Breaking News

မောင်စွမ်းရည် - နန်းတော်ရှေ့ ရာပြည့်စာကြည့်တိုက်သတင်းကို အမှီပြုပြီး



မောင်စွမ်းရည် - နန်းတော်ရှေ့ ရာပြည့်စာကြည့်တိုက်သတင်းကို အမှီပြုပြီး

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀

မန္တလေးနန်းတော်ရှေ့စာကြည့်တိုက် ရာပြည့်ပွဲ သတင်းကို ဖတ်ပြီး ကြည်နူးမှုဂယက်ဟာ တော်တော် နဲ့ မရပ်ဘူး။ ဒါနဲ့ စာတပုဒ် ထပြီး ရေးမိပါတယ်။ ကျွန်တော် လူမှန်းသိစ၊ စာတွေဖတ်စအရွယ်က အသင်းအပင်းတွေကြောင့် ဖတ်ရရင် အသင်းအမှုဆောင်ထဲက ‘ဉာဏဗလမှူး’ ဆိုတာကို အထူး စိတ်ဝင်စားခဲ့ဖူးတယ်။ သူ့အလုပ်က အများအားဖြင့် စာကြည့်တိုက်မှူးပါပဲ။ အာရှလူငယ်အဖွဲ့ ‘ဉာဏဗလမှူး’တဲ့။ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ထဲက ‘ဉာဏဗလမှူး’တဲ့။ စာအုပ်စာရင်း စာအုပ်ကြီးကို ကိုင်ပြီး ဖောင်တိန်တချောင်းနဲ့ အလုပ်ရှုပ်နေတဲ့ စာကြည့်တိုက်မှူးတွေကို မြင်ရတဲ့အခါ အကုန်အားကျခဲ့ပါတယ်။

အခြေခံပညာကျောင်းသားဘဝမှာတုန်းကတော့ ‘အသင်းအဖွဲ့’ ဆိုလို့ ‘ကင်းထောက်လုလင်’အဖွဲ့မှာ ပဲ ပါဝင်ခဲ့ရဖူးပါတယ်။ တက္ကသိုလ် ရောက်တော့မှ ‘မြင်းခြံခရိုင် ကျောင်းသားများအသင်း’၊ ‘မန်းတက္ကသိုလ် ကလောင်ရှင်အသင်း’၊ ‘မန်းတက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦး’၊ ‘မန်းတက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့’တို့မှာ ပါဝင်လုပ်ဆောင်ရတော့ လုပ်ဖူးတာက ကျောင်းသားသမဂ္ဂရဲ့ စာကြည့်တိုက်မှူးပါပဲ။ နှစ်နှစ် ဆက်တိုက် လုပ်ဖူးပါတယ်။ နောက်နှစ်ကျတော့ လည်း ပြန်ကြားရေးဗျူရို အတွင်းရေးမှူးအဖြစ် ရွေးကောက်ခံ အမှုဆောင် ဖြစ်လာပါတယ်။ ပြန်ကြားရေးမှူး ဆိုတာကလည်း စာကြည့်တိုက်ကိစ္စ အကျုံးဝင်ပါတယ်။ ကျောင်းက ထွက်ပြီး အလုပ်လုပ်တော့ အလွတ်ကျောင်းဆရာဘဝကနေ အစိုးရက ပြည်သူပိုင်သိမ်းလိုက်တော့ အစိုးရ ကျောင်းဆရာ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော် လုပ်ရတဲ့ အစိုးရကျောင်း အခြေခံပညာဦးစီးဌာန ရုံးချုပ်ရှိ ကျောင်းသုံးစာအုပ်ကော်မတီမှာ ပါဝင်လုပ်ဆောင်ရပြန်တော့ ရုံးမှာ ဗမာပြည် လွတ်လပ်ရေးရခါစက ရရှိခဲ့တဲ့ စာကြည့်တိုက်ဟာ ပျက်စီးနေပါပြီ။ ပညာမင်းကြီး ဦးချိုတို့၊ ဦးကောင်းတို့ တည်ထောင်ခဲ့တာပါ။ ဗီရိုတွေကို ညွှန်မှူးတွေက သူတို့ရုံးခန်းအတွက် ကိုယ်စီကိုယ်င တလုံးစီ ခွဲဝေယူထားကြပါပြီ။ ကျွန်တော်က အားမနာ ပါးမနာ ဗီရိုတွေကို ပြန်စုပြီး စာကြည့်တိုက်ကို ပြန်လည်တည်ထောင်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ မြန်မာစာသင်ရိုးအဖွဲ့က အလယ်တန်းပြဆရာမ လေး နှစ်ယောက်ကို စာကြည့်တိုက်ပညာဒီပလိုမာ သင်တန်းတက်ခိုင်းခဲ့ပါတယ်။ ကျွန်တော်လည်း တက်ပါတယ်။

