Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၄)



ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၄)

ဖောက်ထွက်သွားသော ကျည်ဆံတစ်တောင့်နှင့် စပ်လျှဉ်း၍ 
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၀  

(၄)

ဦးကုသလ(ကိုခင်ဇော်)အလှည့်ရောက်တော့ လက်ထဲမှာ သင်္ကန်းလေး ကိုင်လာပြီး သဘာပတိ ဆရာတော်တွေနဲ့ အခမ်းအနားကြွလာကြတဲ့ သံဃာတွေကို အရင်ဆုံး လက်အုပ်ချီ ကန်တော့လိုက်တယ်။ ပြီးမှ....

" တပည့်တော် ဆွမ်းလောင်းပွဲမြင်ကွင်းကို ပြောပြဘို့ ရင်ထဲမှာ အတော်လေး ဆို့နေတယ်ဘုရား။ တကယ်တမ်းပြောရရင် ဆွမ်းလောင်းမယ့်ကျောင်းသားတွေရဲ့ စိတ်ထဲမှာ ဆူပူမှုဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ် တစိုးတစိမှ မရှိတာ တပည့်တော် သိတယ်ဘုရာ့။ သူတို့တွေရဲ့စိတ်ရင်းအမှန်က အရေးတော်ပုံကြီးမှာကျဆုံးခဲ့တဲ့ အာဇာနည်ရဲဘော်ရဲဘက်တွေ အကုန်လုံး ကျွတ်ကျွတ်လွတ်လွတ်နဲ့ ဘဝကူးနိုင်အောင်ဆိုတဲ့ ကောင်းတဲ့ဆန္ဒလေးတွေနဲ့ လုပ်ကြတာပါ။ စစ်အာဏာရှင်တွေဘက်က အပြစ်လို့ ပြောရမယ့်အရာဆိုရင် ... ဗကသ အမှတ်တံဆိပ်ဖြစ်တဲ့ ခွပ်ဒေါင်းအလံ အနက် ကို ထောင်ခဲ့မိတာပဲ ရှိတယ်။ တကယ်တန်းကြည့်ရင် ဒါကို အပြစ်လို့မဆိုသာပါဘူး။ ဘာလို့လဲဆိုတော့ တပည့်တော်တို့တောင် သာသနာ့အလံနဲ့နိုင်ငံတော်အလံကို အလေးထားကြသလို သူတို့ ကျောင်းသားတွေလဲ သူတို့ရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ ခွပ်ဒေါင်းအလံကို အလေးထားကြတာ သဘာဝတောင် ကျပါသေးတယ်။ ဒီအလံကို ဖြုတ်ခိုင်းလို့ ကျောင်းသားကြီးတွေကို လာတိုင်ပင်ချိန်မှာ မိုးကျော်လေးကို တွေ့ပြီး အတင်း ဝင်ဖမ်းတယ်။ ဖမ်းတော့ တပည့်တော်က " ဗိုလ်မှူးရယ်ဖမ်းချင်ရင် ဆွမ်းလောင်းပွဲပြီးမှ ဖမ်းပါ။ ဦးဇင်းတို့ကိုယ်တိုင် အပ်ပေးဆိုရင် အပ်ပါ့မယ်" ပြောတာကို လက်မခံပဲ အတင်း ဝင်ဆွဲတယ်။ ဆွဲတော့ တပည့်တော်ကလဲ ဗိုလ်မှူးလက်ထဲက ပြန်လုတာပေါ့။ အဲဒီလို မိုးကျော်လေးကို အပြန်အလှန် လုကြရာက တပည့်တော်ရဲ့ လက်ထဲက သပိတ် လွတ်ကျသွားတယ်။ ဒါကို အသင့်ပြင်ပြီး စောင့်နေတဲ့ စစ်သားတွေက သူတို့ ဗိုလ်မှူးကို ဝိုင်းလုပ်နေပြီလို့ အထင်ရောက်ပြီး သေချာ ချိန်ပစ်ကြတယ်။ ဒီနေရာမှာ တစ်ခု ပြောစရာ ရှိတယ်။ "စစ်သားဆိုတာ အမိန့်မရ မချင်း မပစ်ဘူးဆိုတဲ့ ကိစ္စ"။ တပည့်တော်နဲ့ ဗိုလ်မှူးက အနီးကပ်မှ တကယ့်အနီးကပ်ကြီးဖြစ်နေတာ၊ ဘာအမိန့်မှ ပေးသံ မကြားခဲ့ဘူး။ ဒါဆို သေချာတယ်၊ အစကတည်းက ဆွမ်းလောင်းပွဲကို ပစ်မိန့်ပေးပြီးသားပဲ ဖြစ်ရမယ်။

