Breaking News

မောင်သာနိုး - မြန်မာလို မရှိတာနဲ့ မြန်မာမှာ မရှိတာ



မောင်သာနိုး - မြန်မာလို မရှိတာနဲ့ မြန်မာမှာ မရှိတာ

(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၉

“မြန်မာလို မရှိတာ” နဲ့ “မြန်မာမှာ မရှိတာ ” ဆိုတာဟာ အဖြူနဲ့ အမည်း ၊ အရှေ့နဲ့အနောက် ဆိုသလို
အင်မတန်ကွဲပြားခြားနားတဲ့အရာနှစ်ခုဖြစ်ပါလျက် စကားက ခပ်ဆင်ဆင်ဆိုတော့ ပညာရှိအချို့တောင်
“သတိဖြစ်ခဲ” သွားရတတ်တယ် ။ “မြန်မာလို မရှိတာ” ဆိုတာက မြန်မာမှာ ပစ္စည်းတော့ ရှိတယ် ။
ခေါ်စရာ ဝေါဟာရ မရှိသေးဘူး၊ မတီထွင်ရသေးဘူးလို့ ဆိုလိုတယ် ။ “မြန်မာမှာ မရှိတာ ” ဆိုတာက
ပစ္စည်းကို မရှိတာကို ပြောတာ ။ ဥပမာ- စနိုက် snipe ဆိုတဲ့ငှက် ဆိုပါတော့ ။ ကျနော်တို့မြန်မာနိုင်ငံမှာ
ရှိပါတယ် ။ ဒါပေမဲ့ မြန်မာလို ခေါ်စရာ အမည်မရှိဘူး ။ ဒါ့ကြောင့် အင်္ဂလိပ်စကားကိုပဲ ယူပြီး ‘စနိုက်’လို့
ပဲ ခေါ်နေကြရတယ် ။ ဒါပေမဲ့ ပင်ဂွင်း penguin ဆိုပါတော့ ၊ မြန်မာလို ပူအိုက်တဲ့တိုင်းပြည်မှာ ရှိကို မရှိ
တာဖြစ် ဖြစ်တယ် ။
အင်္ဂလိပ်ကိုလိုနီခေတ်ကစပြီး “မြန်မာမှာ သဒ္ဒါမရှိဘူး” ဆိုတဲ့ အဆိုအမိန့်တရပ်ပေါ်ပေါက်လာခဲ့
တယ် ။ ဘယ်သူရယ်လို့တော့ မမှတ်မိ ။ မြန်မာပြည်ရောက်လာပြီး မြန်မာစာ မတောက်တခေါက်သင်ဖူးတဲ့
အင်္ဂလိပ်ကြီးတယောက်က ပြောခဲ့တာဖြစ်ပြီး ဒါကိုပဲ မဆင်မခြင် မြန်မာပညာရှင်တချို့က သံယောင်လိုက်
ခဲ့ကြတာဖြစ်ပါတယ် ။ ဒီအကြောင်းကို ကျနော်တို့ ဆောင်းပါးရေးဖူးပါပြီ ။ လမ်းကြုံလို့ အကျဉ်းသဘော
ထပ်ရှင်းရရင်တော့ သဒ္ဒါဆိုတာ စကားလုံးတွေရဲ့ အဆောက်အအုံကို ပြောတာပဲ ။ မြန်မာစကားမှာလည်း
ခွေး ၊ လူ ၊ သွား ၊ လာ စတဲ့ စကားလုံးတွေကို ဝါကျဖြစ်အောင် ဖွဲ့စည်းတည်ဆောက်ရတဲ့ဥစ္စာ ။ ဒါ ‘သဒ္ဒါ’
