Breaking News

ခွန်ဆိုင်း - နောက်ကြောင်းပြန် သင်ပုန်းကြီးဖတ်စာ အိမ်စာ သင်ခန်းစာ နဲ့ ဝမ်းစာ ( ၃ )



ခွန်ဆိုင်း  - နောက်ကြောင်းပြန် သင်ပုန်းကြီးဖတ်စာ အိမ်စာ သင်ခန်းစာ နဲ့ ဝမ်းစာ ( ၃ )

(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀

ကြွေးကြော်သံနိုင်ငံရေး


မြန်မာ့ နိုင်ငံရေးလောက ခေတ်အဆက်ဆက် ပြော-ရေး-ကြွေးကြော်- နိုင်ငံရေး အာဝဇ္ဇန်း ( Rhetoric ) မျိုးစုံကို မြန်မာတွေ ဘယ်တုန်းကမှ အလေးထား ခဲ့ကြပုံ မရပါဘူး ။ လွတ်လပ်ရေးရ ချိန်က စလို့ တက်ခဲ့တဲ့ အစိုးရ အသီးသီး အာဝဇ္ဇန်း မျိုးစုံ လူထုကြားကို ဖြန့်ခဲ့ပါတယ် ။ ပြည်တော်သာရမည် ၊ ဒါ ပါလီမန် ခေတ် စီးပွါးရေးအာဝဇ္ဇန်း ။ ဆိုရှယ်လစ် လောကသစ်ကြီးဆီသို့ မရောက်ရောက်အောင် ပြည်သူတိုနဲ့ အတူ လက်တွဲချီတက်သွားကြပါစို့ ။ ဒါ မဆလခေတ် အဓိဌါန် အာဝဇ္ဇန်း ။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ။ ဒါ ဒီဘက်ခေတ် နေရာအနှံ့ ဆိုင်းဘုတ်အာဝဇ္ဇန်း ။ တခေတ်ပြီးတခေတ် ကျွန်တော်တို့ ဖြတ်လာကြ ။

တပြည်လုံး ပြည်တွင်း စစ်မီးတွေ တောက်နေမှ ဘယ်ပြည်တော်က သာနိုင်မလဲ ။ မဆလပါတီလူကြီးတွေ ရသမျှ အကုန် ခွဲတမ်းချယူသွားမှ တိုင်းပြည် ဘယ်လို ဆိုရှယ်လစ်လောကသစ်ကို ခြေချနိုင်မလဲ ။ အချင်းချင်း မညီမညွတ်စကားများ၊ ရန်သတ်၊ လက်နက်တပြင်ပြင် ၊ နားလိုက် ချလိုက်လုပ်နေကြရင် ဘယ်လို ခေတ်မီဖွံ့ဖြိုးတိုးတက်နိုင်ငံတော်သစ်ထူထောင်ကြမလဲ ။ ကျွန်တော်တို့ အသက်တွေ ကြီး။ ကြုံးဝါး ကြွေးကြော်သံတွေ ကို ရေညှိတက် လာ ။ သေချာ ခွဲခြမ်း စိတ်ဖြာ ခြင်းမှာ စိတ်မပါ ။ စောဒနာ မပြု ၊ အာဝဇ္ဇန်းတွေ သာ ဖေါင်းပွပြီးရင်း ဖေါင်းပွလာခဲ့။

