Breaking News

သားကြီးမောင်ဇေယျ - မပုတင် ကိုကာကွယ်ကြ


သားကြီးမောင်ဇေယျ - မပုတင် ကိုကာကွယ်ကြ

(မိုးမခ) ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀
“မပုတင်ပါလား မပုတင်ပါလား မပုတင် မပါရင် ကားပေါ်က အကုန်ဆင်း အကုန်ဆင်း”
အမှောင်ခေတ်တုန်းက မိုးကုတ်ကို သွားတဲ့ အခါ လမ်းမှာ စစ်ဆေးရေးဂိတ်တခု တွေ့တိုင်း ကားစပယ်ယာက ခရီးသည်တွေကို အော်ငေါက်သံ တဝက်နဲ့ အဲဒီလို ပြောလေ့ရှိပါတယ်။
သေနတ်လွယ်ထားတဲ့ ဂိတ်စောင့် စစ်သားတွေ ကားနားကပ်လာရင် အဲဒီ အသံက ပိုကျယ်လာပါတယ်။ ပိုပြီး မာမာထန်ထန်ရှိလာပါတယ်။ ကားပေါ်က ခရီးသည်တွေကလည်း အထိတ့်တလန့် မျက်လုံးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြ။ ဘယ်သူတွေ ဘာများဖြစ်ဦးမလဲ ပေါ့။ လက်မောင်းပေါ်က အရစ်နဲ့ ရဲဘော် ကြီး တစ်ယောက်က ကားမောင်းသူနားကပ်သွားပြီး မည်သို့ ညှိနှိုင်း ဆွေးနွေးလိုက်သည်မသိ ဖေါင်းသွားတဲ ဘောင်းဘီအိတ်ကလေးကို အသာပွတ်ရင်း စစ်ဆေးရေးဂိတ်ထဲကို ပြန်ဝင်သွားပါတယ်။ နောက်တော့ ကားလမ်းပေါ် ကန်လန့်ဖြတ် တားထားတဲ့ ဝါးလုံးရှည်ကို မ ပေးလိုက် ပါတယ်။ ခရီးသည်တွေ ဟင်း ကနဲ သက်ပြင်းချသံ နဲ့ အတူ ကားဘီးလည်း လိမ့်သွားပါတော့တယ်။ ကားစပယ်ယာလည်း အယုတ်တ အနတ တွေ မကြားတကြားရွတ်ရင် ဂိတ်စောင့်တွေကို မကြားတကြားမေတ္တာပို့ပါတော့တယ်။
ကျနော်ဘေးက ခရီးသည်ကို “မပုတင် က ဘယ်သူလဲလို့ ” မေးတော့ ” မှတ်ပုံတင် ကိုပြောတာပါ၊ စပယ်ယာက ဗမာစကားမပီတော့ မပုတင် လို့ ပဲ ခေါ်ကြတယ် လေ ”
ဒီလို အဖြစ်အပျက်မျိုးဟာ အဲဒီခေတ် အဲဒီအခါက မြန်မာပြည်အနှံအပြား မှာ ဖြစ်နေကျ၊ မြင်နေကျ အဖြစ်အပျက်ကလေးတွေပါ။ ခရီးသွားမယ်ဆိုရင် မပုတင် ခေါ် မှတ်ပုံတင် ပါမှ နိုင်ငံသားကောင်း ပီသတဲ့ ခေတ်ပါ။
အခုလည်း ရွေးကောက်ပွဲနီးလာလို့ မှတ်ပုံတင် လုပ်ထားကြဖို့ မမေ့ကြပါနဲ့။ နိုင်ငံသားကောင်း ပီပီ မပုတင် ကလေး လုပ်ထားပြီး ရွေးကောက်ပွဲ မှာ ဂုဏ်သိက္ခာရှိရှိ အကြောက်အလန့်ကင်းကင်းနဲ့ မဲပေးနိုင်ဖို့ပြင်ထားစေချင်ပါတယ်။
