ်တွေဟာ အရပ်ဖက် စစ်ဖက် နှစ်နေရာလုံးမှာ အသုံးပြုနေတဲ့ အတွက် ပိုမိုခြိမ်းခြောက်ခံရဖွယ်ရှိေကြာင်း Anthony Davis က သုံးသပ်ထားတာတွေ့ရတယ်။

ယခုရက်ပိုင်းအတွင်း နိုဝင်ဘာ ၁၁ ရက်မှ ၂၂ နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုတယ်။ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်မှု ရှိခဲ့ကြောင်း ၎င်းက ဆိုတယ်။ တိုက်ပွဲတွေ ကြောင့် နမ့်ဆန်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲတို့မှာ တပ်မတော် နဲ့ TNLA အကြား စစ်ရေးတင်းမာနေ တယ် လို့ ဧရာဝတီသတင်းအရ သိရတယ်။ မြောက်ပိုင်းမှာ စစ်ရေး နိုင်ငံရေး တင်းမာမှု ရေချိန်မြင့်လာတာနဲ့အမျှ FN-6 ပခုံးထမ်း လေယာဉ်ပစ်ဒုံးလက်နက်တွေ ရောက်ရှိလာနိုင်တဲ့ကိစ္စဟာ ဖြစ်နိုင်ခြေပိုမိုမြင့်တက်လာဖွယ်ရှိတယ်လို့ဆိုတယ်။ အဲဒီ MANPADS ဒုံးလက်နက် ဖြန့်ကျက်လာမယ့် ကိစ္စဟာ တပ်မတော်အတွက် စိုးရိမ်စရာ သတိပေးခြိမ်းခြောက်မှုဖြစ်လာ နိုင်တာကို သတိပြုရမှာဖြစ်ကြောင်း အန်ထိုနီဒေးဗီးစ် က သူ့ဆောင်းပါး - China’s mobile missiles on the loose in Myanmar - မှာ သုံးသပ်ဖေါ်ပြထားတယ်။

၂၀၁၉ ဒီဇင်ဘာ ၇ ရက်၊ စ နေ နေ့ထုတ် သူရိယ နေဝန်း ဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။