အခုတော့ အထိုက်အလျောက် ပိုင်းခြား စိတ်ဖြာ ၊ လွတ်လပ်စွာ ပြောရေးဆိုခွင့် ဆိုတာ ကို အတော် အားပေးတဲ့ ခေတ် ဆီ ချဥ်းကပ်လာကြတာ တွေ့ရတဲ့ အတွက် တကယ့် မင်္ဂလာပါ ။ ဒီဘိတ်တွေကို ကြိုဆိုကြရမယ် ။ တို့တာဝန်အရေးသုံးပါး တွေ လက်တွေ့ကျလာအောင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲအောင် ပြည်ထောင်စုကြီး မပြိုကွဲအောင် တိုင်းပြည်ကို တရားမျှမျှ အုပ်ချုပ်ကြရင် ဖြစ်မှာပေါ့ ၊ပိုကောင်းမှာပေါ့ ။ခွဲထွက်ခွင့်တွေ-မပေါ်အောင် ကွန်ဖယ်ဒရိတ်တွေ မတောင်းအောင် ဖွဲ့စည်းပုံကို စေတနာအပြည့် ထား ပြင် ကြရင် မကောင်းဘူးလား ။ တို့တာဝန်အရေးသုံးပါးထဲ က အချုပ်အခြာအာဏာ တည်မြဲဘို့ တရုတ်ဗီတို ရုရှား ဗီတို ငါတို့ မလိုချင် မ မှီခိုချင် ၊ အချင်းချင်း ညီညွတ်ကြတာ အကောင်းဆုံး မဟုတ်ဘူးလား ။ ဒီ ဖွဲ့စည်းပုံ အခြေမခိုင်ရင် အပေါ်ထပ်အဆောက်အအုံ မြင့်မြင့်တက်လို့ မရဘူးဆိုတာ လက်ခံကြရအောင်လား ။

အစိုးရမင်းများရဲ့ အာဝဇ္ဇန်းတွေကို လူထုက အလေးအနက်မထား အားမကိုးသလို အတိုက်အခံတွေဆီက အာဝဇ္ဇန်းတွေကလဲ သူ့ပြဿနာနဲ့သူ ။ တပါတီ အာဏာရှင် ဘုန်းမီးနေလ တောက်တုန်းက ပြားပြားမှောက်ဘဝထဲကနေ ရုန်းထတော်လှန် ကြတဲ့အချိန် ။ သပိတ်စုံ သူပုန်ထကြ စို့ဆိုတဲ့ အာဝဇ္ဇန်း ။ ရန်ငါ ပြတ်ကြရမယ် ဆိုတဲ့ အာဝဇ္ဇန်း ။ အခု အပြောင်းအလဲတခု ၊ အရွေ့တခု ရလာတဲ့အခါ လူထုရွေးကောက်ပွဲ ၊ လူထုမဲနဲ့ ( ခြောက်ပြစ်ကင်း သဲလဲ မစင် သေးသည့်တိုင် ) အရပ်သားတပိုင်း ကိုယ်တင်တဲ့ အစိုးရက သူများချန်ထားတဲ့ အဟောင်းပုံကြီးကို ချုပ်စပ်နေတုန်း သူပုန်ထ ခိုင်းတဲ့ အာဝဇ္ဇန်းမျိုးကျတော့ လူထုက မစဥ်းမစား လက်ခံပေး မလား ၊ အမျိုးသားရင်ကြားစေ့ရေးကို ရွေးချယ်ရ တဲ့ အ ချိန် ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လမ်းစ ပြန်ရ ကြအောင် အတိတ်က ပင်လုံ ဝိညာဥ်ကို ပြန်ခေါ် ၊ ဒုတိယပင်လုံကို အသက်သွင်းရချိန် ။ စစ်ပွဲတွေက နှစ် ၅၀ မကတော့ဘူး။ အနိုင်အရှုံး အဖြေမထွက် ဘူး ။ ဆက်တိုက်နေကြမယ့်အစား စကားပြောကြ မယ် ။ ဒီတကွေ့မှာ လက်နက်ကိုင်ထားသူတွေအချင်းချင်းလဲ တပြည်လုံး အပစ်ရပ်နိုင်ဘို့- စာချုပ် ထိုးနိုင်ကြဘို့ လုပ်ချိန် ။ လွှတ်တော်ထဲမှာ တပ်မတော် အစုအဖွဲ့ အပါအဝင် ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မီတီ ဖွဲ့ ပြင်းပြင်းထန်ထန်ငြင်းကြခုန်ကြ အားထုတ်ကြချိန်။ ခင်ဗျားက မစေ့စပ်နိုင်ဘူး စေ့စပ်ရေးလမ်းကြောင်းတွေကို မယုံကြည်ဘူး ဆိုရင် လူထုက အသာခေါင်းငြိမ့် မှာ လား ။