၁၉၈၈ ခုနှစ်အတွင်းလောက်က ထင်ပါရဲ့။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ စာကြည့်တိုက်မှူးများ ညီလာခံက ဖိတ်ကြားခံလိုက်ရလို့ သွားရောက်တက်ခဲ့ ရပါတယ်။ နောင်နှစ်မှာ ကျွန်တော် ဦးဆောင်ပြီး ဗမာပြည်မှာ စာကြည့်တိုက်ညီလာခံ ကျင်းပဖို့ တာဝန်ပေးလိုက်ပါတယ်။ ကျွန်တော်က ဝမ်းပန်းတသာနဲ့ ကျွန်တော်တို့ ညွှန်ချုပ်ကို အစီရင်ခံတော့ ကျွန်တော်တို့ ညွှန်ချုပ် ဗိုလ်မှူးက “နိုင်ငံခြားသားတွေ ဝင်ထွက်မှာကို ခွင့်မပြုနိုင်ဘူး” လို့ ငြင်းပယ်ချ လိုက်ပါတယ်။ လုပ်ဆောင်ရမှာက ယူနက်စကို အဖွဲ့ကြီးက ရန်ပုံငွေနဲ့ပါ။ ယူနက်စကိုက တာဝန်ပေးအပ်တာကို ဝမ်းနည်းစွာနဲ့ ငြင်းပယ်ခဲ့ရပါတယ်။ ဒါတော့ ကျွန်တော့်အတွေ့အကြုံကို ဦးစွာ အစီရင်ခံလိုက်တာပါ။ ဘာကြောင့် ကျွန်တော် စာကြည့်တိုက် ရာပြည့်ပွဲ ဆိုတာကို စိတ်ဝင်စားရသလဲ ဆိုတာ သိစေချင်လို့ ခြေဆင်းရေးတာပါ။ ရျည်လျားထွေပြားတာကိုတော့ သည်းခံပါ။ ဒီအကြောင်းကို ထည့်ရေးရတာက သမိုင်းတခေတ် နှစ်ပေါင်း လေး ငါးဆယ် (ရာစုနှစ် တဝက်) လောက် ကြာအောင် စာကြည့်တိုက်ကဏ္ဍ မှေးမှိန်ခဲ့ရတာကို သိစေချင်လို့ပါ။ စစ်အစိုးရ ခေတ်၊ အာဏာရှင်ခေတ်မှာပေါ့။ ခုတော့ ရပ်ကွက်စာကြည့်တိုက်ကလေးကို ဝန်ကြီးတွေ၊ မန္တလေးတိုင်းရဲ့ ထိပ်ဆုံးပုဂ္ဂိုလ်ကြီးတွေက လာရောက် အားပေးကြတာဆိုတော့ ဝမ်းသာစရာပေါ့။