တနေ့က အင်တာနယူး သတင်း သင်တန်း က သင်တန်းသား ဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲမှာ အကြီးတန်းသတင်း ထော က်တစ်ယောက်နဲ့တွေ့ပါတယ်။ သူက စစ်အစိုးရခေတ်မှာ ပြည်ပ ကနေ မြန်မာသတင်းတွေကို ရေးသားနေတဲ့ အကြီးတန်းသတင်းထောက်တစ်ယောက်ပါ ။ နိုင်ငံခြားြ ဖစ် ပြည်တွင်းသတင်းထောက်ပါ။
သူ က ပြောတယ်။ မြန်မာ မှတ်ပုံတင်ပြန် လျှောက်တာ ငါးနှစ်ကျော်ကြာတယ်။ ခုတော့ရပြီတဲ့။ သူလေသံနဲ့ အမူအရာက ငါသည်ကား နိုင်ငံသားကောင်းစစ်စစ် ဖြစ်နေပြီးတကား ဆိုတဲ့လေသံနဲ့ ဝိုင်းတစ်ဝိုင်းလုံးကို လွမ်းမိုးထားပါတယ်။
သူ ကံကောင်းပါတယ်။ ဦးသန့်၊ မှိုင်းရာပြည့် (၇၄- ၇၅- ရ၆) လှုပ်ရှားမှု ပါဝင်ခဲ့တဲကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ တောခိုပြီး ပြန်လာတာ ဆယ်နှစ်ကျော်ပါပြီ။ အခုထက်ထိ မှတ်ပုံတင် ပြန်မရသေးပါ။ ဘယ်ရလဲဗျာ သူတောခိုသွားတော့ သူအိမ်ကို ထောက်လှန်းရေးတွေရဲ့ မကြာခဏ စစ်ဆေးတာခံရလို့ သူကို သန်းခေါင်စာရင်းကထုတ် ၊ သေ စာရင်းထည့် လိုက်လို့လေ။ ခုတော့ သူဟာ သေနေ သ လားရှင်နေသလား ဆိုတာတောင် သူ့ကိုယ်သူမသိတဲ့ ဘဝ။ အင်း သူမဲပေးရင်ဘယ်လိုပေးရပါ့။
နောက်သူငယ်ချင်းတစ်ယောက်က ၈၈ မှာ အိန္ဒိယဖက်ကို တောခိုသွားတယ်။ မြန်မာပြည် ဒီမိုအရေးတွေကို သက်စွန့်ဆံဖျားလုပ်တယ်။ သမ္မတ ဦးသိန်စိန် လက်ထက်မှာ ပြန်လာတယ် ။ အင်အယ်ဒီ အနိုင်ရရေး၊ ဒီမိုကရေစီ အခြေခံ အဆောက်အဦးတွေ ပြန်လည်ထူထောင်ရေး၊ အလုပ်သမားအရေးတွေ အတွက် ပြည်တွင်းမှာ ဆက်လှုပ်ရှားတယ်။ ပင်ပင်ပမ်းတဲ့ ဒဏ်ကြောင့် အထူးကုတစ်ယောက်နဲ့ပြတယ် ။ ဆေးဒဏ်မခံနိုင်လို့ ဆုံးသွားရှာတယ်။ အသက် ၈၀ ကျော်ရှိ သူ့အမေ လက်ပေါ်မှာပဲ ဆုံးတယ်။ သူငယ်ချင်းရဲဘော်တွေက အမေ့လက်ပေါ်မှာ အသက်ဆုံးခွင့်ရတာ ကံကောင်းတယ်လို့ ပြောကြတယ်။ တကယ်ဆို တောတွင်းတနေရာ၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားတခုခုမှာ လူမသိ သူမသိ ဆုံးသွားမယ့် အခြေနေတွေ သူအများကြီး ဖြတ်ကျော်ခဲ့ရတယ်လို့ပြောကြတယ်။
ဒါပေမယ့် သူဆုံးတော့ မှသိရတာတခုရှိတယ်။ စစ်ထောက်လှန်းရေးက သူ့အိမ်ကို လာလာမေးလို့ သူ့အိမ်သန်းခေါင်စာရင်းက သူကိုထုတ်ထားတဲ့ အကြောင်း။ သူဆုံးတော့ သူ့မှာ မှတ်ပုံတင်မရှိလို့ ၊ သန်းခေါင်စာရင်းထဲမပါလို့ သူ့အလောင်းမြေချခွင့် မှာ အခက်တွေ့ရပါတော့တယ်။
နောက်ဆုံးသူ့အိမ်က မောင်နှမတွေကပဲ တာဝန်ရှိ ပုဂ္ဂုလ်ထူး ပုဂ္ဂုလ် မြတ်တွေ ရဲ့ ဘောင်းဘီအိပ်ကြီးဖေါင်းအောင် ဖန်တည်းပေးလိုက်မှ အစဉ်ပြေသွားတယ်။ မပုတင်ဟာ တော်တော်အရေးကြီးတယ်။ မပုတင်မရှိရင် ခရီးသွားခွင့်မရှိ၊ နေခွင့်မရှိ၊ သေခွင့်မရှိ။
ရွေးကောက်ပွဲနီးတော့ လာပြန်ပြီ။ မပုတင်ရဲ့ အရေးပါမှုက။ အဲဒါကြောင့် မိတ်ဆွေတို့ကို ပြောချင်တယ်။ သင်တို့ရဲ့ အသက်ပျောက်ချင်ပျောက်ပါစေ ၊ မပုတင်မပျောက်ပါစေနဲ့။ နိုင်ငံသားကောင်းပီသချင်ရင် မပုတင်ရအောင်လုပ်ကြ။ သင်တို့ရဲ့ အိမ်ပေါ်ကို အမြောက်ဆံကျရင်တောင် သန်းခေါင်စာရင်းနဲ့ မပုတင်ကို မပျက်စီးအောင် ကာကွယ်ကြ။ သေနတ်သံကြားလို့ ပြေးမယ်ဆိုရင်လည်း မပုတင်ကလေး လည်ပင်းမှာ ဆွဲထားကြ။
ကိုရိုနာ ဗိုင်းရပ် မဖြစ်အောင် ကာကွယ်သလိုမျိုး မပုတင် ကို ကာကွယ်ကြ။
စစ်ဖြစ်နေလို့၊ စစ်ရှောင်နေရလို့၊ မပုတင် ပျောက်သွားတယ် ဆိုတဲ့ အကြောင်းပြချက်တွေ လာမပြောနဲ့။
နိုင်ငံသားကောင်းဖြစ်ချင်ရင် မပုတင်ကို အသက်နဲ့လဲ ကာကွယ်ကြ။
အစိုးရက လုပ်ပေးရမှာ၊ အစိုးရမှာ တာဝန်ရှိတယ်ဆိုပြီး အစိုးရကိုချည်း အပြစ်မတင်နဲ့။
သင်တို့ကလည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂုလ်မြတ်တွေ ရဲ့ ဘောင်ဘီအိပ်တွေ ဖေါင်းအောင် လုပ်ပေးဖို့လည်း တာဝန်ရှိတယ်။ ဒါမှ သူတို့က သင်တို့ကို နိုင်ငံသားကောင်းဖြစ်ထိုက်တယ် လို့ မှတ်ယူပြီး သင်တို့ကို မပုတင် လုပ်ပေးမှာ။ သူတို့ဘောင်းဘီအိပ်တွေ ဖေါင်းဖို့ သင်တို့က တာဝန်ယူရင် သူတို့ကလည်း သင်တို့ကို မပုတင် လုပ်ပေးမှာပေါ့။ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိတဲ့ ခေတ်ကြီမှာ သူတို့က ယူ ဖို့တာဝန်ရှိသလို သင်တို့ကလည်း ခံ ဖို့ တာဝန်ရှိတယ်။
ကျွန်တော် သတင်းသမားတစ်ယောက်အနေနဲ့ မျှမျှတတ နဲ့ အင်အားကြီးတဲ့ ဖက် လိုက်ပြောတာပါ။
မိတ်ဆွေအပေါင်း ရဲဘော် အပေါင်းတို့
“မပုတင် ကို ကာကွယ်ကြ”
“ အသက်ပျောက်ချင် ပျောက်ပါစေ မပုတင် မပျောက်စေနဲ့”