Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ - ၉

BKPost


ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ - ၉

(မိုးမခ) မတ် ၂၆၊ ၂၀၂၀

တက်လာတဲ့ စာရင်းတွေမှာ နယူးယောက်တမြို့ထဲမှာတင် ကူးစက် ခံနေရတာ က ၃ သောင်း ဆိုတော့ နောက် တပတ်ကြာရင် အဖိတ်အစင်က တရက်ထဲ ၄-၅ ရာ ကျော်တော့မှာ သေချာနေပြီ အမေရိက။

လူ‌ဦး‌ ရေ ၁.၄ ဘီလီယံရှိတဲ့ အိန္ဒိယ ဘာလို့ စောစော ပိတ်ချလိုက်တယ်ဆိုတာ ငါ အလွယ်လေး တွက်ကြည့်လို့ရတယ် ...

ယူကေမှာ တော့ သူဌေး‌ တွေ သင်္ဘော မှောက်နေတုန်း သူတောင်းစား တွေ ခွက်ပျောက်ကိန်း ဆိုက်‌ တာလဲ ပြဿနာပဲ ... ။  လမ်းဘေးအိပ် လမ်းဘေးစား အိုးအိမ်မဲ့ လူတန်းစား က သုံးသောင်းလောက်ရှိနေခဲ့တာ။

အခု အပြင်ထွက်တဲ့ လူ‌ တွေ မရှိတော့ သူတို့ နေ့စဉ်ဝင်ငွေ ဇီးရိုးဖြစ်ကုန်တယ် ။ ပုံးချက်ခြင်း ‌‌ကြောင်ကြတာပေါ့။ တချို့က သွားလေရာရာ ခွေးတွေ အဖေါ်ပါကြ‌ သေး တယ်။ ခွေးနဲ့ သူတို့က အဖေနဲ့ သားသမီးလို နေကြတဲ့ မိဘ သားသမီးဆက်ဆံရေးမျိုး။ သူတို့ဘဝမှာ အပြန်အလှန်သံယောဇဉ်နှောင်ဖွဲ့နိုင်မှုဆိုတာ အဲဲဒီခွေးလေးတွေပဲ။ မေတ္တာ အစစ် ပေးစရာ ရစရာ ရှိတာလဲ ခွေးလေးတွေဆီမှာပဲဆိုတော့ ။ မိုးရွာရွာ နှင်းခဲခဲ လမ်းဘေးမှာ အတူအိပ် အတူစား ဘယ်တော့မှာ တယောက်ကို တယောက် ပစ်မထားဘူး ။ ခွဲ မသွားဘူး။

အခုဝင်ငွေ မရှိတော့ စားစရာမရှိ ဘူး၊ ကယ်ဆယ်တဲ့ စေတနာ့ဝန်ထမ်း အသင်းလေးတွေက သူတို့ကို ဟော်တယ်တချို့မှာ နေရာချပေးကြတယ်။ စားစရာ တနပ်တော့ ကျွေးမယ်ပေါ့ ။ ဒါပေမယ့် ဟော်တယ်မှာ ခွေး ပါလို့ မရဘူး ။ ခွေးကို တော့ နေရာချလို့ မရဘူးပေါ့။  ဒီတော့ ခွေးကို ခွေးကယ်ဆယ်ရေးအဖွဲ့ လက် အပ်ရရှာတယ် တကွဲတပြား ခိုလှုံရာ ရှာကြရပြီ။ အိမ်ခြေယာ ခြေမဲ့ တယောက်က သူ ဒီခွေးလေးကို ၆ လသမီး ထဲက မွေးလာတာ သူ့တသက်ပါ တဲ့ ... ခုခွဲရတော့မယ် လေ။ စားစရာနေစရာ ၂ ယောက်လုံး မရှိ၊ တနေရာစီမှာ သွားခိုလှုံရတော့မှာ ဆိုပြီး မျက်ရည်တဝဲဝဲ ပြောနေရှာတယ်။ ကာလကြီးက သူဌေးလဲ သင်္ဘောမှောက်တယ်။ သူတောင်းစားလဲ ခွက်ပျောက်တယ် ဆိုတဲ့ ကာလ

ကိုဗစ်က လူနဲ့ ခွေးရဲ့ ချစ်ခြင်းကိုလဲ ခွဲတယ်။ လူသား မိသားစု ဘဝတွေကိုလဲ ခွဲတယ်။

အဲလစ်စဗက် ဘုရင်မကြီးရဲ့ သား မင်းသားကြီး ချားလ်လဲ အကူးခံရတဲ့သတင်း တက်လာတယ်။ကိုဗစ်က လူတွေ တရုံးရုံးနဲ့ နေတာကို အမုန်းဆုံးဆိုတော့ မင်းသားကြီး ထိပြီ ။ မင်းသားကြီး အဓိက တာဝန်က တနေကုန် အခန်းအနားတွေ တက် ။ ဧည့်ခံပွဲတွေ တက် ။ လက်ဆွဲနှုတ်ဆက် နေရတာ လေ ။ ဘယ်တုန်းက ဘယ်မှာ ကိုဗစ် ကိုက်လိုက်တယ်ဆိုတာ သူမပြောနိုင်ဘူး။ အခု သူ့သတင်းက တနေကုန် ခေါင်းကြီး သတင်း။

