Breaking News

မောင်လူပေ - အမေရိကန်ကိုရိုနာ က တရုတ်ကို ကျော်တက်ပြီ (မတ် ၂၆၊ ၂၀၂၀)


မောင်လူပေ - အမေရိကန်ကိုရိုနာ က တရုတ်ကို ကျော်တက်ပြီ (မတ် ၂၆၊ ၂၀၂၀)

(မိုးမခ) မတ် ၂၇၊ ၂၀၂၀


ပြီးခဲ့တဲ့ နှစ်လလောက်က ကိုရိုနာဗိုင်းရပ်တွေ တရုတ်ပြည်ထဲ ကူးစက်နေချိန်မှာ ကမ္ဘာ့နိုင်ငံတွေအများစုက တရုတ်ပြည်သားတွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်ကြတယ်။ ရောဂါပိုးကူးစက်မှာကြောက်လို့။ ခုတော့ သူ့အလှည့်ရောက်ပြီ။ ကမ္ဘာ့နိုင်ငံအားလုံးကို တရုတ်ပြည်ဝင်ခွင့်ဗီဇာ ယာယီပိတ်လိုက်ပါပြီ။ သူ့ဆီမှာ စခဲ့တဲ့ရောဂါက ကမ္ဘာပတ်နေတော့ သူ့နိုင်ငံထဲ ပြန်ဝင်လာမှာစိုးပါသတဲ့။ သံတမန်၊ တရုတ်နိုင်ငံသားကလွဲရင် တရုတ်ပြည်မှာ အမြဲနေထိုင်သူလည်း မဝင်ရ။

အမေရိကန်ပြည်ထောင်စုလည်း မကြာခင်မှာ ကိုရိုနာကူးစက်ခံနိုင်ငံစာရင်းထဲက တရုတ်နဲ့ အီတလီကိုကျော်တက်ပြီး နံပါတ်တစ်နေရာ ယူပါတော့မယ်။ (ယူသွားပါပြီီ)။ အခုလောလောဆယ်မှာ တရုတ်ပြည်က ရှစ်သောင်းတစ်ထောင်နဲ့ ပထမ၊ အီတလီက ရှစ်သောင်းနဲ့ဒုတိယ၊ အမေရိကန်ပြည်ထောင်စုက ခုနှစ်သောင်းကိုးထောင်နဲ့တတိယ မို့ ကူးစက်ခံရသူ တစ်ထောင်စီသာ ကွာကြပါတော့တယ်။ တစ်ရက်အတွင်း ကူးစက်ခံရသူဦးရေမှာ အမေရိကန်ပြည်ထောင်စုက တစ်သောင်းကျော်ရှိတယ်။ စစ်ဆေးမှု ပိုမြန်လာတာနဲ့အမျှ လူစာရင်းတိုးနေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောဂါကြောင့် တစ်ရက်အတွင်းသေဆုံးသူ တစ်ရာကျော်ရှိခဲ့လို့ စုစုပေါင်း တစ်ထောင့်တစ်ရာကျော် သေဆုံးခဲ့ရပြီ။ နယူးယော့ခ်ဆေးရုံက သူနာပြုတစ်ဦးလည်း ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့တယ်။

နယူးယော့ခ်မြို့ဟာ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာကူးစက်ခံရမှုအဆိုးဆုံးမြို့ ground zero ဖြစ်နေဆဲပါ။ တစ်နိုင်ငံလုံး ကူးစက်ခံရသူဦးရေရဲ့ ထက်ဝက်ခန့် လေးသောင်းနီးပါးက နယူးယော့ခ်မြို့သားတွေဖြစ်ကြပြီး ငါးထောင်ကျော် ဆေးရုံမှာကုသမှုခံယူနေရတယ်။ လေးရာနီးပါး သေဆုံးခဲ့ပြီ။ မြို့ကိုပိတ်ထားပြီး ကာကွယ်နေတဲ့အတွက် နေ့စဉ် ကူးစက်ခံရသူဦးရေ တည်ငြိမ်လာပြီလို့ဆိုတယ်။ ကူးစက်မှုအမြင့်ဆုံးအခြေအနေပါပဲ။ နယူးယော့ခ်နဲ့ ကိုလံဘီယာတက္ကသိုလ်တွေက ဆေးကျောင်းနောက်ဆုံးနှစ်ကျောင်းသားတွေကို သုံးလလောက်စောပြီး ဘွဲ့ပေး၊ နယူးယော့ခ်ဆေးရုံတွေမှာလိုအပ်နေတဲ့ (အလုပ်သင်)ဆရာဝန်နေရာတွေမှာ ဖြည့်တင်းထားတယ်။

နယူးယော့ခ်မှာ ကူးစက်မှုမထိန်းချုပ်နိုင်ခြင်းရဲ့အကြောင်းရင်းကတော့ လူနေအရမ်းထူထပ်ခြင်းနဲ့ မြို့ကိုပိတ်ဖို့ နောက်ကျခဲ့ခြင်းကြောင့်ဖြစ်တယ်။ နယူးယော့ခ်မြို့မှာ လူကျပ်ချိန်ဆိုရင် ပုခုံးခြင်းတိုက်မိတဲ့အထိ လူတွေများတော့ ကူးစက်ဖို့ အရမ်းလွယ်တယ်။ လူနေမှုကြဲတဲ့ မြို့ပြင်ဒေသတွေ တောမြို့လေးတွေမှာ ကူးစက်မှုအလွန်နည်းပါးတယ်။( မြို့သားရောဂါပေါ့။ )

ရောဂါကူးစက်မှုရဲ့ ဗဟိုချက်ဖြစ်နေတဲ့ ဥရောပရဲ့ တစ်ရက်အတွင်းသေဆုံးမှုမှာ အီတလီ၊ စပိန်နဲ့ ပြင်သစ်တို့က အများဆုံးပါ။ အင်္ဂလန်မှာလည်း (၁၁၅)ဦး တစ်ရက်အတွင်း သေဆုံးပါတယ်။ နိုင်ငံပေါင်းစုံက လူဦးရေ နှစ်ထောင့်သုံးရာကျော်ခန့် ဒီရောဂါကြောင့် တစ်ရက်အတွင်း သေဆုံးခဲ့ရပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း နှစ်ရာနီးပါးက လူဦးရေ ငါးသိန်းကျော်ကို ကူးစက်ခဲ့ပြီး နှစ်သောင်းသုံးထောင်ကျော်သေဆုံးခဲ့ရတယ်။ အသည်းအသန်လူနာ နှစ်သောင်းနီးပါးရှိနေဆဲဖြစ်ပေမဲ့ တစ်သိန်းနှစ်သောင်းကျော်ပျောက်ကင်းခဲ့ပြီ။

ဂရုစိုက်ပြီးနေကြပါစို့။

ကိုရိုနာ ၂၆/၀၃/၂၀