နောက်နေ့ သတင်းစာထဲမှာ ပါလာတယ်။ ဆွမ်းလောင်းပွဲမှာ သံဃာတွေနဲ့ ကျောင်းသားတွေက သေနတ် ဝင်လုလို့ မိုးပေါ်ထောင်ပြီး ပစ်ခဲ့ရပါတယ်တဲ့။ သေနတ် လုရအောင် တပည့်တော်လဲ ဦးနှောက်မဲ့တဲ့သူမှ မဟုတ်တာ။ နောက်ပြီး ဘာတဲ့..မိုးပေါ်ထောင်ပြီး ပစ်လိုက်ရပါတယ်တဲ့။ ထွီ..လုပ်ပြီး ဝန်မခံရဲလိုက်တာ။ သေသေ ချာချာကြီးကို ဒူးထောက်ပြီး ပစ်တာ။ တပည့်တော် မန္တလေးတောင်ခြေက ရဟန်းပျိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇောတိကရဲ့ ဈာပနကို နောက်ဆုံး အနေနဲ့ သွားကန်တော့ရင်း ယဉ်ကျေးမှု့ ကဇာတ်အဖွဲ့ ကနေတာ တွေ့လို့ ဝင်ကြည့်ဖြစ်ခဲ့တယ်။ သူတို့က(၁၃၀၀)ပြည့်အရေးတော်ပုံ အကြောင်းကို ကပြကြတာ။ အဲ့ဒီမှာ ဘာကို သွားပြီး သတိထားမိသလဲဆိုတော့ အိမ်တော်ရာ ဘုရားကနေ (၂၆) ဘီလမ်းအတိုင်း ချီတက်လာတဲ့
သပိတ်တပ်သားတွေကို ကိုလိုနီပုလိပ်တွေက ဒူးထောက်ပြီးသေသေချာချာ ချိန်ပစ်တာကို သတိထားမိခဲ့တယ်။ အခုလဲ ဒီအတိုင်းပဲ ဒူးထောက်ပြီးတော့ သေသေချာချာကြီးကို ချိန်ပစ်ကြတာ။

(မောင်ကု ခမျာသူပြောနေတဲ့စကားထဲစီးမျောနစ်ဝင်သွားပြီး ဒူးထောက်ပြီးပစ်တဲ့ ပုံစံပါ လုပ်ပြသွားတယ်။ ပွဲအပြီး သူ့ကို မေးကြည့်တော့ ငါဘာလုပ်မိပြီး ဘာတွေ.. ပြောခဲ့မှန်းကို မသိဘူးတဲ့ )

