Breaking News

ဇင်လင်း - ဖွဲ့စည်းပုံကိစ္စ ပြည်သူသည်သာ ပဓါန



ဇင်လင်း - ဖွဲ့စည်းပုံကိစ္စ ပြည်သူသည်သာ ပဓါန

(မိုုုုုးမခ) မတ် ၂၄၊ ၂၀၂၀

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီခေတ်မှ ယနေ့ယခုအချိန်အထိ လွတ်လပ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရေးတို့ြဖင့် အကျဉ်းအကျပ်ကြုံတွေ့နေရသည်။ လွတ်လပ်ရေးကိစ္စ ထည့်ပြောရခြင်းမှာ ၁၉၄၈ တွင် လွတ်လပ်ရေးရသည် ဆိုသော် လည်း လူတစ်စုသာ လွတ်လပ်ရေးအရသာ ခံစားနေသည်။ ပြည်သူလူထုအများစုကြီးမှာမူ ဆင်းရဲဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံ တွေ့နေရသဖြင့် လွတ်လပ်ရေး၏ အရသာကို ချိုသလား ခါးသလားဟု မသိရချေ။ နိုင်ငံကို အုပ်ချုပ်သူ အစိုးရ အဆက် ဆက် ပြောင်းခဲ့သော်လည်း ပြည်သူလူထုအတွက် လွတ်လပ်ရေးအရသာ ခံစားနိုင်ရန် မည်မည်ရရ မည်သူမျှ လုပ်မပေး နိုင်သေးကြောင်း သမိုင်းက သက်သေခံလျှက်ရှိသည်။ အထူးသဖြင့် အစိုးရအဆက်ဆက်တွင် အခွင့်ထူးခံ လူတန်းစားများ ရှိနေခဲ့သည်။ ထိုအခွင့်ထူးခံများက ဥပဒေအထက်တွင် ရှိနေကြသောကြောင့် တရားဥပဒေစိုးမိုးရေး တန်းတူညီမျှမရှိဘဲ တစ်ဖက်စောင်းနင်းဖြစ်နေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။ ယခုလက်ရှိ ပြည်သူလူထုက ရွေးကောက် တင်မြှောက် လိုက်သည့် အစိုးရက စီမံအုပ်ချုပ်နေသည်ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဘောင်အတွင်း၌ ဖြစ်နေ သောကြောင့် ပြည်သူလူထုအနေဖြင့် လွတ်လပ်ရေး၊ တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အဝ ခံစားခွင့် မရရှိ ကြသေးပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ပြောရလျှင် ၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် ရေးဆွဲခဲ့သော ပထမ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၃ ကြိမ် ပြင်ဆင်ခဲ့သည်။ ၁၉၅၈-၅၉ တွင် ရွေးကောက်ခံ မဟုတ်သည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ၏ အိမ် စောင့်အစိုးရအား ၆ လအစား ၁၈ လသို့ သက်တမ်းတိုးပေးရန် ပြင်ဆင်ခဲ့ရသည်။ ၁၉၆၁ တွင် ဦးနုအစိုးရက ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာပြဋ္ဌာန်းရန် ပြင်ဆင်ခဲ့ဖူးသည်။ ထို့နောက် ၁၉၆၂ တွင် ဖက်ဒရယ်စနစ် ကျင့်သုံးရေး ပြင်ဆင်ရန် ကြိုးပမ်းစဉ် စစ်အာဏာသိမ်းခြင်းနှင့် နိဂုံးချုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဖွဲ့စည်းပုံသည် စစ်တပ်ကျောထောက်နောက်ခံကြောင့် မည်သူမျှ ပြင်ဆင်ရန် မကြိုးပမ်းနိုင်ကြ။ သို့သော်လည်း ၁၄ နှစ်ခံပြီးနောက် ၁၉၈၈ ပြည်သူလူထုက ဆန္ဒပြပွဲများဖြင့် အာဏာဖီဆန်မှုကြောင့် ၁၉၇၄ဖွဲ့စည်းပုံ နိဂုံးချုပ်သွားခဲ့သည်။

