Breaking News

ဒေါက်ထက်(UK) - ဒစ်ဂျစ်တယ်သွေးပေါင်ချိန်စက်၊ ဦးနှောက်အစစ်နှင့် ဆားပုလင်းဒေါက်


ဒေါက်ထက်(UK) - ဒစ်ဂျစ်တယ်သွေးပေါင်ချိန်စက်၊ ဦးနှောက်အစစ်နှင့် ဆားပုလင်းဒေါက်ထက်

(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၉

"ဒေါက်တာထက် နောက်လူနာကြည့်ဖို့ ရယ်ဒီပဲ"

ယူကေ၊ ဆန်းဒါးလန်းဆေးရုံ နှလုံးအထူးကုရောဂါဌာနတွင် မိမိကိုကူဖို့ တာဝန်ကျသော သူနာပြုဆရာမဂျဲနစ်စ်က ဒေါက်ထက်ကို အကြောင်းကြားပါသည်။ အဲဒါနဲ့ ကွန်ပြူတာပေါ်က လူနာမှတ်တမ်းကိုကြည့်လိုက်ပါသည်။ သွေးပေါင်ချိန်က အထက်သွေးက ၇၂ အောက်သွေးက ၆၁၊ သွေးခုံနှုံးက တမိနစ်ကို ၁၀၅ချက်။ အမှန်သာဆိုလျှင်တော့ သွေးပေါင်ချိန်က ပုံမှန်ထက်အတော်ကို နည်းနေသည်။ လူနာက စမ်းသပ်ခန်းဘက်ကို သူနာပြုနဲ့ အေးအေးဆေးဆေး စကားပြောရင်း လမ်းလျှောက်လာတာ အစောကပဲ တွေ့လိုက်သေးသည်။

"လူနာကို ခေါ်လို့ရပါပြီ ဂျဲနစ်စ်ရေ" 

ဆိုသည်တွင် လူနာက ပုံမှန်လိုပဲ စမ်းသပ်ခန်းထဲကို ဝင်လာပါသည်။

"ဟယ်လို မစ္စစ်စမစ်သ် ဘယ်လိုနေသေးလည်း"

"ကျွန်မ နေလို့ကောင်းပါတယ်"

"လက်ကို စမ်းမယ်နော်"

ဒေါက်ထက်လည်း ဆိုင်းမဆင့် ဗုံမပါ လူနာဆီကနေခွင့်တောင်းပြီး လက်ကောက်ဝတ် ၂ ဘက်က သွေးလွှတ်ကြောတွေကို တပြိုင်တည်း စမ်းသပ်လိုက်ပါတော့သည်။ ယူကေနိုင်ငံတွင်ကား ဘာပဲလုပ်လုပ် ဆရာဝန်ကလူနာကို ခွင့်တောင်းကြရသည်။ လူနာကို စမ်းသပ်သည်မှမဟုတ် လူတဦးနှင့်တဦး ခွင့်တောင်းရသည်။ မိဘကလည်း သားသမီးကို သူတို့အိပ်ခန်းထဲဝင်လိုလျှင်လည်း ခွင့်တောင်းရသည်။ 

လွန်ခဲ့သော အနှစ် ၂၀ကျော်က လန်ဒန် ဟမ်းမားစမစ်ဆေးရုံ (Hammer Smith Hospital)တွင် နှလုံးရောဂါအက်ကိုးသင်တန်းတက်ရင်း အမေရိကန်မှ ပရော်ဖက်ဆာကစ်စ်လို ပြောသည်ကို အမြဲ သတိရမိသည်။ သူက စာသင်စင်မြင့်ပေါ်တွင် စာသင်ရင်း အပေါ်ကုတ်အင်္ကျီကို ချွတ်ခွင့်တောင်းသည်။ ပြီးမှ အင်္ကျီချွတ်ရင်း "အင်္ဂလိပ်လူမျိုးတွေက တခုခုဆိုရင် ခွင့်တောင်းပြီးမှ လုပ်လေ့ရှိတယ်၊ ပြီးတော့ ဘယ်သူခွင့်ပြုပြုမပြုပြု လုပ်ကြတာပါပဲ" ဟု အရွှန်းဖောက်ပြောလိုက်သည်။ ဗြိတိသျှအစိုးရသည်လည်း ထို့အတူတူလား ဒေါက်ထက် တွေးမိသည်။ တခုခုလုပ်ချင်လျှင် ပြည်သူများကိုခွင့်တောင်းပြီး ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သူတို့ လုပ်ချင်ရာကို အတင်းလုပ်လေ့ရှိသည်ဟုလည်း ဒေါက်ထက်ထင်မိသည်။

