Breaking News

ဆုလှိုင်ထက် - အိပ်မက်ထဲက အက်ဆေး

အိပ်မက်ထဲက အက်ဆေး

ဆုလှိုင်ထက်
(မိုးမခ) မတ် ၁၈၊ ၂၀၂၀

အိပ်မက်တစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါ နဲ့နှစ်ရှည်လများ မက်ခဲ့ဘူးပါသလား။ ကျွန်မကတော့ တစ်မျိုးထဲ သောအိပ်မက်ကိုပဲ အဖန်တလဲလဲ မက်နေမိပါတယ်။ အဲဒီအိပ်မက်ကို စပြီးမက်တဲ့နေ့က မှတ်မှတ်ရရ တစ်ညနေခင်း လေးကို စိတ်စွဲခဲ့မိလို့ဖြစ်ပါလိမ့်မယ်။ တစ်နေ့သောညနေခင်းလေးမှာတော့ ထောင်သောင်းမကစုရုံးနေကြတဲ့လူအုပ်ကြီးနဲ့ကင်မရာ လွယ်ထားတဲ့ သတင်းသမားတွေကို ကျွန်မမြင်တွေ့လိုက်ရတယ်။ အဲဒီ လူအုပ်ကြီးရဲ့တစ်ဖက်မှာ လက်ကိုင်တုတ်တွေ ၊ သံဆူးကြိုးတွေ ၊ နောက် ယူနီဖောင်းဝတ်ထားတဲ့သေနတ်သမားတွေက ကာရံတားဆီးထားတယ်။ ခဏအကြာ သေနတ်သမားတွေ နောက်ဆုတ်ဖယ်ရှားလိုက်တယ်ဆိုရင်ပဲ လူအုပ်ကြီးဟာ "အမေ " လို့ လှိုက် လှိုက်လှဲလှဲဝမ်းသာအားရနဲ့ အမေရှိတဲ့သံတံခါးဝဆီ အပြေးအလွှားသွားခဲ့ကြတယ်။ ထိုမြင်ကွင်းကို မင်တက်ငေတွးမောရင်း ကျွန်မတစ်ကိုယ်လုံး ကြက်သီးမွှေညှင်းတွေထလို့။ ကျွန်မကတော့ အတွယ်အတာမဲ့စွာ ပျံ သန်းနေတဲ့တိမ်တိုက်တွေကိုမော့်ကြည့်ပြီး အဖေလို့ ရင်ကွဲမတတ် အော်ဟစ်ငိုကြွေးလိုက်မိတယ်။ ဖခင်ကြီးရဲ့ပုံရိပ်ဟာ ကောင်းကင်တိမ်တိုက်တွေပေါ်မှာ ယုံကြည်ချက်အပြည့်နဲ့မိန့်မိန့်ကြီးပြုံးနေလေရဲ့။ ထိုနေ့ညမှစပြီး ကျွန်မအိပ်မက်တစ်မျိုးထဲကိုပဲ နှစ်ရှည်လများမက်ခဲ့ရတာပါ။ အိပ်မက်ထဲမှာတော့ကျောက်တုံးကြီးတစ်တုံးဟာ ကျွန်မတို့သွားမယ့် လမ်းပေါက်တစ်ခုလုံးကို ပိတ်ထားတယ်။ ကျွန်မတို့ရှေ့ ဆက်လို့မရဘူး။ ကျောက်တုံးကြီးကို ဘယ်သူမှလည်းမဖယ်ရှားနိုင်ဘူး။ ကျွန်မကတော့ အဲဒီကျောက်တုံးကြီးကို ကြက်ဥတွေနဲ့ကောက်ပြီးပေါက်လို့။ ကြက်ဥပေါင်း ဘယ်နှလုံး ဘယ်နှခြင်းနဲ့ ဘယ်နှစ်တောင်းလောက်ကုန်နေမိမှန်းလဲမသိဘူး။ အဲဒီအချိန်မှာ တဆိတ်ရှိ ထထလောင်တတ်တဲ့တောမီးတောက်မျက်နှာပေးနဲ့လူကြီးတစ်ယောက်က ကျေက်တုံးကြီးထဲကထွက်လာပြီး ကျွန်မကို လှမ်းပြောလိုက်တယ်။ " ကြက်ဥတွေသာကုန်သွားမယ် ကျောက်တုံးကြီးကတော့ ဘယ်တော့မှမကွဲဘူး"တဲ့။ ကျွန်မကတော့ ကျောက်တုံကြီးကိုကြက်ဥတွေနဲ့ဆက်ပြီးပေါက်နေပါတယ်။ ညစဉ်ညတိုင်းကျွန်မ ဒီအိပ်မက်တစ်မျိုးတည်းကိုပဲ ဆက်မက်နေမိတယ်။
တစ်နေ့မှာတော့ ကျွန်မတို့မြို့မှာ မဲဆန္ဒခံယူပွဲကြီးကျင်းပပါတယ်။ ကိုသိန်းအောင်ဆိုတဲ့လူက ကျွန်မအနားကိုကပ်ပြီး တီးတိုးစကားဆိုပါတယ်။ "နင်ဘာစားပြီးကြီးတာလဲ သိတယ်မဟုတ်လား " တဲ့။ ကျွန်မ ဘာစားပြီးကြီးတာလဲ၊ ထမင်းစားပြီးကြီးတာလား......