၁၉၈၈ အရေးတော်ပုံကာလတွင် အာဏာသိမ်း၍ တက်လာသည့် နဝတ အစိုးရက ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးရန် ကတိပြုခဲ့ပြီး၊ ၁၉၉ဝ ပြည့်နှစ်တွင် ကျင်းပပေးခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ သို့သော် NLD အား အုပ်ချုပ်ရေးအာဏာ လွှဲမပေးဘဲ လှည့်ဖျားခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ ပြုလုပ် ပေးခြင်းသည် အစိုးရဖွဲ့ရန်မဟုတ်၊ အခြေခံဥပဒေ ရေးဆွဲရန်အတွက်သာ ဖြစ်သည်ဟု လှည့်ဖျားခဲ့သည်။ ၁၉၉၃ တွင် အတုအယောင် အမျိုးသား ညီလာခံ ခေါ်ယူကျင်းပ၍ အခြေခံ ဥပဒေ ဆွဲရေးကို သရုပ်ပြခဲ့သည်။ ဆယ်စုနှစ် နှစ်စုနီးပါး နိုင်ငံရေး ဆိုးသွမ်းသံသရာလည်ခဲ့ရသည်။ ၁၉၉၃ တွင် စတင်သော အမျိုးသားညီလာခံ၌ NLD လွှတ်တော်ကိုယ်စားလှယ် အချို့ပါဝင်ခဲ့သော်လည်း နောက်ပိုင်း၌ အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ ကန့်ကွက်မှု ကြောင့် ၁၉၉၅ ခုတွင် ညီလာခံမှ ထွက်လာခဲ့သည်။ NLD က ညီလာခံသို့ ပြန်မတက်သဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