စစ်အာဏာရှင် ကို အမြစ်- အငုတ် မကျန် ။ အကုန် သုတ်သင်ကြ ဆိုတဲ့ အာဝဇ္ဇန်းကို ခွဲခြမ်း ရင်အဓိပ္ပါယ် ၂ခွ ရပါတယ်။ စစ်တပ်ကို အပြီးအပြတ် ဖယ်ရှားမယ့် သဘောမျိုးလား ( သုတ်သင်တယ်ဆိုတာ အပြီးအပြတ်လုပ်တဲ့သဘော ) ။ မဟုတ်သေးဘူး ။ တပ်မတော်ကို နိုင်ငံရေးကနေ ဖယ်ထုတ်မှာ လား ။ ဒီလို ၂ခွ အာဝဇ္ဇန်းတွေကို လူထု က စဥ်းစားမှာပဲ။ ဘယ်ဟာ ဖြစ်သင့် မဖြစ်သင့် ။ ဖြစ်နိုင် မ ဖြစ်နိုင် ။

သော့ချက်


ဒီနေ့ကာလ မြန်မာ့နိုင်ငံရေး အဓိက သော့ချက်ဟာ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်နိုင်ဘို့ပဲ။ဒီလမ်းသာ လူထုအတွက် အကျိုးရှိမယ် လို့ ကျွန်တော်လဲ ယူဆထားတယ် ။ ဘယ်သူ့ဘယ်သူမှ အပြတ်မဖြုတ်နိုင်။ မဖြုတ်သင့်။ ရင်ကြားစေ့မှရမယ် ။ အဲဒါ မလုပ်နိုင်သမျှ အဲဒီအဆင့်ကိုမဖြတ်နိုင်သမျှ အချည်းနှီး ။ လူထု အများစုရဲ့ တိမ်းညွှတ်မှုလဲ အဲဒီမှာ ။ တိုင်းပြည်အရင်းအမြစ် အင်အား မပြုန်းတီး မနစ်နာစေတဲ့ ဘုံ သဘော အဲဒီမှာ ။ ပြည်မ နိုင်ငံရေးအင်အားစုတွေ၊ ပြည်နယ် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ ၊ လူမျိုးစု လက်နက်ကိုင်အင်အားစုတွေ ။ အားလုံး ပါဝင် ။ တပ်မတော် ပါဝင်။ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို ရအောင်ထူထောင်ကြ မယ် ( All inclusive ) ။ ဒီအခြေခံက တခြားမသွားနဲ့ ။ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ အမြစ်ဖြတ်ချေမှုန်းမယ့်ကိစ္စ ။ မေ့လိုက်ပါ ။ ဘယ်လို ပေါင်းစည်းကြမလဲ နည်းလမ်းကို သာ ရှာ ။ တပ်မတော်ကို နိုင်ငံတော် ကာကွယ်ရေး အင်အားအဖြစ်လက်ခံ တည်ရှိခွင့် ပေး။ နိင်ငံရေးက ဖယ်ထုတ်ရေးကိုသာ စိတ်ရှည်ရှည် ကြိုးစား ။ ဒီအခြေခံမှာ မရပ်ပဲ စစ်ကို အားပေး။ အမြစ်ဖြတ် အပြတ်တိုက်ကြမယ် ။ ဆိုရင် နိုင်ငံပြိုကွဲမယ့် အန္တရာယ် ။ နိုင်ငံတကာ ဝင် စွက်ဖက်လာမယ့် အန္တရာယ်၊ အလျော်အစားတွေကို မြင်မိကြ ။