ကိုဗစ် ဟာ ဆင်းရဲချမ်းသာ မျက်နှာ မလိုက်ဘူး
ဘုရင့် အမျိုးတွေကိုပါ ကိုက်လိုက်ပြီကော
ဘယ်သူမှ မကျန်တော့ဘူး
ဝန်ကြီး အမတ် သူဌေး ဘောလုံးသမား
အကုန်ကို ဒုက္ခပေးနေတာ အသေအချာ
အခု ဘုရင့်မိသားစု ကိုပါ ကူးစက်ထားပြီ ဆိုတော့ စိုးရိမ်စရာက ဘုရင်မကြီးကိုပါ ကူးသွား နိုင်သလား မေးခွန်း ။

မင်းသားကြီး ချားလ်စ်တောင် အသက် ၇၀။ ဘုရင်မကြီးအသက်က ၉၀ ကျော် ဆိုတော့ ကူးမိလိုက်ရင် တကယ် မလွယ်ဘူးလေ။ ဘုရင်မကြီးနဲ့ သူ့သား ဘယ်တုန်းက နောက်ဆုံးထားတွေ့ခဲ့ကြ သလဲ ဆိုပြီး သတင်းကြေငြာတင်ဆက်တဲ့ လူနဲ့ ဖြေရေးဖြေခွင့် ရှိသူတို့ အပြန်အလှန် အမေးအဖြေခန်းဟာ အတော် ရင်မောစရာကောင်းနေတယ်။

မနေ့က မသွားမဖြစ် ဆိုတော့ စျေးဝယ်ထွက်ရတာ။ နွားနို့ ကြက်ဥ ဆိုတာ မျိုးက အကြာကြီး တလစာ ၂ လစာ လှောင်ထားပြီး စားလို့ ရတာမျိုး မဟုတ်တော့လဲ တပတ်တခါလောက် တော့ မျက်နှာဖုံးစွပ် ။ လက်အိတ်စွပ်၊ စျေးဝယ်ထွက်နေရမှာပဲတကယ်တန်းက အပြင် မထွက်ချင်ဘူး။ အပြင်ထွက်ရင် ရောဂါ က နေရာမရွေးက ရလာနိုင်ချေ ရှိနေတာ။ ကားဆီထည့်တဲ့ ပန့်မ်လက်ကိုင်။ စျေးဝယ်တော့ တွန်းတဲ့ လက်တွန်းလှည်းလက်ကိုင် ။ အရောင်းကောင်တာမှာ ပစ္စည်း အတင်အချ။စျေးဝယ်တုန်း လူခြင်းပူးမိတဲ့ အခိုက်အတန့် တွေ။ ( လူချင်း မပူးနိုင်အောင် စျေးဝယ်တဲ့ အချိန် မှာ တယောက်နဲ့တယောက် ခပ်လှမ်းလှမ်း အတော်ခြားပြီး တန်းစီ ဝင်ကြရတဲ့ စနစ်တော့လုပ်ထားတယ်။ သိတ် မထူးလှပါဘူး။ အထဲရောက်သွား တော့လဲ တယောက်နဲ့တယောက် နီးကပ်သွားတဲ့ အခါမျိုး ရှိတာပဲ )

မော်ရစ်ဆင် ကုန်တိုက် Morisson နဲ့ သူ ကုမ္ပဏီ စီစဥ်ပုံ ကို အရမ်းသဘောကျတယ်။ အရင်အပတ်က စျေးဝယ်တော့ အရောင်းစာရေးတွေ အကာအကွယ်မရှိသေးဘူး။ အခုတပတ်သွားတော့ မှန်သား အကန့်လေးတွေနဲ့ ကာကွယ် တပ်ဆင် ပေးထားပြီးပြီ။ ဝယ်သူ က ပိုက်ဆံရှင်းရင် တိုက်ရိုက် မျက်နှာချင်းဆိုင် တွေ့ကြ လဲ မှန်က ခံနေတော့ ဗိုင်းယပ်စ်က ခုန်ကူးဘို့ မလွယ်တော့ဘူး။ ပိုက်ဆံ ပေးတဲ့ စက်ကလေး တပေါက်စာ ပဲ ဖေါက်ထားတယ်။ ရောင်းသူဝယ်သူ ဆက်သွယ်စ ရာ အဲဒီ အပေါက်ကလေး တခုပဲ ဆက်သွယ်စရာလိုတယ်။ လူတွေ အသက်တွေ က အရေးကြီးတယ်။