အမှန်စင်စစ် ၁၉၉၀ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံရေးဆွဲရန်သာ ဖြစ်သည်ဆိုလျှင်လည်း၊ အနိုင်ရပါတီ NLD လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်ခေါ်ယူ ရေးဆွဲကြရမည် ဖြစ်သည်။ သို့သော် NLD အား နဝတ၏ ၁/၉၀ ကြေညာချက် ဖြင့် လွှတ်တော်ခေါ်ခွင့် ပိတ်ပင်ခဲ့သည်။ နဝတ ခေါင်းခေါက်ရွေးချယ်ထားသည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်များဖြင့် အချိန်ဆွဲ၍ National Convention ကို ကျင်းပခဲ့သည်။ အမှန်တွင် ဦးအောင်တိုးဦးဆောင်သော နဝတ၏ ဥပဒေအကြံပေး အဖွဲ့က နဝတ-နအဖ အစိုးရအဖွဲ့အတွက် ဖွဲ့စည်းပုံမူကြမ်းကို ညီလာခံနောက်ကွယ်၌ ရေးဆွဲနေခဲ့သည်။ သို့ဖြစ်၍ ညောင်နှစ်ပင်ညီလာခံသည် ဟန်ပြမျှသာ ဖြစ်သည်။ ထို့ကြောင့် NLD က သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီလာခံကို ၁၉၉၃ မှ ၂၀၀၇ အထိ ၁၅ နှစ်အချိန်ဆွဲ ကျင်းပခဲ့သော်လည်း၊ နိုင်ငံရေး မငြိမ်သက်သည့် ပြဿနာ အရှုပ်အထွေးများကြောင့် ကန့်လန့်ကာနောက်ကွယ်၌ ညှိနှိုင်းမှုများ လုပ်နေရသည်ဟုဆိုသည်။ အမျိုးသားညီလာခံကို ၁၃ ကြိမ်တိုင် ရပ်နားထားခဲ့ရသဖြင့် ကြန့်ကြာရသည်ဟုလည်း ဆိုသည်။ NLD ကိုယ်စားလှယ်များ သပိတ်မှောက်၍ ညီလာခံမှ ထွက်သွားခဲ့ပြီးနောက် ၁၉၉၆ မှ ၂ဝဝ၃ အတွင်း ညီလာခံ ကျင်းပခဲ့ခြင်း မရှိခဲ့ကြောင်းလည်း သတင်းစာ မှတ်တမ်းများအရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ အမျိုးသားညီလာခံ ပြန်တက်ရေးကိစ္စ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းစေ့စပ်ပေးသည့်တိုင် အောင်မြင်မှု မရရှိခဲ့ပေ။ ထို့နောက် ၂၀၀၃ မေလ ၃၀ ရက်နေ့တွင် ဒီပဲယင်း လုပ်ကြံတိုက်ခိုက်မှု ကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့်တကွ NLD အဖွဲ့ဝင်အများအပြား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြရသည်။ ယင်းကိစ္စကြောင့် နအဖအစိုးရအား နိုင်ငံတကာက ပြင်းထန်စွာ ပြစ်တင်ရှုံ့ချခဲ့ပြီး၊ ပိတ်ဆို့ အရေး ယူမှုကျယ်ပြန့်ခဲ့သည်။ နအဖ အစိုးရကလည်း နိုင်ငံတကာ ဖိအားသက်သာစေရန် နိုင်ငံရေးလမ်းပြမြေပုံ ၇ ရပ်ကို ကြေညာ ခဲ့သည်။ ဖွဲ့စည်းပုံရေးဆွဲရေးကိစ္စကို ၂ဝဝ၄ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထိုအတောအတွင်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုများ ပြည်တွင်းပြည်ပတွင် ပေါ်ပေါက်ခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် ပြည်တွင်း၌ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်။ ရွှေဝါရောင်သံဃာတော်များ သွေးမြေကျပြီး နောက်တွင် အမျိုးသား ညီလာခံ ပြီးဆုံးကြောင်း နအဖက ကြေညာခဲ့သည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေး ကော်မရှင်ကို နအဖအစိုးရက ကိုယ်စားလှယ် ၅၄ ဦးဖြင့် စိတ်ကြိုက်ဖွဲ့စည်းခဲ့သည်။ အစိုးရအရာရှိကြီးများ၊ အစိုးရနှင့် နီးစပ်သော တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များဖြင့် ဖွဲ့သည့်ကော်မရှင်ဖြစ်၍ အစိုးရ စိတ်ကြိုက် ဖွဲ့စည်းပုံ ရေးဆွဲခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ၂၀၀၈ မေလ ၂ ရက် ၃ ရက်တို့တွင် မြန်မာပြည်တွင် နာဂစ်မုန်တိုင်းတိုက်ခိုက်ခဲ့သည်။ နာဂစ် လေမုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဆိုးဆိုးရွားရွားခံခဲ့ရပြီး၊ လူပေါင်း တစ်သိန်းခွဲခန့်အသက်ဆုံးရှုံးခဲ့ရသည်။ သို့သော် နအဖအစိုးရက ရက်ပိုင်းအတွင်းမှာပင် လူထုဆန္ဒခံယူပွဲ (Referendum) ကျင်းပခဲ့သည်။ ပြည်သူသိန်းဂဏန်းသေဆုံးရခြင်းအတွက် အစိုးရ အနေဖြင့် ဝမ်းနည်းခြင်းရက်သတ္တပတ် ကြေညာရမည့်အစား နိုင်ငံရေးအမြတ်ထုတ်ခဲ့သည်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူ ထောင်ပေါင်းပေါင်းများစွာ ဆင်းရဲဒုက္ခ အကြီးအကျယ် ရောက်နေကြချိန်ဖြစ်၍ လူထုဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်း သင့်ကြောင်း ပြည်တွင်းပြည်ပ တောင်းဆိုမှုများ ရှိနေသည့်ကြားမှ Referendum ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံကို နာဂစ်ဖွဲ့စည်းပုံဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မေလ ၁ဝ ရက်နေ့တွင် လူထု ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။ လာမည့် ၂၀၂၀ ပြည့်နှစ် မေလ ၁၀ ဆိုလျှင် ၁၂ နှစ် ပြည့်ပြီ ဖြစ်သည်။ ၂၀၀၈ မေလဆန်း၌ နာဂစ်မုန်တိုင်းဒဏ်ကြောင့် နိုင်သူနိုင်ငံသား တစ်သိန်းခွဲခန့် သေကြကျေကြပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြရသည်ကို မထောက်ထားဘဲ၊ ၂၀၀၈ မေလ ၁၀ ရက်တွင် လူထုဆန္ဒခံယူပွဲကို ဇွတ် လုပ်ခဲ့ခြင်းဖြစ်သည်။ လူထု ၉၂ ရာနှုန်းကျော် ထောက်ခံ မဲပေးခဲ့သည်ဟု ဆိုခြင်းမှာလည်း လိမ်လည်ခြင်းသာ ဖြစ်သည်။ မုန်တိုင်းတွင် သေဆုံး ကုန်ကြသူများကို မဲစာရင်းတွင် ထည့်၍ မဲပေးခိုင်းခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူ လူထုက ရေရေရာရာ ဂဃနဏ မသိကြရပဲ တစ်ဖက်သတ် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

