Breaking News

မင်နီရှဲလ် - DO NOT GIVE SALT OR ADVICE IF YOU ARE NOT ASKED



မင်နီရှဲလ်  - DO NOT GIVE SALT OR ADVICE IF YOU ARE NOT ASKED

(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၀

ဝါလကင်းလွတ် သီတင်းကျွတ်ပြီမို့ မင်္ဂလာတွေ ဆောင်ကြပါသည်။ သူငယ်ချင်းတစ်ယောက် ကတော့ လက်ထပ်ပြီးရင် မြန်မြန်မကွဲကြပါနဲ့။ လက်ဖွဲ့ပေးရတဲ့သူတွေပဲ နစ်နာသတဲ့။ သူပြောတာလည်း ဟုတ်သား။

အိမ်ထောင်တစ်ခု တည်ထောင်သည်မှာ ဘဝတစ်ခုကို စတင်တာဖြစ်သည်။ အရင်လူလွတ် အခြေ အနေနှင့် မတူသောဘဝမျိုး၊ ဒီဘဝမှာ ကာယကံရှင်နှစ်ယောက်ထဲနှင့်ပဲ ဆိုင်ပါသည်။ သူတို့သာ ကိုယ့်ဘဝ ကိုယ်ဖန်တီးယူကြလိမ့်မည်။ သူတို့လမ်းသူတို့ လျှောက်ကြလိမ့်မည်။

ကျွန်မ မင်္ဂလာဆောင်တော့ ကျွန်မ မိဘတွေက တစ်ယောက်နှင့်တစ်ယောက် သည်းခံဖို့၊ နားလည်ဖို့၊ ဒေါသမထားဖို့ ဘာဘာညာညာလောက်ပဲ ပြောသည်။ ကျွန်မအဖေကတော့ ရန်ဖြစ်စရာရှိလဲ တအားကြီးအောင့်မထားပဲ ဖြစ်စရာရှိ ဖြစ်လိုက်ပေါ့ကွာ၊ VACCINE ကာကွယ်ဆေး ထိုးသလိုလို တစ် ယောက်နဲ့တစ်ယောက် ANTIBODY တွေကြိုတင်ရှိအောင် လုပ်ထားကြပေါ့တဲ့။ မှတ်သားစရာပါပဲ။ အဲဒါ လောက်ကလွဲလို့ သူတို့သည် ကျွန်မတို့ဘဝမှာ ဘာမှ စိတ်ဝင်စားခြင်း ၊ ဝင်ရောက်စွက်ဖက်နှောက်ယှက် ခြင်း မရှိပါ။ ကိုယ့်ဘဝကိုယ် လျှောက်လှမ်းဖို့ ပညာသင်ပေးပြီးပြီလေ။ (အသက်တွေကလည်း နှစ်ယောက် ပေါင်းအသက်က လက်ထပ်ချိန်မှာ ခုနှစ်ဆယ်ကျော်နေပြီ။)

အလုပ်ဝင်ခါစ ဆေးကျောင်းတက်တဲ့စရိတ် STUDENT LOAN တွေအများကြီး ပြန်ဆပ်နေရသော ကျွန်မကို အိမ်တစ်လုံးကနေ နှစ်လုံးဖြစ်အောင် လုပ်လေလို့ ဆရာလာမလုပ်ခဲ့။ အပတ်စဉ် နာရီပေါင်းများစွာ အလုပ်လုပ်နေရသော ဆရာဝန်လင်မယားနှစ်ယောက်ကို စီးပွားရေးလုပ်ငန်းတွေ လုပ်ပါလား၊ ဓာတ်ဆီဆိုင်၊ ထမင်းဆိုင်၊ ကော်ဖီဆိုင် ဖွင့်ပါလားလို့ ဘယ်လိုမှ မဖြစ်နိုင်သော၊ လက်တွေ့ဘယ်လိုမှ မကျနိုင်သော အကြံဉာဏ်တွေ လာပေးခြင်းမရှိ။ မင်္ဂလာဆောင်မှာ ရှိသမျှလူတကာကို လိုက်ဇွတ်အတင်းနှုတ်ဆက်ပြီး ကိုယ့်ကိုယ်ကိုယ်အရေးပါကြောင်း ပြသခြင်းလုံးဝမရှိ၊ ယောကျာ်းကို ထမင်းပွဲရှေ့ရောက်အောင် ကျွေးရမယ် ဆိုသော ရှေးရိုးဆန်အယူအဆတွေ ရိုက်သွင်းပေးခြင်းမရှိ။

