Breaking News

မြင့်ကျော် - ကပ်ဘေးနဲ့ သင်ခန်းစာ



မြင့်ကျော် - ကပ်ဘေးနဲ့ သင်ခန်းစာ

(မိုးမခ) မတ် ၂၃၊ ၂၀၂၀

ကပ်ရောဂါလို့ဆိုလိုက်ရင် တသက်မှာ တကြိမ်တောင်ကြုံဖူးကောင်းကြုံဖူးကြမယ့်သဘောရှိကြပါလိမ့်မယ်၊

ခု ကြုံနေကြရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကပ်ရောဂါဆိုတဲ့ အရိပ်က စောစောပိုင်း ဇန်နဝါရီလဝန်းကျင်က ကိုယ်တွေနဲ့ မဆိုင်လောက်ဘူးလို့ ထင်မြင်ယူဆခဲ့ကြတယ်။ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားပြီး အဲဒီနိုင်ငံမှာပဲ ရပ်တန့်သွားလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်၊ သို့သော်လည်း အဲလိုမဟုတ်ပဲ ဒီဗိုင်းရပ်စ်ပိုးက အရပ်ရှစ်မျက်နှာကို နည်းအမျိုးမျိုးနဲ့ ပြန့်နှံ့လာနေတာ ခုတော့ သဘောပေါက်လာကြပါပြီ။

ကျနော်တို့သည်ပင်လျင် ဒီဂယက်တွေ ဒီအန္တရာယ်တွေက အိမ်နားကိုရောက်နေပြီ မဝင်သေးတာလား မဝင်ဖြစ်တာလားတော့မသိပါ၊ ဟိုးအဝေးကြီးမှာမဟုတ်တော့ဘူး၊ လက်တကမ်းအကွာမှာ သို့တည်းမဟုတ် အိမ်ထဲရောက်နေလောက်ပြီဆိုတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်၊

ဒီလိုပြောလို့ သံသယကြီးတာ၊ ကြောက်လန့်အောင်ပြောတာလည်း မဟုတ်ပါဘူး၊ တချို့သော အချက်အလက်တွေက ရေဒါထဲ မပေါ်တာလည်း ဖြစ်ကောင်းဖြစ်မှာမို့၊

ငယ်ငယ်ကတည်းက အမေက ဟိုးအတိတ်က အကြောင်းပြန်ပြောပြတဲ့အခါ ၁၉၅၆- ၅၇ ခုနှစ်က လူအားလုံးနီးပါး တုပ်ကွေးဖြစ်ကြတဲ့အကြောင်း မကြာမကြာပြောပြတာ အမှတ်ရနေမိတယ်။

အဲဒီကာလမှာ မြန်မာနိုင်ငံမှာ ပထမဆုံး မှတ်ပုံတင်တွေလုပ်ဖို့ ဓါတ်ပုံလာရိုက်တယ်ဆိုတာကို ဖြစ်ရပ် ၂ ခု ဆက်စပ်ပြီးပြောပြတာကိုလည်း မှတ်မိနေမိတယ်။

အဲဒီ၁၉၅၆-၅၇ ဝန်းကျင် (ခန့်မှန်းရ) ကတုပ်ကွေးကတော့ အသက်ဆုံးရှုံးမှု သိပ်ရှိပုံမရပါ။ အမှတ်အသားကောင်းလှတဲ့ အမေရဲ့ အတိတ်ကအဖြစ်အပျက်တွေထဲက ကူးစက်ရောဂါ ကပ်ရောဂါ အကြောင်း အခုလို ကပ်ရောဂါ နဲ့ပတ်သက်ပြီး ပြောဆိုရေးသားကြချိန်မှာ ပြန်အမှတ်ရမိတာပါ။

အဲဒီ ၁၉၅၀ နှောင်းပိုင်း တုပ်ကွေးရောဂါက အသေအပျောက်သိပ်ရှိပုံမရပါ။ အခြား မှတ်တမ်းမှတ်ရာများတော့ လောလောဆယ် မဖတ်မိတော့ သိပ်မသိရပါဘူး၊