ဒီနေ့ တိုင်းပြည်ကို ဦးဆောင် အုပ်ချုပ်မယ့် နိုင်ငံရေး ပါတီတွေ ပြီးခဲ့တဲ့ နှစ် ၃၀ မှာ ဘယ်လောက်ဖြတ်သန်း ရင့်ကျက်လာကြပြီလဲ ။ Secularism ကို လက်ခံနိုင်တဲ့ နိုင်ငံရေးသတ္တိ မွေးပြီးပြီလား ။ နိုင်ငံရေး ဘာသာရေးကိုရောထားမှ လူထုက သဘောကျမှာ ၊ထောက်ခံမှာ ။တဖက်ပါတီကို အသာစီးရမှာ ဆိုတဲ့ ခတ်တိမ်တိမ် အတွေး မျိုးတွေ နဲ့ အားမွေးရတုန်းလား ။ လူမျိုးရေး ဘာသာရေးနဲ့ လှုံဆော်ထားမှ လူထု ကသဘောကျ လက်ခံမယ်ဆိုတဲ့ နိုင်ငံရေး အဆင့် မှာပဲ လား။ ဘာသာရေးခေါင်းဆောင်တွေ ကကော ဒကာဒကာမတွေအတွက် ရွှေဝါရောင် တရား။ အမုန်း တရား ခွဲခွဲခြားခြားသိပြီး ကွဲကွဲပြားပြား မွက်ကြားနိုင်ကြပြီလား ။ ၂၀၀၇ ရွှေဝါရောင်ကာလ သံဃာတော်တွေ လမ်းပေါ်ထွက်တဲ့ အခါ လူထုတုန့်ပြန်ပုံ ။ ကမ္ဘာ့ က တုန့်ပြန်ပုံ ။ ၂၀၁၀နောက်ပိုင်း အသုံးချ ခံရ တဲ့ အခါ အစွန်းရောက် အမုန်းတရားတွေကို လူထုတုန့်ပြန်ပုံ ။ ကမ္ဘာက တုန့်ပြန်ပုံ ။ ပါတီရဲ့ မူဝါဒတွေ ထဲမှာတော့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို အာမခံမယ် လို့ ပြောထားပါရဲ့ ။ စည်းရုံးရေးကွင်းထဲ ဆင်းတဲ့ အခါ မှာ တော့ --- ကျမတို့ အာဏာရမှ အမျိုး ဘာသာ သာသနာ ဆိုတာ ကို ကာကွယ်စောင့်ရှောက်နိုင်မှာ လို့ ထည့်ဟော နေတာ မျိုးလား ။ ဘာသာရေး အသုံးချမှု ဟာ နိုင်ငံရေးလမ်း မှာတော့ အောက်လမ်း ။ ပါတီ အကျိုးစီးပွားနှင့် နိုင်ငံတော်အကျိုးစီးပွားယှဉ်လာလျှင် နိုင်ငံတော် အကျိုးစီးပွားကို ဦးစား ပေးသွားမည် ဆိုတာကို ဖြောင့်ဖြောင့် ဆန့်ကျင်နေတဲ့ အာဝဇ္ဇန်း ။

အမေရိကန်ပြည်ထောင်စု သမတရွေးပွဲ မှာ သမတ လုပ်မယ့်သူ က မိန့်ခွန်းထဲ သမ္မာကျမ်းစာ ၊ ခရစ်တော် အဆုံးအမတွေ ထည့်ပြော ။ အကိုးအကားထည့် လုပ်ရင် ဒါ ဘာသာရေးဘက်လိုက်မှု။ ကိုးကားခွင့် မပြုဘူး ။ ဘာသာရေး ခုတုံးလုပ် မဲဆွယ်တာမျိုး ခွင့်မပြုဘူး ။ လူထု အသိမှာ ဒီလို မြင့်တယ်။ ဘုရားကို ခုတုံးလုပ် စည်းရုံးတဲ့ ကိစ္စတွေ ၂၀၂၀ အထိ မသယ်ကြပါနဲ့တော့ ။

