Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၀)


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၀)

အို.. အမကြီးရယ်.. ရန်သူတွေ နီးလာပါပေါ့ကွယ်
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀


နောက်တစ်နေ့အရောက်မှာ ဓမ္မာဂါရစတဲ့ဆရာတော်ကြီးတွေက ဦးရေဝတ ခေါင်းဆောင်တဲ့ သံဃာငယ်ခေါင်းဆောင်တွေကို မိုးကောင်းတိုက်မှာ ခေါ်ပြီး တွေ့တယ်။ ဆရာတော်ကြီးတွေက "တိုင်းမှူး တောင်းပန်မယ်ဆိုတဲ့အကြောင်းတော့ သိပြီးကြရောပေါ့။ မောင်ရင်တို့ ဆန္ဒကရော ဘယ်လိုရှိသလဲ" မေးတော့ ဘာလျှောက်ရမှန်း မသိလို့ ငြိမ်နေကြတယ်။ အချင်းချင်း တွေ့လဲ မတွေ့ဖြစ်၊ ညှိလဲ မညှိရသေးတဲ့အချိန်။ ဒါနဲ့ ဓမ္မာဂါရဆရာတော်က ဆက်ပြီး "မင်းတို့ ဆရာ မောင်ရာဇကတော့ မနေ့က လျှောက်ထားပွဲမှာ "ရှင်ဘုရင် အလိုလိုက်လို့ သာသနာပိုင် လူထွက်ရတယ်" ဆိုတဲ့ သမိုင်းပြောပြီး တွယ်သွားတယ်ကွ။ ဟ...မောင်ရေဝတ..မောင်ရင်က ဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌမဟုတ်လား၊ အဖြေပေးဦးလေကွာ" ဆိုပြီး ပြောတော့ ... 

ဦးရေဝတက "ဆရာတော်၊ တပည့်တော်လုပ်နေရတဲ့ ဥက္ကဋ္ဌနေရာဟာ အသက်အရွယ်ကြောင့် လူရိုသေ ရှင်ရိုသေဖြစ်အောင် တင်ပေးထားတဲ့နေရာဘုရာ့။ အဖွဲ့စပြီး ဖွဲ့ကတည်းက "အရှင်ဘုရားကို အသက်အရွယ်အရရော၊ အတွေ့အကြုံပိုင်းအရပါ အားထားရလောက်မယ်ထင်လို့ ဥက္ကဋ္ဌနေရာ တင်လိုက်ပြီတဲ့။ အဲ..ဥက္ကဋ္ဌဆိုပြီး အဖွဲ့အစည်းရဲ့ သဘောဆန္ဒကို သွေဖီပြီး လုပ်ချင်ရာ လုပ်မိရင်တော့ ချက်ချင်း ဖြုတ်ပစ်မယ်တဲ့။ အဲဒါကြောင့်..တပည့်တော် ဘယ်လို ဆန္ဒရှိရှိ အများဆန္ဒအတိုင်းမှ မဟုတ်ရင် ဘာမှ ချွန်ပြီး မလုပ်ရဲဘူးဘုရာ့။ အခု..လေးပြင် လေးရပ် ခေါင်းဆောင်တွေ စုံတုန်း သူတို့ ဆန္ဒတွေကို ဆရာတော်များကိုယ်တိုင် မေးပါတော့ဘုရာ့" လို့ လျောက်တယ်။

"ကဲ..ဒါဆို မြတောင်က အရှင်လေးတွေနဲ့ မစိုးရိမ်က အရှင်လေးတွေရဲ့ဆန္ဒ အရင်ဆုံး ပြောကြဗျာ" ဆိုတော့..မြတောင်နဲ့ မစိုးရိမ်ကိုယ်စား မြတောင်ဦးအဂ္ဂဝံသက.."ဆရာတော်ဘုရား၊ တပည့်တော်များအခမ်းအနားတွေ လုပ်ပြီး တောင်းဆိုခဲ့ကြတာ ဦးစောမောင်ကိုယ်တိုင် တောင်းပန်ရမယ်လို့ တောင်းဆိုခဲ့ကြတာဘုရာ့။ အခု တိုင်းမှူးပဲ တောင်းပန်မယ်ဆိုတာလောက်နဲ့တော့ လက်မခံနိုင်သေးဘူးဘုရား" လို့လဲ လျှောက်ရော ... 