"သွေးပေါင်ချိန်ကို ဘယ်ဘက်လက်မောင်းမှာ တိုင်းတာမဟုတ်လား"

ဆားပုလင်းဒေါက်ထက်က ဆားပုလင်းနှင်းမောင်ကဲ့သို့ လူနာသွေးပေါင်ချိန်မည်ကဲ့သို့တိုင်းခဲ့သည်ကို အတိအကျ သိနေသော လေသံမျိုးဖြင့် မှတ်ချက်ချလိုက်သည်။

"ဟုတ်ပါတယ်" လူနာက အံ့သြတကြီးနဲ့ ကျွန်တော့ကို လှမ်း ကြည့်လိုက်ပါသည်။

ဂျဲနစ်စ် ကလည်း"ဟုတ်တယ်၊ ဟုတ်တယ်" ဆိုပြီး ထောက်ခံလိုက်ပါတယ်။

မိမိကိုဆားပုလင်းဒေါက်ထက်ဟု အထင်ကြီးသွားကြလေသော လူနာနှင့် ဂျဲနစ်စ်တို့ကို ဒေါက်ထက်ကပြုံးပြလိုက်ပြီး ... 

"လက်ကောက်ဝတ်က သွေးကြောတွေ စမ်းတော့ ဘယ်ဘက်က အားနည်းနေတယ်၊အဲဒီတော့ ဘယ်ဘက်မှာတိုင်းလို့ရတဲ့ သွေးပေါင်ချိန်က အမှန်ထက် နည်းနေတယ်၊ ညာဘက်ကို ချိန်ကြည့်လိုက်ပါဦး" 

ဂျဲနစ်စ်က ချက်ခြင်းပင် ညာဘက်လက်မောင်းကို သွေးပေါင်ချိန်စက်ဖြင့်တပ်ပြီး ချိန်လိုက်သည်။

"အထက်သွေးက ၁၂၁ အောက်သွေးက ၇၀ ရှိပါတယ်"

"အဲဒါဆို အရမ်းကောင်းတာပေါ့" 

ဒေါက်ထက်က မှတ်ချက်ချရင်း လူနာကို အားပေးလိုက်သည်။

"သွေးကြောကျဉ်းရင် သွေးပေါင်ချိန်က ရှိတာထက် နည်းနေတတ်တယ်" 

လူနာကို ရှင်းပြရင်း ဂျဲနစ်စ်ကို ဆေးမှတ်တမ်းတွင် သွေးပေါင်ချိန်အမှန်ကို ထည့်သွင်းရန် မှာကြားလိုက်သည်။

"မှတ်တမ်းမှာ ဘယ်လို ရေးလိုက်ရမလဲ ဒေါက်တာထက်"

ကွန်ပြူတာမှတ်တမ်းတွင် ထည့်သွင်းရင်း သူမက မေးလိုက်သည်။

"ညာဘက်လက်မှာတိုင်းတာ ထည့်ရေးလိုက်ပါ ဂျဲနစ်ရေ"

ပြီးလျှင် လူနာကိုပါ တခါတည်း သတိပေးလိုက်သည်။

"နောက်ကို သွေးပေါင်ချိန်တိုင်းရင် ညာဘက်ကိုပါ တိုင်းခိုင်းနော်"

ယခုခေတ်တွင် ဒစ်ဂျစ်တယ်သွေးပေါင်ချိန်စက်များကို နေရာတိုင်းတွင် သုံးနေကြသည်။ ဒစ်ဂျစ်တယ်စက်များသည် များသောအားဖြင့် မှန်သော်လည်း သတိထားပြီးကြည့်ရှုရသေးသည်။သွေးခုန်နှုန်းသည်လည်း အလားတူပင်ဖြစ်သည်။ ဒစ်ဂျစ်တယ်စက်များက တခါတရံ ဝေဝါးပြီး မှားတတ်သည်။ ဒစ်ဂျစ်တယ်စက်ဟုဆိုရာတွင် သွေးပေါင်ချိန်တိုင်းစက်များသာမက အက်ပယ်လ်ဝပ်ချ် ပန်းသီးစမတ်နာရီများလိုမျိုးလည်းပါသည်။ 

