Breaking News

မောင်ရစ် - စာကြည့်တိုက် ဗုံးလန့်ခဲ့စဉ် ခန ...

San Francisco State University - J Paul Leonard Library


မောင်ရစ် - စာကြည့်တိုက် ဗုံးလန့်ခဲ့စဉ် ခန ...

(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၉
မနေ့က  (နိိုဝင်ဘာ ၂၆၊ ၂၀၁၉) ဖေ့စ်ဘွတ်တန်းလန်း (timeline) မှာ တင်မိတယ်။ စာကြည့်တိုက်မှာ ဗုံးလန့်တယ်။ လွတ်ရာရှောင်ရတယ်။ ဘာဘာညာညာပေါ့။ ဖေ့စ်ဘွတ်မှာ လိုက်ခ်ချူသလိုမျိုးပေါ့။ ဘာရယ်လို့ မဟုတ်ပါ။ ဘာမှမဖြစ်လို့ ဖေ့စ်ဘွတ်တင်နိုင်တာပေါ့။ တကယ်ဖြစ်လို့ကတော့ တင်ဖို့တောင် အချိန်ရလိုက်မှာ မဟုတ်ပါ။ ဗုံးလန့်တော့ လူတွေအကုန် အဆောက်အဦထဲက ထွက်ပေးရတယ်။ သည်တော့ ကျောင်းနားက ဘာဂါဆိုင်သွားထိုင် လေပန်းနေကြရတာပေါ့။

ပြောချင်တာက ဒီလို။ တက္ကသိုလ်က စာကြည့်တိုက်တွေနဲ့ အပြင်လူတွေနဲ့ ဆက်ဆံရေးပါ။ ကျောင်းစာကြည့်တိုက်ဆိုတာက အပြင်လူတွေလည်း လာပြီး သုံးလို့ရတယ်။ တခါးမရှိ ဒါးမရှိ။ ကွန်ပြူတာသုံးချင်ရင် community user account တောင်းပြီး သုံး။ စာကြည့်တိုက်ကောင်တာက အိုင်ဒီတောင်းကြည့်ပြီး ထုတ်ပေးလိုက်တာပဲ။ ယာယီကွန်ပြူတာအကောင့်နဲ့ ကွန်ပြူတာကို လော့ဂ်အင်ဝင်ပြီး လွတ်လပ်စွာသုံးပါ။ အချိန်ကန့်သတ်တာတော့ ရှိတာပေါ့။ စာအုပ်တော့ ငှားလို့မရဘူး။ ငှားချင်ရင် firends of the library member ဝင်ရတယ်။ သူက တနှစ်စာ ငွေကြေးကုန်ကျမှု နဲနဲရှိတယ်။ သည်တော့ အပြင်လူတွေက ကွန်ပြူတာလာသုံးတာ များတယ်။ ပြီးတော့ စာကြည့်တိုက်ကွန်ပြူတာတွေမှာ electronics database ဝက်ဆိုက်တွေက ဖရီးဆိုတော့ free ebooks တွေက ရှာတတ်ရင် အလကားထိုင်ဖတ်။

အပြင်လူတွေက စာကြည့်တိုက်ထဲမှာ ဘယ်နေရာမှာဖြစ်ဖြစ် သွားပြီး ခုံနဲ့ စာပွဲနဲ့ ထိုင်ပြီး စာဖတ်နေ၊ နားနေ၊ ကွန်ပြူတာသုံး၊ အိပ်နေလို့ ရပါတယ်။ အိမ်သာလည်း အခမဲ့သုံးလို့ရတယ်။ စာကြည့်တိုက်ထဲက ကာဖီဆိုင်မှာ ကာဖီ လဘက်ရည် ဝယ်သောက်ပြီး အားပေးလည်း ရတယ်။

သည်တော့ 'အပြင်လူ' ဆိုတာက ကျယ်ဝန်းလေးနက်လာပြီ။ အပြင်လူဆိုတာက ကျောင်းသားမဟုတ်သူ၊ အနီးဝန်းကျင်ကလူ အပြင် ဆန်ဖရန်၏ နာမည်ဆိုးတခုဖြစ်တဲ့ homeless တွေ ... အိုးအိမ်မဲ့တွေလည်း ပါဝင်တယ်ဆိုတာ ရိပ်မိလောက်ပြီ ထင်ပါတယ်။ သည်တော့ ကျောင်းစာကြည့်တိုက်မှာ အိုးအိမ်မဲ့တွေလည်း လာရောက် အနားယူကြပါတယ်။ စာကြည့်တိုက်ဖွင့်ချိန်အတွင်း ခိုလှုံကြပါတယ်။ သိပ်အများကြီး မဟုတ်ပါ။ ၅ ဦးကနေ ၁၀ ဦးခန့် ရှိတတ်ပါတယ်။