ကျန်တဲ့ဆရာတော်တွေက "မောင်ရင်လေးတို့ စဉ်းစားကြဗျာ။ သူတို့ တက်လာတာ "ဇယန္တော ဗောဓိယာ မူလေ" ရွတ်ပြီး တက်လာတာ မဟုတ်ဘူး။ သေနတ်ပစ်ဖောက်ပြီး တက်လာကြတာ။ သူတို့ ခေါင်းဆောင်ကတော့ တောင်းပန်မယ်လို့ သိပ်မထင်ဘူး" လို့ ထင်မြင်ချက်ပေးတယ်။ 

ဘုရားကြီးအုပ်စုနဲ့ အိမ်တော်ရာအုပ်စုတွေကလဲ မြတောင်၊ မစိုးရိမ်တို့နည်းတူ တင်းထားဘို့ လျှောက်ကြတယ်။ ဒုဥက္ကဌ၊ အရှေ့ပြင် ဘုန်းကြီးဦးဓမ္မဝရကတော့ "ညီငယ်တွေ စိတ်ကျေနပ်ရင် လှန်၊ စိတ်တိုင်း မကျရင် မလှန်ကြနဲ့" လို့ လျှောက်ပြီး မြောက်ပြင် ဦးပဏ္ဍိကတော့ "သံဃာများတဲ့ တိုက်ကြီးတွေ ဆန္ဒအတိုင်းပါဘုရား" လို့ လျှောက်ကြတယ်။ "ဒါဆို ဒီအတိုင်းပဲ တင်ပြလိုက်တာပေါ့" လို့ မိန့်ပြီး တွေ့ဆုံပွဲ သိမ်းလိုက်တယ်။
ဒါဟာလဲ..ဆရာတော်ကြီးတွေကို လေးစားပြီးရင်း လေးစား၊ အတုယူပြီးရင်း အတုယူသင့်တဲ့ အချက်တစ်ချက်လို့ ဆိုရမှာပါ။ 