မန္တလေးက နန်းတော်ရှေ့စာကြည့်တိုက် ဆိုတာ အစိုးရစာကြည့်တိုက် မဟုတ်ပါဘူး။ အမျိုးအစား အနေနဲ့ ပြောရရင် ‘ရပ်ကွက်စာကြည့်တိုက်ကလေး’ တခုမျှသာ ဖြစ်ပါတယ်။ ဒီရပ်ကွက် စာကြည့်တိုက်ကလေးဟာ အမျိုးသားစာကြည့်တိုက်ကြီးထက် သက်တမ်းရှည်ပါတယ်။ အမျိုးသား စာကြည့်တိုက်ကြီးက ဗမာပြည် လွတ်လပ်ရေးရပြီးမှ ကိုလိုနီခေတ် ဘားနဒ်ပုဂ္ဂလိကစာကြည့်တိုက် ကလေးကို အခြေပြုပြီး တည်ထောင်ခဲ့ရတာဆိုတော့ ခုမှ နှစ်ပေါင်း ၇၀ လောက်ပဲ ရှိသေးတာကိုး။ ဦးနု ခေတ်တုန်းကတော့ မြို့နယ်တိုင်းမှာ အစိုးရ ပြန်ကြားရေးဌာန စာဖတ်ခန်းလေးတွေ ရှိခဲ့ပါတယ်။ စာပေဗိမာန်က စာအုပ်တွေကို အခမဲ့ ပို့ပေးခဲ့ပါတယ်။ မန္တလေးမှာဆိုရင် လမ်းတိုင်း၊ ပြတိုင်းမှာ စာကြည့်တိုက်အငယ်လေးတွေ ရှိပါတယ်။ အနည်းဆုံး နေ့စဉ် သတင်းစာတွေကို သွားရင်း လာရင်း ဝင်ဖတ်နိုင်ကြပါတယ်။ ကဗျာဆရာ တင်မိုး ကိုရင်လေးဘဝမှာ ဆွမ်းခံရင်း လမ်းဘေးစာကြည့်တိုက်တွေမှ သတင်းစာ၊ ဂျာနယ်တွေ ဝင်ဖတ်နေလို့ မကြာခဏ ဆွမ်းငတ်ရဖူး တယ်လို့ ပြောခဲ့ဖူးတာကို သတိရမိပါတယ်။ အဲဒီမှာ မန္တလေး လမ်းဘေးစာကြည့်တိုက်ကလေးတွေ အားလုံး ဗိုလ်နေဝင်း လက်ထက်မှာ ‘ရှုပ်တယ်’ ဆိုပြီး ဖျက်သိမ်းခိုင်းခဲ့ပါတယ်။ မှန်ပါတယ်။ လမ်းပေါ်မှာ ရှုပ်ပါတယ်။ ဒါ လမ်းနေရာနဲ့ အဆောက်အဦကလေးတွေကို အစားထိုးပေးရမှာပေါ့။ ခုတော့ တခါတည်း လုံးဝ လမ်းစပျောက်အောင် ဖျောက်ဖျက်ပိတ်ပင်လိုက်ခဲ့တာပါ။ စာတွေဖတ်ရင် အသိပညာတွေ တိုးပြီး တော်လှန်စိတ်တွေ ပွားများကုန်နိုင်တာကိုး။

