Breaking News

AMT - အကြွေး

Credit- Google.com
အကြွေး
AMT
(မိုးမခ) မတ် ၂၄၊ ၂၀၂၀

တကယ်တော့ ဝူဟန်ဆိုတာ
နိုင်ငံတွေအပေါ်ကျတဲ့ မီးမဟုတ်ဘူး
လူသားတွေအ ပေါ် ကျတဲ့ မီးပါ
သူတပါး အသားညှော်နံ့တွေနဲ့ချည်း
ငါတို့ မွှေးကြိုင်ခဲ့ကြတာ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲ
သူများရဲ့ အနာဂတ်တွေကို
ငါတို့ ကြွပ်ကြွပ်အိတ်ထဲထည့်ရောင်းခဲ့တာ
ဘယ်လောက်ကြာခဲ့ပြီလဲ
ခုတော့
တပိုင်းမီးကျွမ်းနေတဲ့ တိရစ္ဆာန်တွေက
သူတို့ အဆုတ် သူတို့ပြန်တောင်းနေပြီ
သေအံးမူးမူးမြစ်ချောင်းနဲ့ တောတောင်တွေက
သူတို့ မိုးကောင်းကင် သူတို့ပြန်လိုချင်နေပြီ
ရှက်ဖို့တော့ အကောင်းသား
ကမ္ဘာကြီးက သူ့အဆုတ် သူပြန်တောင်းတဲ့အခါမှာ
ငါတို့ဟာ ကိုယ့်အဆုတ်ကို ကိုယ်ပိုက်ပြီး
အိမ်ထဲကကို မထွက်ကြတော့ဘူး