ဒီဆရာတော်ကြီးတွေဟာ "ဒို့က ဆရာတွေပဲ၊ ဒို့လှန်ခိုင်းရင် ဒို့ကို မှီခိုနေရတဲ့ စာသင်သားတွေ ငြင်းမှာ မဟုတ်ပါဘူး။ ဒို့ ဖြစ်စေချင်သလို ဖြစ်အောင် လုပ်ခိုင်းမယ်" ဆိုတဲ့ စိတ်မျိုး မမွေးပဲ နွေးထွေးတဲ့ ဆရာ တပည့် ဆက်ဆံရေးမျိုးနဲ့ ဆက်ဆံပြီး သဘောထား တောင်းခံသွားတာကိုး။
မန္တလေးသံဃာတွေ အဲလို တင်းခံထားချိန်မှာ ရန်ကုန်ဘက်က ဝမ်းသာစရာ သတင်းတစ်ခု ဝင်လာတယ်။ အဲဒါကတော့ တိပိဋက ဆရာတော် ဦးသုမင်္ဂလက သူ့တပည့်တွေကို "အရှင်ဘုရားတို့၊ ရွှေကျင်၊ သုဓမ္မာ၊ ဒွါရ၊ ဝေဠုဝန်စသဖြင့် ဂိုဏ်းဂဏတွေ ဘယ်လိုပဲ ကွဲနေကွဲနေ၊ သူတို့တွေလို သိမ်ထဲမှာဝင်ပြီး ကံမဆောင်ဖြစ်ခဲ့ကြစေကာမူ သံဃာဆိုတဲ့ အပေါင်းအစုကြီးက တညီတညွတ်တည်း ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကိုတော့ လေးစားလိုက်နာရမယ်" လို့ ဩဝါဒ ပေးသတဲ့။ သံဃာတွေဘက်က တင်းထားချိန်မှာ သူတို့အတွက် အရှိုက်ကို အားပါတဲ့ ဒူးတိုက်ချက် အမိခံရသလို အဖြစ်မျိုးနဲ့ ကြုံပြန်တယ်။
သံဃာတွေ ကံဆောင်ပြီး သပိတ်မှောက်ထားချိန်မှာ မဲသဝေါတိုက်ပွဲ ဖြစ်တာနဲ့ ကြုံတယ်။ မဲသဝေါ တိုက်ပွဲဆိုတာ စစ်သမိုင်းမှာတော့ အတော်ကြီးကျယ်တဲ့ စစ်ပွဲကြီးတစ်ခု။ အဲဒီတိုက်ပွဲကြီးမှာ မန္တလေးအခြေစိုက် ခ.လ.ရ (၇၆)မျက်ပါးရပ် စစ်တပ်က တပ်ရင်း တစ်ရင်းလုံးနီးပါး တိုက်ပွဲ ကျတယ်။ ကျဆုံးသူတွေအတွက် ဘာသာရေးထုံးတမ်းစဉ်လာအတိုင်း သရဏဂုံတင်၊ ဆွမ်းသွတ်၊ အမျှအတမ်း ပေးဝေဘို့ သံဃာတွေ လိုက်ပင့်တော့ တစ်ပါးမှ မကြွကြလို့ ဒီတိုင်းပဲ သင်္ဂြိုဟ် လိုက်ရသတဲ့။ အောက်ခြေစစ်သားမိသားစုတွေ အတော်ကို ယူကြုံးမရ ဖြစ်ကုန်ကြသတဲ့။ ဟုတ်တယ်လေ..တိုက်ပွဲကြီး တစ်ပွဲဖြစ်လို့ ကျပြီဟေ့ဆိုရင် အောက်လက်ငယ်သားတွေပဲ အများဆုံးကျတာမဟုတ်လား။ ကျဆုံးစစ်သည် မိသားစုဝင်တွေအချင်းချင်း တီးတိုး တီးတိုးပြောလာရာက စုမိတော့ အကျယ်လောင်ဆုံး အသံလှိုင်းကြီးအသွင် ဖြစ်လာပြီး ဒီအသံတွေက ဦးစောမောင် နားထဲ အကြီးမားဆုံး မုန်တိုင်းကြီးတစ်ခုလို ဝင်ဆောင့်သွားတယ်။ ဘယ်လောက်ပဲ အာဏာနဲ့ ထိန်းကွပ်ထားပါစေ၊ အောက်လက်တွေ တော်လှန်လာရင် ထိန်းသိမ်းရခက်မှာဘဲလေ။
ဒါနဲ့..အဲဒီအချိန်က သာသနာရေးဦးစီးဌာနမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ဦးအံ့မောင်ကို ခေါ်ပြီး သပိတ်မှောက်ခံရရင် ဒီလို အကျိုးဆက်တွေ ခံစားရသလားဆိုပြီး ခေါ်မေးတော့ ဦးအံ့မောင်က သေချာ ရှင်းပြလိုက်သတဲ့။ ကျမ်းလာအတိုင်း သပိတ်မှောက်ခံရရင် ဒီလို ဖြစ်တတ်ပါသလားဆိုတာ သိပြီး အတော်ကြီးကို တုန်လှုပ်သွားသတဲ့။ 

တဘက်ကလဲ ဆရာတော်ကြီးတွေကို သပိတ်လှန်ပေးဘို့ လျှောက်၊ တဘက်ကလဲ အဓိကလှုပ်ရှားတဲ့ ကျောင်းတိုက်ကြီးတွေနဲ့ နီးသထက်နီးအောင် တပ်တွေချ၊ အဝင်အထွက်မှန်သမျှ စစ်ဆေး၊ ဂျာနယ်တွေ၊ စာအောင်တွေ၊ ကြေငြာချက်စာရွက်တွေနဲ့ တွေ့တဲ့ ဦးဇင်း ကိုရင်တွေဆို သူတို့ တပ်စွဲထားတဲ့ ဌာနချုပ်ထဲထိ ခေါ်ပြီး "နောက်တစ်ခါ ဒီလို စာမျိုးတွေ ပါလာတာ တွေ့ရင် ဖမ်းပြီး ထောင်ချမယ်" လို့ ခြိမ်းခြောက်တဲ့အဆင့်ထိ ဖြစ်လာတယ်။ တိုက်သစ်ရဲ့ ဘယ်လောက်အနီးဆုံးထိ နေရာယူလာသလဲဆိုရင် အခု "မစိုးရိမ်တိုက်သစ်" ဆိုတဲ့ LED ဘုတ်ကြီးနားထိပဲ။ အရင်ကတော့ ဒီဘုတ်ကြီး မရှိသေးဘူး။ အုတ်တံတိုင်းအစွန်းမှာ ခယိုခယိုင်တိုင်လေးစိုက်ပြီး ဆူးလိမ်ကြိုး (၄/၅)ချောင်းပဲ ကန့်လန့်ကာထားတာ။
ဒီအတောအတွင်းမှာပဲ သာသနာရေးဌာနက လူကြီးတွေ သပိတ်လှန်ပေးဘို့ လိုက်လျှောက်ကြသေးတယ်။ သူတို့က နေ့ခင်းဘက် သံဃာတွေ မြင်နိုင်တဲ့ အချိန်တွေမှာ မလျှောက်ရဲလို့ ညဘက် စာဝါ၊ စာအံကျောင်းတက်နေတဲ့ အချိန်တွေမှာ လိုက်လျှောက်ကြတယ်။ တိုက်သစ်ကို လာလျှောက်ချိန်မှာ စာအံကျောင်း မဆင်းသေးလို့ မတွေ့လိုက်ကြပေမယ့် တိုက်ဟောင်းက ဆရာတော်တွေဆီ သွားအလျှောက်မှာ
တော့ ညဝါဆင်းချိန်နဲ့ ကြုံလို့ သံဃာတွေနဲ့ တည့်တည့်တိုးသတဲ့။ အဲဒီမှာ စာဝါ ဆင်းလာတဲ့ သံဃာတွေက သာသနာရေးက လူတွေ သပိတ်လှန်ပေးဘို့ လာလျှောက်မှန်း သိသွားကြပြီး ခဲတွေနဲ့ ဝိုင်းထုလွှတ်လိုက်ကြတာ ပါဠိကျောင်းရှေ့က အရင် ပဌာန်းဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ကျောင်းလေးကို ဖျက်ပြီး ပုံထားတဲ့ အုတ်ခဲကျိုးတွေ ကုန်သလောက်နီးပါးပဲတဲ့။
သံဃာတွေဘက်က ဒီလိုတွေ တုန့်ပြန်လာတော့ သူတို့ဘက်ကလဲ ဆွမ်းခံထွက်တဲ့ သံဃာတွေကို သပိတ် လှန်ပြခိုင်း၊ ရုံထားတဲ့သင်္ကန်း ဖြည်(ဖြေ)ပြခိုင်း၊ သင်းပိုင်တွေ ခါပြခိုင်း ဖြစ်လာတယ်။ ဒီလိုတွေ လုပ်လာတော့ သံဃာတွေက ဂျာနယ်တွေ ယူမသွားရဲ ဖြစ်လာကုန်တယ်။ ဂျာနယ်တွေ အပြင်များများ ထွက်မယ့်နည်းလမ်းကို ကျောင်းသားကြီးတွေနဲ့ တိုင်ပင်လိုက်တော့ "စိတ်မပူပါနဲ့ ဦးဇင်းတို့ရာ..ဒီကိစ္စကို ကျောင်းသားတွေပဲ တာဝန်ယူလိုက်ပါ့မယ်။ နာမည် တအား မထွက်သေးတဲ့ ကလေးတွေကို ပို့ခိုင်းမှာပေါ့။ ပို့ရမယ့်နေရာကိုသာ တိတိကျကျပြော" ဆိုလို့ ဂျာနယ်တွေအတွက် စိတ်အေးခဲ့ရတယ်။