ထို့နောက် နအဖအစိုးရသည် ၂ဝ၁ဝ နိုဝင်ဘာတွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ပါတီအဖြစ် ပြောင်းလဲ၍ တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်ကြီးများက ဦးဆောင်ခဲ့ ကြသည်။ အသင်း၏ အများပိုင်နေရာထိုင်ခင်းနှင့် ပရိဘောဂပစ္စည်းများပိုင်ဆိုင်မှုကိစ္စကို ရှင်းရှင်းလင်းလင်း မဖြေရှင်းခဲ့ပေ။ NLD ပါတီက ၂၀၁၀ ရွေးကောက်ပွဲ မဝင်သော်လည်း NLD မှ ခွဲထွက်ပါတီဖြစ်သည့် NDF ပါတီ ရွေးကောက်ပွဲဝင်ခဲ့သည်။ နောက်ဆုံး ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီ အနိုင်ရပြီး စစ်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် သမ္မတ ဖြစ်ခဲ့သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ အပြီး နိုင်ငံတကာဖိအားများ လျှော့ချနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ် ပေးသည်။ ၂ဝဝ၇ ခုနှစ် နောက်ပိုင်း ပြန်လည်ဖမ်းဆီးခံခဲ့ရသော ၈၈ မျိုးဆက်နှင့် အခြားအတိုက်အခံ နိုင်ငံရေးသမားအများ အပြားကို ဖမ်းဆီးထားခြင်းမှ ပြန်လွှတ်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ပြန်လည်လွတ်ခဲ့ပြီးနောက်တွင် NLD ပါတီကို ပြန်၍ မှတ်ပုံတင်ခိုင်းသည့်ကိစ္စနှင့်အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတကာသံတမန်များက ကြားဝင်စေ့စပ်ညှိနှိုင်းမှုများေကြာင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ၌ ပါဝင်ခွင့်ပေးခဲ့သည်။ ၂၀၁၂ ဧျပီလ(၁)ရက် ကြားဖြတ်ရေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ် (၄၄)နယ် အနက် (၄၃)ေနရာ အနိုင်ရလိုက်သည့် အဖြစ်အပျက်က အာဏာရ ပြည်ခိုင်ဖြိုးပါတီကို အထိတ်ထိတ်အပြာပြာဖြစ်သွားစေခဲ့သည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို အခွင့်အရေးပေးခဲ့ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်၌ ချည်ပြီးတုတ်ပြီးဖြစ်သည်ဟု ယုံကြည်၍ ဖြစ်သည်။ ထို့ပြင် ဦးသိန်းစိန် အစိုးရအပေါ် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများကို လျှော့ချနိုင်ရန်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်အား အကန့် အသတ်ဖြင့် နေရာပေးခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ရေးကိစ္စတွင် ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ရန် သစ္စာ ဆိုရေး/မဆိုရေး အခြေအတင် စကားများခဲ့ကြရသေးကြောင်း တွေ့ခဲ့ရသည်။