၁၉၁၈ နဲ့ ၁၉၁၉ ခုနှစ်တွေမှာ ဖြစ်ပွားတဲ့ စပိန်တုပ်ကွေးလို့ခေါ်ကြတဲ့ အိတ်ချ်ဝမ်း အန်ဝမ်းဗိုင်းရပ်စ် ကတော့ မှတ်တမ်းမှတ်ရာတွေတော်တော်များများ ရှိပါတယ်၊ ဒီဗိုင်းရပ်စ်ရောဂါပိုးကို အမေရိကတိုက််မှာ စတင်ဖေါ်ထုတ်သိရှိပြီး ကမ္ဘာအနှံ့ကို ပြန့်နှံ့ခဲ့ပါတယ်၊ အသေအပျောက် သန်း ၅၀အနည်းဆုံးရှိခဲ့တယ်လို့ မှတ်တမ်းများက ဆိုပါတယ်၊ စပိန်တုပ်ကွေးလို့ ဆိုပေမယ့် စပိန်နိုင်ငံကစခဲ့တဲ့သဘောမဟုတ်ပါဘူး၊ ဘယ်နိုင်ငံက စတင်ပြန့်နှံ့တယ်ဆိုတာကို အများလက်ခံ သဘောတူတဲ့ အထောက်အထားမရှိဘူးလို့ ဆိုရမယ့်သဘောပါ၊ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ထံကူးစက်ခဲ့တယ်လို့ဆိုပါတယ်၊ ကမ္ဘာ့သမိုင်းတလျှောက်တော့ အသေအပျောက်အများဆုံး အဆိုးဆုံး ကပ်ရောဂါအဖြစ် သတ်မှတ်ထားကြတာပါ။

နယ်သာလန်မှာနေတဲ့ အစ်မနဲ့ တူမ ဖြစ်သူနဲ့ စကားပြောတော့ နယ်သာလန်မှာလည်း ကူးစက်တယ်လို့သံသယရှိသူကို ဆေးရုံမှာမထားဘဲ အိမ်မှာပဲ နေခိုင်းတယ်ဆိုတယ်၊ အခြေအနေ ဆိုးလာမှ စစ်ဆေးမယ်၊ ဆေးရုံကို တင်မယ်ဆိုတာမျိုး၊ အီတလီကို အလည်အပတ်သွားရာက ကူးစက်ခံလာရပြီး ဆက်ကာဆက်ကာ ပြန့်ပွားရာက အခုတော့ ကူးစက်ခံရသူ ထောင်ဂဏန်းရှိေနပြီ အသေအပျောက်လည်း ရှိနေပြီ၊ မြို့တွေကို ပိတ်ချတာမျိုးမလုပ်သေး၊ ကိုင်တွယ်ပုံ ပျော့လွန်းတယ်လို့ ယူဆမှုတွေလည်း ရှိတယ်၊ ငယ်တဲ့သူတွေ ကျန်းမာရေးကောင်းသူတွေ ကူးစက်ခံရတာ ကို စိုးရိမ်ပုံမရဘဲ တဖက်မှာ ဆေးပညာအယူအဆ တခုအရ ကိုယ်ခံအားတည်ဆောက်လာနိုင်တာက အကျိုးအမြတ် ဆိုတဲ့ အယူအဆကို. ကိုင်စွဲတဲ့သူတချို့လည်း နယ်သာလန် အစိုးရထဲ ရှိတယ်ဆိုတဲ့သဘော ပြောပြတယ်။

အလုပ်တွေပိတ် ၊ စားသောက်ဆိုင်မှာ ထိုင်စားတာတွေပိတ်၊ ရုံးတွေပိတ်ပြီး တရက်က ဆေးခြောက်ဆိုင် ပါပိတ်လိိုက်တော့ လုယက်တာတွေဖြစ်လို့ ဆေးခြောက်ဆိုင် ပြန်ဖွင့်ခွင့်ပေးလိုက်ရတယ်ဆိုတယ်။

ပြင်သစ်က လူနာအမှတ် သုည ( ပြင်သစ်နိုင်ငံမှာ ပထမဆုံးရောဂါဖြစ်ပွားသူ) က သူ့ကိုယ်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှန်းတောင်မသိလိုက်ဘူးဆိုတယ်၊ နေမေကာင်းဖြစ်ပြီး ပြန်ကျန်းမာလာတယ် သို့ပေမယ့် သူ့ဆီက တဆင့်ကူးစက်သွားတဲ့သူတွေက ခုလို ပြင်သစ်မှာ ဆက်ကာ ဆက်ကာ ပြန့်နှံ့သွားတာလို့ဆိုတယ်၊

မနေ့က ပိတ်ရက်မို့လို့ နိုင်ငံခြား ရုပ်သံသတင်းတွေကြည့်မိတဲ့အခါ အီတလီ နိုင်ငံ ရောဂါရဲ့ ဗဟိုချက်လည်းဖြစ် အထိနာဆုံးမြို့ လွမ်ဘာဒီမြို့ ရဲ့ ဆေးရုံမြင်ကွင်းတချို့ ၊ သေဆုံးသူတွေကို စစ်ထရပ်ကားတန်းတွေနဲ့ သယ်ဆောင်သွားတဲ့ မြင်ကွင်းတွေမြင်ရပြီး အတိတ်က ဥရောပမှဖြစ်ပွားခဲ့ဖူးတဲ့ ကပ်ရောဂါကာလတုန်းက မြင်ကွင်းတွေကို ပန်းချီဆရာတွေက သရုပ်ဖေါ်ခဲ့ပုံတွေနဲ့ နှိုင်းယှဥ် မြင်ယောင်ကြည့်မိတယ်။