ပဲပေါ့ ။ ပြောချင်ရင် မြန်မာသဒ္ဒါအကြောင်း လေ့လာသုံးသပ်ပြတဲ့ ကျမ်းစာအုပ် မရှိသေးဘူး There is no
grammar book လို့ ပြောနိုင်တယ် ။ မြန်မာစကားမှာ သဒ္ဒါမရှိဘူး There is no grammar in Myanmar
language လို့တော့ မပြောနိုင်ဘူး ။
မြန်မာနိုင်ငံမှာ တိရစ္ဆာန်တွေ ၊ အပင်တွေ ရှိနေ ၊ လှုပ်ရှားနေကြတာပဲ ။ ဒါပေမဲ့ ဒီတိရစ္ဆာန် ၊
အပင်စတဲ့ သက်ရှိတွေ လှုပ်ရှားပြုမူပုံအကြောင်း လေ့လာပြုစုထားတဲ့ကျမ်းစာအုပ်တော့ မြန်မာလို မရှိ
သေးဘူး ။ ဒီတော့ မြန်မာနိုင်ငံမှာ ဇီဝကမ္မဗေဒအကြောင်း ကျမ်းတစောင်တဖွဲ့ မရှိသေးဘူး “There is
no physiology book in Myanmar” လို့ ပြောချင်ရင် ပြောပါ ။ ဒါပေမဲ့ မြန်မာမှာ ဇီဝကမ္မဗေဒမရှိဘူး
There is no physiology here လို့တော့ ဘယ်ပြောလို့ ရမလဲ ။ အဲ့ဒီအတိုင်းပဲပေါ့ ။
စာပေ ပညာရှင်တဦးကဆိုရင် “သဒ္ဒါ ဆိုတဲ့ စကားကိုယ်နှိုက်က မြန်မာစကားမဟုတ်ဘူးဗျ ။ ပါဠိက
ယူထားတာ ၊ ပါဠိသဒ္ဒါကို တုပပြီး မြန်မာသဒ္ဒါရေးခဲ့ကြတာ ။ နောက် အင်္ဂလိပ်ခေတ်ရောက်လာတော့ အင်္ဂလိပ်သဒ္ဒါကို ယူပြီး မြန်မာသဒ္ဒါ ရေးကြတာကလား” တဲ့ ။ အထက်က ထောက်ပြတဲ့အတိုင်း ပစ္စည်းမရှိတာနဲ့ ပစ္စည်း အကြောင်းရေးတဲ့စာအုပ်မရှိတာာ ရောထွေးနေကြတာပါပဲ ။
သဒ္ဒါဟာ မြန်မာမှာ ရှိနေတယ် ။ မရှိတာက ခေါ်စရာ ။ ဒီတော့ ပါဠိစကားကို ယူပြီး ခေါ်လိုက်ရတာ ။
‘စိတ်သဘာဝ’ မြန်မာလူမျိုးရဲ့ မန္တန်မှာ ရှိတာပေါ့ ။ ခေါ်စရာသာ မရှိတာ ။ ဒီတော့ ပါဠိ ‘စိတ္တ’ ကိုယူပြီး ၊
အနည်းငယ်ပြုပြင်ကာ ‘စိတ်’ လို့ ခေါ်ခဲ့ရတာ ။ အလားတူ မြန်မာမှာ လူကောင်ကြီး ရှိတာပ ။ သွေးနဲ့ သား
နဲ့လူပဲ ။ ဒါပေမဲ့ ခေါ်စရာမရှိဘူး ။ ဒါနဲ့ ‘ကာယ’ ကို ယူပြီး ပြုပြင်ပြောင်းလဲကာ ‘ကိုယ်’ လို့ ခေါ်ခဲ့ကြတာ ။
ဒါပေမဲ့ စိတ်ဆိုတာ မြန်မာစကားမဟုတ်ဘူး ။ ပါဠိစကား ။ ဒါ့ကြောင့် “မြန်မာမှာ စိတ်မရှိဘူး ၊ ကိုယ်ဆိုတာ