သူတို့အများဆုံး ကျက်စားတာက ကွန်ပြူတာလက်ဘ်ခန်းမတွေ။ ကျောင်းသားတွေနဲ့အတူ ကွန်ပြူတာသုံး ခိုလှုံကြတယ်။ ကျောင်းက လုံခြုံရေးဝန်ထမ်း (community officer) တွေကလည်း အမြဲစောင့်ကြည့်နေရပါတယ်။ homeless တွေထဲမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူတွေ (ယဉ်ယဉ်လေးတွေ) ပါတော့ သူတို့ကို ဂရုစိုက်ရတယ်။ သတိပေးရတယ်။ အရေးယူရတယ်။ (စာကြည့်တိုက်ကို ၁ပတ် မလာရဆိုပြီး ဒဏ်ပေးသလိုမျိူး)။ ဘာပဲဖြစ်ဖြစ် လာနေတာပါပဲ။ ယဉ်ယဉ်လေးနဲ့ ပြသနာရှာတာတွေလည်း လုပ်တာပါပဲ။ ကိုယ်ထိလက်ရောက်တွေရှိရင်တော့ ကျောင်းက ပုလိပ်တွေ လာပြီး ရှင်းရတယ်။ ထောင်တန်း အချုပ်ထဲ ရောက်ကုန်တာ တွေ ရှိပါတယ်။ ဒါက အပြင်လူတွေအကြောင်း ဋီကာချဲ့တာ။

မနေ့က ဖြစ်ချင်တော့ ယဉ်ယဉ်လေးနဲ့ စိတ်ပေါ့သွပ်နေသူ အိုးအိမ်မဲ့တယောက်ကြောင့် စာကြည့်တိုက်တခုလုံး ကာလနာတိုက်တာလို့ ဆိုကြပါစို့။ ကိုယ့်ဆရာက ဒုတိယထပ်က ကျားအိမ်သာမှာ ၁ နာရီကျော်ခန့် ကိုယ်လက်သန့်စင်နေတယ်။ ကျနော်တို့ ကွန်ပြူတာဌာနက လူတိုင်း တွေ့ကြတယ်။ အိမ်သာမှာ ရေချိူးခန်းမရှိသော်လည်း လက်ဆေးခွက်နဲ့ ရေဖွင့်ပြီး ရေပတ်တိုက်၊ မုတ်ဆိတ်ရိတ်၊ အဝတ်လဲ၊ စိန်ပြေနပြေလုပ်ပြီးမှ ကျောပိုးအိတ်၊ လက်ဆွဲအိတ်၊ အိပ်ရာလိပ်တွေ သယ်ပိုးပြီး ပထမထပ်မှာ ရှိတဲ့ research commons လို့ခေါ်တဲ့ ကွန်ပြူတာခန်းမကို ဆင်းသွားတာပါ။ အဲသည်မှာ သူက ကောင်တာက ကျောင်းသားကို ပြောလိုက်တယ်။ 'မင်းတို့အားလုံးကို သတ်ပစ်မယ်၊ စာကြည့်တိုက်တခုလုံးကို ဗုံးထောင်ထားလိုက်ပြီ" တဲ့။

ကိုယ့်ဆရာက အဲသလိုလျောက်ပြောနေမှတော့ သည်အတိုင်းထားလို့ မရတော့ဘူးလေ။ community officer ကို အကြောင်းကြား၊ ပုလိပ်ကို ခေါ်။ ပုလိပ်က သူ့ကို ဝင်ပြီး ဖမ်း၊ လက်ထိပ်ခပ်၊ တနေရာမှာ ထိုင်ခိုင်းပြီး စစ်ချက်ယူ။ ဆရာသမားကလည်း သူ့ဇာတ်လမ်းကို လုံး၀မလျော့တော့ ... လုပ်ထုံးလုပ်နည်းနဲ့အညီ စာကြည်တိုက်တခုလုံး လူတွေ ရှင်း၊ ပုလိပ်တွေ ထပ်ခေါ်၊ ရှင်းလင်းရေးတွေ လုပ်ရတော့တာပေါ့။ သူ့အထုတ်တွေကို bomb squad ဗုံးရှင်းအဖွဲ့နဲ့ ခေါ်ရှင်း။

စာကြည့်တိုက်ကိုလည်း ပထမအဆင့် သတိပေးချက်ကနေ လျော့ချ။ စိတ်ချရပြီဆိုသော်လည်း စာကြည့်တိုက်ကို ဒီနေ့တော့ ပိတ်လိုက်ပြီ၊ ပြန်မဝင်ရတော့ဘူး၊ အိမ်ပြန်ကြတော့လို့ ထုတ်ပြန်ရပါတယ်။ (ဒါတွေကို အားလုံးထံ အီးမေး၊ SMS ၊ ဖုံးတွေနဲ့ အပ်ဒိတ်လုပ်နေတာပါ)။

ဒီလူ မဟုတ်တာပြောနေတာမှန်း သိပေမယ့်လည်း ဒါကို ပေါ့ဆလို့ မရပါ။ လုပ်ထုံးလုပ်နည်း ပြဌာန်းထားသည်နဲ့ အညီ ဆောင်ရွက်ရတာဖြစ်ပါတယ်။ တကယ်ဖြစ်ရင်လည်း သည်လိုပဲ လုပ်ရတာကိုး။ ကျနော်တို့ စာကြည့်တိုက်မှာ မီးခနခန လန့်တယ်။ အပြင်လူတွေက အိမ်သာထဲမှာ ဆေးလိပ်ထိုင်သောက်တတ်လို့။ ရေလည်း ခနခနလန့်တယ်။ တချို့လူတွေက ရေဘုံပိုင်ဖွင့်ပြီး ပြန်မပိတ်ဘူး။ အခုတော့ ဗုံးလန့်တယ်။

(ဓာတ်ပုံက နိင်စိုး၊ သူ့အိုင်ဖုံးက သိပ်ကောင်းတယ်ဆိုပဲ။ ဒါနဲ့ သူ့ပုံတွေ ယူသုံးလိုက်တယ်။)