ခု စာကြည့်တိုက်က ရပ်ကွက်စာကြည့်တိုက်ကလေးပါ။ ဒါပေမဲ့ နှစ်တရာ ပြည့်ခဲ့ပြီတဲ့။ ၁၉၂၀ ပြည့်နှစ်က တရားဝင် မှတ်ပုံတင်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်လို့ ‘ရာပြည့်’လို့ ဆိုရပေမယ့် တကယ် စတင် တည်ထောင်တာက ၁၉၁၂ တဲ့။ အစောဆုံး နိုင်ငံရေးသမားတွေ ဖြစ်တဲ့ ‘ဖေ၊ ပု၊ ရှိန်’ တို့တောင် မလှုပ်ရှားသေးဘူး။ စတင်တည်ထောင်သူတွေက နန်းတော်ရှေ့ဆရာတင်တို့၊ ဦးရာဇတ်တို့ ပါဝင် သတဲ့။ ၁၉၁၂ ဆိုရင်တော့ အမျိုးသားကျောင်းတွေ မရှိသေးဘူးပေါ့။ ဦးရာဇတ်လည်း အမျိုးသား ကျောင်းဆရာ မဖြစ်သေးဘူးပေါ့။ နန်းတော်ရှေ့ဆရာတင်လည်း တေးရေးဆရာကြီး မဖြစ်သေးဘူး ပေါ့။ ဒီဆရာကြီးများလည်း နောက်ပိုင်းမှ ပါဝင်လာကြပုံရပါတယ်။ စတင်တည်ထောင်စအခါက ‘ပရိယတ္တိစာကြည့်တိုက်’လို့ အမည်ပေးထားတော့ ဗုဒ္ဓိဘာသာမဟုတ်တဲ့ ဦးရာဇတ်လည်း အစပိုင်းမှာ ပါဝင်ခဲ့မယ် မထင်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့ကို စာပေအထူးလေ့လာသူတွေ ဦးဆောင်ပါဝင် ခဲ့တယ် ဆိုတော့ စနစ်ကျမှာ ဖြစ်တဲ့အပြင် စာအုပ်ကောင်းတွေလည်း များများပါဝင်မှာပါပဲ။ တကယ်တော့ အဲဒီကာလဟာ ခေတ်သစ်မြန်မာစာနယ်ဇင်းတွေရဲ့ ခေတ်ဦးပဲ ရှိပါသေးတယ်။ ၁၉၁၂ ဆိုတာ မြန်မာခေတ်ဦးသတင်းစာကြီး ဖြစ်တဲ့ သူရိယသတင်းစာကြီး စတင်ပေါ်ခါစက ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့၊ ဆရာကြီးရွှေဥဒေါင်းတို့လို ဆရာကြီးတွေရဲ့ ခေတ်ဦးလက်ရာတွေ တွေ့နိုင်မှာ ဖြစ်ပါတယ်။ စာအုပ်စာတမ်းတွေ၊ ပေ ပုရပိုက်တွေပါ သုံးသောင်းကျော် စုဆောင်းမိပြီ ဆိုတော့ စာကြည့်တိုက်ငယ်လေးအဖို့ ‘အံ့တပါး’ ဆိုရမှာပေါ့။ သမိုင်းဝင် အထောက်အထားတွေ အများကြီး ရှိမှာ သေချာပါတယ်။

လိုရမည်ရ ကျွန်တော် အကြံပေးလိုတာက စာအုပ်တွေကို မျိုးတူစုခွဲပြီး စနစ်တကျ ထားရှိနိုင်အောင် စာကြည့်တိုက်ပညာရှင် ဝန်ထမ်း လိုအပ်ပါတယ်။ မရှိသေးရင် အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ် စာကြည့်တိုက်၊ လူထုကြီးပွားရေး စာကြည့်တိုက်တို့က စာကြည့်တိုက်မှူးတွေကို မေတ္တာရပ်ခံ ပင့်ဖိတ် အကြံဉာဏ်ယူနိုင်ပါတယ်။ အကောင်းဆုံးကတော့ စာကြည့်တိုက်ဝါသနာ ထက်သန်သူ လူငယ် သုံး လေးယောက်ကို စာကြည့်တိုက်ပညာဒီပလိုမာသင်တန်း တက်ခိုင်းဖို့ပါပဲ။ မန္တလေးမှာ လည်း စာကြည့်တိုက်ပညာ သင်ယူနိုင်ပြီလို့ ကြားမိဖူးပါတယ်။ ဗမာပြည်မှာ ထောင်တံခါးတေွပိတ်၊ စာကြည့်တိုက်တံခါးတွေ မြို့တိုင်း၊ ရွာတိုင်း၊ ရွပ်ကွက်တိုင်းမှာ ဖွင့်နိုင်ပါစေသတည်း။

ကျွန်တော် စာကြည့်တိုက်မှူးဟောင်း မောင်စွမ်းရည်ပါ။

မောင်စွမ်းရည်
၂၀၁၉ ဇန်နဝါရီ