Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၂)

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၂)

(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၀


(၁)
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ပန်းတိုင်ဟာ “နိဗ္ဗာန်” ဆိုတာ လူတိုင်းအသိပါ။ နိဗ္ဗာန်ရရာရကြောင်း ကျင့်ကြံမယ်ဆိုရင် ငါစွဲ အတ္တစွဲပျောက် အောင် အားထုတ်ရမယ်ဆိုတာလည်း အများသဘောပေါက်ပြီး ဖြစ်ပါတယ်။ ငါတည်းဟူသော အတ္တ အစွဲတန်းလန်းနဲ့ သံသရာက လွတ်မြောက်လမ်းဖြစ်တဲ့ နိဗ္ဗာန်နန်းကို ခြေလှမ်းလို့ မဖြစ်နိုင်ပါ။ ဒါက လောကမှထွက်မြောက်ရာလမ်းလေ။

စာပေအနုပညာဖန်တီးတဲ့အခါမှာတော့ အတ္တခေါ်တဲ့ ငါစွဲက အရေးကြီးပါတယ်။ ငါစွဲပါမှ ကဗျာလှသတဲ့။ ဒီအကြောင်းကို ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာ တက္ကသိုလ်မင်းမော်က သူရဲ့ သူငယ်ချင်းကဗျာစုမှာ ဒီလိုဖွဲ့ဆိုထားတယ်။


(၂)
စိတ်ပညာ

သူငယ်ချင်း
ကဗျာတိုင်းမှာ၊ အတ္တပါ၏
အတ္တပါမှ၊ ကဗျာလှ၏
အတ္တမပါ၊ ကဗျာဆရာ
ငါလိုက်ရှာ၏၊ ရှာသာရှာ၏
ခုထိမတွေ့။
ပန်းချီတိုင်းမှာ အတ္တပါ၏
မပါမရ၊ ပါနေရ၏
အတ္တပါမှ ပန်းချီလှ၏
အတ္တမပါ၊ ဝါသနာမပီ
ပန်းချီဆရာ၊ ငါလိုက်ရှာ၏
ရှာသာရှာ၏၊ ခုထိမတွေ့။
သူငယ်ချင်း
ကဗျာမည်သည်
ပန်းချီမည်သည်
ပန်းပုမည်သည် လောကီအလုပ်။
လောကီအလုပ်၊ အတ္တနှုတ်လျှင်
အလုပ်ဖြစ်စရာ၊ မရှိပါတည့်
ငါပြောသည်တွင်၊ မယုံချင်လျှင်
စိတ်ပညာရှင်၊ တဒါဇင်လောက်
မေးချင်မေးကြည့် သူငယ်ချင်း။
တက္ကသိုလ်မင်းမော်
ချယ်ရီမဂ္ဂဇင်း၊ ၈၄၊ ဒီဇင်ဘာ။

ဒီကဗျာကလေးက ပေးတဲ့အမြင်ကို ကွယ်လွန်သူစာရေးဆရာမကြီး ဒေါ်ခင်နှင်းယုက “ပုထုဇဉ်တို့၏ အရိုင်းမြေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၈၅ ခု၊ ဧပြီလထုတ် ချယ်ရီမဂ္ဂဇင်းမှာ ဖွင့်ဆိုဆွေးနွေးထားပါတယ်။ ဆရာမကြီးရဲ့ “ဇီဝဇိုးစံအိမ်” ဆိုတဲ့ စာပေါင်းချုပ်လည်း ပြန်လည်ထည့်သွင်းထားပါတယ်။

အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အတွေးဖြစ်လို့ တဆင့်ပြန်လည်တင်ပြလိုက်ပါတယ်။

(၃)
ဆရာမကြီး ဒေါ်ခင်နှင်းယုက ဆရာဦးကျော်ထွဋ်ရဲ့ ပဋိစ္စသမုပ္ပါဒ်မှာ “နိဗ္ဗာန်မှာ အတ္တပါ၍မရ” ဆိုတဲ့ စကားကို ကိုးကားပြီး “အတ္တသည် နိဗ္ဗာန်နှင့် မဆိုင်ပေ” လို့ ရှင်းပြပါတယ်။

အတ္တဆိုတာ ဘာလဲ။ “အတ္တဆိုတာ ကိုယ်” လို့ ရိုးရိုးလွယ်လွယ် ပြောကြပါစိုု့။ “မိမိကိုယ် … ငါ” လို့ဆို လိုပါတယ်။

အတ္တဝါဒုပါဒါန်ဆိုတာ အတ္တဝါဒ + ဥပါဒါန်။ ခန္ဓာကိုယ်ကို “ငါ” လို့စွဲနေတဲ့သဘော။ အနတ္တလက္ခဏာသုတ်မှာ ငါစွဲအတ္တပြုတ်အောင် ဗုဒ္ဓကဟောတာပါ။ အတ္တဝါဒကိုပြုတ်အောင် ဗုဒ္ဓကလွဲလို့ ဘယ်သူမှမဟောနိုင်ပါ။

