Breaking News

မောင်ဖီလာ - မရောက်တဲ့ကဗျာကို ရှုံးတဲ့ကြက်ကလေးလို ငါတို့သတ်စားနေရတယ်




မောင်ဖီလာ - မရောက်တဲ့ကဗျာကို ရှုံးတဲ့ကြက်ကလေးလို ငါတို့သတ်စားနေရတယ်

(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၀
(မိုးမခ စက်တင်ဘာ ၂၀၁၉ ပုံနှိပ်)


ပါးစပ်ဟလိုက်တာနဲ့လည်ချောင်းထဲ
သံဆူးကြိုးဘယ်နှစ်ခွေရှိလဲဆိုတာ
ကဗျာကသိတယ်။

ဒါကြောင့် ဇွန်ဘီတွေရဲ့သွားတွေနဲ့
လွတ်အောင်ကျွန်တော်တို့ကျူးတွေလိုပြောင်းရွှေ့
နေထိုင်ကြရတယ်။

သူရဲ့ရွာသာကြီးသီအိုရီထဲမှာ
ဒိုင်နိုဆောတွေအတောင်ပံတွေ တဖျပ်ဖျပ်ခတ်နေလို့
တလူလူလွင့်နေတဲ့ဘုရားရဲ့သင်္ကန်းစကို
ဒရုန်းနဲ့မတင်ထားရတယ်။

ကျွန်တော်တို့ခန္ဓာကိုယ်ထဲဝင်ပြီးအပေါ့စွန့်နေတဲ့
သက္ကရာဇ်တွေ အိုးအိမ်တိုက်တာတွေလို
အခိုင်အခန့်ဆောက်လုပ်ထားတဲ့သင်ခန်းစာတွေ
ခွေးလေခွေးလွင့်တွေလို အချင်းချင်းမာန်ဖီကိုက်ခဲနေ။

သွေးကြောထဲ ဘားဖွင့်ထားတဲ့ဂတ်စ်အိုးက
မြွေတွေနှာမှုတ်သလိုတရှူးရှူး
ကုတ်ကင်းမသုံးဘဲနဲ့ရနေတယ်
WY မသုံးစွဲဘဲနဲ့ကောင်းနေတယ်
ဈာန်ရသလိုငှက်တောင်ပံကလေး လေထဲဝဲလွင့်နေသလို။

ကမ်းခြေမသွားလည်း ငါတု့ိကိုယ်တိုင်က ကမ်းခြေ
ငါတု့ိကိုယ်တိုင် နယူးဂီနီ
ငါတု့ိကိုယ်တိုင် ဝါရှင်တန်ဒီစီ
ငါတို့ကိုယ်တိုင် ပျံလွှားငှက်ထဲမှာ ဇောက်ထိုးပျံလို့။

ဒီအရေးအသားထဲငါးရှဥ့်ခြောက်တစ်ပွဲလာချသွားလည်း
အရသာမရှိဖြစ်ရတယ်။
ဆံပင်ဘုတ်သိုက်နဲ့လေယာဉ်ပျံကလည်း
ဂျွန်လင်နွန်ဆိုတဲ့နာမည်နဲ့ငါတို့သီချင်းတွေထဲပျံပျံလာတယ်။

ဒါကြောင့် မရောက်တဲ့ကဗျာကိုရှုံးတဲ့
ကြက်ကလေးလို
ငါတို့ပြန်ပြန်ပြီး သတ်စားနေရတယ်။