လူပြိန်းကြိုက်တွေ


ပြီးခဲ့တဲ့ ဒီဇင်ဘာ အင်္ဂလန်ရွေးကောက်ပွဲမှာ လေဘာပါတီ ( manifesto) က(လူနည်းစုအတွက် မဟုတ်ပါ ၊ လူများစုအတွက်- ဒို့ လေဘာ ။ For the many , Not the few ) ဆိုတဲ့ ကြွေးကြော်သံနဲ့ ကွန်ဆာဗေးတစ်ကို သွား ပြိုင်တယ်။ ကွန်ဆာဗေးတစ် ဘက်က အီးယူကထွက်ကြစို့ ( Get Brexit Done ) တလုံးနဲ့ ပွဲသိမ်းလိုက်တယ်။ လေဘာ အမြဲ နိုင်နေကြ မဲဆန္ဒနယ်က အလုပ်သမားတွေက လေဘာ ကို မဲမပေးပဲ ကွန်ဆာဗေးတစ်ဘက် ကို ဘက်ပြောင်း မဲထည့်ကြတယ်။ လေဘာ မဲ ဆန္ဒနယ် နေရာအများ အပြား ဆုံးရှုံးပြီး ကွန်ဆာဗေးတစ် အပြတ်အသတ် အနိုင်ယူတာကို ခံသွားရတယ်။ လေဘာ အမာခံ အနီရောင်တံတိုင်းပြိုသွားပြီလို့ သတင်းတွေမှာ ရေးကြတာတွေ့ပါတယ်။ အလုပ်သမားတွေ ကွန်ဆာဗေးတစ်ပါတီ ဘက်ပြောင်းကြတာ လေဘာပါတီရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံကို လူထု မယုံလို့ပဲ ။
၂၀၁၂ ကြားဖြတ် လစ်လပ် ၄၅ နေရာကို ဝင်ပြိုင်ပြီး ၄၃ နေရာ အနိုင် ရသွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၅ ဒုတိယ အကြိမ်ရွေးကောက်ပွဲ ကို ၁၉၉၀ တုန်းကလိုပဲ သောင်ပြိုကမ်းပြိုနိုင်။ အစိုးရကို ပိုင်ပိုင်ဖွဲ့။ တရားဝင် အစိုးရ ဖြစ်ခဲ့ပြီးတဲ့နောက် ။ လွှတ်တော်မှာ အမတ်အများစု နေရာရ ၊ အစိုးရဖွဲနိုင်တယ်ဆိုပေမယ့် သူ့ ပါတီ ကြေငြာစာတမ်း ၊ ကတိကဝတ်တွေထဲ မှာပါသလို ငြိမ်းချမ်းရေး ၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး။ တရားဥပဒေ စိုးမိုးရေး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စတာတွေကို အခုသက်တမ်းကုန်ကာနီးအထိ သေချာ အောင်မြင်အောင် လုပ်ခွင့် မရသေးဘူး ။ ဖယ်ဒရယ်ပြည်ထောင်စု သွားဘို့ ၊ ဖွဲ့စည်းပုံ ပြင်ဘို့ အထိ ဆိုတာ ဧရာမ အလုပ်ကြီးတွေ ။ သက်တမ်းတခုထဲ အကုန်လုပ်နိုင်ဘို့ မလွယ်။ အဓိက ကျတဲ့ ဝန်ကြီး ၃ ဌါန မပိုင်ပဲ ဘာလုပ်လို့ ရမလဲ ၊

မြေစျေး ငွေစျေးတည်ငြိမ်မှုရ လာတာကတော့ အခြေခံ စီးပွါးရေးလက္ခဏာကောင်း အပေါင်းလက္ခဏာတွေပါ။ အိုးအိမ်ခြံ မြေစျေးကွက် မလှုပ်တော့တာကို အရင် စစ်အစိုးရလက်ထက် တဟုန်ထိုး ကြီးပွါးလာတဲ့ စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေ ဘယ်ကြိုက်မလဲ ။
ဘာသာရေးလူမျိုးရေး ထိုးနှက်ချက်တွေနဲ့ အစိုးရကို ချိုးနှိမ်ဘို့ ကြိုးစားလာကြတဲ့ အတွက် ဒီချုပ်အစိုးရ ၂၀၁၅ က စလို့ အကြပ်အတည်းတွေ့တယ်။ ပြည်ထဲရေး က မပိုင် နိုင်။ အစိုးရ အာဏာစက်က မစူး။ ရွေးချယ်စရာလမ်းကကျဥ်း ။ လူထု အထင်မလွဲအောင် အထူးသတိထား ရှောင်ရင်းရှောင်ရင်း အစွန်းရောက် တချို့ ထင်သလို ကြဲနိုင်အောင် သြဇာတက်အောင် လုပ်သလို ဖြစ်နေခဲ့တယ်။ အမျိူးသားရေး အစွန်းရောက်မှုလာတွေကို ထိထိရောက်ရောက် မတုန့်ပြန်နိုင်ခဲ့ ဘူးလို့ မြင်မိတယ်။