တလောကလည်း သူနာပြုဆရာမတယောက်က လူနာတယောက်၏ သွေးခုန်နှုန်းက စက်၏ တိုင်းတာမှုအရ အရမ်းနှေးသည်။ နှလုံးခုန်နှုန်း ၃၀ လောက်သာရှိသည်။ လူနာကတော့ အေးအေးဆေးဆေး ထိုင်နေသည်။ ဆရာမက အလန့်တကြားဖြင့်စိတ်ပူပြီး လာပြောသည်။

"လူနာမှာ သွေးခုန်မှု မမှန်တဲ့ရောဂါရှိလိမ့်မယ်"

ဒေါက်ထက်က အေးအေးဆေးဆေးပြောရင်း လူနာဆေးမှတ်တမ်းကို ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင်။ လူနာက သွေးခုန်မှု မမှန်သော ရောဂါရှိနေသည်။

"လူကိုယ်တိုင်ပဲတိုင်းတဲ့စက်နဲ့ သွေးပေါင်ချိန်နဲ့သွေးခုန်နှုန်းကို တိုင်းကြည့်လိုက်ပါ"

တိုင်းကြည့်လိုက်တော့ သွေးပေါင်ချိန်ရော သွေးခုန်နှုန်းပါ ကောင်းနေသည်။ သွေးခုန်နှုန်ကို စက်ကမှားဖတ်ခြင်းဖြစ်သည်။ သွေးခုန်မူမမှန်လျှင် သွေးပေါင်ချိန်စက်များက အူကြောင်ကြောင် ဖြစ်သွားတတ်လေ့ရှိသည်။ရှိသည့်သွေးပေါင်ချိန်ထက် ဒစ်ဂျစ်တယ်စက်ကပြသည်က နည်းနေတတ်သည်။ တခါတရံဆိုလျှင် စက်က သွေးပေါင်ချိန်ကို မပြတော့ပဲ မှားနေကြောင်း(Error) သာပြတော့သည်။ 

ယခုခေတ်သည် လူသားတို့အနေဖြင့် စက်များကို ပိုမိုသုံးလာကြပြီး ကွန်ပြူတာနည်းပညာကျေးဇူးဖြင့် ဦးဏှောက်အတု (Artificial Intelligence) များပင်ပေါ်လာသောခေတ် ဖြစ်သည်။ စက်များသည် အများအားဖြင့် မှန်သည် ဆိုသော်ငြားလည်း လူသား၏ ဦးနှောက်စစ်စစ်၊ ဉာဏ်ပညာဖြင့် ထိန်းကြောင်းပေးရသေးသည်။

"ကျေးဇူးတင်ပါတယ်"

လူနာ၏ နှုတ်ဆက်သံကြားမှ အတွေးနယ်ချဲ့မိသောဒေါက်ထက်လည်း 

"အိုကေ၊ နောက် ၆ လနေမှ ပြန်ကြည့်မယ်" ဟု ပြန်လည်နှုတ်ဆက်လိုက်မိသည်။

ဒစ်ဂျစ်တယ်စက်ကို ဦးနှောက်အစစ်ဖြင့် အနိုင်ယူနိုင်လိုက်သဖြင့် ဒေါက်ထက်တယောက် မိမိကိုယ်ကို ကျေနပ်မိလိုက်သည်။ သို့သော် လူသားများက စက်များကို နောက်ထပ် နှစ်ပေါင်းမည်မျှသာ အနိုင်ယူနိုင်ကြမည်နည်းဟု ဦးနှောက်အတုတို့၏လွှမ်းမိုးမှုကို စိတ်ပူမိသော ဒေါက်ထက်တယောက် တွေးတောမိပါသေးသည်။ ။

ဒေါက်ထက်(ယူကေ)