ပါဠိစကား ၊ ဒါ့ကြောင့် မြန်မာမှာ ကိုယ်မရှိဘူး” လို့ ပြောလို့ မဖြစ်ပေဘူး ။ အလားတူ ရုပ် ၊ စေတသိက် ၊
ဝေဒနာ ၊ သုခ ၊ ဝဋ် ၊ သံသရာ …စတာတွေဟာ မြန်မာမှာ မရှိဘူးရယ်လို့ မပြောနိုင်ပေဘူး ။ဟိုက်ဒရိုဂျင် ၊
နိုက်တြိုဂျင် ၊ ကာဘွန် ၊ အောက်ဆီဂျင် ၊ ဆဲလ် ၊ နာ့ဗ် ၊ မော်လီကျူး ..စတာတွေဟာ အင်္ဂလိပ်စကားတွေဖြစ်နေလို့ ဒါတွေ မြန်မာမှာ မရှိဘူးရယ်လို့ မပြောနိုင်ဘူး ။ မြန်မာမှာ ရှိနေကြတာချည်း ။ ခေါ်စရာသာ ကင်းမဲ့နေခဲ့လို့ ၊ ပါဠိက ယူ ၊ အင်္ဂလိပ်က ယူ ၊ ယူခဲ့ကြတာ ။
မြန်မာလူမျိုးတယောက် အသက်ရှုလိုက်တိုင်း သူဟာ လေထဲက အောက်ဆီဂျင်ကို ထုတ်ယူ လိုက်တာ ဖြစ်တယ် ။ သူကတော့ အောက်ဆီဂျင်လို့ မခေါ်တတ်ဘူးပလေ ။ ဒါပေမဲ့ အောက်ဆီဂျင်ကို ထုတ်သုံးနေတာပါပဲ ။ အလားတူပဲ မြန်မာလူမျိုးတယောက်က “ကျွန်တော် နေမကောင်းဘူး” လို့ ပြောလိုက် တဲ့အခါ သူဟာ မြန်မာသဒ္ဒါကို မှန်မှန်ကန်ကန် အသုံးချနေတာဖြစ်တယ် ။ ပညာတတ်မဟုတ်ရင်ဖြင့် သူ့ခမျာ နမ်တို့ ကြိယာတို့ စတဲ့ သဒ္ဒါအခေါ်အဝေါ်တွေကို မခေါ်တတ်ပေဘူးပေါ့ ။ ဒါပေမဲ့ တိုင်းရင်းသား စကားပြောသူ native speaker ဖြစ်တဲ့အတွက် သဒ္ဒါကို တကူးတက မသင်ရဘဲ မှန်မှန်ကန်ကန် အသုံးချသွားနိုင်တယ် ။ “မနေကောင်းဘူး ” ၊ “နေမကောင်းတယ်” စသဖြင့် သဒ္ဒါ မှားမှားယွင်းယွင်း ေတြ ျဖစ္မသြားဘူး ။
အဲ့သလို စကားလုံးတွေ သူ့နေရာနဲ့ သူ နေရာတကျ စီစဉ်သုံးနှုန်းရပုံ အဆောက်အအုံသဘော
ဟာ သဒ္ဒါဖြစ်တယ် ။ မြန်မာစကားပြောသူတိုင်း မြန်မာသဒ္ဒါကို အသုံးချနေတယ် ။ မြန်မာစကားမှာ
သဒ္ဒါရှိတယ် ။ မရှိတာက အဲဒီသဒ္ဒါကို သိပ္ပံနည်းကျ ဖေါ်ထုတ်ရှင်းပြတဲ့ ကျမ်းစာအုပ် ။ သဒ္ဒါစာအုပ် ။