ကိုယ်ကြီးမြင်နေပါလျက်နဲ့ ကိုယ်မဟုတ်ဆိုတဲ့စကားကို မဟာစည်ဆရာတော်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောဟာ “မမြဲဆင်းရဲသဘောပဲ” လို့ရှင်းတယ်။ အနတ္တဆိုတာ သဘောမျှသာ။ သူ့သဘောသူ ဆောင်နေတာ။ မစိုးမပိုင်လို့ နားလည်ရတယ်။ အနတ္တရဲ့ ဆန့်ကျင်ဘက်က အတ္တ။ အတ္တအစွဲကတော့ ရှိစမြဲ။ သက္ကာယကတော့ “စိတ်+ကိုယ်” အရိယာပုဂ္ဂိုလ်တို့မှတပါး သက္ကာယအစွဲ မကင်းနိုင်ကြသေး။

သက္ကာယဒိဋ္ဌိ ငါစွဲရှိနေရင် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေး။ ဒါပေမယ့် အနုပညာသမားတို့မှာ လောကီနယ်သားများသာ ဖြစ်တဲ့အတွက် အတ္တကတော့ ရှိမှာပဲ။

“လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ခံစားရအောင် ဆောက်တည်တဲ့သီလတို့၊ မှန်တဲ့အကျင့်တို့ ဆိုရင် လူ၊ နတ်၊ ဗြဟ္မာ ချမ်းသာရနိုင်တယ်” လို့ ဆရာဦးကျော်ထွဋ်က “မဉ္စူသက ပဋိစ္စသမုပ္ပါဒ်” မှာ ဆိုထားပါသတဲ့။

စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ အနုပညာဆရာတွေမှာ စေတနာကောင်းထားလေ့ရှိတယ်။ ငါပြုစုရတဲ့ အနုပညာကြောင့် ချမ်းမြေ့ကြပါစေ၊ အမြင်မှန်ရပါစေ၊ ကိုယ့်အမျိုးဂုဏ်ကို ဆောင်နိုင်ကြပါစေ။ ပြည်သူလူထု အများစုကို အကျိုးပြုတဲ့ အနုပညာဖြစ်ပါစေဆိုတဲ့ ကုသိုလ်စေတနာပါတယ်။ ဒါကြောင့် အပါယ်လားမယ် မထင်ပါလို့ ဆရာမကြီးက ရှင်းပြပါတယ်။

ပြီးတော့ မာန်မာနဆိုတာ လောကုတ္တရာမျက်စိနဲ့ကြည့်ရင် ဘယ်မာန်မှ မကောင်းပါဘူး။ ငါနဲ့ငါသာ နှိုင်းစရာလို့ မာနမုန်ယိုတာ ဘယ်ကောင်းပါ့မလဲ။ ဒါပေမယ့် ဇာတိမာန်၊ မိမိအမျိုးသားကိုချစ်တဲ့မာန်၊ အမှန်တရားကိုချစ်တဲ့ မာန်ကတော့ ရှိသင့်ရှိထိုက် ထားသင့်ထားထိုက်တဲ့ မာန်ပါပဲ။

အနုပညာအဖွဲ့အနွဲ့မှာ မရှိကိုလည်း အရှိလုပ်ရတတ်ပါတယ်။ စာဖတ်သူ နားဆင်သူ ညွတ်နူးနှစ်သက် အောင်၊ ရသပါအောင် ဖွဲ့နွဲ့စာဆိုရပါတယ်။ အနုပညာမာယာဆိုတာလည်း ရှိသေးတယ်မဟုတ်လား။ ဆရာတော် ဦးသြဘာသရဲ့ ဟိမဝန္တာချီးမွမ်းခန်း၊ ဆရာမင်းသုဝဏ်ရဲ့ “အေးရိပ်သာတဲ့ ပြည်ညောင်ညို၊ ဥသြတွန်သံချို” စတဲ့ အနုပညာလက်ရာတွေဟာ ဖတ်သူရဲ့ရင်ထဲမှာ ညွတ်နူးအေးမြပျော်ရွှင်လာအောင် ဖန်တီးရတာ မဟုတ်ပါလားတဲ့။

ပုထုဇဉ်တို့ရဲ့ အရိုင်းမြေဟာ အတ္တနယ်မြေက ဘယ်မှာလွတ်မြောက်နိုင်ပါ့မလဲ။ ဒါပေမယ့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ခွင့်တူညီမျှရှိခြင်းကို ချစ်မြတ်နိုးတဲ့ အနုပညာရှင်တို့ရဲ့ စေတနာနဲ့ ထွန်ယက် စိုက်ပျိုးရင်တော့သီးပွင့်မျိုးစုံနဲ့ သာယာချမ်းမြေ့တဲ့ လူ့ဘောင်ကို ရောက်နိုင်ကောင်းပါရဲ့လို့ မျှော်မှန်းမိပါတယ်။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၈)၊ စက်တင်ဘာ ၂၀ဝ၅