Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၁)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၁)

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၀

(၁)
အသက်ကြီးလာတော့ ငယ်ငယ်တုန်းကလို ဖျတ်ဖျတ်လတ်လတ် တက်တက်ကြွကြွတော့ မဟုတ်လှတော့ဘူး။ အစစအရာရာ လေးလာတယ်။ အဲဒီဇရာညည်းချင်းကလေးကို ဒီလိုရေးမိပါတယ်။

ဘကြီးအောင်ရဲ့ ဒုက္ခ
အသက်ကလေး ခုနှစ်ဆယ်ကျော်တော့
ပျော်သတိ ပျင်းသတိနဲ့
သတိကို တောင်ဝှေးထောက်
ဘဝလမ်း လျှောက်ရပြီ။
အငံစား စားလိို့
အချိုစား စားလို့
အစားပဲ ခဏခဏမှား
အဖျားတိုင်းလိုက်
သွေးတိုင်းလိုက်နဲ့
စိတ်ကြိုက်နေခွင့်မရပြီ။
စိတ်နှလုံး ကောင်းပါလျက်
နှလုံး မကောင်းဘူး…တဲ့
သတ္တိသွေး ကောင်းပါလျက်
င့ါသွေးက ပုံမမှန် … တဲ့
ပြောင်းပြန်တွေဖြစ်
ငါစိတ်ညစ်လိိုုုုက်ပါဘိ
ဆရာဝန်တွေကလဲ
အချွန်နဲ့ မ ရော့သလား
ရင်ဝ နားကျပ် ထောက်လိုထောက်
သွေးဖောက်လိုဖောက်နဲ့
ပြေးပေါက်တောင်ရှာမရတော့။
ဘ၀ခရီး
မရဏနဲ့ နီးလာတော့
ဘကြီးအောင် ယောင်ခြောက်ဆယ်
သနားဖွယ်သာမြင်
ဘုရား ကယ်တော်မူပါအရှင်။

ဒီလို အိုခြင်းဒုက္ခကို ရေးဖွဲ့မိပါတယ်။

(၂)
ကဲ … ဇရာထောက်တဲ့ အဖိုးတယောက်ဘွဲ့ကို တင်ပြပြီးတဲ့နောက် မြေးငယ်ကလေးရဲ့ ဘွဲ့ကိုလဲ တင်ပြပါအုံးမယ်။
ကျွန်တော့်မှာ ရန်ကုန်က မြေးကလေး (၅) ယောက်၊ ဘယ်လ်ဂျီယမ်က မြေးမကလေး (၂) ယောက်ရှိပါတယ်။

(၃) နှစ်ပြည့်သွားတဲ့ အငယ်ဆုံးမြေးမကလေးက “မာယာ” တဲ့။ မြေးမကလေး မာယာအကြောင်းကို ကဗျာစပ်မိတာက ဒီလိုပါ။

မာယာရှင်မ

“မာယာ” ကလေး သုံးနှစ်ပြည့်
မင်္ဂလာရှိတဲ့မွေးနေ့ပါ။
ကျန်းမာချမ်းသာပါစေကြောင်း
ဖိုးဖိုးဆုမွန်တောင်း။
ဉာဏ်ရည်ကောင်းတဲ့ သမီးငယ်
မူရာမာယာကြွယ်
ချစ်ဖွယ်ကောင်းအောင်နေတတ်လှ
အကင်းပါးသဗျ။
ဗုဒ္ဓဘုရား မြင်လိုက်ရင်
လက်အုပ်ကလေးကိုပြင်
ဦးတင်ပါရဲ့ ကန်တော့ရဲ့
ဖိိုးဖိိုးဘုရား … တဲ့။
သူ့အဖွားရဲ့ ပုံရိပ်ယောင်
စူးစမ်းတတ်တဲ့ သူ့မျက်မှောင်
မျက်တောင်ကလေးတခတ်ခတ်
သူ့ဉာဏ်ပါးလှပ်လှပ်။

မာယာရဲ့မွေးနေ့က မေလ (၇) ရက်နေ့ပါ။ အိမ်မှာ မြန်မာလိုပြောပေး လေ့ကျင့်ပေးထားတော့ မြန်မာလို ပြောတတ်ပါတယ်။ ကျောင်းမှာတော့ ဒတ်ချ်လိုပြောရတာပေါ့လေ။ သူ့အစ်မ (၅) နှစ်အရွယ် စန္ဒရာနဲ့ ကျတော့ မြန်မာလိုပြောကြတယ်။ ကျွန်တော်က ရွှေတိဂုံ၊ မဟာမြတ်မုနိပုံတွေပြပြီး “ဘုရား ဘုရား” လို့ပြတယ်။ လက်အုပ်ချီ ရှိခိုးခိုင်းတယ်။ ဒီတော့ ဘုရားပုံမြင်တာနဲ့ တပြိုင်နက် “ဖိုးဖိုး ဘုရား” ဆိုပြီး လက်အုပ်ကလေး ချီတော့တာပဲ။ “သားအချစ် မြေးအနှစ်” ဆိုတဲ့အတိုင်း ကျွန်တော်ကလည်း မြေးကလေးတွေကို ချစ်ရတော့တာပေါ့။

ဥရောပရောက် ကလေးတွေက ဒတ်ချ်နဲ့ ပြင်သစ်စာတတ်မှ ဖြစ်မှာကိုး။ ဘယ်လ်ဂျီယမ်နိုင်ငံကလည်း ဟော်လန်နဲ့နီးတဲ့ အပိုင်းက ဒတ်ချ်လိုပြော၊ ပြင်သစ်နဲ့နီးတဲ့အပိုင်းက ပြင်သစ်လိုပြောလေတော့ ဒီနှစ်ဘာသာစလုံး ကျောင်းတွေ ရုံးတွေမှာ တရားဝင်ဘာသာစကားတွေ ဖြစ်နေရတယ်။ ဒီအထဲမှာ အင်္ဂလိပ်စကားက ကမ္ဘာသုံးဖြစ်လေတော့ အင်္ဂလိပ်စာလည်း သင်ရသေးတယ်။ စန္ဒရာတို့ မာယာတို့က မြန်မာသွေးတွေမို့ မြန်မာစကားနဲ့ ဗုဒ္ဓဘာသာကိုလည်း သိနားလည်အောင် သင်ပေးထားရသေးတယ်။ ကလေးတွေမို့ သင်လွယ်၊ တတ်လွယ်တာပေါ့။ တော်တော်တော့ မလွယ်ကြောဘဲ။ အင်း …. ဘာသာစကားတွေတော့ မတတ်မဖြစ် တတ်ရတော့မှာပေါ့လေ။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၇)၊ သြဂုတ် ၂၀၀၅