ကျွန်မရဲ့ ဦးနှောက် အရည်အချင်းကလည်း ပထမအဆင့်ကိုသာတွေးခေါ် စဉ်းစားနိုင်စွမ်းရှိပြီး၊ ဒုတိယအဆင့် ဖြစ်လာမယ့်အကျိုးဆက်ကို ဆက်ပြီးတွေးခေါနိုင်စွမ်းမရှိတဲ့ ခပ်ညံ့ညံ့ဦးနှောက်မျိုးလား။ ကျွန်မစဉ်းစားနေမိပါတယ်။ သူပြောနေတာကတော့ သူလူကြီးဖြစ်လာရင် အားလုံးကောင်းစားရမယ်ဆိုလား၊ တောင်းစားရမယ်ဆိုလား။ ဆိုလား...... ။ ရင်ထဲမှာမကျေနပ်မှုတွေနဲ့ယဉ်ပါးလာတဲ့အခါတိုင်း မျက်ဝန်းထဲမှာ အဖေနဲ့အမေရဲ့ပုံရိပ်တွေကိုပဲ အားကိုး တကြီးနဲ့မြင်ယောင်နေမိတယ်။ အဲဒီညမှာတော့ ကျွန်မရဲ့အိပ်မက်ထဲမှာ ကျောက်တုံးကြီးကို ကြက်ဥနဲ့အကြိမ်ကြိမ်ကောက်ပေါက်နေရုံအဆင့်တင်မကတော့ပါဘူး။။ ကျွန်မအကြံတစ်ခုရလိုက်ပါတယ်။ အဲဒါကတော့ ဒီကျောက်တုံးကြီးသိအောင် ကျွန်မ အက်ဆေးတစ်ပုဒ်ရေးဖို့ပါပဲ။ ကျောက်တုံးကြီးရေ ဒီမှာတော့တောတွေလည်း ရှင်းသွားပြီ၊ တောင်တွေလည်း လင်းသွားပြီ၊ ဘာသာရေးအယူဝါဒအရတော့ မတည်မြဲခြင်းဟာ သစ္စာတရားပေါ့ ။ ဖြစ်၊ ပျက် ၊ ပြောင်းလဲ၊ မတည်မြဲခြင်းနိယာမတရားထဲ ငါတို့တွေဟာ လာခြင်းကောင်းနဲ့လာခဲ့ကြသလို သေခြင်းကောင်းနဲ့သေကြရအောင်လား။ ဘုရားဒေသနာတော်တွေ နေလိုလလို ထွန်းတောက်နေတဲ့ဒီခေတ်ကြီးထဲ ဘာကိစ္စ ဒေဝဒတ်အဖြစ်နာမည်အသေခံရတော့မလဲကွာ။ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ ဒြပ်မဲ့အရာအားလုံးဟာ ကံ၊ ကံ၏အလိုအတိုင်း အချိန်မရွှေး သေကြေပျက်သုဉ်းရမှာပါ။ အကျိုးမရှိမဲ့သေခြင်းတရားအတွက် လမ်းဆုံလမ်းခွက ပိတ်ပင်တားဆီးနေခြင်းကို ရပ်တန့်လိုက်ပါတော့။ တူသောအကျိုးပေးတရားများအရ လမ်းပျောက်သောမုဆိုး မြေမျိုခံရသကဲ့သို့လည်း မဖြစ်စေလိုပါ။ ကြယ်တာရာတွေလည်းတဖြည်းဖြည်း အရောင်လက်လာပါစေ။ နေရောင်ခြည်လည်းတဖြည်းဖြည်း အရောင်တက်လာပါစေ။
.........................
ကျွန်မ ဒီအက်ဆေးလေးကိုရေးပြီး ကျောက်တုံးကြီးမှာကပ်လိုက်တယ်။ ဒီတစ်ကြိမ်မှာလည်း လူ ကြီးတစ်ရောက်က ကျောက်တုံးကြီးထဲကနေတွက်လာပြီး ကျွန်မကိုပြောပါတယ်။ "ကြက်ဥတွေသာကုန်သွားမယ် ကျောက်တုံးကြီးကတော့ ဘယ်တော့မှမကွဲဘူးတဲ့။" ကျွန်မရေးထားတဲ့အက်ဆေးစာရွက်လေးကိုလက်ညှိုးထိုးပြလိုက်တယ်။ ပြီးတော့ကျွန်မအပါအဝင် လူတွေအားလုံး ကျောက်တုံးကြီးကို ကြက်ဥတွေနဲ့ဝိုင်းပြီး ပေါက်ကြတယ်။
နံနက်မိုလင်းလို့ပြတင်းတံခါးကိုဖွင့်ကြည့်လိုက်တော့လမ်းဆုံလမ်းခွမှာပိတ်နေတဲ့ကျောက်တုံးကြီးဟာ အစိတ်စိတ်အမွှာမွှာကွဲကြေပြီး ကျောက်ခင်းလမ်းမကြီးဖြစ်လာခဲ့တယ်။ ကျွန်မပစ်ပေါက်ခဲ့တဲ့ကြက်ဥလေးတွေကတော့အကောင်လေးတွေပေါက်ပြီး ကျေက်ခင်းလမ်းမကြီးပေါ်မှာ ကြက်သားပေါက်လေးများအဖြစ် ပျော်ရွှင်စွာ ဖြတ်လျှောက်နေတာကိုမြင်တွေ့လိုက်ရပါတယ်။ ကောင်းကင်ဘုံက ဖခင်ကြီးရဲ့မေတ္တာ နေရောင်ခြည်အောက်မှာ ကြက်ဥလေးတွေအသက်ရှင်ပြီး ကျောက်တုံးကြီး သေဆုံးသွားပါတော့တယ်။
ဆုလှိုင်ထက်