ဤသို့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ပဓါနပြု၍ မဲဆွယ်ခဲ့သည်။ လွှတ်တော်ထဲ၌ နေရာအများစု အနိုင်ရသည့် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ခန့်အပ်၍ ဖွဲ့စည်း ပုံဘောင်အတွင်းမှ တရားဝင်အောင် ဖန်တီးနိုင်ခဲ့သည်။ ယင်း ရာထူးကို ရယူပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ကောင်း အောင် ကြိုးစားခဲ့သည်။ အခြားတစ်ဖက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင် ရေးအတွက် ၂၁-ရာစု ပင်လုံ ညီလာခံ ခေါ်သည့် ကိစ္စမျိုး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေများ မှတစ်ဆင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လုပ်ငန်းစဉ် အကောင်အထည် ဖေါ်ရန် ပိုမိုကြိုးပမ်းခဲ့ကြောင်း တွေ့ရသည်။ တစ်နည်းအားဖြင့် လွှတ်တော်ပြင်ပမှ ဖွဲ့စည်းပုံ ပြင်ဆင်ရန် နည်လမ်းရှာသည်ဟု ဆိုနိုင်သည်။

NLD အစိုးရသည် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင် ရေး တို့ကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးကို အလေးထားကြောင်း ဖေါ်ပြ ပြောဆိုခဲ့သည်။ ဒုတိယ မြောက် သမ္မတဖြစ်လာသည့် ဦးဝင်းမြင့်၏ ကျမ်းကျိန်မိန့်ခွန်းတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၏ အုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အလေးထား ဆောင် ရွက်မည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖေါ်ဆောင်ရန် “အပြောင်းအလဲများ” ဆောင်ကြဉ်းပေးမည်ဟု NLD ပါတီ က ရွေးကောက်ပွဲ၌ ကတိပြုထားခဲ့သည်။ လက်တွေ့တွင် အပြောင်းအလဲဖြစ်ထွန်းရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အကန့်အသတ်များကို NLD ပါတီအနေဖြင့် မကျော်လွှားနိုင်ဘဲ ဖြစ်နေသည်။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဖက်ဒရယ် နိုင်ငံတော် ထူထောင်ရေးလမ်းခရီးတွင် စစ်အစိုးရရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပိတ်ဆို့ကာဆီး ထားခြင်းနှင့် ရင်ဆိုင်နေရသည်။ NLD ပါတီကို လူထုက မဲပေးခဲ့ခြင်းမှာ ယခင် စစ်အစိုးရလက်ထက် ပေါ်ပေါက်ခဲ့သော အရေးကြီး ပြဿနာများကို ဖြေရှင်းပေးစေလို၍ ဖြစ်သည်။ တိုင်းရင်းသားများ တောင်းဆိုနေသည့် တန်းတူရေး တရားမျှတ ရေး ပြည်တွင်စစ်ရပ်စဲရေး ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာ၊ အဓမ္မ မြေယာသိမ်းဆည်းမှုကြောင့် တောင်သူလယ်သမား အများအပြား အတိ ဒုက္ခရောက်နေရသည့် ပြဿနာ၊ ပြည်သူကို ချပြတိုင်ပင်မှုမရှိဘဲ သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းစေ သည့် ဖွံ့ဖြိုးရေး စီမံကိန်းများ ပြဿနာ၊ ပြည်သူအများ အကျိုး ခံစားမှုအတွက် မြင်သာထင်သာမရှိသော သယံဇာတများ ထုတ်ယူမှု ပြဿနာ၊ အစိုးရဝန်ကြီးဌာန အသီးသီး၏ ခြစားမှုများကို ယခင် အစိုးရက အရေးယူရန် ပျက်ကွက်သည့် ပြ ဿ နာ၊ အလုပ် လက်မဲ့ ပြဿနာ နှင့် လုပ်ခလစာ နိမ့်ကျလွန်းသော ပြဿနာ၊ တရား ဥပဒေ စိုးမိုးမှု ယိုယွင်းပျက်စီးနေသည့် ပြဿနာ၊ ခရိုနီတွေနဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေ လက်ဝါးကြီးအုပ်ချယ်လှယ်နေတဲ့ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ လွတ်လပ်ပွင့်လင်းရေး ပြဿနာ၊ ကမ္ဘာ့အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(Least Developed Country-LDC) အဖြစ် ဆက်လက် စာရင်းဝင်နေသော ဘဝမှ လွတ်မြောက်ရေး ပြဿနာ စသဖြင့် ဖြေရှင်းပေးရမည့် ကိစ္စများက များပြား လွန်းလှသည်။