ရခိုင်ပြည်နယ်စစ်မီးနဲ့ စစ်ဘောင်


၂၀၁၆ နဲ့ ၂၀၁၇ မှာ ပေါ်လာတဲ့ ရခိုင် ဗူးသီးတောင် မောင်းတောမြို့နယ်တွေထဲ က အာဆာ အဖွဲ့တွေ နယ်မြေ ရဲစခန်းတွေကို တပြိုင်နက် ဝင်ရောက် စီးနင်းတိုက်ခိုက်ခြင်း အစ ဟာ ရခိုင်ပြည်နယ်ကံကြမ္မာကို ပိုဆိုးဝါးစေခဲ့ပါတယ်။ ၂၀၁၂ ကတည်းက အိုးအိမ်စွန့်နေရတဲ့ စစ်တွေမြို့ပေါ်က မူဆလင်တွေ ကိုနေရာပြန်မချနိုင်သေးခင် ထပ်ပြီး အစုလိုက်အပြုံလိုက် တဖက်နိုင်ငံကိုရောက် သွားတဲ့ အဖြစ်ဟာ အန်အယ်ဒီ အစိုးရ ကို အကြပ်အတည်းတွေ့စေပါတယ်။ ကိုဖီအာနန် ကော်မရှင်အကူအညီ နဲ့ စတင် ချဥ်းကပ်အဖြေရှာတဲ့ ဖြေရှင်းမှုအစဥ် ကို ပိုရှုပ်ထွေးခက်ခဲသွား စေပါတယ်။ လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေးမက ရိုဟင်ဂျာ တိုင်းရင်းသားအမည်ပေါက်ရေး နယ်မြေထိမ်းချုပ်နိုင် ရေး အတွက် အုပ်ချုပ်ရေးကို ပျက်ပြားသွားအောင်စီးနင်းတိုက်ခိုက်ခြင်း တွေဟာ အစိုးရတရပ် အတွက်တော့ အရေးကြီးတဲ့ အချုပ်အခြာကိစ္စ လုံခြုံရေးကိစ္စ တွေ ပတ်သက်နေတာမို့ ကာကွယ်ရေး ပြည်ထဲရေး အကုန်ရောထွေးပါဝင်လာတယ် ။ စစ်ဆင်ရေး နဲ့ နယ်မြေရှင်းလင်းရေးတဲ့ ကိစ္စတွေကို ကမ္ဘာက သေချာ သိခွင့်မရ တဲ့အခါ ဝင် လာတဲ့ လက်တွေ ပို များလာတယ်။ အိုးအိမ်စွန့်ခွါပြီး တဖက်နိုင်ငံရောက်သွားတဲ့ ဒုက္ခသည်အားလုံး ကို ပြန်လက်ခံပေးရေး တိုင်းရင်းသားပေးရေး နေရာပြန်ပေးရေး အပြင် တချိန်ထဲမှာ ရိုဟင်ဂျာ ဂျီနိုဆိုဒ်ခေါင်းစဥ်နဲ့ အရေးယူပေးရေးအထိ ၂၀၁၉ အကုန်မှာ နိုင်ငံတကာတရားရုံး အိုင်စီဂျေကို ရောက်သွားခဲ့ တယ်။

အစိုးရအတွက် ရခိုင်ပြည်နယ်ဟာ ဗူးလေးရာ ဖရုံဆင့် ဖြစ်နေတာပါ။ ကချင် ကေအိုင်အေ နယ်မြေမှာ ၂၀၀၉ လောက်က ဖွဲ့စည်းပြီး အားရှိလာ တဲ့ ရခိုင်အေအေ တပ်မတော်ကလဲ ကွန်ဖယ်ဒရိတ် ရဘို့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ရခိုင်နယ်မြေကို စတင် အခြေချ ခြင်း ။ အခြေခံစခန်းတွေ တည်ဆောက်တဲ့ စစ်ကို တိုးချဲ့ခြင်းတွေ ပြင်းပြင်းထန်ထန်ဆင်နွဲလာပါတယ် ။
မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု(Northern Alliance-Burma) ( NA-B) ဆိုတာ ကချင်ပြည်လွတ်လပ်ရေးတပ်မတော်(KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရက္ခိုင့်တပ်တော် (AA)၊တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ တို့ ပေါင်းထားတဲ့ မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့ဖြစ်ပြီး ၂၀၁၆ ဒီဇင်ဘာလလောက်ထဲမှာ ရှမ်းပြည်နယ်ထဲက မူဆယ်၊ မုန်းကိုး၊ ပန်ဆန်း၊ နမ့်ခမ်းနှင့် ကွတ်ခိုင် စတဲ့ မြို့တွေကို စစ်ဆင်တိုက်ခိုက်ပါတယ် ။ ၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၁၉ မတ်လ အထိ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုနဲ့ တပ်မတော်တို့ ကြား တိုက်ပွဲ ၃၄ ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ နိုင်ငံတကာ မြန်မာ သတင်း အဖွဲ့(ဘီအန်အိုင်)သတင်း မှာ ဖေါ်ပြတာ တွေ့ပါတယ်။ ခုလို စစ်ဘောင်ကျယ်လာတာကို နိုင်ငံရေးဘောင်ထဲက လူတချို့က ကြိုဆို၊ နိုင်ငံခြားမီဒီယာ တချို့ က ဒီချုပ် အစိုးရ လက်ထက်မှာ ပိုဆိုး တဲ့ သဘောမျိုး ပုံဖေါ်ကြ ရေးသားကြတာတွေဟာ အတော် စိတ်ဝင်စားစရာပါ ။

နိုင်ငံရေး ဆိုတာ ရန်သူကို မိတ်ဆွေလုပ်ရတဲ့နည်းလို့ ဆရာကြီး ဒဂုန်တာရာက ပြောပါတယ်။ ကျွန်တော့်မှာတော့ ၂၀၁၀ နောက်ပိုင်း မြန်မာ့ နိုင်ငံရေးက မိတ်ဆွေတွေ ပိုလာသလား ရန်လိုသူတွေ ပို လာသလား သိတ် မသေချာလှတော့ပါ ။ ၈၈ ပြီးစကတည်းက တရင်းတနှီး ရှိခဲ့ တဲ့ နိုင်ငံတကာ ဂျာနယ်လစ်တွေနဲ့ လဲ အခြေအတင်ဖြစ်။ အချိန်မတော်လဲ ငြင်းနေရ လူဟောင်းတချို့ နဲ့လဲ သဘောကွဲ။ လွတ်လပ်စွာ ကွဲတဲ့ အဆင့်ကနေ တချို့က ရှောင်တဲ့ အဆင့် ။ဖဘလောကမှာ အန်တဲ့ အဆင့်ထိပေါ့။ သူတို့က ဂျီနိုဆိုဒ် ဆိုတော့ ကိုယ်ကလဲ ကမ္ဘာပေါ်က ဂျီနိုဆိုဒ်တွေကို လိုက်ဖတ်ရတာပေါ့။ သြစတေးလျ အမေရိက အာမေးနီးယား ဂျာမဏီ ကမ္ဘောဒီးယား ရဝမ်ဒါ ဂျီနိုဆိုဒ် သမိုင်းများ ။ နေရင်းထိုင်ရင်း အလုပ်ရှုပ်နေတာ ။
ကျွန်တော် ယုံကြည်တာ ရခိုင် ပြည်နယ် ဗူးသီးတောင်မောင်းတော မှာ ဖြစ်ခဲ့တဲ့ ကိစ္စဟာ လူသား မျိုးစုများ စွာ အတွက် ဝမ်းနည်းဖွယ်ရာ ။တရားမျှတမှု-ရပ်တည်မှု အတွက် သေချာ အဖြေရှာကြရမယ့် ကိစ္စတွေ ။ ဒါပေမယ့် ဂျီနိုဆိုဒ် မဟုတ်ဘူး ။ စစ်ရာဇဝတ်မှုတွေ ဆိုတာပါပဲ ။

ဆက်ပါဦးမယ်

ခွန်ဆိုင်း ( ၂၅ -၀၂ -၂၀၂၀ )