​" သေနတ်သံလဲ ကြား..တည့်တည့်ချိန်ပစ်နေတယ်ဆိုတာကိုလဲ သိတော့ တပည့်တော်လဲ ပြေးတာပေါ့။ အဲဒီအချိန်မှာ သေနတ်မှန်ပြီး လဲကျသွားတဲ့ ကိုရင်အာစိဏ္ဏကို တွေ့လိုက်တယ်။ မှန်သွားတဲ့ကိုရင်ကို မြင်လိုက်တော့ ကိုယ်လွတ်ဘို့ကိစ္စထက် ဒီကိုရင်ကို ကယ်တဲ့ကိစ္စက အရေးကြီးတယ်လို့ ဆုံးဖြတ်လိုက်တယ်။ မဟုတ်ရင် ပြေးတဲ့လူတွေ တက်နင်းမိလို့ပဲဖြစ်ဖြစ်၊ ထပ်ပြီး အပစ်ခံရလို့ပဲဖြစ်ဖြစ် ဒီကိုရင် ပျံတော်မူတော့မယ်။ ဒါနဲ့..ဖြစ်ချင်ရာ ဖြစ်ပါစေလို့ တွေးပြီး ပစ်နေတဲ့ကြားက ကိုရင်လဲကျနေတဲ့ နေရာရောက်အောင် လှိမ့်ပြီးတော့ သွားမိတယ်။ ကိုရင့်နား ရောက်တော့ ကိုယ့်လိုပဲ လှိမ့်လာပြီး ကိုရင်ကို လာကယ်တဲ့နှစ်ပါးကို တွေ့လိုက်တယ်။ သူတို့ကတော့ ဦးဝါသဝ ( ယခု ဒေါက်တာဝါသဝ၊ လှည်းကူး၊ ဥယျာဉ်ရိပ်သာဆရာတော်)နဲ့
ဦးတိလောက( ပဲခူး၊ အခုချိန်ထိ အဆက်အသွယ်မရ)တို့ ဖြစ်နေတယ်။ သူတို့နဲ့အတူ ကိုရင်ကို သယ်လာပြီး ဆေးရုံကို ပို့ဘို့ ကားတားတာ တစ်စီးမှ ရပ် မပေးရဲကြဘူး။ မောင်းပို့တဲ့ သူကိုရော ကားကိုပါ အရေးယူခံရနိုင်တာဆိုတော့ ကြောက်ကြတာလဲ ဆန်းတော့ မဆန်းပါဘူး။ ဒါနဲ့ ကျန်တဲ့သူတွေနဲ့ " ဒို့ ဒီလိုတားနေလို့ကတော့ တစ်စီးမှ ရပ်ပေးကြမှာ မဟုတ်ဘူး။ လက်အုပ်ချီ ကန်တော့ပြီး တားကြမယ် "လို့ တိုင်ပင်ပြီး
တားတော့မှ အိမ်ဆောက်ပစ္စည်းတွေ သယ်လာတဲ့ကားလေးတစ်စီးက ရပ်ပေးလို့ ဒီကားနဲ့ပဲ ဆေးရုံအရောက် ပို့ဖြစ်ခဲ့တယ်။

သွားပို့ရင်း ကားပေါ်မှာ ကျည်ထွက်ပေါက်ကနေ အစာတွေ ထွက်ကျလာတယ်ဘုရာ့။ အဲဒီတော့မှ ဒဏ်ရာကို သေချာ ကြည့်မိတယ်။ ညာဘက်ပုခုံးက ဖောက်ဝင်သွားတဲ့ ကျည်ဆံဟာ အဆုတ်ကို ဖြတ်ပြီး ဘယ်ဘက် နံရိုးကြားကနေ ဖောက်ထွက်သွားတယ်ဘုရာ့။ အဲ့တော့မှ သေနတ်မှန်တဲ့ ဒဏ်ရာ အကြောင်းကိုတပည့်တော် သိခဲ့မိတယ်။ ကျည်ဝင်တဲ့နေရာက သေးသလောက် ကျည်ဖောက်ထွက်တဲ့နေရာကတော့ လက်သီးဆုတ်လောက်ကို ကျယ်တာ တွေ့ခဲ့ရတယ်။ အရှင်ဘုရားတို့ တပည့်တော်တို့နဲ့ လုံးဝ မအပ်စပ်တဲ့ သေနတ်တို့ ကျည်ဆံတို့နဲ့ ထိတွေ့ခံရတဲ့ ဒဏ်ရာအကြောင်းကိုလဲ ကိုရင် သေနတ်မှန်ခံရမှ သိခွင့် ရခဲ့တယ်ဘုရား။ ယမ်းနံ့နဲ့ သွေးနံ့ရောနေတဲ့အနံ့ဟာ ဘယ်လိုမှ မခံသာအောင်ဖြစ်ပြီး ဘယ်လို လျှော်လျှော်၊ ဒီအနံ့လုံးဝကို မပျောက်နိုင်ဘူးလို့ တွေးပြီး ကားပေါ်မှာပဲ တပည့်တော်ရဲ့သင်္ကန်းကို လဲပေးခဲ့ပြီး တပည့်တော်ကတော့ ကျောင်းပြန်ရောက်တဲ့အထိ အံသကိုဋ်နဲ့ပဲ နေခဲ့ရတယ်ဘုရား။ (သူခမျာ ပြောရင်းပြောရင်း တစ်ဆို့ဆို့ ဖြစ်လာတယ် ထင်တယ်။ ပြောနေရင်း အသံထွက်လာလိုက်၊ အသံတိမ်သွားလိုက်၊ မျက်ရည်သုတ်လိုက်ဖြစ်နေပြီး ကိုရင်ရဲ့ ကျည်ဖောက်ပြီး သွေးစွန်းနေတဲ့ သင်္ကန်းလေးကိုင်ပြ ပြောဆိုချိန်မှာတော့ ဘယ်လိုမှကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ...