လွမ်ဘာဒီမြို့က ဆေးရုံဝန်ထမ်းနဲ့ အင်တာဗျူးမှာ ရောဂါဝေဒနာရှင်အတော်များများ သူတို့ရဲ့ နောက်ဆုံးအချိန်မှာတောင် မိသားစုတွေနဲ့ တွေ့ခွင့်မရသွားကြရှာဘူးဆိုတာကြားမိတော့ စိတ်မကောင်းစရာပါ။ ဂျာမနီရုပ်သံမှာလည်း ကျန်းမာရေးမကောင်းတဲ့ လင်မယား ၂ ဦးက သူတို့ နေအိမ်မှာ သူတို့ သီးသန့်နေထိုင်နေရတဲ့ အချိန် သတင်းဌာနက အင်တာဗျူးတော့ သူတို့ သားသမီး အထူးသဖြင့် မြေးတွေနဲ့ တွေ့ခွင့်မရှိတဲ့အဖြစ်ကို ဝမ်းနည်းစွာနဲ့ ပြန်ဖြေကြားနေတာ၊ ရုပ်သံသတင်းထောက်က အင်တာဗျူး မေးရာမှာ အကွာအဝေး တခုကနေ ကင်မရာဇွန်းဆွဲပြီး အသံဖမ်းမေးနေတာကို ကြည့်ရပါတယ်၊ အဲဒီအင်တာဗျူးကြည့်ပြီးတော့ ဥရောပနိုင်ငံအချို့က အခြေအနေကို ခန့်မှန်းနားလည်မိပါတယ်။

ဝါရှင်တန်မြို့တော်မှာ မိသားစုဝင်တဦးက ရောဂါပိုးတွေ့လို့ တွေ့သူကို ဆေးရုံမှာ ကုသမှုခံယူနေပြီး ကျန်မိသားစုဝင်တွေက အိမ်မှာ သီးခြားကန့်သတ်နေထိုင် တဲ့သူနဲ့ မေးမြန်းရာမှာ မှန်တံခါးအတွင်းဘက်မှာ အင်တာဗျူး ဖြေသူ ကထိုင်ပြီး သတင်းထောက်လုပ်သူက မှန်တံခါး အပြင်ဘက်ကနေ ဖုန်းနဲ့ဆက်သွယ် မေးမြန်းထားတာ ကြည့်ရပါတယ်။

တခါမျှ မျှော်လင့်မထားဘူးတဲ့ အခြေအနေတွေ ပစ္စုပ္ပန်မှာ ကျနော်တို့ ကြုံတွေ့နေကြရတာပါ။ အတွေ့အကြုံလို့ မှတ်ယူမယ်ဆို သင်ခန်းစာလည်း ရပါလိမ့်မယ်၊ သိပ္ပံနည်းပညာ ဆိုင်ရာ သင်ခန်းစာတင်မကပဲ စိတ်နေစိတ်ထား ခံယူပုံ၊ လူသားချင်းစာနာမှု၊ မျှဝေခံစားမှု၊ ဘေးအန္တရာယ်နဲ့ကြုံတဲ့အခါ စုပေါင်းတွန်းလှန်မှုစိတ်နေစိတ်ထား၊ ကိုယ်တိုင် အန္တရာယ်ကျရောက်သည့်တိုင် မိမိထက်ပို အခြေအနေ ဆိုးသူကို ဖေးမငဲ့ညှာစိတ် မျှဝေစိတ် စတာတွေက ယူရမယ့် ယူသင့်တဲ့ သင်ခန်းစာတွေဖြစ်ပါလိမ့်မယ်၊ သက်ဆိုင်တဲ့ တာဝန်ရှိသူ အစိုးရမင်းများလည်း စီမံခန့်ခွဲမှု မလွဲမှားအောင် ၊ အချိန်ကို အကျိုးရှိစွာအသုံးချဖို့ ၊ ကျိုးကြောင်းဆင်ခြင်မှုပြည့်ဝဖို့ လိုအပ်တာအမှန်ပါ၊ ဘာကြောင့်ဆို နိုင်ငံသားများရဲ့ အသက် ရှင်သန်ခွင့် တစိတ်တပိုင်းက အစိုးရမင်းများရဲ့ လက်ဝယ် ရှိလို့ဖြစ်ပါတယ်။

ဒီကပ်ရောဂါက တသက်မှာတကြိမ်သာကြုံရတဲ့ အတွေ့အကြုံဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဖြစ်ပါစေလို့လည်း ဆုတောင်းလိုက်ရပါတယ်။ ကမ္ဘာသူကမ္ဘာသားများ ဘေးကင်းကြပါစေ။