မြန်မာသဒ္ဒါအပြင် မရှိဘူးလို့ အပြောခံရဆုံး မြန်မာမှုတခုကတော့ ရစ်သမ်ပါပဲ ။ “‘ရစ်သမ်’ ဆိုတာကိုက အင်္ဂလိပ်စကားဥစ္စာ ။ မြန်မာမှာ ဘယ်ရှိမလဲ ။ ရှေးမြန်မာပညာရှိတွေက ကဗျာဖွဲ့နည်း ကို ပြောရင်ကာရန်ကိုပဲ ပြောခဲ့ကြပါတယ် ။ ရစ်သမ်ကို ထည့်မပြောခဲ့ကြပါဘူး ။ ထည့်မပြောဘဲနဲ့ ဟာ မရှိလို့ပေါ့ ။ ခင်ဗျားတို့က လူတတ်လုပ်ပြီး ပြောချင်ရတာတုန်း” စသဖြင့် ပြောကြတယ် ။ 

အထက်က ဥပမာကိုပဲ ပြန်ကြည့်လေ ။ စနိုက် snipe ဆိုတဲ့ငှက်မျိုး မြန်မာပြည်မှာ ရှိပါတယ်။ ခေါ်စရာ အမည်သာ မရှိတာမို့ အင်္ဂလိပ်နာမည်ယူပြီး ခေါ်ခဲ့ကြရတာ မဟုတ်လား ။ အလားတူပဲ ။ မြန်မာနိုင်ငံက ရုပ်ဝတ္ထုပစ္စည်းတွေကိုလည်း အက်တမ် atoms မော်လီကျူး molecules တွေနဲ့ ဖွဲ့ စည်းထားတာချည်းပဲ ။ ဒါပေမဲ့ ရှေးခေတ်ပညာရှိတို့က အက်တမ်ရဲ့ သဘာဝကို မလေ့လာခဲ့ ကြပါဘူး ။ ဒီတော့ ခေါ်စရာအမည်လည်း မရှိဘူး ။ စကားပြောတယ်ဆိုတာ အသံတွေနဲ့ ပြောတာ။ အသံစီးဆင်းပုံ flow of sounds ဖြစ်ပေါ်လာတယ် ။ အဲဒီအသံစီးဆင်းပုံကို ရစ်သမ်ခေါ်တာဖြစ် တယ် ။ ရှေးမြန်မာ ပညာရှိက သတိမမူခဲ့လို့ အမည် မပေးခဲ့ဘူး ။ ဒီတော့ ခေါ်စရာ မရှိခဲ့ဘူး ။ အက်တမ်ရှိပေမဲ့ ခေါ်စရာ မရှိခဲ့သလိုပ ။
ရစ်သမ်ဆိုတာ နားမလည်ဘဲ ကာရန်အကြောင်း သိရုံမျှနဲ့တင် ကဗျာရေးလို့ ရနေတာပဲဟာလို့ တချိုက ပြောကြပြန်တယ် ။ ဟုတ်ကဲ့ ။ အောက်ဆီဂျင်မှန်းမသိဘဲနဲ့လည်း အသက်ရှုနေ ခဲ့ကြသလိုမျိုးပေါ့ ။ ဒါပေမဲ့ ခေါ်စရာသာ မရှိတာ ၊ နှာခေါင်းကို ကြာရှည်အပိတ်ခံရရင် သေမယ်ဆိုတာတော့ သိတယ် ။ ရုန်းတော့တာပဲ ။ ရစ်သမ်သာ မခေါ်တတ်တာ ။ ကာရန်ညီနေ ပါလျက် သူ့ကဗျာထောင့်နေရင် ကဗျာဝါးဝသူက သိတယ် ။
ဖြူပြာပြာ
ကညာပျိုလုံမေ
ရွာကို လာရင်
ပျူငှာ ကြိုဆိုနေ
စသဖြင့်….ရေးမိရင် တခုခု ချွတ်ယွင်းနေမှန်း နားလည်တယ် ။ ဘာကို သိတာလဲ ။ အသံသွားအသံလာ ၊