" ကြည့်ကြစမ်းပါဦး အရှင်ဘုရားတို့ရယ်..သပ်သပ်..ပါယ်ပါယ်..ရှိအောင် ဝတ်ရုံ ဆင်မြန်းရတဲ့ သင်္ကန်းကို ကျည်ဖောက်ရာ၊ သွေးကွက်တွေနဲ့ တွေးရက်စရာ မရှိတဲ့လုပ်ရပ်မျိုးကို လုပ်ရက်ကြပေတယ်ဘုရား "လို့ ပြောလဲပြော၊ ငိုလဲ ငိုရှာတယ်။ အခမ်းအနားကြွလာကြတဲ့ သံဃာတွေအာလုံးလဲ သူပြောပြတာ နားထောင်၊သူငိုတာကို ကြည့်ပြီး ပါလာတဲ့ လက်ကိုင်ပုဝါလေးတွေ ကိုယ်စီထုတ်ပြီး မျက်ရည် သုတ်ကုန်ကြတယ်။

အတော်လေးကြာမှ သူ့စကားကို ပြန်ဆက်တယ်..

"ဆေးရုံရောက်ရောက်ချင်း ဆရာဝန်ကြီးကို "ကျုပ်တို့ ကိုရင်ကို ရှင်အောင် ကုပေး။ ဒီကိုရင် အသက်ရှင်မှကို ဖြစ်မှာ"လို့ ပြေားပြီး အပ်လိုက်တယ်။ ဒီအချိန်မှာ ကိုရင်က သတိလစ်နေပြီ။ ဒါကို ဆရာဝန်ကြီးက အဆုတ်ထဲ သွေးဝင်နေလို့ သတိလစ်နေတာလို့ ပြောလဲပြော နံရိုးကြားကနေ အစိမ်းတိုက် ဖောက်ထုတ်မယ်လုပ်တော့ တပည့်တော် ဆေးပညာအကြောင်းကို နားမလည်ပဲ အစိမ်းတိုက်ကြီး ဖောက်ရင် ကိုရင်လေးတော့ သေမှာပဲလို့ အတွေးရောက်သွားပြီး ဆရာဝန်ကြီးကို ဒီလို မလုပ်ဘို့ အော်လိုက်မိတယ်။ ဒီတော့ ဆရာဝန်ကြီးက တပည့်တော်ဘက်လှည့်၊ လက်ညှိုးထိုးပြီး " ကိုယ်တော်ချည်းပဲ ဒီကိုရင်ကို မသေစေချင်တာမဟုတ်ဘူး။ တပည့်တော်လဲ မသေစေချင်တဲ့ထဲမှာပါတယ်။ စိတ်ချ..ဒီကိုရင် အသက် ရှင်ကို ရှင်ရမယ်"ပြောပြီး ဖောက်ချလိုက်တော့မှ သွေးတွေနဲ့ အမြှုပ်တွေ ထွက်လာပြီး ကိုရင် သတိ ပြန်ရလာတယ်။
သတိပြန်ရပြီး မကြာလိုက်ပါဘူး၊ ဆေးရုံကနေ စစ်သားတွေ လုယူသွားပြီး မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကုပေးမယ်လို့ ပြောသွားတယ်ဘုရား။ ဒီတော့...အရှင်ဘုရားတို့ စဉ်းစားကြပါ။ ဒီလို ဘာသာရေးအခမ်းအနားမျိုးကို သွေးစွန်းအောင်လုပ်ခဲ့တဲ့ အာဏာရှင် စစ်အစိုးရကို သံဃာ့ကံနဲ့အညီ သပိတ်မှောက်သင့်လား၊ မမှောက်သင့်လားဆိုတာကို"လို့ မေးပြီး သူ့စကားပြောခန်းကို ရပ်လိုက်တယ်။

( ကိုရင်အသက်ရှင်ပါသည်။ ဆေးရုံက ဆင်းပြီး ကျမ္မာလာချိန်မှာ ဦးကုသလကို လာကန်တော့ရင်း " တပည့်တော် နောက်နောင် ဆွမ်းလောင်းပွဲတွေရှိရင်လဲ ဆွမ်းခံကြွပါမယ်ဘုရား” လို့ လျှောက်သွားကြောင်း ကိုခင်ဇော် ပြန်ပြောပြလို့ သိခဲ့ရပါကြောင်း။)

[ စကားချပ် ]
ဥုံဖွ