ကျွန်မမှာ တစ်သက်လုံးဖြစ်သလို တေတေပေပေ နေလာသူ၊ ကိုယ့်ကိုကိုယ်ကလွဲလို့ ဘယ်သူ့ကိုမှ သိပ်သံယောဇဉ်မထားတတ်သူ၊ စာအုပ်တွေကို သွားလေရာယူသွားတတ်သူ၊ အလုပ်ကိုဦးစားပေးသူ ဖြစ်လေရာ အိမ်ထောင်တစ်ခု တည်ထောင်ခြင်းမှာ ကြောင်တစ်ကောင်ကနေ နှစ်ကောင်ဖြစ်လာတာနှင့် တူသည်။ ကြောင်နှစ်ကောင်ဖြစ်လာပြီးနောက် ထိုကြောင်နှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် တည့်အောင် တခွီးခွီးနှင့် ထမကိုက်မိအောင် သတိထားနေရသော အချိန်ဖြစ်သည်။ ထိုအချိန်မှာ သူတို့ကို အနားကနေမီးလောင်ရာလေပင့် လုပ်မပေးသင့်။ စေတနာထားချင်ဟန်ဆောင်ပြီး ချောက်မတွန်းသင့်။ လူတိုင်း ကိုယ့်ဘဝကိုယ် အေးအေးဆေးဆေး လျှောက်လှမ်းနေရင် ဘာမှ ပြဿနာတွေ ရှိလာမှာမဟုတ်။

အမှန်အတိုင်းပြောရရင် ဆရာဝန်ဖြစ်ဖို့ အိမ်မက်တစ်ခုကို အကောင်အထည်ဖော်နေစဉ် ငယ်စဉ် ကာလများသည် တကယ်ကိုမလွယ်ကူပါ။ သူများကို ထမင်းပွဲရှေ့ရောက် ချကျွေးဖို့ထက် ကိုယ့်ဟာ ကိုယ်တောင် အလုပ်တွေနဲ့ပိနေလို့ ထမင်းနပ်မမှန်သော နေ့ရက်များစွာရှိဖူးသည်။ ဆေးရုံလိုက်ဘရီထဲက ဆိုဖာပေါ်မှာပင်ပန်းပြီး အိပ်ပျော်သွားတာ အချိန်လွန်သွားလို့ လုံခြုံရေး SECURITYက ဒါအိပ်ခန်းမဟုတ်ဘူး တခြားသွားအိပ်ချင်တဲ့နေရာအိပ်၊ ခင်ဗျားတစ်ခုခုဖြစ်သွားရင် ကျပ်ပါ အမှုပတ်နေဦးမယ်ပြောတာနှင့် ကြုံဖူးသည်။