တနည်း ၊ အသံစီးဆင်းပုံမှာ မြန်မာတို့ကြားနေကျစနစ်နဲ့ မထင်ဟပ် ၊ မလိုက်ဖက်တာကို သိတာဖြစ်တယ်။
မခေါ်တတ်ပေမဲ့ မြန်မာရစ်သမ်ကို သိတာဖြစ်တယ် ။
ဒါ သာမန်အဆင့် ကဗျာလင်္ကာအကြောင်း တီးမိခေါက်မိသူတဦး သဘောပေါက်မှာကို တင်ပြတာ ဖြစ်တယ် ။ ဒီအဆင့်ထက် ကျော်လွန်လာတဲ့ ပါရမီရှိသူတဦးဆိုရင်တော့ အသံသွားအသံလာ အမျိုးမျိုးမှာ အစွမ်းသတ္တိအမျိုးမျိုး ရှိတတ်ပုံကို နေ့စဉ်ဘဝမှာ သူ့ပတ်ဝန်းကျင်မှာ ပြောကြဆိုကြတာကို နားထောင်မှတ်သားရင်းကပဲ သိမြင်လာမှာ ဖြစ်သလို ဖတ်ရှုလေ့လာရင်းကလည်း ဆင်ခြင်မိမှာဖြစ်တယ်။
“ဒုက္ခ ဒုက္ခ ၊ ပြေးရ လွှားရနဲ့ ထမင်းတလုပ်ကိစ္စ မလွယ်လိုက်တဲ့အဖြစ်” ဒီလမ်းဘေးဈေးသည်ကြီးရဲ့ တက်ခေါက်သံရဲ့ ရစ်သမ်မှာ ထူးခြားမှုတစုံတရာရှိနေတာကို သူ သိမြင်လိမ့်မယ် ။
“ကဲပါလေ ၊ ပြီးတာတွေ ပြီးပါစေတော့ ။ သူက ဘယ်လို ကိုယ်ကဘယ်ညာ ၊ ဟိုဟာ ဒီဟာတွေ
ပြောမနေပါနဲ့တော့ ” ဒီ စိတ်မောသူကြီးရဲ့ ဖျန်ဖြေသံ တရားစကားရဲ့ အသံစီးဆင်းပုံ ၊ ဖြည်းနှေးလေးလံပုံရဲ့ အာနိသင်ကို လည်း သူဆင်ခြင်မိတယ် ။
“မဲဇာတောင်ခြေ ၊ စီးထွေထွေတည့် ၊ မြစ်ရေဝန်းလည် ၊ မြိုင်တောဆီက ၊ ရွှေပြည်ကိုသာ…”
ဘာ့ကြောင့် ဒီဃသရလို့ ခေါ်တဲ့ သံပြေတုန်းတွေနဲ့ စီကုံးထားသမို့ လက်ထဲသုန္ဒရရဲ့ ကဗျာဟာဖြည်းဖြည်းကလေး ဆွဲဆွဲငင်ငင် ရွတ်ဖတ်ရတာ ဘယ်လိုခံစားမှုဖြစ်ပေါ်စေသလဲ သူစဉ်းစားမိလိမ့်မယ်။

“ပျံ့ ပြုးချုပ်တိုင်း ၊ မုန်တိုင်းဆင်လို ၊ တိမ်ညိုမှိုင်းထပ် ၊ ပြက်လျှက်ပြကာ ၊ စိမ်းဝါမိုးပန်း…”
ရတုဘုရင်( နတ်ရှင်နောင်) ရဲ့ ဒီစာသားရဲ့ အသံစီးဆင်းပုံကိုယ်က မိုးပြိုတော့မယ့်အလား ၊ ဟိန်းလာသံကို ကြားလာရစေတယ်ဆိုတာကိုလည်း သူ သဘောပေါက်တတ်လာပေလိမ့်မယ် ။
ဒီတော့ ရစ်သမ်ဆိုတာ စနိုက်ငှက်လို ၊ အက်တမ်လို ၊ အောက်ဆီဂျင်လိုပဲ ။ မြန်မာ့ရေမြေမှာ ရှိတဲ့ပစ္စည်းဖြစ်တယ် ။ ခေါ်စရာ မြန်မာစကားမရှိလို့သာ နိုင်ငံတကာဝေါဟာရကိုယူပြီး သုံးစွဲနေရတာ လို့ ဆိုရမယ် ။