အကြမ်းမဖက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနည်းနာဖြင့် အကောင်အထည်ဖေါ်ခဲ့သော မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးအပေါ် နိုင်ငံတကာက ချီးကျူးခဲ့ကြသော်လည်း “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒီမိုကရေစီနှုန်းစံ မပြည့်မီမှု ကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီရရှိနေပြီဟု မပြောနိုင်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ် အမေရိကန် ခရီးစဉ်အတွင်း သတိပေးပြောကြားခဲ့သည့်အချက်ကို သတိပြုကြရမည် ဖြစ်သည်။ အမေရိကန်ခရီးစဉ်အတွင်း စက်တင် ဘာ ၂၁ ရက်နေ့ ညနေပိုင်း နယူးယောက်မြို့ Asia Society ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် ဖေါ်ပြပါ အတိုင်း မှတ်ချက်ပေးခဲ့သည်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးကဏ္ဍအတွင်း တပ်မတော်၏ ပါဝင်ချုပ်ကိုင်လွှမ်းမိုးမှု ကျန်ရှိနေဆဲဖြစ်ကြောင်း၊ တိုင်းပြည်၏ နိုင်ငံရေးကိစ္စရပ်များတွင် အရပ်သားများက အပြည့်အဝ ထိန်းချုပ်စီမံခွင့် ရရှိရန် လိုအပ်ကြောင်း၊ စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

‘‘ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတစ်ခုက အရပ်သားအစိုးရ ထဲမှာ တပ်မတော်ရဲ့ စစ်ဦးစီးအရာရှိတွေ ပါဝင်နေတယ်ဆိုတာ မျိုး မဖြစ်သင့်ဘူးလေ။ ကျွန်မတို့ တကယ်တမ်း လိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပါတယ်။’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ “အများစုအနိုင်ရပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခွင့် မရသေး ပါဘူး။ အခြေခံဥပဒေရဲ့ အရေးပါတဲ့ ဘယ် အစိတ်အပိုင်းကိုမဆို ပြင်ဆင်ဖို့ တပ်မတော်ကို ဗီတိုအာဏာ အခွင့်အရေး ပေးထားတာပါ” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမေရိကန်ခရီးစဉ်အတွင်း Asia Society အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော် ပါဝင်ပတ်သက်နေမှုနှင့် စပ်လျဉ်း၍ Asia Society က မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က နောက် ၅ နှစ် သို့မဟုတ် ၁၀ နှစ်အတွင်း ဘာဖြစ်မလဲဆိုသည်ကို သူ့အနေဖြင့် မပြောနိုင်သလို၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း ပြောနိုင်မှာ မဟုတ်ဟု ဖြေဆိုခဲ့သည်။ ထို ကိစ္စကို အဆုံးအဖြတ်ပေးမည့်သူမှာ ပြည်သူများသာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့သည်။ ပြည်သူဟု ဆိုရာ၌ တပ်မတော်သားများလည်း ပါဝင်ကြောင်း၊ တပ်မတော်အပါအဝင် ပြည်သူလူထု တရပ်လုံးက တိုင်းပြည်တွင် လက်တွေ့ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြုပြင်ပြောင်းလဲရေးလုပ်ရန် လိုအပ်နေသည်ဆိုခြင်းကို နားလည် သဘောပေါက်လာစေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားခဲ့သည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စသည် နောက်ဆုံးတွင် ပြည်သူလူထု၏ အဆုံးအဖြတ်ပေါ်၌ တည်သည်ဟု သုံးသပ်မိပါသည်။။။။။

(၂၃၊ ၃၊ ၂၀၂၀ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး)