Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၂)


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၂)

ကွဲတတ်လေသော အမြင်လေးများ

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀

တိုက်ဟောင်းအဖွဲ့တွေကလဲ (၃၅)အေလမ်း မီးသတ်ရုံးမှာ တပ်စွဲထားတဲ့စစ်သားတွေ ကင်းလှည့်ချိန်တွေနဲ့ တိုက်ပေါက်မှာ ကပ်ထားတဲ့ စာရွက်တွေကို ထောက်လှမ်းရေးတွေ လာခွါတဲ့အချိန်တွေမှာ ကြုံရင် ကြုံသလို ဆော်လွှတ်ကြတယ်။ ပါဠိကျောင်းနဲ့ မာဂဓကျောင်းတွေက လမ်းဘေးကျတာဆိုတော့ သူတို့ပဲ အများဆုံး တွယ်လွှတ်ကြတာ များပါတယ်။ သူတို့ ဝိုင်းတွယ်ပြီဆိုရင် စစ်သားတွေဆိုတာ သူတို့ဆီမှာပါလာတဲ့ လေးခွတွေကို ထုတ်ချိန်တောင် မရလိုက်ပဲ တချိုးထဲ ပြေးရတာချည်းပဲ။

 အေးအေးဆေးဆေး ဆွေးနွေးရ ပြောရတဲ့အခါတွေမှာဆိုရင် ဦးမဟောသဓ(မဟာမုနိဘုရားကြီး ဗိုက်ဖောက်အရေးတော်ပုံမှာ ထောင် ၇ နှစ်ကျ)၊ ဦးသီလဝံသ(ဝမ်းတွင်း)၊ ဦးဝါသဝ(လှည်းကူး၊ ဥယျာဉ်ရိပ်သာဆရာတော်)၊ ဦးပညာသာမိ(မွတ္တား)၊ ဦးတေဇာဓိပတိ( ရွှေဘို)တို့ တာဝန်ယူကြပေမယ့် ခပ်ကြမ်းကြမ်းဇာတ်ရုပ်မျိုးတွေ သရုပ်ဖော်ရတော့မယ်ဆိုရင်တော့ အလယ်တိုက် ဦးပဏ္ဍိ(ဖားကန့်မှာ သေဆုံး)နဲ့ ဦးဝိသုတ(ချစ်မွှေး)တို့ပဲ ဦးဆောင်ကြတာ တွေ့ရတယ်။ ဒီနှစ်ပါးထဲမှာ အလယ်တိုက်ဦးပဏ္ဍိက သိုင်းပါတတ်တော့ ထောက်လှမ်းရေးတွေ အတော် ကြောက်ကြတယ်။ တိုက်ဟောင်းဘက်သွားဘို့ အကြောင်းဖန်လာရင် သူတို့ အချင်းချင်း "ဟေ့ကောင်..တိုက်ဟောင်းဘက်သွားရင် ကွန်ဖူးပဏ်နဲ့ မတွေ့အောင် ရှောင်နော်။ တွေ့လို့ကတော့ မျက်နှာမှာ အာလူးသီး ထွက်ရုံတင် မကဘူး၊ ဒူးရင်းသီးနဲ့ အမွေ့ ခံရသလို ဖြစ်သွားမယ်" လို့ သတိပေးလေ့ ရှိတယ်။

အေးအေးရော ကြမ်းကြမ်းရော စွယ်စုံရတာက သုစရိတခေါ် ပင်လုံ၊ သူက နေ့စဉ် ဆွမ်းခံမှန်မှန်ထွက်ပြီး ကျောင်းသားတွေနဲ့ ကျောင်းပျောက်ဦးတေဇာဓိပတိတို့အိပ်တဲ့ သီတဂူဆွမ်းစားကျောင်းအောက်က အခန်းလေးထဲမှာ တလုပ်မှ သူမစားဘဲ သပိတ်လိုက် အမြဲ လာထားတယ်။ သူကတော့ သူငယ်ချင်းတွေ ဆွမ်းဝိုင်းမှာ သွားစားတယ်။ တခြားဦးဇင်း ကိုရင်တွေကလဲ ဇလုံတွေလှန်ပြီး နည်းနည်းစီ ထည့်ပေးထားတတ်ကြတယ်။ ပင်လုံစာချုပ်အကြောင်း အမြဲပြောလို့ သူ့ကို ပင်လုံလို့ ခေါ်ကြတယ်။ ပြေးရင်း ရှောင်ရင်းက လူထွက်ပြီး မန္တလေးမှာ ဆီကုန်သည် ဦးသိန်းဝင်းလုပ်နေလေရဲ့။ ပွဲတွေမှာ ထိပ်ဆုံးက အလံကိုင်သလို ဘတ်ခွစစ်ပွဲတခု ဖြစ်မလိုလိုအချိန် စစ်သားတွေထဲ ဗိုလ်ချုပ်မိန့်ခွန်းတွေရွတ်ရင်း တပါးထဲ စွတ်ဝင်သွားတာ၊ စစ်သားတွေခမျာ ဘတ်ခွလေးတွေချပြီး သူ့ရဲ့ ဗိုလ်ချုပ်မိန့် ခွန်း နားထောင်နေရရှာတယ်။ ပြီးတော့ သူက ခပ်တည်တည် ပြန်လာတယ်။

အဲဒီရက်ပိုင်းမှာပဲ ဆရာတော်တွေ ပင့်ပြီး လျှောက်ပြန်တယ်။ ဒီတစ်ခါ တိုင်းမှူးတင်မကပဲ သာသနာရေးဌာနက ဦးအံ့မောင်ပါ တောင်းပန်ပြီး အမြန်ဆုံး လှန်ပေးဘို့ လျှောက်တော့ ဆရာတော်တွေက "အရင်လဲ ပြောခဲ့ပြီးပါပြီ။ အများနဲ့ ညှိပြီး လုပ်ထားတဲ့ကိစ္စဆိုတော့ အများကို ချပြပြီး သူတို့ ကျေနပ်မှ လှန်လို့ရတယ်ဆိုတာလေ၊ အမြန်ဆိုတာကြီးနဲ့ လောလို့တော့ မရဘူး။ အတတ်နိုင်ဆုံး ရှင်းပြလိုက်ပါမယ်" လို့ မိန့်ပြီး ပြန်ကြွလာကြတယ်။ ညပိုင်းရောက်တော့ ဘုန်းကြီးကောကျောင်းမှာ ဘုန်းကြီးဦးရာဇက "ဒီတခါ မောင်အံ့မောင်ရော တိုင်းမှူးပါ တောင်းပန်မယ်ဆိုတော့ နိုင်ငံရေးအမြင်အရ အလုံးစုံကြီးမဟုတ်တောင် ထိုက်သင့်သလောက် အနိုင်ရပြီဆိုတဲ့ သဘောဆောင်နေပြီ။ ဆရာကော သဘောလဲ ပြောပါဦး" ဆိုပြီး လျှောက်ပြော ပြောတော့ ဘုန်းကြီးကောက "ဦးဇင်း..တပည့်တော်ကတော့ ဦးစောမောင် တောင်းပန်မှ လှန်ပေးချင်တယ်။ ဘာ့လို့လဲဆိုတော့ သူတို့အကြီးအကဲကိုယ်တိုင် တောင်းပန်မှ သပိတ်ရဲ့ လေးနက်မှုကို နားလည်ပြီး နောင် မလုပ်ရဲတော့မှာ" လို့ ပြန်ပြောတယ်။

ဘုန်းကြီးဦးရာဇက ဆက်ပြီး "သိပ်တော့..မလွယ်လောက်ဘူးဆရာကော။ သူတို့က သူတို့ လုပ်ခဲ့သမျှကို မှားပါတယ်လို့ လက်မခံသလို၊ လုပ်ခဲ့သမျှတိုင်း တောင်းပန်ခဲ့တာ မရှိဘူး။ နောက်ပြီး အမြန်ဆုံး လှန်ပေးပါဆိုတဲ့ စကားကို ထောက်ရင် မဖြစ်မနေ အတင်းအကြပ် လှန်ခိုင်းမယ့်သဘော ရှိတယ်။ အဲ..သတင်းတစ်ခုလဲ ရထားသေးတယ်။ အကယ်၍ သပိတ်လှန် မပေးရင် အဓိကလှုပ်ရှားတဲ့ ကျောင်းတိုက်တွေဖြစ်တဲ့ မစိုးရိမ်၊ မြတောင်၊ မိုးကောင်းစတဲ့ တိုက်ကြီးတွေကို အတင်းဝင် ဖြိုခွဲဘို့ စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့သတင်းပဲ။ ဒီစစ်ဆင်ရေးနာမည်ကိုတောင် "မမြမိုးစစ်ဆင်ရေး" (မ=မစိုးရိမ်၊ မြ=မြတောင်၊ မိုး=မိုးကောင်း) လို့ နာမည်ပေးထားတယ်" လို့ လျှောက်တော့ ဘုန်းကြီးကော နဲနဲ စဉ်းစားသွားတယ်။ ပြီးမှ "တပည့်တော်က ခေါင် (ဂေါင် )ထိ အကုန်ယူသဘောနဲ့ ဒီလမ်းကြောင်းကြီးကို ချခဲ့တာဘုရာ့။ လွယ်လွယ်နဲ့တော့ မစွန့်ချင်သေးဘူး" ဆိုပြီး တင်းနေတော့ ဘုန်းကြီးဦးရာဇက "ဆရာကော..တချို့ နေရာတွေမှာ ပုံသေကားချ တွက်လို့ မရသလို၊ ရေရှည်ကို မျှော်ကြည့်ရတယ်ဘုရာ့။ ဒါလောက်ဆိုရင် ကိုယ်ရွေးခဲ့တဲ့ လမ်းကြောင်းကို ချိုမြိန်တဲ့ အနိုင်လို့ ယူဆပြီး ခံစားလို့ ရနိုင်လောက်ပါပြီဘုရား" လို့ အသံမာမာနဲ့ ပြောခဲ့ဘူးလေသမျှ ပျော့ပြောင်းပြီး စည်းရုံးရေးဆန်ဆန် စကားလေးနဲ့ ပြောလာတော့ ဘုန်းကြီးကောခမျာ ခေါင်းကုတ်ပြီး "ဒါဆိုလဲ နက်ဖြန်ကျရင် ခေါင်းဆောင်တွေ အစည်းအဝေးခေါ်ပြီး တိုင်ပင်ကြဦးကွာ။ ငါ့သဘောကတော့ လှန်မပေးချင်သေးဘူး" လို့ မိန့်တယ်။

ဒီ "မမြမိုးစစ်ဆင်ရေး" ဆိုတဲ့စကားကို ဆရာတော့်အရင် မြတောင်ဆရာတော်ဦးသာသနရဲ့တူ ဦးအဂ္ဂဝံသ(သီတဂူကိုအောင်၊ သံပန်း သံတခါး) ဆီက ကြားခဲ့ရတယ်။ သူက "တစ်နေ့ ငါ..ဆရာတော့်ဝေယျာဝေစ္စ လုပ်ပေးနေတုန်း သပိတ်ကိစ္စနဲ့ တိုင်းမှူး ရောက်လာတယ်ကွ။ သူရောက်လာတော့ ဆရာတော်က ငါ့ဘွဲ့ကို ခေါ်ပြီး ကိစ္စတစ်ခု ခိုင်းတယ်။ ငါ့ဘွဲ့လဲ ကြားရော တိုင်းမှူးက သူ့ဖိုင်ထဲက စာရွက်ထုတ်ကြည့်ပြီး "ဆရာတော်..ဆရာတော့်တူ ဦးအဂ္ဂဝံသဆိုတာ ဒီဦးဇင်းလားဘုရာ့။ ဟုတ်တယ်ဆိုရင် အမြန်ဆုံးသာ လွတ်အောင် ရှောင်ခိုင်းတော့ဘုရာ့။ ဒီရက်ပိုင်းမှာပဲ "မမြမိုးစစ်ဆင်ရေး" လုပ်ကြလိမ့်မယ်။ မြတောင်တိုက်ထဲက ဖမ်းရမယ့် စာရင်းထဲမှာ ဒီဦးဇင်း ထိပ်ဆုံးကပဲ" လို့ လျှောက်သွားသတဲ့။

နောက်တစ်နေ့မှာ ဓမ္မာဂါရဦးဆောင်တဲ့ဆရာတော်တွေနဲ့ တွေ့ကြပြန်တယ်။ ဆရာတော်က "ကဲဗျာ..ဒီတစ်ခါတော့ မောင်အံ့မောင်ပါ တောင်းပန်မယ်တဲ့ဗျာ။ ဦးရာဇကတော့ ရှေ့နောက် ထောက်ဆပြီး လှန်ပေးစေချင်တဲ့သဘော ပြောကြတယ်။ ငါလဲ အသက်ကြီးလာလို့သာ ချင့်ချိန်နေရတယ်။ မောင်ရင်တို့လို ခပ်ငယ်ငယ်သာဆိုရင် မောင်ရင်တို့လိုပဲ တင်းထားမိမှာ။ ဘယ်နှယ့်ဗျာ၊ သူတို့လုပ်ခဲ့တဲ့ကိစ္စကို တောင်းပန်ခိုင်းတာပဲ တောင်းပန်လိုက်ပေါ့။ နောက်ပြီး..သူတို့ တောင်းပန်ရမယ့်သူတွေက ဆရာတော် သံဃာတော်တွေ။ ဘာများ ရှက်စရာလိုလဲ။ ထားပါ၊ ဒါက သူ့တို့ ကိစ္စ။ ဒါနဲ့ မောင်ရင်တို့ သဘောပြောကြပါဦး" လို့ သဘောထား ပြန်တောင်းတော့ အားလုံးက ဘာဖြစ်ဖြစ် ဦးစောမောင်ကိုယ်တိုင် မတောင်းပန်သ၍ လှန်မပေးဘူးလို့ပဲ ပြန်လျှောက်ခဲ့ကြတယ်။

သပိတ်လှန်ပေးဖို့ တန်ပြန်လှုပ်ရှားမှုတွေ တော်တော်အားကောင်းလာပြီး လှန်ပေးချင်တဲ့ ဆရာတော်တချို့ရဲ့ တပည့်တွေအပေါ်မှာ ဖိအားတွေ များလာတဲ့အတွက် လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီအစည်းအဝေးခေါ်ပြီး သပိတ်ကိစ္စ ဆွေးနွေးကြတယ်။ လေးပြင်လေးရပ်လုံး တရက်တည်း တချိန်တည်း တုံးမောင်းခေါက်ပြီး ကိုယ့်တိုက်နဲ့ကိုယ် ဆန္ဒပြကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းတိုက်တွေက ထုတ်ခံရရင်လဲ ထုတ်ပစေတော့၊ ပြကြမယ်ပေါ့။ အဲဒီဆုံးဖြတ်ချက်အတိုင်း တိုက်သစ်ထဲမှာ ည(၈)နာရီ အရောက်မှာတော့ "သံဃာ့ ဆန္ဒ လိုက်လျောရေး=ဒို့အရေး၊ ဒို့အရေး" "သံဃာအများစု ဆန္ဒမပါဘဲ သပိတ် မလှန်ရေး=ဒို့အေရး" လို့ ကြွေးကြော်ပြီး ဘုန်းကြီးဦးရာဇကို ဆန္ဒ ပြကြတယ်။ ဆန္ဒ ပြပြီးကြပြီး "ကိုယ့်ဆရာအရင်းကို ဆန္ဒ ပြမိကြပြီ" ဆိုကာ ငိုသူတွေလဲ ငိုကြတယ်။

တိုင်းအတွင်းရေးမှူး မောင်ပေါ်က ဘုန်းကြီးဆီ ဖုန်းဆက်တယ်။ ဘာတွေ လျှောက်တယ်တော့ ဘုန်းကြီးက ဘယ်သူ့ကိုမှ ပြန်မပြောခဲ့ဘူး။ အဲဒီတုန်းက ဖုန်းပြောပြီးတော့ မျက်နှာ တော်တော် ပျက်နေတယ်၊ တပည့်တွေကို “မင်းတို့ သပိတ်က လှန်ပေးမှ ဖြစ်လိမ့်မယ်” ဆိုပြီး ခေါ်ပြောတယ်။ ဟိုဘက်ကိုလဲ နယ်သံဃာတွေရဲ့ သဘောထားတွေကို မေးပြီးမှ လှန်လို့ရမယ် ပြောထားတယ်။

အယူမတူလို့ ဆန္ဒပြနေကြတဲ့ တပည့်တွေရဲ့ အသံတွေကို ကြားပြီး ပဌာန်းရွတ်နေတဲ့ ဆရာတော် ဘယ်လို ခံစားနေရမလဲဆိုတာတော့...