အခုအခါလောက် ရစ်သမ်မရှိဘူး ပြောသံမကြားရတော့ပေမဲ့လည်း စောစောကဖြင့် အကြောက်အကန် အငြင်းခံရတဲ့ ပညတ်တခုကတော့ နိမိတ်ပုံပါပဲ ။ ဆရာဇော်ဂျီက တီထွင်ပေးခဲ့သမို့ ပါဠိပျက်ဝေါဟာရနဲ့ပဲ တွင်ကျင်လာခဲ့ကာ ၊ imagery ဆိုတဲ့ သိုးဆောင်းဝေါဟာရကို သုံးစရာ မလိုခဲ့တော့ဘူး ။ 

ဒီ့ပြင်လည်း မြန်မာစကားမှာ မြန်မာကဗျာမှာ ရှိပါလျက် မြန်မာလိုခေါ်စရာမရှိတာတွေ ကျန်ပါသေးတယ် ။ ကဗျာရဲ့ tone တို့ ၊ ကဗျာရဲ့ form or structure တို့ စသဖြင့် ၊ မြန်မာလို ရေရေလည်လည်ခေါ် စရာမရှိသေးသမို့ တယောက်တမျိုး အလျဉ်းသင့်သလို ပြောဆိုသုံးနှုန်းနေရတာတွေ အတော်များများ ရှိနေတယ် ။ မြန်မာစကားမှာလည်း အခေါ်အဝေါ်တော်တော်များများကို ပါဠိဆီက ရထားပေမဲ့ phoneme ( တချို့ကလည်း သံရင်း လို့ ပြန်ကြရဲ့ ) juncture (အစပ်လို့ ကျနော်သုံးနေပါတယ်) နဲ့ tone ( တုန်းပဲ သုံးနေပါတယ် ) စသဖြင့် မြန်မာလို မရှိတာတွေ ပြည့်လို့ပါ ။
အသိပညာဆိုတာ တနေ့ထက်တနေ့ တခေတ်ထက်တခေတ် တိုးတက်နေပြီ ဖြစ်တယ် ။ ဒါ့ကြောင့် နိုင်ငံကြီးတွေမှာ မနှစ်ကသုံးတဲ့ သိပ္ပံပညာရပ်တခုရဲ့ ကျောင်းသုံးစာအုပ်ဟာ ဒီနှစ် အသုံး မဝင်တော့ပါဘူး ။ ကျနော်တို့ဆီမှာကိုပဲ နှစ်နှစ်သုံးနှစ်က စာအုပ်ဟာ (ဥပဒေအဘိဓါန်) ဒီနှစ် သုံးလို့ မရချင်တော့ဘူး ။ အသစ်တွေ့ရတဲ့အသိတွေမှ မပါသေးဘဲကို ။ ဒီတော့ ရှေးကျမ်းတွေမှာ မပါတိုင်း မရှိဘူးလို့ တထစ်ချ မမှတ်ရဘူး ။ မြန်မာစကားမှာ မြန်မာကဗျာမှာ ရှိနေပြီး ပညာရှင်တွေ မစူးစမ်း ခဲ့မိသေးလို့ မြန်မာလိုခေါ်စရာမရှိသေးတာတွေ အများအပြားပဲ နှလုံးသွင်းတတ်ရမယ် ။

မောင်သာနိုး၊ ရစ်သမ်အကြောင်း ၊ ရန်ကုန် ၊ နတ်သမီးစာအုပ်တိုက် ၊ ၂၀၀၀ ။