ငါတို့တိုင်းပြည်မှာကော အသက်တွေ က အရေးကြီးမှာပါ။ တနေ့က ငါ ငါ့တိုင်းပြည်က ဆေးရုံ ဆေးခန်းမှာ ဆရာဝန် ဆရာမတွေကို ပူပန်ပြီး ပလပ်စတစ် အကြည်စ လေးတွေနဲ့ ကန့်လန့်ကာ ခြားလို့ တွေ့သင့်ကြပြီ လို့ ပြောမိသေးတယ်။
ဒီက ကုန်တိုက်တွေက ဝန်ထမ်းတွေ အတွက် စနစ်တကျ စီစဉ် ဖန်တီးပြီးသွားပြီ။ ငါတို့ ဆီက ရှေ့တန်းစစ်မြေပြင် ဆေးရုံ ဆေးခန်း တွေမှာ အကာအကွယ် ရှိပြီလား လုပ်ပြီးပြီ လား ငါမသိဘူး။ ဆရာဝန် အငယ်လေးတွေ ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ မိမိစိတ်စေတနာ အလျောက် ပါဝင်တာဝန်ထမ်းကြတော့မယ် ဆိုတဲ့ သတင်းတွေတက်လာတယ်။ ဆေးကျောင်းသား ဆေးကျောင်းသူလေးတွေကလဲ ဗော်လန်တီယာ လုပ်ကြမယ် တဲ့။  ကာကွယ်ရေး ကုသရေးတွေမှာ ကျရာကဏ္ဍက ပါကြတော့မယ် ဆိုပြီး သူတို့ရဲ့ ငယ်ရွယ်ပျိုမြစ် ပြုံးရွှင်နေတဲ့ ဓါတ်ပုံလေးတွေ တစုတစည်းနဲ့ တင်လာကြတာကိုတွေ့တော့ ငါ အားရကြည်နူးဝမ်းသာ ဖြစ်ရတယ်။

ငါ့တိုင်းပြည် မှာ ဒီလို လူငယ်တွေ ရှိသမျှ မကျဆုံးတော့ ဘူး ဆိုတာ ငါ သိတယ်။

ကိုဗစ်ဟာ ဇီဝိန်ချွေတတ်တဲ့ အကောင်ဆိုတာ သူတို့ အသိဆုံးပဲ
သူတို့ ​ရှေ့တန်းကို တက်ကြမယ်
ရဲရင့်ပြတ်သားတဲ့ စိတ်ထားနဲ့ တက်ကြမယ်
သူတို့ထဲ မှာ တချို့တလေ ကူးစက်ခံရမယ် ။ တချို့ တလေလဲ အဆင်မသင့်ရင် အသက်ပေးရနိုင်တယ် ။ သူတို့ သိတာပဲ ။
ဒါပေမယ့် သူတို့ ရဲရင့်နဲ့ ခြေလှမ်းနဲ့ မြင့်မြတ်တဲ့ ဒီလမ်းကို ရွေးကြတယ်။

ငါသိတယ် ။ ကိုဗစ်ဟာ လူကြီးတွေကို အကုန်မျိုးဖြုတ်လို့ ရချင်ရမယ်။ လူငယ်တွေကိုတော့ အကုန်မျိုးမဖြုတ်နိုင်ဘူး။ ကိုဗစ်ကို ခုခံနိုင်စွမ်းတဲ့ လူအားကော နှလုံးသား ဝိဉာဉ်အားရော ဒီ လူငယ်တွေ ရသွားကြမှာ ငါသိတယ်။
ကိုဗစ် ပြီးတဲ့ ကိုဗစ်နိုင်တဲ့ ကိုဗစ် antibodies အပြည့်တွေနဲ့  ဒီလူငယ်တွေ ဦးဆောင်တဲ့ ငါတို့ တိုင်းပြည် ရှေ့ခရီးကို ဆက်နိုင်မယ် ဆိုတာ ငါသိသွားတယ်။

တချို့တလေ ကို ငါတို့ ပေးဆပ်ရတာ ရှိမယ်။ ဒါ ဝမ်းနည်းစရာပဲ ၊ ဒါပေမယ့် သူတို့လေးတွေ စိတ်ဓါတ်မျိုးနဲ့
ငါတို့ ကိုဗစ်ကို အနိုင်တိုက်နိုင်မယ် ဆိုတာကတော့ ငါသံသယမရှိဘူး။

သူတို့ကို မြင်ရင်း ငါ ကျေနပ် အားရ ယုံကြည်ခြင်း ခိုင်မာလာခဲ့ပြီ။

 ( ၂၄.၀၃.၂၀၂၀)