ဆေးရုံမှာကလည်း သိတဲ့အတိုင်းပဲ။ စားစရာတွေက ပေါမှပေါ။ ဆရာဝန်တွေအတွက် အခန်းထဲမှာ သစ်သီး၊ ဒိုးနပ်၊ ဖျော်ရည်၊ နွားနို့၊ ဆိုဒါအကုန်အချိန်မရွေး ရနိုင်သည်။ လစဉ်စားဖို့ ကတ်ပြားထုတ်ပေးထား သေးသည်။ တစ်ခါတလေ လကုန်ရန်ကတ်ထဲမှာ ပိုက်ဆံတွေပိုနေလို့ အာလူးကြော်ထုတ်၊ ဖျော်ရည်ဗူး၊ ကွတ်ကီး၊ ဒိန်ချဉ်စတဲ့ တာရှည်ခံစားစရာတွေဝယ်ပြီး အိမ်ယူသွားရတာရှိသည်။ စားစရာအတွက် ဘာမှမပူ ရတော့ စားဖို့အရေးသည် ပထမဦးစားပေးနေရာမှာ ရှိမနေခဲ့ပါ။ အိမ်မှာနေရင်း စားဖို့အတွက် တစ်ခါတလေ ကြက်သားအာလူးဟင်း၊ ငါးဟင်း၊ ဘဲဥစားချင်လို့ ကိုယ့်ဟာကိုယ် ဘာလချော်ကြော်စားတာ နောက်တစ် သက်လုံးဘယ်တော့မှ မကြော်ဖို့ သင်ခန်းစာ ရသွားခဲ့ပါသည်။ အခန်းမှာအနံ့တွေစွဲ လူကခေါင်းကိုက်၊ အရမ်းငန်သော၊ ကျန်းမာရေးနဲကမပြည့်စုံသော စားစရာတစ်ခုအတွက်၊ လျှာတစ်ချောင်း အလိုလိုက်ဖို့ အတွက် ကျွန်မအချိန်နဲ့ခွန်အားတွေ ဘယ်လောက်ပါသွားခဲ့ပြီလဲ။ နှမျှောလိုက်တာကွယ်။ အချိန်ဆိုတာ ပိုက်ဆံလိုပြန်ရှာလို့မရပါ။

တစ်ချို့ရက်တွေမှာတော့ ဆေးရုံကအပြန် ကုလားဆိုင်၊ တရုတ်ဆိုင်တွေဝင်ပြီး ဟင်းတွေဝယ်လာ တာမျိုးလဲ ရှိရင်ရှိမည်။ အဲဒီအချိန်မှာ အဓိက အရေးကြီးတာသည် လူနာတွေမသေဖို့နှင့် ကိုယ့်ရည်မှန်းချက် ပညာရေးပြီးဆုံးဖို့ဖြစ်သည်။ ဆရာဝန်ဖြစ်အောင် ဒီလောက်ပညာသင်လာပြီးမှ ဆင်ပြောင်ကြီးအမြီးကျမှ တစ်လို့မဖြစ်။ သဲထဲရေသွန်မဖြစ်စေရ။

လူတွေမှာ ကိုယ့်ဦးစားပေးနှင့်ကိုယ် ရှိကြပါသည်။ ကျွန်မအတွက် သေရေးရှင်ရေး ဦးစားပေးမှာ လူတွေသေမကုန်ဖို့၊ မြန်မြန်ပြန်နေကောင်းဖို့၊ ဆေးမြန်မြန်ရဖို့၊ လူနာရှင်တွေနဲ့ ဆက်ဆံရေးချောမွေ့ဖို့၊ လူနာအန္တရာယ်ကင်းဖို့ စတာတွေဖြစ်သည်။ ကျွန်မ ထမင်းအချိန်မှစားရဖို့ ဦးစားပေးတဲ့ထဲမှာ မပါ ပါ။ အိပ်ရေးဝ၀အိမ်ရဖို့ဆိုတာ တကယ့်ဇိမ်ခံ အခွင့်အရေးဖြစ်သည်။ သူများမိန်းကလေးတွေလို ရှောပင်ထွက်ဖို့၊ ပိုက်ဆံဖြုန်းဖို့၊ ဝတ်စုံနဲ့လိုက်ဖက်မဲ့ ဖိနပ်ရှာဖို့၊ စတာတွေဟာ တစ်နှစ်မှာ ဘယ်လောက်မှမရှိလောက်အောင် ရှားပါးသော မင်မိုရီများဖြစ်သည်။ ပန်းအလှပြင်ခြင်း၊ သိုးမွှေးထိုးခြင်း စတာတွေကို ကျွန်မအလွန် စိတ်ပျက် ပါသည်။ အလုပ်ပိုတွေလို့ သဘောထားသည်။ ပြောပြီးပြီပဲ။ လူတစ်ယောက် အသက်ရှင်နေရဖို့၊ နေကာင်း ဖို့က ပိုအရေးကြီးပါသည်။ ပန်းအိုးမပြင်ရလို့၊ ထမင်းပွဲရှေ့ရောက် မကျွေးရလို့ ဘယ်သူမှ သေသွားမှာ မဟုတ်ပါ။ လောကမှာ လူတွေဟာ ကိုယ်ကျရာနေရာက ရပ်တည်နေကြတာဖြစ်သည်။ ကိုယံ်ဦးစားပေးနှင့် သူ့ဦးစားပေးက တူချင်မှတူကြလိမ့်မည်။ မတူညီသောဘဝတွေမှာ ကျင်လည်နေကြရတာကို ကိုယ်ပိုင်ပေတံ တွေနဲ့လိုက်တိုင်းပြီး ဂနာမငြိမ်ဖြစ်မနေသင့်။ တရားတကယ်ရှိသူဆိုရင်လည်း ဂနာမငြိမ်ဖြစ်နေမှာမဟုတ်။

ကျွန်မကတော့ ဘယ်သူ့ကိုမှ ဇွတ်အတင်းလိုက်ပြီး ADVICE ပေးမှာမဟုတ်၊ ကျန်းမာရေးနဲ့ပတ် သက်ပြီး သူတို့လာမေးလို့ ကိုယ်အကြံပေးပြီးပြီ၊ ဘာတွေဆက်လုပ်မရမလဲပြောပြပြီးပြီ၊ အဲဒါကို မလိုက်နာ ရင်သူတို့ကျန်းမာရေးပဲထိခိုက်မှာ သေနိုင်မှာကို သိလို့ အခါခါထပ်ပြောပြီးပြီ၊ ဘာမှမလိုက်နာတာတော့ ကျွန်မတာဝန်မဟုတ်တော့ပါ။ အိမ်ထောင်ရေးနှင့်ပတ်သက်လို့ကတော့ ဒေါသဖြစ်ရင်ဘာမှမပြောဖို့၊ မဆုံး ဖြတ်ဖို့ကလွဲလို့ ဘာမှအကြံပေးမှာမဟုတ်။ သူများတွေ မုန်းတီးဖို့၊ သွေးကွဲဖို့ ၊ အပြစ်မြင်ဖို့ ဘယ်တော့မှ ဓာတ်ဆီလောင်းပေးမှာမဟုတ်။ စိတ်လဲဝင်စားမှာမဟုတ်။

အမှန်အတိုင်း ဝန်ခံရရင် အလုပ်မှာလူပေါင်းစုံ၊ ဘဝပေါင်းစုံ၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ပြဿနာပေါင်းစုံကြုံဖူးပြီ၊ အကြံဉာဏ်မျိုးစုံပေးဖူးပြီ။ ရဲခေါ်ပေးဖူးပြီးပြီ။ လူသတ်မှုတွေ၊ လူသေမှုတွေပါကြုံ ဖူးပြီ။ သက်သေခေါ်ရင် ခေါ်မှာနော်ဆိုတဲ့စာတွေ ရဖူးပြီးပြီ။ သူများတွေကို ကိုယ့်အရေးပါအရာရောက် ကြောင်း မဏ္ဍပ်တိုင်တက်ပြစရာမလို ဆေးခန်းမှာ လူနာတွေက ကိုယ်တွေ့ရင်စကားများကြမှာစိုးလို့ အရှေ့က မဝင်ရဲပဲနောက်ဖေးပေါက်ကပဲ တိတ်တိတ်လေးဝင်ပါသည်။ ရှုပ်ထွေးလှသော လောကကြီး အကြောင်း၊ လူတွေက မမေးပဲလာပြောကြတာမို့ ဘာကိုမှ သိပ်စိတ်မဝင်စားလှတော့ပါ။ လူတွေရဲ့ဟန် ဆောင်မှု မျက်နှာဖုံးတွေဟာ ဆရာဝန်နဲ့ ရှေ့နေဆီအရောက် ကွာကျသွားသည်။ ဘုန်းကြီးကျောင်းမှာ ဘုရား ကျောင်းမှာ ၊ အလုပ်မှာ၊ ဟန်ဆောင်ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များစွာကို ကျွန်မထံလာရင်ဖွင့်ကြ ပါသည်။

ထားပါတော့လေ။ ကဲ နှစ်အတော်များများကို FAST FORWARD လုပ်လိုက်ပါ။ ကျွန်မ 2016 နှစ် ဦးမှာ STUDENT LOAN တွေ အကုန်ကြေပါသည်။ ရည်ရွယ်ထားတာမျိုးမဟုတ်ပဲ အိမ်နှစ်လုံးဖြစ်လာသည်။ ဆေးခန်းမှာ ပါတနာရှယ်ယာဝင်ရင်း 2014 လောက်မှာ FULL ပါတနာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို စပ်တူပိုင်လာပါသည်။ (ဓာတ်ဆီဆိုင်၊ ထမင်းဆိုင်တွေတော့ မဟုတ်ပါ။) ထမင်းပွဲရှေ့ရောက် ကျွေးနိုင်ဖို့ထက် လောကမှာ ထမင်းစားလက်မှတ်တစ်ခု ရှိထားဖို့က ကိုယ့်မိသားစုအတွက်ပိုအရေးကြီးပါသည်။ လူနာတွေရဲ့ ယုံကြည်အားကိုးမှုကို ရလာပါသည်။ ကံကိုကြောက်သော ကျွန်မ ဘယ်သူ့ကိုမှ အမုန်းပွားအောင် မီးလောင် ရာလေပင့်ပေးမှာ မဟုတ်ပါ။

သူများမိသားစုကို စိတ်ဆင်းရဲအောင် လုပ်သူတွေ နောင်ဘဝအထိ မဆိုင်းပဲ ဒီဘဝမှာပင် လက်တွေ့ ဝဋ်လည်တာတွေ့ဖူးသည်။ စိတ်ဆင်းရဲစရာတွေ အဆင်မပြေတာတွေ၊ စိတ်သောကရောက် နောင်တရစရာ တွေ၊ ချောချောမောမော မဖြစ်ပဲ ခက်ခဲရှုံးနိမ့်တာတွေ အိမ်ထဲဝင်လာနိုင်တာ လက်တွေ့ဘဝမှာပင် တွေ့ကြုံ ဖူးပါသည်။ တကယ်တော့ လူ့ဘဝကံဆိုတာ ခဏလေးသာဖြစ်သည်။ ဒီခဏလေးထဲမှာ ဂနာမငြိမ်ဖြစ်မနေပဲ ကိုယ့်ဘာကိုယ် အေးချမ်းစွာ ဘဝကို လျှောက်လှမ်းကြရင်အကောင်းဆုံးပါပဲ။ ကျွန်မတို့ဟာ ကိုယ့်အပင် ကိုယ် ရိတ်သိမ်းရပါသည်။

စကားပုံတစ်ခုရှိသည်။ ဆားပုလင်းကိုလည်း မတောင်းပဲ ဇွတ်အတင်း လိုက်မပေးနဲ့။ နေရာတ ကာမှာ ဆားမလိုပါ။ ထို့အတူပဲ ADVICE ဆိုတာလည်း ဇွတ်အတင်းလိုက်မပေးပါနဲ့တဲ့။ စေတနာမမှန်ရင် ဝဋ်လည်တတ်ပါသည်။ အချိန်က ဆုံးဖြတ်ပါလိမ့်မည်။

ဒီဇင်ဘာ ၂၆ ၊ ၂၀၁၉။